|
Written by အောင်သန်းထွန်း
|
|
Monday, 11 June 2012 12:25 |
စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ကွယ်လွန်ခြင်း 10 နှစ်ပြည့် အခမ်းအနား ကျင်းပ စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ကွယ်လွန်ခြင်း ၁၀ နှစ် ပြည့် အခမ်းအနား အဖြစ် ရန်ကုန်မြို့ ပြည်လမ်းမှာ ရှိတဲ့ ပြင်သစ် ယဉ်ကျေးမှု ဌာနမှာ ဧပြီလ ၂၈ ရက် နေ့ညက ကျင်းပ ခဲ့ပါတယ်။
argaiv1659
အသက် ၇၂ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့တဲ့ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို မခင်မြတ်လှိုင်က မြန်မာဘာသာနဲ့ တင်ပြပြီး ကိုစိုးမြတ်သူက ပြင်သစ် ဘာသာနဲ့ တင်ပြ ပေးခဲ့ပါတယ်။
အဲဒီနောက် ပြင်သစ် ယဉ်ကျေးမှုဌာနမှ တာဝန်ခံ Marina Perillat က အမှတ်တရ စကား ပြောကြားပါတယ်။ တတိယ အစီအစဉ် အနေနဲ့ ဂီတနက်သန် ဦးအုန်းလွင်က အမှတ်တရ စကား ပြောကြားတဲ့ အပြင် ဆရာကြီး ကိုယ်တိုင် ရေးစပ်ထားတဲ့ ဂန္ထ၀င်အမွေ (သို့မဟုတ်) တက္ကသိုလ် ဘုန်းနိုင်သို့ အမည်ရှိ သီချင်းကို တေးသံရှင် ဦးအောင်ရွှေ(ငွေသဇင်မင်း)က ဂုဏ်ပြု သီဆိုရာ ဂီတနက်သန် ဦးအုန်းလွင် ကိုယ်တိုင် ဗမာ ဂီတာကို တီးပေး ခဲ့ပါတယ်။ မြန်မာစာ ပါမောက္ခ ဒေါက်တာ ဦးခင်အေး(စာရေးဆရာ မောင်ခင်မင်၊ ဓနုဖြူ၊)က ဆရာ ဘုန်းနိုင်နဲ့ ပတ်သက်လို့ အမှတ်တရ စကား အသေးစိတ် ပြောကြားပါတယ်။ ဆရာဘုန်းနိုင် လုံးချင်း စာအုပ်များထဲက စာပိုဒ်များ၊ ဆရာ့ သီချင်းများထဲက စာသားများ စသဖြင့် ဆရာ မောင်ခင်မင်က အမှတ်တရ စကားများကို အသေးစိတ် ပြောကြားသွားတာ ဖြစ်ပါတယ်။
ဆရာဘုန်းနိုင် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် လွမ်းရမိခြင်း ဂီတဆည်းဆာ ကျင်းပနိုင်ရေး အတွက် ၀ိုင်းဝန်း ကူညီကြတဲ့ အနုပညာရှင်များ၊ စာပေ ချစ်သူများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များကိုလည်း ကံ့ကော်ဝတ်ရည် စာပေတိုက်မှ ဆရာ ဘုန်းတင့်ကျော်(ဆရာ ဘုန်းနိုင်ရဲ့သား)က ကျေးဇူးတင် စကားအနေနဲ့ ပြောကြားပေး ပါတယ်။ ဆရာ့တေးများကို လွမ်းတ၊ ဖွင့်ဆို၊ ခံစားခြင်း အစီအစဉ်ကို ဆရာ ဘုန်းတင့်ကျော်နဲ့ ဆရာစောနိုင်ဦး(ဆရာ ဂီတနက်သန်ကိုစောညိန်းရဲ့မြေး)တို့က ရှာဖွေစုဆောင်းတင် ဆက်တဲ့ အစီအစဉ်မှာ တေးသံရှင် တက္ကသိုလ်လဲ့လဲ့က တက္ကသိုလ်နန်း သီချင်းကိုသီဆိုပါတယ်။ ဒီ သီချင်းက မန္တလေးတက္ကသိုလ်ကို သီးခြား တက္ကသိုလ်အဖြစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် ဆရာဘုန်းနိုင်က ရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။ မူရင်းအဆို ကျော်က သန်းသန်းရှိန် ဖြစ်တယ်လို့ သိရပါတယ်။
ဆရာ့နာမည်ကြီး ၀တ္ထု တစ်ပုဒ်ဖြစ်တဲ့ ကမ္ဘာကုန် ကျယ်သရွေ့ကို ရုပ်ရှင်အဖြစ် ရိုက်ကူးရာမှာ ဇာတ် ၀င်တေးအဖြစ် ဆရာ ရေးဖွဲ့ပေးခဲ့တဲ့ ကမ္ဘာကုန်ကျယ်သရွေ့ဝယ် သီချင်းကိုတော့ အလင်္ကာ ၀တ်ရည်မောင်မောင် အေးက သီဆိုပါတယ်။ စွန့်ခွာရသည့် နွေညများ သီချင်းကို တေးသံရှင် နှင်း ရီသန့်က သီဆိုပြီး ကိုယ့်အလှဘ၀ ငွေလမင်း သီချင်းကို တေးသံရှင် ဇော်မင်းထွန်းက သီဆိုပါတယ်။ နာမည်ကြီးဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ နွေကန္တာဦး ၀တ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးရာမှာ ဇာတ်ဝင်တေး ဖြစ်ခဲ့တဲ့ နွေကန္တာဦး (သို့မဟုတ်) နှင်းမပျောက် တဲ့မြေ ကို တေးသံရှင် ရီရီသန့်က သီဆို ပေးခဲ့ပါတယ်။ နောက်ထပ် ဆရာ့လက်ရာ နာမည်ကျော် ၀တ္ထုဖြစ်တဲ့ လွမ်းတေးမဆုံး စေနှင့်စောသခင်ရဲ့ဇာတ်ဝင်တေး လွမ်းတေး မဆုံးစေနှင့် စော သခင် သီချင်းကိုတော့ တေးသံရှင် ဇေယျာပြည့်ဖြိုးက သီဆိုပါတယ်။ ဒုတိယပိုင်း အစီအစဉ်မှာ အမှတ်တရပွဲ စီစဉ်တင်ဆက် သူ ကိုသိုက်ဦးက ပွဲစီစဉ်ဖြစ်ရခြင်း အကြောင်းနဲ့ ကျေးဇူးတင် စကား ပြောကြားပါတယ်။
အဲဒီနောက် တေးသံရှင် ရီရီသန့်က ပတ္တမြားပွင့်တို့ သမိုင်းပြောကြသည်၊ တေးသံရှင် စိမ်းလဲ့လဲ့က မေတ္တာ ငွေသောင်ဦး၊ တေးသံရှင် ဖိုးသောကြာက မေတ္တာစေ ကျွန် (ဒီသီချင်းက မန္တလေးရုပ်ရှင်အတွက် ဆရာဘုန်းနိုင် ဇာတ်ညွှန်း ရေးပေးခဲ့တဲ့ မောင့်မူပိုင်ရှင် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေး ဖြစ်ပါတယ်။)၊ တေးသံရှင်နန်းလေးက လ ရောင်မချစ်သော ပန်းနှင့်ပန်းကို မသိသော လ၊ တေးသံရှင် ပန်းအိဖြူက မေတ္တာများ နှင့် စိန်ပန်းနီနီ၊ တေးသံရှင်သိုက်ဦးက ထားသခင် (ဒီသီချင်း က မန္တလေးတက္ကသိုလ် နောက်ခံ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တဲ့ ထားသခင် ရုပ်ရှင်ဇာတ် ကားရဲ့ဇာတ် ၀င်တေးဖြစ်ပါတယ်။)တို့ကို သီဆို ဖျော်ဖြေခဲ့ကြပါတယ်။ ဆရာ ဘုန်းနိုင်သို့ တမ်းတမိခြင်း ၁၀ နှစ်ပြည့်နှင့် လွမ်းရမိ ခြင်း ဂီတ ဆည်းဆာကို စာပေလောက သားများ တက်ရောက်ခဲ့ကြပြီး တယော ဦးတင်ရီနဲ့အဖွဲ့၊ ဂီတနက်သန် အဖွဲ့တို့က တီးခတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆရာမောင်ခင်မင်ရဲ့မှတ်တမ်းများအရ ဆရာ တက္ကသိုလ်ဘုန်းနိုင်ဟာ ၂၀၀၂ ခုနှစ် မေလ ၁၀ ရက်နေ့ ကွယ်လွန်ချိန် အထိ လုံးချင်းဝတ္ထုပေါင်း ၃၀ခန့် ရေးသွားတယ်လို့ သိရပါတယ်။ ဆရာ ကွယ်လွန်သွားတာ ၁၀ နှစ်ပြည့် သွားပြီဖြစ်ပေမဲ့ ဆရာ့လက်ရာ စာပေများကတော့ နောင်နှစ် ပေါင်းများစွာ တိုင်အောင် စာဖတ် ပရိသတ်များကြားမှာ ပျံ့နှံ့နေဦးမှာဖြစ်ပါတယ်။ အကယ်ဒမီ ကျော်သူနှင့် ရွှေဇီးကွက် လော့စ်အိန်ဂျလိစ်မြို့မှ မြန်မာ မိသားစုတို့နှင့် တွေ့ဆုံ ၂၀၁၂ မေလ ၄ ရက် နေ့တွင် မြန်မာနိုင်ငံမှ အမေရိကန် နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိလာသော အကယ်ဒမီ ကျော်သူ၊ ဇနီး ရွှေဇီးကွက် တို့နှင့် လော့စ်အိန်ဂျလိစ်မြို့မှ မြန်မာ မိသားစုတို့ တွေ့ဆုံပွဲကို ၂၀၁၂ မေလ ၅ ရက်နေ့ ညနေ ၅ နာရီကအဟမ်းဘာရာ မြို့နယ် Mark Keppel အထက်တန်း ကျောင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ရာ လော့စ်အိန်ဂျလိစ်မြို့မှ မြန်မာ မိသားစုများ အပြင် ဆန်ဖရန်စစ္စကိုမြို့၊ ဆန်ဒီ ယေးဂိုးမြို့၊ အရီဇိုးနား ပြည်နယ် ဖီးနစ်မြို့၊ ကနေဒါနိုင်ငံ တိုရန်တိုမြို့၊ ဗန်ကူးဗားမြို့စသည့် မြို့ပေါင်းစုံမှ မြန်မာ မိသားစုများ၊ မြန်မာ သံဃာတော်များ၊ မြန်မာ ခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသားများ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ဒါရိုက်တာ ကျော်နှင်းဆီ ရိုက်ကူးတဲ့ နတ်သရဲမှာ သရဲပုံစံနဲ့ သရုပ်ဆောင်တဲ့ ဇင်ဝိုင်း နတ်သရဲ ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ဒါရိုက်တာ ကျော်နှင်းဆီက ဇင်ဝိုင်း၊ ရီဝေယံ၊ ဆွိဝတ်ရည်သောင်း၊ ကလေး သရုပ်ဆောင် မင်းရှင်ဖုန်းတို့နဲ့ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားကို နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ရဲ့ မိခင် ဒေါ်ဖြူဖြူက ထုတ်လုပ်တာပါ။ နတ် သရဲ ဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို မြတ်ဘုန်းမိုက ရေးသားပြီး ဒရာမာနဲ့ ရာစပ်ထားတဲ့ သရဲကား ဖြစ်ပါတယ်။ “တချို့က သရဲကို ကြောက်ကြတယ်။ ဒီဇာတ်ကားမှာတော့ သရဲကို သနားစရာ ဖြစ်အောင် သရဲနဲ့တွေ့တဲ့ အခါ မလန့်ဘဲ သရဲကိုချစ်ပြီး သနားသွားတဲ့ပုံစံမျိုးဇာတ်လမ်း လုပ်ထားတယ်” လို့ ဒါရိုက်တာ ကျော်နှင်းဆီက နတ်သရဲ ဇာတ်ကားနဲ့ပတ် သက်ပြီးပြောပြပါတယ်။ နတ်သရဲ ဇာတ်ကားက အိန္ဒိယ ဇာတ်ကား တစ်ကားကို မှီငြမ်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ ဇင်ဝိုင်းကို သရဲပုံစံ သရုပ်ဆောင်စေတာနဲ့ ပတ်သက်ပြီး “သရဲကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ သုံးလေးယောက် လောက် ရွေးထားတာရှိပါတယ်။ အဓိကက သရဲကို ဒီဘက် ခေတ်က လူတွေမသုံးဘဲ တစ်ခေတ် တစ်ခါက မင်းသားကြီး တွေကိုသုံးချင်တယ်။ ဦးညွန့်ဝင်း၊ ဦးဇော်ခင်တို့ကျတော့ အသက်ကလည်း ကြီးတယ်။ သူတို့တွေနဲ့ တောက်လျှောက်လုပ် ရမှာဖြစ်တဲ့အတွက် အသက်အရွယ် အရ မလုပ်နိုင်ဘူးဖြစ်နေ တယ်။ အဲဒီလိုဆိုတော့ သရုပ်ဆောင်ကြီးတွေထဲကဆိုရင် ရွေးဖို့သိပ် မရှိဘူး။ နောက်ဆုံး ဦးဇင်ဝိုင်းကို အကျိုးအကြောင်း ပြောပြပြီးရိုက်ဖြစ်တာ”လို့ ဒါရိုက်တာ ကျော်နှင်းဆီက ဆိုပါ တယ်။ ဇင်ဝိုင်းက သရဲကား အနေနဲ့ မရိုက်ဖူးပါဘူး။
ပြင်ဦးလွင်မှာ သရဲကား သွားရိုက်တဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်) သရဲကားတွေ ရိုက်ကူးရာမှာ အောင်မြင်တဲ့ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က သရဲကား ကြည့်ချင်တဲ့ ပရိသတ်များ အတွက် ပြင်ဦးလွင်မှာ နောက်ထပ် သရဲကားတစ်ကား ရိုက်ကူးဖို့ ထွက်ခွာ သွားပြီလို့ သိရပါတယ်။ ပြင်ဦးလွင်မှာ တချို့ အိမ်တွေက တကယ် ခြောက်တယ်လို့ နာမည် ကြီးနေသလို ချောက်ချားစရာ ကောင်းတဲ့ နေရာတွေလည်း ရှိလို့ သွားရောက် ရိုက်ကူးရတာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်ခြောက်တယ် ဆိုတဲ့နေရာတွေ မှာ ရိုက်ကူးရမှ ပိုပြီးအရသာရှိလို့ ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးတယ်လို့ ဆိုပါတယ်။ ဒီတစ်ခါ ရိုက်ကူးမယ့် သရဲကားမှာတော့ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဟက်ကက်၊ ကောင်းပြည့်၊ ရွှေမှုန်ရတီ၊ ဆုထက်ကုဋေ၊ ထွန်းထွန်းဝင်း တို့နဲ့ ရိုက်ကူးဖို့ စီစဉ်ထားပြီး ပရိသတ်များ မိုးတွင်း အချိန်လောက် ကြည့်ခွင့်ရမှာ ဖြစ်ကြောင်း၊ မိုးအေးအေးနဲ့ တစိမ့်စိမ့် ကြောက်ရမယ့် ကားဖြစ်အောင် ရိုက်ကူးခဲ့မှာ ဖြစ်ကြောင်း ပြောပြ ပါတယ်။ သရဲကား ဆိုတာ ကိုယ်ကိုယ်တိုင် ကြောက်ရမှ ပရိသတ်ကလည်း ကြောက်သွားမှာ ဖြစ်လို့ သေသေချာချာ အကွက်ချ ရိုက်ကူးသွားမှာ ဖြစ်ကြောင်း၊ ကိုယ်တိုင်လည်း လူတွေရဲ့စိတ်ပညာကို စိတ်ဝင်စားလို့ ဘယ်အချိန်မှာ ဘယ်လို ပုံစံနဲ့ ဖွင့်ပြီး ဘယ်အချိန်လောက်မှာ ဘယ်လောက်တင် သွားရ မယ်ဆိုတာကို ကြိုတင်တွက်ဆကာ တစိမ့်စိမ့်နဲ့ ကြောက်သွား စေဖို့ ရိုက်ကူး ပေးသွားမှာ ဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုး မင်း (ရင်တွင်းဖြစ်)က ပြောပြခဲ့ပါတယ်။ နောက်ထပ်လည်း သရဲကား တစ်ကား ထပ်မံ ရိုက်ကူးသွားဖို့ စီစဉ်ထားပြီး အဲဒီကား အမည်ကိုတော့ မိုင်တိုင် ၇၇ လို့ အမည်ပေးထား ကြောင်း သိရပါတယ်။
ထက်ထက်မိုးဦး မွေးနေ့ကျင်းပ အကယ်ဒမီ ထက်ထက်မိုးဦးရဲ့မွေးနေ့ပွဲကို မေလ ၈ ရက်နေ့ ညပိုင်းက မန္တလေး ကန်တော်ကြီးရှိ ကုက်္ကိုကျွန်း စားသောက်ဆိုင်မှာ ကျင်းပပါတယ်။ တေးသံရှင် နေရဲမာန်၊ အကယ်ဒမီ စိုးမြတ်သူဇာနဲ့ အနုပညာရှင်များ အပါအ၀င် ထက်ထက်ရဲ့ချစ်ပရိသတ်များ တက်ရောက်ကြပါတယ်။ အခုရက်ပိုင်း ပြင်ဦးလွင်မှာ ရောက်ရှိနေပြီး မိသားစုနဲ့အတူ မန္တလေးမြို့ကို ခေတ္တ ရောက်ရှိခိုက်မှာ ထက်ထက်မိုးဦးရဲ့ မိတ်ဆွေများက မွေးနေ့ပွဲကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့ပွဲနဲ့ ပတ်သက်ပြီး မေးမြန်း ကြည့်ရာမှာ မွေးနေ့ပွဲ ကျင်းပ ဖြစ်မယ်လို့ မထင်မိပါဘူး။ အခုလို မွေးနေ့ပွဲ ကျင်းပပေးတဲ့ ပန်းအလှပြင် မယ်ကင်းကို ကျေးဇူးတင်ပါတယ်လို့ အကယ်ဒမီ ထက်ထက်မိုးဦးက ပြောပါတယ်။ မွေးနေ့ပွဲမှာ အကယ်ဒမီထက်ထက်မိုးဦး ပါဝင် သရုပ်ဆောင်ပေးခဲ့တဲ့ ကြော်ငြာရှင်များလည်း တက်ရောက်ကြောင်း သိရပါတယ်။
တိုးချဲ့ ဖွင့်လှစ်လိုက်တဲ့ Facshion Euphoria နာမည်ကြီး မင်းသမီးများ အတွက် အကယ်ဒမီ ဖက်ရှင်များ၊ ပွဲတက် ဖက်ရှင်ဝတ်စုံများ တာဝန်ယူ ချုပ်လုပ်ပေးနေတဲ့ Fashion Euphoria ဆိုင်သစ်ကို Junction Square ဆိုင်အမှတ်-(F-129), ပထမထပ်မှာ တိုးချဲ့ ဖွင့်လှစ်လိုက်တဲ့ အတွက် ဆိုင်သစ်ဖွင့် ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ မနက် ၉ နာရီက အဆိုပါ ဆိုင်သစ်မှာ ကျင်းပ ခဲ့ပါတယ်။ Junction Square မှာ တိုးချဲ့ဖွင့်လှစ် လိုက်တဲ့ Fashion Euphoria ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားမှာ အကယ်ဒမီ စိုးမြတ်သူဇာ၊ ဆိုင်ရှင် မစူးမာနဲ့ အတူ တက်ရောက် ချီးမြှင့်ကြတဲ့ ဧည့်သည်တော်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အဲဒီနောက် ဆိုင်အတွင်း ခင်းကျင်းရောင်းချပေး နေတဲ့ ဖက်ရှင် ဒီဇိုင်းများ၊ အ၀တ်အထည်များကို ဧည့်သည်တော်များက စိတ်ဝင်တစား ကြည့်ရှု လေ့လာပြီး ၀ယ်ယူ အားပေးခဲ့ကြတာ တွေ့ခဲ့ရပါတယ်။ အသစ် ဖွင့်လှစ်လိုက်တဲ့ ဆိုင်သစ်မှာ ကိုယ်ပိုင် ဒီဇိုင်းများနဲ့ ကွန်ပျူတာ စက်ပန်း ထိုးထားတဲ့ ချိတ်ထည် အမျိုးမျိုး၊ ထိုင်းဆစ်၊ စင်ကာပူဆစ်၊ ချီပွန် စတဲ့ အထည်များမှာ Euphoria မူပိုင် ဒီဇိုင်းများနဲ့ အလှ ဆင်ထားတဲ့ ၀တ်စုံ မျိုးစုံကို မူလဆိုင် အတိုင်း ၀ယ်ယူ ရရှိနိုင်မယ်လို့ သိရပါတယ်။
အနုပညာ အလုပ်ကို လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မယ် အနုပညာ လောကမှာ နှစ်ပေါင်းများစွာ ရပ်တည် လာခဲ့ပြီး ၁၉၉၄ ခုနှစ်က တစ်ပြည်သူမရွှေထား ရုပ်ရှင် ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၀၃ ခုနှစ်မှာတော့ အမေ့နို့ဖိုး ရုပ်ရှင် ဇာတ်ကားနဲ့ ဒါရိုက်တာဆု၊ ဇာတ်ကားဆုများ ရရှိခဲ့တဲ့ သရုပ်ဆောင် ကျော်သူက အရင်တုန်းက ပရိသတ်တွေကို အနုပညာ တင်ဆက်ပြီး ထိတွေ့ခွင့်ရခဲ့သလို ယခုအခါမှာတော့ အားလုံး အတွက် လူမှုရေးများ ပေးဆပ်ပြီး လုပ်ခွင့် ရနေတာဟာ ပြည်သူ လူထုကို အနီးကပ်ကူညီခွင့်ရနိုင်လို့ ပျော်သလို၊ ပိုပြီးလည်း မွန်မြတ် တယ်လို့ ခံစားရတဲ့ အတွက် အနုပညာ အလုပ်ကို ပြန်ပြီး လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မယ်လို့ ပြောပြခဲ့ပါတယ်။ အရင် တုန်းကတော့ အနုပညာသမား ဆိုတာ အနုပညာ အလုပ်ကို လုပ်နေရမှ ကျေနပ်ပြီး ပျော်ပေမဲ့ အခုအခါမှာတော့ အနုပညာ အလုပ်ထက် ပိုပြီးပျော်တဲ့၊ ပြည်သူတွေကို ကူညီရတဲ့ အလုပ်တွေကို တွေ့နေပြီဖြစ်လို့ ဘာသာရေးနဲ့ လူမှုရေး ကိစ္စတွေကိုပဲ ပိုပြီး လုပ်ဖြစ်သွားမှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ကိုယ်ကကူညီ ပေးလိုက်လို့ တစ်ပါးသူတွေရဲ့ အပူမီးတွေ သက်သာ အေးငြိမ်းခဲ့ သလို ဝေဒနာရှင် လူနာများ အတွက်လည်း ဆေးဝါးကုသပေး လိုက်လို့ ရောဂါ သက်သာရာ ရသွားတယ်ဆိုတာ အင်မတန်မှ ပီတိဖြစ်ဖို့ ကောင်းပါတယ်။ အနုပညာသမားမှာ ရုပ်ရှင်ဆိုတာ ဖျော်ဖြေရေး ဖြစ်ပြီး လူမှုရေးကတော့ ပေးဆပ်မှု ဖြစ်တဲ့အတွက် ဖျော်ဖြေမှုနဲ့ ပေးဆပ်မှု ဆိုတာ အတိုင်းအတာ အများကြီးလည်း ကွာပါတယ်လို့ ပြောပြခဲ့ပါတယ်။
၂/၂၀၁၂ သင်တန်း ထပ်မံဖွင့်လှစ်တဲ့ Laurel Art Academy ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ပုလဲဥယျာဉ် အိမ်ရာအမှတ် (၁/၅-စီ) မှာ ဖွင့်လှစ်ထားတဲ့ Laurel Art Academy အနုပညာ သင်တန်းကျောင်းရဲ့ ဒုတိယ အပတ်စဉ် ၂/၂၀၁၂ ဖွင့်လှစ်ပွဲနဲ့ သင်တန်းသားသစ်များ အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို အဆိုပါ ကျောင်းရှိ စတူဒီယို ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ၂/၂၀၁၂ သင်တန်း ဖွင့်လှစ်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ကျောင်းအုပ် ဆရာကြီးစည်သူ အကယ်ဒမီ ကြည်စိုးထွန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်း ဆရာတစ်ဦးဖြစ်တဲ့ ဦးမြင့်သိန်းဖေက အမှတ်တရ စကား ပြောကြားပေးခဲ့ပါတယ်။ အဲဒီနောက် သင်တန်းသား သင်တန်းသူများရဲ့ အဆိုအကများနဲ့ ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြ ပြီး သင်တန်းသားသစ်များ အချင်းချင်း အမှတ်တရလက်ဆောင် များပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။
မလေးရှား ဖျော်ဖြေပွဲနဲ့ ဖြိုးကြီး မလေးရှားနိုင်ငံရှိ International ဂျာနယ်၊ ဂန္ထ၀င်စား သောက်ဆိုင်နဲ့ IT Garden တို့ကစီစဉ်တဲ့ ဖျော်ဖြေပွဲမှာ ဖြိုးကြီး ပါဝင် သီဆိုခဲ့ပါတယ်။ မလေးရှား ဖျော်ဖြေပွဲကို နှစ်ကြိမ် သွားခဲ့ဖူးတဲ့ ဖြိုးကြီးနဲ့အတူ နောနော်၊ အောင်လ၊ ဆိုတေးစတဲ့ အဆိုရှင်များ ပါဝင်ခဲ့ပါတယ်။ Heaven Born တီးဝိုင်းနဲ့ ဖျော်ဖြေခဲ့တဲ့ ဖြိုးကြီးက တတိယအကြိမ်သွားတဲ့ မလေးရှား ဖျော်ဖြေရေး ခရီးစဉ်က ပိုပြီးအဆင်ပြေတယ်လို့ ဆိုပါတယ်။
အောင်သန်းထွန်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|