ပျော်ရွှင်စွာ ပေါင်းကြတော့မယ့် ချစ်သူနှစ်ဦး PDF Print E-mail
Written by ဇာနည်ညိမ်း   
Thursday, 07 June 2012 17:09
Share |

အတူ နေကြတဲ့ သက်တမ်း ၇ နှစ် ကြာပြီး ကလေး ၆ ယောက် ရပြီးခါမှ မစ္စစ် ဘရက်ပစ် အဖြစ် ခံယူဖို့ သူ့ချစ်သူ အင်ဂျလီနား ဂျိုလီက လက်ခံ လိုက်တာကြောင့် ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဘရက်ပစ်က သူ့ချစ်သူ အတွက် စေ့စပ်ကြောင်းလမ်း လက်စွပ်ကို ကိုယ်တိုင်ဒီဇိုင်း ထုတ်ပြီး ဧပြီလ ၁၈ ရက်နေ့က သူတို့နှစ်ယောက် စေ့စပ်ကြောင်းလမ်း လိုက်ကြပြီလို့ ကမ္ဘာကို ကြေညာ လိုက်ကြပါတယ်။

cialis pricegeneric cialis 50mg sildenafil buy cialis Canada
argaiv1285

ဒီလို ကြေညာ ပြီးတာနဲ့ တစ်ပြိုင်နက် ကလေး ၆ ယောက်နဲ့ အတူ ရင်ခုန် စိတ်လှုပ်ရှားစွာ အနုပညာ ကမ္ဘာနဲ့ ဝေးတဲ့ တစ်နေရာဆီကို ထွက်ခွာ လာခဲ့ကြပါတယ်။ လူတွေနဲ့ ဝေးရာကို ထွက်ခွာ လာခဲ့တဲ့ သူတို့မိသားစု ပုန်းခိုတဲ့ နေရာကတော့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု အလျှင်း မရှိသေးတဲ့ ဂါလာပါဂိုးစ် ကျွန်းစုများဆီကိုပါပဲ။

စန်တာခရုစ်မြို့တော်ဝန်ရုံးနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးက People မဂ္ဂဇင်းသို့ ပြောကြားရာမှာ “သူတို့မိသားစု ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ဘော်လ်ထရာ လေဆိပ်ကို ရောက်စဉ်ကတည်းက ကျွန်တော်တို့ကို အကြောင်း ကြားခဲ့ပါတယ်။ အဲဒီကနေ ဂါလာပါဂိုးစ် ကျွန်းတွေဆီကို ထွက်ခွာ သွားခဲ့ကြတာပါ”လို့  ဆိုပါတယ်။ မိသားစု ၈ ဦးတို့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ရောက်ရှိလာကြရာမှာ မြို့ခံလူများက ဓာတ်ပုံ ရိုက်ယူကြပြီး မကြာခင်မှာပဲ Royal Palm Hotel Resort ကို ဇိမ်ခံရွက်လှေ တစ်စီးနဲ့ ထွက်ခွာ သွားကြပါတယ်။ ဒီဟိုတယ်က စန်တာခရုစ် အနီးမှာ ရှိပါတယ်။ သဘာဝ အလှအပတွေ ကြွယ်ဝပြီး ဂါလာပါဂိုးစ် ကျွန်းများက ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း မှာ တည်ရှိပါတယ်။ ပတ်ဝန်းကျင် အနေအထားက သဘာဝ အတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သောင်ပေါ်မှာ နားနေကြတဲ့ ပင်လယ်လိပ်များ၊ ပင်လယ်ဖျံများနဲ့ သူတို့ မိသားစု နားနေနိုင်ကြမှာ ဖြစ်ပါတယ်။ ဂါလာပါဂိုးစ်ကျွန်းများက အီကွေဒေါ ပိုင်နက်မှာရှိပြီး အင်ဂျလီနားဂျိုလီက ကုလသမဂ္ဂ ဂုဏ်ထူးဆောင် သံအမတ် အဖြစ် ဒုက္ခသည်များ စခန်းကို ရောက်ခဲ့စဉ်က တွေ့ရှိခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

မြို့ခံလူများ အဆိုအရ အင်ဂျလီနား ဂျိုလီရဲ့လက်မှာ သူ့ချစ်သူ ဘရက်ပစ်က စေ့စပ်ကြောင်း လမ်းလက်စွပ် အဖြစ် ပေးထားတဲ့ ဒေါ်လာ ၅ သိန်းတန်လက်စွပ် ၀တ်ထားတာကိုလည်း တွေ့ကြ ရတယ်လို့ ဆိုပါတယ်။ ဒီလက်စွပ်ကို လုပ်နိုင်ဖို့အတွက် ဘရက်ပစ်က ပန်းထိမ်သည် ဖြစ်တဲ့ ရောဘတ်ပရိုကော့ပ်ရဲ့ အကူအညီနဲ့ ဘယ်သူနဲ့မှ မတူတဲ့ ပုံစံ ထုတ်ယူခဲ့ တာလို့ ဆိုပါတယ်။ ဒီပုံစံကို ရအောင် တစ်နှစ်လုံးလုံး လုံးပန်း ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ရောဘတ်က ပြောပြတာကတော့ “ဘရက်က လက်စွပ်ရဲ့ပုံစံကို အကောင်းဆုံး ဖြစ်ချင်တယ်။ ဒါကြောင့် အကောင်းဆုံး စိန်ကို အကောင်းဆုံး ပုံစံနဲ့ သွေးပြီး လုပ်ပေးခဲ့ရတာ ဖြစ်ပါတယ်”တဲ့။

ဘရက်နဲ့ဂျိုလီတို့ စေ့စပ်ကြောင်းလမ်း လိုက်ကြတာကို ဘရက်ရဲ့ မန်နေဂျာ ဖြစ်တဲ့ စင်သီယာက “ဟုတ်ပါတယ်၊ ဒါဟာ အနာဂတ် အတွက် တစ်ယောက်နဲ့ တစ်ယောက် ကတိသစ္စာ ပြုလိုက်ကြတာပါပဲ။ ကလေးတွေ အားလုံးလည်း ပျော်နေကြတယ်။ လက်ထပ်မယ့် ရက်ကတော့ မသတ်မှတ် ရသေးပါဘူး”လို့ ဆိုပါတယ်။ အသက် ၃၈ နှစ်ရှိပြီ ဖြစ်တဲ့ ဂျိုလီရဲ့လက်မှာ ဒီလက်စွပ်ကို ဧပြီလ ၁၁ ရက်နေ့ကတည်းက မြင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အဲဒီနေ့က LA မြို့နယ် အနုပညာ ပြတိုက်မှာ တရုတ် ပန်းချီကားများ ပြသတဲ့ပွဲကို ဘရက်ပစ်၊ သားကြီး မက်ဒေါ့စ်တို့နဲ့ အတူ တက်ရောက် လာရာမှာ ၀တ်ဆင်လာခြင်း ဖြစ်ပါတယ်။

အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဘရက်ပစ်က မကြာသေးခင်က ပြောကြားရာမှာ ကလေးများက သူတို့ နှစ်ယောက်ကို လက်ထပ်ကြဖို့ ဖိအားတွေ ပေးနေကြတယ်လို့ ဆိုခဲ့ပါတယ်။ “တစ်နေ့တော့ လက်ထပ်ကြမှာပေါ့ကွာလို့ ဆိုတော့လည်း ဒါဆိုရင် မာမီ့အတွက် စေ့စပ်ကြောင်းလမ်း လက်စွပ်တစ်ကွင်း ၀ယ်ပေးရမှာပေါ့လို့ နောက်တစ်ဆင့် တက်လာကြတယ်။ ဒါနဲ့ ကျွန်တော်ကလည်း အိုကေ...အိုကေ...လို့ ကလေးတွေကို ကတိပေးပြီး ဂျိုလီအတွက် လက်စွပ် လုပ်ခဲ့တာပါ”လို့ ပြောပြခဲ့ပါ တယ်။ ၇ နှစ်လုံးလုံး အတူတူ နေခဲ့ကြပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာနဲ့ ပတ်သက်ပြီး ဂျိုလီက “ကျွန်မဘ၀မှာ သူနဲ့ နေခဲ့ရတဲ့ အချိန်ကာလတွေက တကယ်ကို လုံခြုံ နွေးထွေးခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း အသက်အရွယ် အိုမင်းတဲ့ အထိ လက်တွဲနိုင်ဖို့ သူ့ကို လက်ထပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ဆိုပါတယ်။

သူတို့နှစ်ယောက် အတူတကွ နေထိုင်ကြပေမဲ့ လက်မထပ်ကြသေးဘဲ ဘ၀မှာ ကြုံတွေ့လာတဲ့ အခက်အခဲတွေကို နှစ်ယောက်အတူ ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ခဲ့ကြပါတယ်။ ဂျိုလီက ဟောလိဝုဒ်မှာ ထိပ်ဆုံးက မင်းသမီးတစ်လက် ဖြစ်တာကြောင့် တော်ရုံ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ဆိုတာ စဉ်းစားလို့ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဘရက်ပစ်ကတော့ သူ့အပါးမှာ နေရင်း ရုပ်ရှင်ကားပေါင်း မြောက်မြားစွာကို အောင်မြင်အောင် ရိုက်ကူးနိုင်ဖို့ ပံ့ပိုး ပေးခဲ့ပါတယ်။

ဘရက်ပစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Moneyball ရုပ်ရှင်ဇာတ်ကားနဲ့ အော် စကာ ဆန်ခါတင် စာရင်းဝင်ခဲ့စဉ်တုန်းက ဆိုရင် ဂျိုလီက “သူ့အတွက် ကျွန်မ နေ့တိုင်း ဂုဏ်ယူမိပါတယ်”လို့ ဆိုခဲ့ပါတယ်။ အရင်တုန်းကတော့ သူတို့ နှစ်ယောက်က အမေ ရိကန်ပြည်ထောင်စု တစ်ဝန်းမှာ လိင်တူချင်း လက်ထပ်တာတွေကို တရားဝင် ခွင့်ပြု လာချိန်ကျမှ သူတို့နှစ်ယောက် လက်ထပ်မယ်လို့ ဆိုခဲ့ကြဖူးပါတယ်။ အခုတော့လည်း ကလေးတွေရဲ့ဆန္ဒကို လိုက်လျောလိုတာက တစ်ကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက် လေ့လာခဲ့တဲ့ အချိန် ကာလကလည်း မနည်းတော့ပြီ ဖြစ်လို့ နောက်ဆုံးမှာ လက်ထပ် ကြဖို့ ဆုံးဖြတ်လိုက်ကြဟန် ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းကို ရွှေအမြုတေ နိုင်ငံတကာ ရုပ်ရှင်ချစ်သူ များအတွက် ပြန်လည်တင်ပြပေးလိုက်ပါတယ်။        

၂၀၀၃ ခုနှစ်မှာ ဘရက်နဲ့ ဂျိုလီတို့ ပထမဆုံး ဆုံစည်းခဲ့ကြပါတယ်။ အဲဒီကာလတုန်းက ဘရက်က ဂျနီဖာအနစ္စတန်နဲ့ လက်ထပ်ထားချိန် ဖြစ်ပါတယ်။ အဲဒီကာလနဲ့ ပတ်သက်ပြီး ဂျိုလီက “အဲဒီတုန်းကတော့ သူ့အကြောင်း သိပ်မသိပါဘူး။ သူချစ်တဲ့ သူနဲ့ လက်ထပ်ထားတဲ့ မင်းသားတစ်ယောက် ဆိုတာလောက်သာ သိခဲ့တာပါ”လို့ ဆိုပါတယ်။

ဂျိုလီက သူ့ဘ၀မှာ သား မက်ဒေါ့စ်ကို အမေတစ်ယောက်တည်း အုပ်ထိန်းခဲ့သူ အနေနဲ့ အချိန် ပြည့်နေခဲ့ပါတယ်။ သူက “ကျွန်မနဲ့သား နှစ်ယောက်တည်းနဲ့ တစ်ဘ၀တည်ဆောက် ထားခဲ့တဲ့ အချိန်ပေါ့”လို့ ဆိုပါတယ်။ Mr.& Mrs. Smith ရုပ်ရှင် ဇာတ်ကားမှာ အတူတကွ သရုပ်ဆောင်ကြတော့ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေကို လုပ်ဆောင်ကြရင်း တစ်ယောက်နဲ့ တစ်ယောက် ခင်တွယ်လာခဲ့ကြပါတယ်။ “အဲဒီလို သရုပ်ဆောင်ကြရင်းကပဲ ကျွန်မတို့ နှစ်ယောက်ရဲ့ ထူးခြားတဲ့ ရင်းနှီးမှုက ရင်ထဲမှာ ပေါ်ပေါက် လာခဲ့တယ်။ အဲဒီကား ရိုက်နေတုန်းက ဆိုရင် ရိုက်ကွင်းပေါ်မှာပဲ အမြဲ ရှိနေချင်တာကြောင့် ကိုယ့်ကိုယ်ကို အံ့သြမိပါတယ်” လို့ ဂျိုလီက ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဒီလို ခင်တွယ်စိတ်တွေ ပေါ်ပေါက် ခဲ့ကြပေမဲ့ နှစ်ယောက် ပေါင်းစည်းမိကြလိမ့်မယ်လို့ မမျှော်လင့် ခဲ့ကြပါဘူး။

“ရုပ်ရှင်ကား ရိုက်ကူးမှု ပြီးစီးသွားပြီဆိုတော့ တစ်ယောက်အပေါ် တစ်ယောက် ဘယ်လောက် ခင်တွယ်နေမိပြီဆိုတာ နားလည် လာခဲ့ကြတယ်။ ဒါပေမဲ့ အကောင်းဆုံး မိတ်ဆွေများ အဖြစ် နေခဲ့ကြတာပါ”လို့ ဂျိုလီက ဆိုပါတယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ် ဇန်န၀ါရီ လမှာ ဘရက်ပစ်က ဂျနီဖာအနစ္စတန်နဲ့ ကွာရှင်းပြတ်စဲ လိုက်ပါတယ်။ သူ့ဘက်က အဲဒီလို ရှင်းသွားပြီ ဆိုပေမဲ့ ကျွန်မတို့ နှစ်ယောက် တစ်ယောက် လိုချင်တဲ့ပုံစံကို တစ်ယောက် နားလည်အောင် ညှိနေကြတာပဲ တော်တော်ကြာပါတယ်။ နောက်ဆုံးမှာတော့ သားကြီး မက်ဒေါ့စ်ကပဲ ဘရက်ပစ်ကို ဒယ်ဒီ ခေါ်ချင်တယ်လို့ တွန်းအားပေး စကား ဆိုလာခဲ့တာကြောင့် ကျွန်မတို့ နှစ်ယောက် အတူနေဖြစ်သွားကြတာပါလို့ ဂျိုလီက ပြောပြဖူးပါတယ်။

အဲဒီတုန်းက ဟိုတယ် အခန်းထဲက ကြမ်းပြင်ပေါ်မှာ မက်ဒေါ့စ်နဲ့ အတူ ကျွန်မတို့နှစ်ယောက် ကားကလေးတွေနဲ့ ကစား ပေးနေတာပါ။ ရုတ်တရက် မက်ဒေါ့စ်က “ဒယ်ဒီ”လို့ ခေါ်လိုက်တာကြောင့် ကျွန်မတို့ နှစ်ယောက် အံ့အား သင့်သွားခဲ့ကြပြီး မိသားစု ဘ၀ကို ထူထောင်ဖြစ်တာပါလို့လည်း ဂျိုလီက ဆိုပါတယ်။ သူတို့နှစ်ယောက် ပေါင်းစည်းကြပေမဲ့ လူသိရှင်ကြား မဖြစ်စေဘဲ နေခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ် ဇွန်လရောက်မှ အပေါင်းအသင်းများရှေ့မှာ မငြင်းသာ မကွယ်သာတော့ဘဲ ၀န်ခံ ခဲ့ကြရတာပါ။

၂၀၀၆ ခုနှစ် ဇန်န၀ါရီလမှာတော့ သူတို့နှစ်ယောက် လူသိရှင်ကြား ကြေညာလိုက်ပြီး ကလေး တစ်ယောက်လည်း ရတော့မယ့် အခြေအနေကို ရောက်ခဲ့ပါပြီ။ အဲဒီနှစ် မတိုင်ခင်မှာ ဂျိုလီက အီသီယိုးပီးယား နိုင်ငံမှ ဇာဟာရာ အမည်ရှိ မိန်းကလေး တစ်ဦးကို မွေးစား ခဲ့ပါသေးတယ်။ လက်ရှိ မွေးစားထားတဲ့ မက်ဒေါ့စ်ကိုရော၊ ဇာဟာရာကိုပါ ဘရက်ပစ်က မွေးစား အဖေအဖြစ် လက်ခံတာကြောင့် ကလေးများရဲ့ အမည်နောက်မှာ“ဂျိုလီပစ်”ဆိုတဲ့ အမည် ခံယူစေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး သမီးကလေး ရှီလိုနိုဗယ်လ်ကို ၂၀၀၆ ခုနှစ် မေလမှာ မွေးဖွား လာခဲ့ပါတယ်။ ပတ်ဝန်းကျင်က အလွန်အမင်း အာရုံ စိုက်တာကို မခံရအောင်လို့ သမီးကို နမီးဘီးယား နိုင်ငံမှာ သွားရောက် မွေးဖွားခဲ့ကြတာ ဖြစ်ပါတယ်။ နောက်တစ်နှစ်မှာတော့ သူတို့ဇနီးမောင်နှံက ဗီယက်နမ်နိုင်ငံမှ ကလေးငယ် တစ်ဦးဖြစ်တဲ့ ပက်စ်သိမ်းကို မွေးစား ခဲ့ကြပြန်ပါတယ်။ ကလေး ၄ ယောက်နဲ့ မကျေနပ်နိုင်သေးပါဘူး။ ၂၀၀၈ ခုနှစ်မှာ နောက်ထပ် အမြွှာ ရင်သွေးကလေးများ ရတော့မယ်လို့ ကြေညာခဲ့ကြပါတယ်။

၂၀၀၈ ခုနှစ်မှာ အမြွှာ ရင်သွေးများဖြစ်ကြတဲ့ နော့စ်လီယွန်နဲ့ ဗီဗီယမ်မာချလီးန်တို့ မွေးဖွားလာတဲ့ အတွက် မိသားစုဝင် ၈ ဦး ဖြစ်သွားပါတယ်။ ကလေး ၆ ယောက် အမေဖြစ်လာတဲ့ ဂျိုလီက သူ့ချစ်သူကို ယုံကြည်စိတ်ချစ ပြုလာပါတယ်။ “ဘရက်က ကျွန်မ ဘ၀မှာ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးတဲ့ မိသားစုကို ရစေခဲ့တယ်။ သူက ချစ်သူ ဘ၀သာ မဟုတ်ပါဘူး၊ မိသားစု ဘ၀ကိုလည်း ထူထောင်ပေးသူ ဖြစ်တယ်။ ဒါကြောင့် သူ့ကို မြတ်နိုးမိတယ်။ သူသာ မရှိဘူးဆိုရင် ကျွန်မဘ၀မှာ ဒီလို ချစ်စရာ ကောင်းတဲ့ မိသားစုဝင်တွေ ရှိလာမှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဘရက်ကလည်း ဂျိုလီကို ထပ်တူထပ်မျှ ခံစားရပါတယ်။ “ကျွန်တော့်ဘ၀မှာ ရင်သွေးလေးတွေကို မွေးဖွားပေးတဲ့ အတွက် ဂျိုလီကို မြတ်နိုးရပါတယ်။ သူဟာ မိခင်ကောင်း တစ်ယောက်ပါ။ သူ့ကို ပိုင်ဆိုင်ရတဲ့ အတွက် ကျွန်တော် အရမ်းပျော်ပါတယ်”လို့ ဆိုပါတယ်။

တကယ်တော့ ဂျိုလီရဲ့ဘ၀မှာ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။ ငယ်ဘ၀မှာ မှောင်အတိ ဖုံးလွှမ်းခဲ့တဲ့အပြင် အန္တရာယ်များတဲ့ ကလေးမ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ “ကျွန်မ ငယ်ငယ်တုန်းက ဆိုရင် ဘ၀ဟာ မှောင်အတိပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခဲ့လို့သာ။ အဲဒီတုန်းက လူတွေရဲ့ မျက်လုံးထဲမှာ ကျွန်မဟာ အရမ်းကို အန္တရာယ်ရှိတဲ့ ကလေး တစ်ယောက်ပေါ့” လို့လည်း ဆိုပါတယ်။

ဂျိုလီ ပထမဆုံး အိမ်ထောင်ပြုခဲ့ သူက Trainspotting ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ခဲ့တဲ့ ဂျော်နီလီမီလာ ဖြစ်ပါတယ်။ သူတို့ လက်ထပ်စဉ်တုန်းက သတို့သမီးဖြစ်တဲ့ ဂျိုလီက အသား ကပ်ရာဘာ ဘောင်းဘီ ၀တ်ထားပြီး အဖြူရောင် ဘလောက်စ် အင်္ကျီ ၀တ်ထားပါတယ်။ အင်္ကျီပေါ်မှာ သူ့သွေးနဲ့ သတို့သား နာမည်ကို ရေးထိုး ထားခဲ့ပါသေးတယ်။ သူတို့အိမ်ထောင်က ဂျိုလီ အဆိုကျော်ရုပ်ရှင်မင်းသား ဘီလီဘော့ပ်သွန်တန်နဲ့ တွေ့တဲ့အချိန်မှာ အဆုံးသတ် သွားခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲဒီလို အမှောင်ကျခဲ့ရတဲ့ ဘ၀တွေဟာ တစ်စုံ တစ်ယောက်ကြောင့် ပြည်ဖုံးကားချပြီး ပြောင်းလဲခဲ့ရပြီလို့ ဂျိုလီက ဆိုပါတယ်။“အဲဒီသူကတော့ ကျွန်မဘ၀မှာ မပြောင်းမလဲ ရပ်တည်နေမယ့် ဘရက်ပစ်ပါပဲ”တဲ့။

နှစ်ယောက်စလုံးရဲ့ဘ၀မှာ စွန့်စားခန်းတွေ ပြည့်နှက်ခဲ့ပေမဲ့ သူတို့ဘ၀ဟာ ကြည်နူးစရာဖြစ်နေပါပြီ။ ၃၅ နှစ် ပြည့်မွေးနေ့ အတွက် ဘရက်က ဂျိုလီကို MV Augusta မော်တော်ဆိုင်ကယ် အနီရောင်တစ်စီး လက်ဆောင်ပေးခဲ့ပြီး စီးနည်းကိုပါ သင်ပေးခဲ့ပါတယ်။ “ဘရက်က သင်ပြတာ သိပ်တော်တယ်။ စိတ်လည်း သိပ်ရှည်တယ်။ ကျွန်မကတော့ စိတ်မရှည်ဘူး။ မစီးတတ်ရင် အဲဒီ မော်တော်ဆိုင်ကယ် ပျက်စီးသွားမှာပဲ”လို့ ဆိုပါတယ်။ ဘရက်နည်းတူ ဂျိုလီကလည်း လေယာဉ်မောင်းနည်း ဘရက်ကို သင်ပေးခဲ့တာပါတဲ့။

သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေး အောင်မြင်မှု သော့ချက်ကတော့ နှစ်ယောက်အတူ နေနိုင်မယ့် အချိန်တွေကို မရရအောင် ဖန်တီး ထားကြခြင်းပါပဲ။  သူတို့နှစ်ယောက် အတူ နေကြတဲ့ အချိန်နဲ့ နေရာကို ပါပါရာဇီများ မဆိုထားနဲ့၊ သူတို့ကလေးတွေကိုတောင် မသိအောင် ဖန်တီး ထားကြတယ်လို့ ဆိုပါတယ်။ ကလေး ၆ ယောက်ကို ထိန်းကျောင်းရတဲ့ မိဘနှစ်ပါး အနေနဲ့ ဘယ်လိုထိန်းကျောင်း၊ ဘယ်လို နေကြမယ်ဆိုတာ စီမံကိန်း ချထားဖို့ လိုပါတယ်။ သူတို့နှစ်ယောက်က တစ်လှည့်စီ အလုပ်လုပ်ကြတာပါ။

The Tourist ဇာတ်ကားကို ဂျိုလီက ဗင်းနစ်မှာ ရိုက်ကူးနေစဉ် ဘရက်က ကလေးများနဲ့ နေပေးပါတယ်။ ဒီနည်းနဲ့ သူတို့နှစ်ယောက်က ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုကို ဖန်တီး ထားပါတယ်။ “ကျွန်မတို့ နှစ်ယောက်က သုံးရက်ထက် ပိုပြီး ခွဲမနေဘူး။ အတူ ရှိနေရင်လည်း ဘယ်မှ မသွားဘဲ အိမ်မှာပဲ ကလေးတွေနဲ့ နေကြတယ်။ ဒါကြောင့် အများအားဖြင့် ညအိပ် ၀တ်စုံများနဲ့သာ အိမ်မှာ နေကြတာတွေ့ရမှာပါ”လို့လည်း ဆိုပါတယ်။ ဂျိုလီက“ကလေးတွေက ကျွန်မတို့အတွက် နှောင်ကြိုးကလေးတွေ ဖြစ်နေပါပြီ။ ဒါက အင်မတန် အရေးကြီးပါတယ်။ သူတို့လေးတွေ ပျော်နေတာနဲ့ အမျှ သူတို့ မိဘတွေဖြစ်တဲ့ ကျွန်မတို့လည်း
ပျော်နေမှာပါပဲ”လို့ ဆိုပါတယ်။

ဂါလာပါဂိုးစ် ကျွန်းများမှာ အနားယူ အပန်း ဖြေခဲ့ကြတဲ့ သူတို့ မိသားစုပြန်ရောက်လာချိန်မှာ ဂျိုလီက သူမရဲ့ လူမှုရေး လုပ်ငန်းဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ သံအမတ် အဖြစ် လုပ်ဆောင်နိုင်ဖို့ ကိုလံဘီယာ နိုင်ငံကို ထွက်ခွာခဲ့ပြီး သူ့လက်မှာတော့ ဒေါ်လာ ၅ သိန်းတန် စိန်လက်စွပ်က ဂုဏ်ယူဝင့်ကြွားစွာ ရှိနေပါတယ်။

ဇာနည်ညိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)