|
Written by ခင်လေးမြင့်
|
|
Thursday, 07 June 2012 16:34 |
မြန်မာ ဗီဒီယို ဇာတ်ကားတွေကို မကြည့်ချင်ဘူး။ ဇာတ်လမ်းအစပိုင်း ကြည့်တာနဲ့ ဒီဇာတ်ကားက ဘာလဲ ဆိုတာကို သိလို့ မကြည့်ချင်ဘူး။
argaiv1660
ဇာတ်လမ်းတွေက ထပ်နေပြီ ဆိုတဲ့ ပရိသတ်တွေရဲ့ ပြောဆိုမှုများကို ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်လုပ် သူတွေက အကောင်းဆုံး တုံ့ပြန်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ပိုင်ခွင့်၊ ဘောင်တွေကြားထဲကနေ အနုပညာတွေကို ဖန်တီး ကြရတယ် ဆိုတာ သိကြပါတယ်။ အဲဒီလို ဘောင်တွေထဲက ဖန်တီး ရတာဖြစ်တဲ့ အတွက် တစ်ခါတလေမှာ ဖန်တီးတဲ့ အနုပညာတွေက အတိုင်းအတာ တစ်ခုအထိ မရောက်တာကြောင့် ပရိသတ်တွေက ခုနပြောတဲ့ စကားတွေကို ပြောကြတာပါ။
အခု အချိန်မှာတော့ လွတ်လပ်မှုထက် ပြောင်းလဲမှုတွေ စတင် နေတာကြောင့် အချို့သော အနုပညာ ဖန်တီးမှုတွေမှာ အရင်က မလုပ် ဖြစ်ခဲ့တဲ့၊ လုပ်ခွင့် မရတာတွေကို လုပ်ဆောင် လာကြပါပြီ။ ပရိသတ်တွေကို အကောင်းဆုံး ပေးချင်တဲ့ ဆန္ဒတွေနဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဆူးကြိုးဆုပ်တဲ့လက် ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ဖန်တီး ထားပါတယ်။ ဆူးကြိုးကို ဆုပ်မိတဲ့ လက်ကတော့ နာမှာပဲ။ သံယောဇဉ် ဆိုတာ လူ့လောကမှာ ကြိုးတစ်ချောင်းလိုပါပဲ။ အဲဒီကြိုးက ခိုင်လေလေ ဖြတ်ရခက်ပြီး၊ သံယောဇဉ်ကြိုးကို မြဲမြဲ ဆုပ်ထားတဲ့ လက်က နာလေလေပဲ ဖြစ်ပါတယ်။
အဲဒီ အကြောင်းအရာမျိုးကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပုံဖော် ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဇာတ်လမ်းတွေကို ဖန်တီးတဲ့ အခါ ပရိသတ် စိတ်ဝင်စားမှုနဲ့ အနုပညာ မြောက်မှုကို ဦးစားပေး တတ်ပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်းက ဆူးကြိုးဆုပ်တဲ့လက် ဗီဒီယို ဇာတ်ကားမှာ စိုးမြတ်သူဇာကို ယာခူဆာ ဂိုဏ်းခေါင်းဆောင်ရဲ့မိန်းမအဖြစ် ပါဝင် သရုပ်ဆောင် စေထားပါတယ်။ ယာခူဆာတွေ နှိပ်ကွပ်တဲ့ အချိန်မှာ ယောက်ျား သေသွားတာကြောင့် စိုးမြတ်သူဇာက မြန်မာပြည်ကို ပြန်ထွက်ပြေး လာပြီး ကလေး တစ်ယောက် ပါလာခဲ့တာပါ။ ဂျပန်မှာ ရှိတဲ့ ပစ္စည်းတွေ ထားပြီး ထွက်ပြေး လာခဲ့ရတာကြောင့် စိုးမြတ်သူဇာက အဲဒီ ပစ္စည်းတွေ ပြန်ယူဖို့ ကြိုးစားရပါ တယ်။

အဲဒီမှာ မင်းဟိဏ်းကို ခိုင်းဖို့ စိုးမြတ်သူဇာ စဉ်းစားခဲ့တာပါ။ ရွှေငွေ ပစ္စည်းတွေကို သွားယူခိုင်းရမှာ ဖြစ်တာကြောင့် ယုံကြည် စိတ်ချရဖို့ လိုအပ်ပါတယ်။ အဲဒီလို ယုံကြည် စိတ်ချရဖို့ အတွက် မင်းဟိဏ်းကို စိုးမြတ်သူဇာက ယူလိုက်တာပါ။ ဘ၀နဲ့ ရင်းပြီး ယုံကြည် စိတ်ချနိုင်ဖို့က တခြား ဘာနည်းလမ်းမှ မရှိတော့ပါဘူး။ စိုးမြတ်သူဇာမှာ သားတစ်ယောက် ရှိပါတယ်။ အဲဒီသားက နေမင်း တစ်ကိုယ်ပါ။ စိုးမြတ်သူဇာရဲ့သား နေမင်းကို ဖူးဖူးနဲ့ တွဲပေးထားပါတယ်။ နောက်တစ်ကိုယ် နေမင်းက“မေသန်းနုရဲ့သားပါ။ စိုးမြတ်သူဇာရဲ့သား နေမင်းက သွေးအေးအေးနဲ့ ရက်စက်တတ်ပါတယ်။ ဒီလိုမျိုး ဖြစ်အောင်လည်း စိုးမြတ်သူဇာက လေ့ကျင့် ပေးထားတာပါ။ မေသန်းနုရဲ့သားအဖြစ် သရုပ်ဆောင်တဲ့ နေမင်းကတော့ အေးအေးဆေးဆေး နေတတ်သူဖြစ်ပါတယ်။
စိုးမြတ်သူဇာရဲ့ဇာတ်ကောင် စရိုက်က မြင်နေကျ ဇာတ်ကောင် စရိုက်မျိုး မဟုတ်ပါဘူး။ “တစ်ခါလာလည်း အစ်မ၊ အမေ၊ သားကို ချစ်တဲ့ နူးညံ့ သိမ်မွေ့တဲ့ ပုံစံမျိုးတွေ သရုပ်ဆောင်နေရတာ။ ဒီလိုပုံစံမျိုးက တစ်ခါမှ သရုပ်မဆောင်ဖူးဘူး။ ယာခူဆာ ဂိုဏ်းကတော်၊ ရက်စက်တယ်၊ သွေးအေးအေးနဲ့ လုပ်တတ်တယ်။ ဒီလို အပြောင်းအလဲလေးတွေလည်း လုပ်ချင်တယ်။ ဇာတ်လမ်းကလည်း ကောင်းတယ်။ အဲဒါကြောင့် ရိုက်ဖြစ်တာ”လို့ စိုးမြတ်သူဇာက ဆူးကြိုးဆုပ်တဲ့လက် ဇာတ်ကားမှာ သရုပ်ဆောင်ဖြစ်တာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ နေမင်းကလည်း မျက်လုံး အမူအရာ၊ အ၀တ်အစား ဒီဇိုင်းတွေက အစ ကွဲပြားအောင် ပြင်ဆင် ထားပါတယ်။ ဒီဇာတ်ကားမှာ သေနတ်၊ ဓားကိုင်တဲ့ ဇာတ်ဝင်ခန်းတွေ ပါတာကြောင့် အရင်က ဆင်ဆာ ခွင့်ပြုမှုတွေနဲ့ဆို အဆင် မပြေပါဘူး။ “စိုးမြတ်သူဇာက ယာခူဆာကတော်လည်း ဖြစ်တယ်။ နောက်ပြီး စိုးမြတ်သူဇာရဲ့ကျောမှာ တက်တူး ထိုးထားတာလည်း ရှိတယ်။ အဲဒီ ထိုးထားကို ရိုက်ပြလို့ရတော့ သဘာဝ ကျတာလေးတွေ ပြလို့ရတယ်။ လူမိုက်တစ်ယောက် ဆိုပြီး အလကားနေရင်း ထိုး၊ ခုတ်နေရတာမျိုး မဟုတ်ဘူး။ ဦးနှောက်နဲ့သွားတာ။ လူမိုက်ဆိုပေမဲ့ ပါးနပ်ဖို့ လိုတယ်။ အဲဒါမျိုးတွေလည်း ရိုက်ပြထားတယ်”လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဆူးကြိုးဆုပ်တဲ့လက် ဇာတ်ကား ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကိုယ်တိုင် ရေးထားတာပါ။ ဆူးကြိုးဆုပ်တဲ့လက် ဇာတ်ကားမှာ နေမင်း(နှစ်ကိုယ်ခွဲ)၊ မင်းဟိဏ်း၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ အိန္ဒြာကျော်ဇင်၊ ဖူးဖူးစတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင် ထားပါတယ်။
ဒီဇာတ်ကားမှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က လှည့်ကွက်များ သုံးထားပါတယ်။ စိုးမြတ်သူဇာရဲ့ သားနဲ့ မေသန်းနုရဲ့သား ရုပ်ချင်းတူမှုတွေ၊ စိုးမြတ်သူဇာက ဘာ့ကြောင့် သွေးအေးအေးနဲ့ ရက်စက်တယ် ဆိုတာတွေကို ၀ှက်ထားပါတယ်။ စိုးမြတ်သူဇာနဲ့ မေသန်းနုတို့ သားတွေအပေါ် ထားရှိတဲ့ သံယောဇဉ်ကြိုးကို မြဲမြဲ ဆုပ်ထားတာကြောင့် ဆုပ်ထားတဲ့ လက်တွေမှာ ဒဏ်ရာတွေ ရလာမှာပါ။ သံယောဇဉ် ဆူးကြိုးတွေကို ဆုပ်ကိုင်မိသူတွေ နောက်ဆုံးမှာ ဘယ်လိုတွေ ဖြစ်မလဲဆိုတာ ဆူးကြိုးဆုပ်တဲ့လက် ဇာတ်ကားမှာ ကြည့်ရမှာပါ။ ဒီဇာတ်ကားကို ရွှေစင်ဦး ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ် ရိုက်ကူးတာ ဖြစ်ပါတယ်။

ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
ခင်လေးမြင့် |
| About the author: |
| | |