|
Written by ၀င်းငြိမ်း
|
|
Monday, 11 June 2012 12:19 |
ဒီလမှာလည်း စာမူ အများစုဟာ အရေးအသားပိုင်း ကြိုးစား အားထုတ် လာကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အကြောင်းအရာ ရွေးချယ်မှုနဲ့ တင်ပြ ပုံတွေမှာတော့ မိရိုးဖလာ ထဲက မခွဲထွက် နိုင်သေးပါဘူး။
argaiv1353
၁။ သူမ၏အိမ် ၂။ ဖူးစာရှင် သော်သော်ကို အရေးအသား သင့်ပေမဲ့ အကြောင်းအရာ ရိုးစင်းနေတဲ့ စာမူများ ဖြစ်ပါတယ်။ သူမ၏ အိမ်က အိမ်ငှား ဘ၀ကနေ အိမ်ပိုင်ရှင် ဖြစ်လာတဲ့ တိုင်အောင် ထူးပြီး ပျော်စရာ မဖြစ်ရတဲ့ အကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး ဖူးစာရှင် ကတော့ အိပ်ရာပေါ်မှာ သေးပေါက် ချတတ်သူကို ရွေးယူမိတဲ့ အတွေ့ အကြုံပဲ ဖြစ်ပါတယ်။ တင်ပြပုံလည်း ရိုးစင်းတဲ့ အတွက် စာမူကောင်း ဖြစ်မလာပါဘူး။
၃။ အလင်းမဲ့...ရှိုက်သံ ၄။ ရွှေယုန်လေးများနှင့် ကျွန်မ မင်းမင်းမြတ် အရေးအသား ညက်ညောပေမဲ့ တချို့နေရာတွေမှာ ရှုပ် ထွေးနေတဲ့ စာမူများ ဖြစ်ပါတယ်။ အလင်းမဲ့... က မိန်းမ တစ်ယောက်ကို စွဲလမ်းမှု အကြောင်း ခပ်ရိုးရိုး ရေးထားတာ ဖြစ်ပြီး ရွှေယုန်လေး... ကတော့ ကိုယ်ဝန် ရှိနေတဲ့ အပျို မိန်းကလေးတွေ အကြောင်း ပညာ ပေးလိုဇောနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ ပြောချင်တာကို ရှင်းရှင်းလင်းလင်းနဲ့ အနု ပညာမြောက်မြောက် ရေးဖွဲ့နိုင်အောင် ကြိုးစားပါဦး။
၅။ အားပြိုင်တဲ့ပွဲ ၆။ အတ္တကြီးမှုရဲ့ အစွန်းတစ်ဖက်မှာ မုဒိတာ(မြင်းမူ) အရေးအသား အတော်လေးလိုသေးတဲ့ စာမူနှစ်ပုဒ်ဖြစ် ပါတယ်။ စကားပြောနဲ့ စာရေးလို့ရတယ်ဆိုပေမဲ့ အဖွဲ့အနွဲ့ မပါဘဲ အရပ်ထဲမှာ ပြောကြသလို ရေးမယ် ဆိုရင်တော့ ၀တ္ထု ဖြစ်လာမှာ မဟုတ်ပါဘူး။ အားပြိုင်တဲ့ပွဲ က အလှူမင်္ဂလာ ကိစ္စအားပြိုင်မှုအပါအ၀င် ပြိုင်ဆိုင်မှုတွေအကြောင်းရေးထား တာဖြစ်ပြီး အတ္တကြီးမှုရဲ့... ကလည်း ခေါင်းစဉ်ပါအတိုင်း အကျိုးမဲ့သွားတဲ့ အတ္တအကြောင်းသာ ဖြစ်ပါတယ်။ အရေး အသားကို မပြုပြင်နိုင်သေးသမျှ ဘယ်လို ဇာတ်လမ်းမျိုးကိုပဲ ဖွဲ့ဖွဲ့ ထူးခြားလာမှာမဟုတ်တဲ့အတွက် စာများများဖတ်ပြီး အရေးအသား ညက်ညော စူးရှလာအောင် ကြိုးစားပါဦး။
၇။ ပီတိ ၈။ အသည်းမှာ ၀ှက်တဲ့ဆူး သီသီဟန်(ကျိုက်ထို) အခုချိန်ထိ အရေးအသားရော တင်ပြပုံပါ ရိုးစင်းလွန်းတဲ့ ကလောင်ရှင် ဖြစ်ပါတယ်။ နှစ်ပုဒ်စလုံးမှာ သာမန်အတွေ့ အကြုံလေးတွေကို အဖွဲ့အနွဲ့ နည်းလှတဲ့ အရေးအသားမျိုး၊ အဆင်တန်ဆာနည်းလှတဲ့ တင်ပြပုံမျိုးနဲ့ ရေးထားတာမို့ ၀တ္ထု ကောင်းတွေ ဖြစ်မလာပါဘူး။
၉။ တစ်ခါက... နွေကောင်းကင်ဆီအလည်လာခဲ့တဲ့ သက်တန့်လေးတစ်ခု ၁၀။ အဆန်စီးတဲ့မြစ် လင်းထက်သူရိန် တိုတောင်းလွန်းတဲ့ စာမူများ ဖြစ်ပါတယ်။ နှစ်ပုဒ်စလုံး ဟာ ၁၅၀၀ နဲ့ ၅၂၈ မေတ္တာဘွဲ့တွေဖြစ်ပြီး ရိုးစင်းလွန်းအား ကြီးပါတယ်။
၁၁။ မျှော်ကိုးသူမှာ ၀မ်း(စက်မှုတက္ကသိုလ်) ရိုးစင်းလှတဲ့ အချစ် ၀တ္ထုသာ ဖြစ်ပါတယ်။ အရေးအသား ပြေပြစ်သူမို့ အကြောင်းအရာနဲ့ တင်ပြပုံကို ဂရုစိုက်ပြီး ရေးဖွဲ့စေ ချင်ပါတယ်။
၁၂။ သန်းခေါင်ထက်ညဥ့်နက်ခဲ့သည် နေထက်လွင်(ကညင်ကုန်း) ဒုက္ခတွေချည်း တန်းစီ ရေးထားသလို ဖြစ်နေတဲ့ စာမူပါ။ ဇာတ်နာအောင် ဖန်တီးထားပေမဲ့ ဒီလိုဇာတ်ကွက်မျိုးတွေ ရိုး နေပြီ ဖြစ်ပါတယ်။
၁၃။ ဗျူးပွိုင့်တစ်နေရာမှ... ၁၄။ စိန်ခြူးရယ်တဲ့ ကြာညောင် ၁၅။ ထာဝရအဖော်မွန် မြတ်မိုမြင့် အရေးအသား အားနည်းလွန်းတဲ့ စာမူများပါပဲ။ စကား ပြေ၊ စကားပြောရောထွေးနေသလို ပြောချင်တာတွေလည်း တောင်ရောက် မြောက်ရောက် ဖြစ်နေပါတယ်။ ကိုယ်ပြောချင် တာကို ကိုယ့်ဘာသာ ရှင်းရှင်းလင်းလင်း မရှိရင် စာမူမရေး ဖွဲ့တာက ပိုကောင်းပါတယ်။ ဘာသာရေးအတွေးတွေကိုလည်း ထည့်သွင်း ရေးသားထားတာ တွေ့ရပါတယ်။
၁၆။ ပြိုင်ပွဲ ကျော်ဇင်အောင် လောကရဲ့ သက်ရောက်မှုအကြောင်း ရေးသားထားတာ ဖြစ်ပြီး အပြန်အလှန် စကားပြောကို အားပြုထားတဲ့ အတွက် ရိုးစင်းလွန်းပြီး အဖွဲ့အနွဲ့မရှိသလောက် ဖြစ်နေပါတယ်။
၁၇။ နေရောင်ပျောက်တဲ့ ကောင်းကင် သစ္စာ စာရေးကောင်းတဲ့ ကလောင်ရှင်ပါ။ အိမ်ထောင်ရေး အရှုပ်အထွေးကို သားသမီးတွေရဲ့ ခံစားချက်နေရာက ပုံဖော် ရေးဖွဲ့ထားတာဖြစ်ပြီး အတန်ငယ် ရုပ်ရှင် ဆန်နေပါတယ်။
၁၈။ ချယ်ရီပင် ၁၉။ မေတ္တာသစ်ပင် နွယ်ငြိမ်းအေး(IT) အချစ်နဲ့ မေတ္တာအကြောင်းတွေသာ ဖြစ်ပြီး ရိုးစင်းကာ ရုပ်ရှင်ဆန်နေပါတယ်။ အရေးအသား ညက်ညောပေမဲ့ အပြန် အလှန် စကားပြောတွေကို တစ်ဆက်တည်း ရေးသားထားတာ ကိုလည်း တွေ့ရပါတယ်။ ကြိုးစားပါဦး။
၂၀။ သံယောဇဉ် ဆည်းဆာ ခရမ်းရောင်(ဓာတု) ရှည်လျားလွန်းလှတဲ့ အချစ်ဝတ္ထုတစ်ပုဒ်သာဖြစ်ပြီး စကားပြေ၊ စကားပြော ရောထွေး နေပါတယ်။
၂၁။ မေတ္တာအဟုန် ၂၂။ စိတ်ကူးဖြင့်ထုဆစ်ထားသော လမင်းငယ် အပြန်အလှန်စကားပြော အားပြုပြီး ရေးသားထားတဲ့ စာမူနှစ်ပုဒ် ဖြစ်ပါတယ်။ အရေးအသား အားနည်းလွန်းသလို တင်ပြပုံကလည်း ဘာမှမည်မည်ရရ ထူးခြားမှုမရှိပါဘူး။ စာဖတ်နာမှ စာရေးစေချင်ပါတယ်။
၂၃။ ၀ိပါက်ကြမ္မာ ၂၄။ သက်ဦးစနေ ခင်မျိုးမဟာ အရေးအသား အတော်ကြီးကို အားနည်းလွန်းတဲ့ စာမူ များဖြစ်ပါတယ်။ စကားပြေ၊ စကားပြောကို ပက်ပက်စက် စက်ရောထွေးနေပြီး အပြန်အလှန်စကားပြောတွေနဲ့သာ ပုံဖော် ထားပါတယ်။ သက်ဦးစနေ စာမူမှာလည်း စာလုံးပေါင်း မှားယွင်းနေပြီး သားဦးစနေ ဖြစ်ရမှာပါ။ စာဖတ်နာမှ စာရေး ဖို့ ကြိုးစားပါ။ ဇာတ်ကောင်တွေရဲ့ အပြုအမူနဲ့ ဘယ်သူက ဘယ်စကားကို ဘယ်လိုပြောတယ်ဆိုတာ မပါဘဲ စကားပြော သက်သက်တွေကို ချရေးရုံနဲ့ ၀တ္ထုမဖြစ်တာကို သတိကြီးကြီး ထားစေချင်ပါတယ်။
၂၅။ သူ့မှာရှိတာ သူမသိ မောင်ဖူးခန့် ငွေမရှိပေမဲ့ တခြား ရှိနိုင်တာတွေ ရှိနေသေးကြောင်း ပြောလိုတဲ့ စာမူဖြစ်ပေမဲ့ အရေးအသား ရိုးစင်းကာ ဆွဲဆောင် မှုမရှိပါဘူး။
၂၆။ ကျွန်တော်နှင့် မရင်းနှီးသေးသော သူစိမ်း ဟိန်းဝေယံလင်း အရေးအသား အတော်လိုသေးတဲ့ အချစ်ဝတ္ထုခပ်ရိုးရိုး ပဲ ဖြစ်ပါတယ်။ ၀ါကျတစ်ကြောင်းကို အဓိပ်္ပာယ်ပီပီပြင်ပြင် ပေါ်လွင်အောင် ဖြောင့်ဖြောင့်တန်းတန်း မရေးဖွဲ့နိုင်သေးတာ ကိုလည်း သတိထားမိပါတယ်။ စာဖတ်နာအောင် အရင် ကြိုးစားပါ။
၂၇။ အရူး၏ စကား ကချင်လေး(ဆေးတက္ကသိုလ်) အရေးအသား အတော်လိုသေးတဲ့အတွက် ပြောချင်တာ ရှိပေမဲ့ လိပ်ပတ်မလည်တဲ့ စာမူဖြစ်ပါတယ်။ အပြန်အလှန် စကားပြောတွေကိုလည်း ဘယ်ဇာတ်ကောင်က ဘယ်သူ့ကို ပြောနေကြောင်း ရှင်းလင်းအောင် မရေးထားနိုင်ပါဘူး။ စာဖတ်နာမှ စာရေးပါဦး။
၂၈။ နှလုံးသားဖျက်ပိုး မြပန်းအိမ် စကားပြေ၊ စကားပြော ရောထွေးနေတဲ့ အချစ်ဝတ္ထု တစ်ပုဒ်သာ ဖြစ်ပါတယ်။
၂၉။ အို...ဘာတဲ့...အပယ်ခံ နီယွန်းအိမ်(သာပေါင်း) စာရေး ၀ါသနာပါပေမဲ့ သေဆုံးပြီးကာမှ ရွှေအမြုတေက ရွေးတယ်ဆိုတဲ့ အကြောင်း ရေးဖွဲ့ထားတာ ဖြစ်ပြီး အရေးအသား အားနည်း နေပါတယ်။
၃၀။ ပေးဆပ်ခဲ့ဘူးသည့် အရူံး၏အနိုင် နွယ်လွန်းသူ(ည.ခ.ရ) အပြန်အလှန်စကားပြောတွေကို ဘယ်သူက ဘယ်သူ့ကို ပြောကြောင်း ရှင်းလင်းအောင် မရေးနိုင်တဲ့ စာမူဖြစ်ပါတယ်။ စာဖတ်နာမှ စာရေးပါဦး။
၃၁။ ဆွဲကြိုးလေးရဲ့နိဂုံး နန်းဟင်္သာ(မိုးကုတ်) အရေးအသား ညက်ညောပေမဲ့ အကြောင်းအရာအားဖြင့် ရိုးစင်းနေတဲ့ စာမူတစ်ပုဒ် ဖြစ်ပါတယ်။ နွမ်းပါးတဲ့ မိသားစု ဘ၀သရုပ်ဖော်ဖြစ်ပြီး ထူးခြားမှုမရှိပါဘူး။
၃၂။ ပုစ္ဆာ၏နောက်ကွယ် ရင်ခွင်ဦး(ဟံဇား) အရေးအသား ဆွဲဆောင်မှုရှိပြီး ပြောချင်တာလည်း ရှိတဲ့ စာမူတစ်ပုဒ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်အပိုင်းမှာ ပြောချင်တာကို ပီပီပြင်ပြင် မရေးဖွဲ့နိုင်တဲ့အတွက် စာမူကောင်း ဖြစ်မလာပါဘူး။
၃၃။ အပယ်ခံ(သို့) ခေတ်သစ် ဆိုကရေးတီး ၃၄။ မှုန်ဝါးဝါး မနက်ဖြန် လင်းထက်သူရိန်(စင်းခန်း) အရေးအသားက အတွေးကို မလိုက်နိုင်တဲ့ စာမူတွေ ဖြစ်နေပါတယ်။ ပြောချင်တာတွေရှိပေမဲ့ အပြန်အလှန်စကား ပြောကို အားပြုပြီး ရေးဖွဲ့ထားတဲ့အတွက် ဇာတ်ကောင်တွေရဲ့ စွမ်းအား လျော့ကျသွားသလို ဇာတ်လမ်းနဲ့ တင်ပြပုံမှာလည်း ရိုးစင်းစင်းကြီးဖြစ်သွားရပါတယ်။ ကြိုးစားပါဦး။
၃၅။ ဓမ္မတာမဟုတ်သော အလှည့် ရွေး တပည့်က ဆရာ့ကို ပြန်ဆုံးမရတယ်ဆိုတဲ့ အတွေ့အကြုံ တစ်ခုကို ရေးဖွဲ့ထားတာဖြစ်ပြီး ထူးခြားမှုမရှိပါဘူး။
၃၆။ ခိုနားရိပ် ၃၇။ လမင်းရက်ဆက်သာစေချင် ၃၈။ မလွန်ဆန်နိုင်သောအရာ ၃၉။ စမ်းရေကလေး စီးသည့်နှယ် ပြုံးနွဲ့နွဲ့ဝါ အရေးအသား ညက်ညောပြီး အဆင်ပြေပေမဲ့ အကြောင်း အရာရွေးချယ်ပုံ ရိုးစင်းလှတဲ့ စာမူများ ဖြစ်ပါတယ်။ အတွေး စိတ်ကူးတွေရှိနေပေမဲ့ ဇာတ်အားလုံးဟာ ကြိုတင်မှန်းဆတွေး တောနိုင်လောက်အောင် ရိုးစင်းနေတာတွေ များပါတယ်။ ခိုနားရိပ်နဲ့ လမင်း ရက်ဆက် သာစေချင် စာမူတွေက သံဝေဂဆန်တဲ့ အတွေး တချို့ ပါဝင်နေပြီး မလွန်ဆန်နိုင်သောအရာ က မိဘထက် မိန်းမနဲ့ကလေးကို ဦးစား ပေးနေရကြောင်း ဖြစ်ပါတယ်။ စမ်းရေကလေး စီးသည့်နှယ်က အသက်ငယ် ရွယ်သူတွေမှာလည်း လူကြီးတွေမှာလို တွေ့နိုင်စွမ်း ရှိတယ် ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ အရေးအသား သွက်လက်အောင်နဲ့ တင်ပြပုံ ဆန်းသစ်အောင် ကြိုးစားမယ်ဆိုရင် အဆင် ပြေသွားပါမယ်။
၄၀။ ဆန္ဒ လွမ်းကျော်(ဆိတ်ညံ) ခပ်ရိုးရိုး အချစ်ဝတ္ထု တစ်ပုဒ်ဖြစ်ပြီး အရေးအသားကတော့ ပြေပြစ်တည်ငြိမ်ပါတယ်။
၄၁။ ဒေါင်းယောင်ဆောင်တဲ့ကျီး ဈာန်(မြန်မာစာ) ဘိန်းကုန်သည်က ရပ်ကွက်ထဲမှာ သူတော်ကောင်းဖြစ် ခဲ့ဖူးတဲ့အကြောင်း ရေးထားတာသာဖြစ်ပြီး ထူးခြားမှုမရှိပါ ဘူး။
၄၂။ အိမ်ထောင်တစ်ခုရဲ့ ရသ မောင်ခိုင်စု ခေါင်းစဉ်ပါအတိုင်း အိမ်ထောင်ရေးတစ်ခုအကြောင်း ခပ်ရိုးရိုး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
၄၃။ တသက်စာ အယ်ကော် ရထားပေါ်မှာ ဖဲလိမ်ရိုက်ကြတဲ့ အကြောင်းဖြစ်ပြီး ခေတ်ဟောင်းက ဇာတ်ကြောင်းဖြစ်နေကာ ထူးခြားမှု မရှိပါဘူး။
၄၄။ စစ်မှန်တဲ့ ရွေးချယ်မှု သော်တာလင်းလင်း(ရွှေပြည်သာ) စကားပြေ၊ စကားပြော ရောနေတဲ့ အချစ်ဝတ္ထုခပ်ရိုး ရိုးပဲ ဖြစ်ပါတယ်။
၄၅။ ခြေရာကောက် လမ်းလျှောက်ခြင်း ထိုက်ထိုက်တန် နာဂဒေသအကြောင်း ရေးချင်တာဖြစ်ပေမဲ့ သိုဝှက်ထား လွန်းတဲ့အတွက် မပီပြင်သွားတဲ့ ၀တ္ထုတစ်ပုဒ်သာ ဖြစ်ပါတယ်။ စာအရေးအသား သင့်ပါတယ်။ ကြိုးစားပါဦး။
၄၆။ မှော်ရုံတောသို့အ၀င် လဲ့လဲ့ရွှေရည်(Midwife) ရှဲဒိုးစာရေးဆရာတွေအကြောင်း ရေးသားထားတာဖြစ် ပြီး ထူးခြားမှု မရှိပါဘူး။
၄၇။ တစ်ဖက်သတ်နှလုံးသားရဲ့ မျှော်လင့်ချက် ဘုံ့ဘုံ့ အရေးအသား သွက်ပေမဲ့ စကားပြေ၊ စကားပြော ရောတဲ့ နေရာတွေ ရှိနေသလို အကြောင်းအရာ ကလည်း ခပ်ရိုးရိုး အချစ် ဇာတ်လမ်းပဲ ဖြစ်နေပါတယ်။
၄၈။ ကိုယ့်အပုတ်ကို ကိုယ်မြင်အောင်ကြည့် မင်းလွင် ဆောင်းပါးဆန်တဲ့ တိုလွန်းတဲ့ စာမူတစ်ပုဒ်သာ ဖြစ်ပါ တယ်။ စာဖတ်နာမှ စာရေးစေချင်ပါတယ်။
၄၉။ ရှာပုံတော် မိန်းကလေး ခင်ဦး(ပုတီးကုန်း) လက်ရေးလက်သား၊ အရေးအသားအားလုံး ရှေးဆန် ပြီး ရှည်လျားလွန်းလှတဲ့ အချစ်ဝတ္ထုသာ ဖြစ်ပါတယ်။
၅၀။ ဆင် ဆိုတာ ၅၁။ ရုံမတင်လိုက်ရတဲ့ ရိုက်ချက် ၅၂။ အရောင်ဆိုးခြင်း အောင်ဖြိုးကျော်(ပခုက္ကူ) စာရေးကောင်းသူရဲ့ စာမူများပါ။ ရုံမတင်လိုက်ရတဲ့... က ဇာတ်အရှုပ်အထွေး များပြီး မသွက်လက်ဘဲ အိုင်နေပါတယ်။ ကျန်နှစ်ပုဒ်ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ လိုက်ပါတယ်။
၅၃။ ချစ်ခြင်းကို ယှဉ်ပြိုင်မယ်ဆိုရင် ၅၄။ ဆပ်ပြာမကောင်းလို့ ခေါင်းပေါင်းသိပ်မဖြူတာပါ ၅၅။ ရုန်းထွက်ရန် ခက်ခဲသော ၅၆။ နေရာ အလင်းဆက် ချစ်ခြင်းကို... က HIV ကို အသုံးချပြီး ရေးဖွဲ့ထားတဲ့ အချစ်ဝတ္ထုဖြစ်ကာ ပြောချင်တာ ရိုးစင်းနေပါတယ်။ ဆပ်ပြာ မကောင်း... ကတော့ ပြောချင်တာရှိပေမဲ့ အရေးအသားနဲ့ တင်ပြပုံက အတွေးကို လိုက်မမီပါဘူး။ ရုန်းထွက်ရန်... ကတော့ အင်တာနက် အစွဲအလမ်းအကြောင်းသာဖြစ်ပြီး ထူး ခြားမှု မရှိပါဘူး။ နေရာ ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက်ပါတယ်။
နောက်ထပ် ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက်တဲ့ စာမူတွေကတော့- -ညီမင်း(လည်ငေါက်) ရဲ့ သံချောင်းရာဇ၀င် -သံလွင်စက်(ဆေးတက္ကသိုလ်) ရဲ့ ချုပ်ရိုးများ -အောင်ကျော်စိုး(ရွက်လွင့်) ရဲ့ ဒေါက်တာ မိုးထက်စံ -ဥသြခင် ရဲ့ အိပ်ပျက်ခဲ့ညဆိုး -လူဘုန်းဦး ရဲ့ ရသကမ်းခြေ တို့ ဖြစ်ပါတယ်။
ကျွန်တော် ရွေးချယ်ပေးဖို့ ဆန်ခါတင် တက်လာတဲ့ ၀တ္ထု များထဲက သံလွင်ခက်(ဆေးတက္ကသိုလ်)ရဲ့ ၀တ္ထုကို အရင်ဆုံး ဖတ်ဖြစ်ပါတယ်။ ဖိနပ်ချုပ်၊ စာအုပ်ချုပ်ပြီး အသက်မွေးဝမ်း ကြောင်းပြုရတဲ့ လူတစ်ယောက်ရဲ့သမီးက သူနာပြု ဆရာမဖြစ်ပြီး ခွဲခန်းမှာ တာဝန်ကျတော့ ဆရာဝန်ကြီးရဲ့ ချုပ်ရိုးအကြောင်း နှိုင်းယှဉ် ရေးပြထားတာ ဖြစ်ပါတယ်။ စိတ်ကူးကောင်းပါ တယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ကြိုက် မဟုတ်တဲ့ အတွက် မသုံး ဖြစ်ပါ။
ဆက်တိုက်ကြိုးစားနေတဲ့ ဆရာ အလင်းဆက်ရဲ့ “နေရာ” ၀တ္ထုကတော့ ရန်ကုန်မြို့ကို တက်လာပြီး ယာဉ်မောင်းနေရာ လေးတစ်နေရာ ရဖို့ ကြိုးစားနေသူတစ်ယောက်၊ အလုပ် မရခဲ့ပေမဲ့ အိမ်အပြန်လမ်း ကားပေါ်မှာ ထိုင်စရာနေရာတစ် နေရာရတော့ ဘယ်သူ့ကိုမှ ဦးစားပေး ဖယ်မပေးနိုင်တဲ့ အကြောင်း ရေးဖွဲ့ထားပါတယ်။ အရေးအသား တိုးတက်လာ ပါတယ်။ စိတ်ကြိုက်မဖြစ်သေးတာကြောင့် ကြိုးစားစေချင် ပါတယ်။
ဆရာ ညီမင်း(လည်ငေါက်)ရဲ့ “သံချောင်း ရာဇ၀င်” က တော့ ကျေးရွာမှာ ရှိတဲ့ ဘောလုံးသမား တစ်ယောက်အကြောင်း ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဘောလုံးပွဲမှာ ယောက္ခမလောင်း က အရှုံးကန်ဖို့ ခြိမ်းခြောက်ပေမဲ့ နောက်ဆုံးမှာ အစွမ်းပြကန် သွားပုံ ရေးဖွဲ့ထားတာပါ။ ဒီလို ဇာတ်လမ်းတွေက တော်တော် ရိုးနေပါပြီ။
ဆရာမ ဥသြခင်ရဲ့ “အိပ်ပျက်ခဲ့ ညမုဆိုး”က ကျေးလက် မှာ သွားပြီး ပတ်ဝန်းကျင်အလှအပခံစားကာ ပန်းချီရေးဖွဲ့ သူတစ်ယောက် ကြုံခဲ့ရတဲ့ ညတစ်ညအကြောင်း ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ရွှေအမြုတေနဲ့ အံမ၀င်တဲ့အတွက် ကျွန်တော် မသုံးဖြစ်ပါ။
ကျန်တဲ့ဝတ္ထုတွေကတော့ ဆရာ အောင်ဖြိုးကျော်(ပခုက္ကူ) ရဲ့ “အရောင်ဆိုးခြင်း”ကို ရွှေနှလုံးသားအတွက် ရွေးချယ်ပြီး “ဆင်ဆိုတာ”ကိုတော့ ဒီလ ရွှေအသစ်အတွက် ရွေးချယ်လိုက် ပါတယ်။ ဆရာ အောင်ဖြိုးကျော်(ပခုက္ကူ)က ပြီးခဲ့တဲ့လမှာ လည်း ရွှေအသစ် အဖြစ် ရွေးချယ် ခံခဲ့ရပြီး သူ့လက်ရာများက အသစ် တစ်ယောက်လို့ မထင်ရလောက်အောင် ကောင်းမွန် သေသပ်ပါတယ်။ အောင်ကျော်စိုး(ရွက်လွင့်)ရဲ့ “ဒေါက်တာ မိုးထက်စံ”၊ လူဘုန်းဦးရဲ့ “ရသကမ်းခြေ”တို့ကိုလည်း ဒီလ ရွှေအသစ်များ အဖြစ် ဖော်ပြ ပေးလိုက်ပါတယ်။
ရွှေအသစ် ကဏ္ဍမှာ ပါဝင် ရေးသားနေကြတဲ့ ၀ါသနာရှင် များရဲ့ လက်ရာများက တစ်စထက်တစ်စ ကောင်းမွန်တိုး တက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီကဏ္ဍဖွင့်လှစ် ရကျိုးနပ်တယ်လို့လည်း ကျွန်တော် ယုံကြည်မိပါတယ်။ ဆက် လက်ကြိုးစားကြစေချင်ပါတယ်။
ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
ဝင်းငြိမ်း |
| About the author: |
| | |