ဂလန်းကလို့စ် PDF Print E-mail
Written by ရီတာအောင်   
Thursday, 07 June 2012 13:30
Share |

သူမက အသက် ၂၈ နှစ် အရွယ် ကတည်းက ရုပ်ရှင်၊ အနုပညာ လောကထဲ ၀င်ရောက် လာခဲ့ပြီး ဒီကနေ့ ၆၅ နှစ် တိုင်အောင် အဆက်မပြတ် သရုပ်ဆောင်ခွင့် ရနေဆဲ ဖြစ်တယ်။

argaiv1450

မင်းသားကြီး မိုက်ကယ် ဒေါက်ဂလပ်စ်နှင့် အတွဲ ညီခဲ့တဲ့ Fatal Attraction ရုပ်ရှင်ထဲက Alex လို ဇာတ်ရုပ်မျိုး၊ လူကြီးကလေး အရွယ် မရွေး နှစ်သက်ခဲ့ကြတဲ့ 101 Dalmatians ရုပ်ရှင်ထဲက Cruella Vil ဇာတ်ရုပ်မျိုး၊ ပြီးတော့ Dangerous Liaisons ရုပ်ရှင်က ပြင်သစ် အမျိုးသမီးကြီး Marquise de Merteuil လိုကာရိုက်တာမျိုးတွေမှာ သူမ ကောင်းကောင်းကြီး သရုပ်ဆောင် နိုင်ခဲ့တယ်။

သူမဆိုတာ ရုပ်ရှင်၊ ရုပ်သံ၊ ပြဇာတ် မင်းသမီးကြီး Glenn Close ပါ။ ဂလန်းကလို့စ်ရဲ့ အနုပညာ လောကမှာ အော်စကာဆု အတွက် ဆန်ခါတင် ရွေးချယ်ခြင်း ၆ ကြိမ် ရှိခဲ့ပေမဲ့ တစ်ကြိမ်တစ်ခါမှ မဆွတ်ခူး နိုင်သေးပါဘူး။ ဒါပေမဲ့ ဂရမ်မီဆု ၃ ကြိမ်၊ BAFTA ဖလင်ဆု တစ်ကြိမ်၊ တိုနီဆု သုံးကြိမ်၊ အမ်မီဆု သုံးကြိမ်၊ ရွှေကမ္ဘာလုံးဆု နှစ်ကြိမ်၊ Obie ဆု(Off Broadway Theater Awards -ပြဇာတ်များ အတွက်)တို့ ရယူ ပိုင်ဆိုင်ထားပါပြီ။

မင်းသမီးကြီးကို အမေရိကန် ပြည်ထောင်စု၊ ကွန်နက်တီကက် ပြည်နယ် Greenwich မှာ မွေးဖွားခဲ့တယ်။ ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့က သူမ အသက် ၆၅ နှစ် ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည့်စုံ ချမ်းသာတဲ့ မိသားစုမှ ဆင်းသက် လာခဲ့သူ တစ်ယောက် ဖြစ်တယ်။ အဘိုးက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး အမေရိကန် ဆေးရုံ အဖွဲ့အစည်းကြီးရဲ့ ဒါရိုက်တာလည်း ဖြစ်တယ်။ ဖခင်က ဆရာဝန် ဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်နှင့် ပြဇာတ်မင်းသမီး Brooke Shields နှင့် တူဝရီးဝမ်းကွဲ ဆွေမျိုးတော်စပ်ကြပါသေးတယ်။

လူမှန်း သိတတ်တဲ့ အရွယ်ကတည်းက အနုပညာကို ၀ါသနာပါခဲ့တယ်။ ဂီတကို မြတ်နိုးသူတွေချင်း ဖွဲ့ထားတဲ့ သီချင်းဆိုတဲ့ အဖွဲ့ကို ဂလန်းရဲ့ မိဘတွေကပါ စိတ်တူ၊ သဘောတူ ပါဝင် ခဲ့ကြပြီး၊ အဲဒီ အဖွဲ့နှင့် ၁၅ နှစ်ခန့် နေရာအနှံ့ ခရီးတွေသွား သီချင်းတွေ ဆိုဖြစ်ခဲ့ကြတယ်။ သူမအသက် ၂၂ နှစ် အရွယ်မှာ The College of William and Mary ကျောင်းတက်ခွင့် ရတော့ ပြဇာတ်ဆိုင်ရာ အနုပညာ ဘာသာကို အဓိက ထားလေ့ လာဆည်းပူးခဲ့တယ်။ အဲဒီ ကောလိပ်ကျောင်းမှာကတည်းက ထူးချွန် ထက်မြက်တဲ့ အနုပညာရှင် ကျောင်းသူလေး အဖြစ် မှတ်ချက် ချခံခဲ့ရတယ်။

၁၉၇၅ ခုနှစ်မှာ နယူးရော့ခ်ဘရော့ဝေး ပြဇာတ်ခုံပေါ် ရောက်လာခဲ့ပြီး ၁၉၈၂ ခုနှစ်ကျမှ ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာခဲ့တယ်။ ၂၀၁၁ ခုနှစ်အထိ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ပေါင်း ၄၀ ရှိခဲ့ ပါပြီ။ သူမရဲ့ နောက်ဆုံးရုံတင် ရုပ်ရှင်ကားက Albert Nobbs ဖြစ်ပါတယ်။ အိုင်ယာလန် နိုင်ငံ ဒပ်ဘလင်မြို့မှာ အချိန်ယူ ရိုက်ကူးထားပြီး ၁၉ ရာစု ၀န်းကျင်က အမျိုးသား တစ်ယောက်အဖြစ် ဟန်ဆောင်နေထိုင်ခဲ့တဲ့ အမျိုးသမီးကြီး တစ်ယောက် အကြောင်းကို ဇာတ်လမ်း ဖွဲ့ထားတာဖြစ်တယ်။ အဲဒီ ရုပ်ရှင်အတွက် မင်းသမီးကြီး ရော၊ ၎င်းနှင့်တွဲ သရုပ် ဆောင်ခဲ့သူ မင်းသမီးငယ် Jante McTeer တို့ အကောင်းဆုံး အမျိုးသမီးဇာတ် ဆောင်ဆုနှင့် ဇာတ်ပို့ ဆုအသီးသီး ဆန်ခါတင် စာရင်း ၀င်ခဲ့ကြတဲ့ အထိ အောင်မြင် ခဲ့ကြတယ်။

ဂလန်းကလို့စ်က ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမှာ သရုပ်ဆောင်နေ ရင်း ပြဇာတ်အချို့ကိုလည်း စီစဉ်ရေးသားနိုင်စွမ်းရှိသူပါ။ ရုပ်ရှင်တချို့ကိုလည်း အခြား နာမည်ကျော် ထုတ်လုပ်သူတွေနဲ့ ပူးတွဲထုတ်လုပ်ခဲ့ပါသေးတယ်။ ကပြခဲ့သမျှ ပြဇာတ်တွေထဲမှာ ၁၉၉၄ ခုနှစ်က ဘရော့ဝေးမှာ တင်ဆက်ခဲ့တဲ့ Sunset Boulevard ကိုအကောင်းဆုံးဟု သတ်မှတ်ခြင်း ခံရပါတယ်။ ကာရိုက်တာ Norma Desmond အဖြစ် သရုပ်ဆောင် ကောင်းလွန်းလို့ Tony ဆု ဆွတ်ခူးနိုင်ခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ Sydmonton ပွဲတော်မှာ စတင် ကပြခဲ့ပြီး ၁၉၉၂ အထိ ၂ နှစ်ဆက်တိုက်၊ ၁၉၉၃ မှာ လန်ဒန်မြို့ West End ပြဇာတ်ရုံနှင့် Los Angeles မြို့၊ ၁၉၉၄ မှာ နယူးရော့ခ်ဘရော့ဝေး ပြဇာတ်ရုံ၊ ၁၉၉၅ မှာ ကနေဒါ နိုင်ငံနှင့် ဂျာမနီ နိုင်ငံ၊ ၁၉၉၆ တွင် သြစတြေးလျနိုင်ငံ၊ ၁၉၉၆ မှ ၁၉၉၈ အတွင်း အမေရိ ကန်ပြည်ထောင်စု ပြည်နယ် အသီးသီး၊ ၂၀၀၁ မှာ ယူနိုက်တက် ကင်းဒမ်းအတွင်း၊ ၂၀၀၈ မှာ West End နှင့် နယ်သာလန် နိုင်ငံ၊ ၂၀၀၉ မှာ ဆွီဒင်နိုင်ငံ၊ ၂၀၁၂ မှာ ဂျပန်နိုင်ငံ စသဖြင့် နှစ်ပေါင်းများစွာ နေရာပေါင်း များစွာမှာ လှည့်လည် ကပြရင်း အောင်ပွဲ ခံနေဆဲ ဖြစ်ပါတယ်။

မင်းသမီးကြီးရဲ့ ဘ၀မှာ အိမ်ထောင် ၃ ဆက်ကျခဲ့တယ်။ ပထမ အိမ်ထောင်မှာ Cabot Wade ဖြစ်ပြီး ၁၉၆၉ မှ ၁၉၇၃ အထိ ပေါင်းသင်းခဲ့တယ်။ James Marlas နှင့် ဒုတိယ အိမ်ထောင်ကို ၁၉၈၄မှ ၁၉၈၇ အထိ ထူထောင်ခဲ့ပါတယ်။ တတိယ ခင်ပွန်းသည် David E.Shaw နှင့် ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ယနေ့တိုင် အိမ်ထောင်ရေး ခိုင်မြဲလျက် ရှိတယ်။ သူမရဲ့ ချစ်သူရည်းစားတစ်ယောက် ဖြစ်ခဲ့ဖူးသူ John Starke နှင့် သမီးဦးလေး တစ်ဦး ထွန်းကားခဲ့ဘူးတယ်။ မင်းသမီး ကြီးက ဒီမိုကရက်တစ်ပါတီကို အထူး နှစ်သက် အားပေးပြီး သူမ ပိုင်ဆိုင်မှု များစွာကိုလည်း ၎င်းပါတီအတွက် ရက်ရက်ရောရော လှူဒါန်းလေ့ ရှိတယ်။ လက်ရှိ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်၊ သမ္မတဘားရက်ခ် အိုဘားမား၊ Vermont ပြည်နယ်မှ မြို့တော်ဝန်ဟောင်း Howard Dean, မြောက်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်မှ လွှတ်တော် အမတ်ဟောင်း John Edward စသူတို့ကို ထောက်ခံ အားပေးခဲ့တယ်။

သူမက ခွေးတိရိစ္ဆာန်များကို အလွန် ချစ်မြတ်နိုးပြီး Fetchdog.com အမည်ဖြင့် Blog တစ်ခု တည်ထောင် ထားပါတယ်။ ကျော်ကြား ထင်ရှားတဲ့ ပုဂ္ဂိုလ် အကျော်အမော်များစွာနှင့် တွေ့ဆုံ ပြီး ၎င်းတို့ပိုင်ဆိုင်တဲ့ ခွေးကလေးတွေ အကြောင်း အင်တာဗျူး မေးထားတာ တွေကို ၎င်းဘလော့ဂ်မှာ ဖော်ပြလေ့ရှိ တယ်။ ဒီနှစ်အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အဖြစ် ဆန်ခါတင်ရွေးချယ်ခံထား ရပေမဲ့ မင်းသမီး Meryl Streep က The Iron Lady ရုပ်ရှင်နဲ့ ဆုဆွတ်ခူး သွားခဲ့တယ်။ ပြင်ပမှာ သူမတို့ နှစ်ယောက်က မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ကြတယ်။ ဂလန်းကလို့စ်က “လူ အတော်များများက ကျွန်မနဲ့ မဲလ် စထရိကို မကြာခဏ အမှတ် မှားကြ တယ်ရှင့်။ ဒါပေမဲ့ အော်စကာ ဆုပေး ပွဲညကျတော့ တစ်ခါမှ မှားယွင်းပြီး ကျွန်မကို ဆုခေါ်ပေးတာ မခံရပေါင်” လို့ ချစ်စနိုး ပြောခဲ့ဖူးတယ်။ သတင်းထောက် Bruno Lester နှင့် တွေ့ဆုံစဉ်က အင်တာဗျူးလေး လုပ်ဖြစ်ခဲ့ကြတယ်။

ဂလန်းရေ၊ မင်းနဲ့ မဲလ်စထရိတို့ တွေ့ကြဆုံကြတဲ့ အခါ ဆုတွေ အကြောင်း ပြောလေ့ပြောထ ရှိသလား။

ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ကျွန်မတို့ဆုံရင် ကျွန်မတို့ ကလေးတွေ အကြောင်းပဲ ပြောကြတယ်။

မင်းရဲ့ နောက်ဆုံးရုပ်ရှင် Albert Nobbs အတွက် မင်းဇာတ်ညွှန်းလည်း ပူးတွဲ ရေးခဲ့သလို၊ ပူးတွဲ ထုတ်လုပ်သူလည်း လုပ်ခဲ့တယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ ဘယ်လောက်တောင် စွဲလမ်းမက်မောမှု ရှိခဲ့လို့လဲ။


ဟောဒီ့ လောကကြီးထဲမှာ လူအချင်းချင်းပေမဲ့ မျက်စိရှေ့က ပျောက်ကွယ်နေတဲ့ လူတွေ၊ လူ့အခွင့်အရေး မခံစားရတဲ့ လူတွေ အများကြီး ရှိပါတယ်။ ဒီဇာတ်လမ်းက နိုင်ငံသား တစ်ယောက်ရဲ့ အသက်ဆက်လက် ရှင်သန်နိုင်ရေး အကြောင်းပါ။ စွဲမက်စရာ၊ ရယ်မောစရာ၊ ကြေကွဲဖွယ်ရာ၊ ပြီးတော့ မမျှော်လင့်ထားတဲ့ ရက်ရက်စက်စက် တိမ်းစောင်းမှု အစရှိတဲ့ ခံစားချက်တွေ လူတိုင်းဆီကို ပေးလိုက်နိုင်မယ့် အလားအလာ ရှိတယ်လို့ ယုံကြည်မိလို့ပါ။ အဲဒီလို လုပ်ပြနိုင်ခဲ့တဲ့ အတွက်လည်း ကျွန်မ ဂုဏ်ယူမိပါတယ်။

မင်းက စိတ်ဓာတ် ပြင်းထန်ကြမ်းတမ်းတဲ့ ဆိုးယုတ်တဲ့ ကာရိုက်တာတွေနဲ့ လူသိ ပိုများ ထင်ရှားတဲ့သူနော်။

ဟင် ကျွန်မက အဲသလို ကာရိုက်တာ အဖြစ် Cruella De Vil ပဲ လုပ်ခဲ့ဖူးတာပါ ရှင်။ ဒါပေမဲ့လည်း အဲဒါက ကလေးတွေအကြိုက် ရယ်စရာ၊ ဟာသဇာတ်ရုပ် တစ်ခုတောင် ဖြစ်သွားခဲ့တာပဲ။ ဇာတ်လမ်းအရ အဲဒီ့ မိန်းမကြီး ဆိုးပြလေ၊ ရုပ်ရှင်ကြည့် ပရိသတ်က ပိုရယ်ရလေ ဖြစ်နေခဲ့တာကိုး။

၁၉၈၇ ခုနှစ်က ရိုက်ခဲ့တဲ့ Fatal Attraction ရုပ်ရှင်ထဲက အမြဲတမ်း အလစ် ချောင်းမြောင်း နေတတ်တဲ့ Alex Forrest လို မိန်းမတစ်ယောက် အဖြစ် သရုပ်ဆောင်ပြီး တဲ့နောက် ဘယ်လိုတုံ့ပြန်မှုတွေ ရရှိခဲ့သလဲ။

ယောက်ျား တချို့နဲ့ တွေ့တဲ့အခါ ကျွန်မ နားလာပြီး “အဲဒီ့ ရုပ်ရှင်ထဲက မိန်းမက အရမ်း ကြောက်မိတယ်”တဲ့။ တချို့တလေကတော့လည်း “ငါတို့အိမ်ထောင်ရေး သက် တမ်းရှည်အောင် မင်း ကယ်တင်ခဲ့တာ”လို့ ပြောကြပါတယ်။ (၎င်းရုပ်ရှင်မှာ မင်းသား ကြီး Michael Douglas က အိမ်မှာ ဇနီးသည်နှင့် သမီးလေး မရှိခိုက် အခြားတစ်ပါး သော မိန်းမနှင့် တစ်ကြိမ် ဖောက်ပြန်ခဲ့တယ်။ ဒါပေမဲ့ အဲဒီမိန်းမက ရပ်တန့်ခြင်း မရှိတော့ဘဲ တစ်ချိန်လုံး အဲဒီအမျိုးသားကို အလစ်ချောင်းမြောင်းနေတော့သည်။ သူမဘက်က စွဲလမ်းမိသွားတာကြောင့် အရှက်ကော၊ အသက်ပါ ဘာကိုမျှ မမှု တော့တဲ့အထိ နှောင့်ယှက်ခြင်း ဖြစ်ပါ တယ်)

အဲဒီ့ ရုပ်ရှင်က မင်းရဲ့ အနုပညာ အသက်မွေး ၀မ်းကျောင်းကို ဘာကြောင့် တစ်ဆစ် ချိုးသွားစေခဲ့တာလဲ။

အဲဒါကို မရိုက်ခင်က ထုတ်လုပ်သူတွေက ကျွန်မကို စိတ်လှုပ်ရှား တက်ကြွလာအောင် လုပ်ပြနိုင် တယ်လို့ မထင်မြင်ကြဘူးရှင့်။ ဒီရုပ်ရှင်က ကျွန်မ ဒါမျိုးလည်းလုပ်တတ်တယ်လို့ ပြလိုက် နိုင်တယ်လေ။

ရုပ်သံမှာ ပြနေတဲ့ Damages စီးရီးယာ နှစ်စဉ် ဆုတွေလည်း ဆွတ်ခူး နေပါတယ်။ ဒီလိုစီးရီးမျိုးမှာ ပါဝင် သရုပ်ဆောင်ဖို့ ဘယ်အရာကများ စည်းရုံး သွေးဆောင်ခဲ့ပါလိမ့်။

ပထမဆုံး စီးရီးထဲမှာ ကျွန်မရဲ့ ကာရိုက်တာ(အကြင်နာကင်းမဲ့၊ ရက်စက် တဲ့) ရှေ့နေမ Patty Hewes က သူ့ရဲ့ တပည့်မကို ပြောတယ်။ “ဘယ်တော့မှ သားသမီး မယူလေနဲ့။ ဒီကလေးတွေက မင်းရဲ့ တိုးတက်ကြီး ပွားလိုစိတ်၊ ရည် မှန်းချက်တွေကို ရိုက်ချိုး ဖျက်စီးပစ်မယ့် ဟာလေးတွေ။ သူတို့တွေက အချိန်တိုင်း လိုလို မင်းတစ်ကိုယ်လုံးကို လိုချင်နေ ကြတာ၊ အလိုရှိနေကြတာ”လို့လေ။

အဲဒီ့ ဇာတ်ဝင်စာသားလေးကြောင့် ကျွန်မ ဒီစီးရီးကို ရိုက်ဖို့ လက်ခံလိုက် မိတာပါ။ ကျွန်မရဲ့ သမီးက လည်း အဲဒီ့ စကားမျိုး အတိအကျ ပြောခဲ့ဖူးပါတယ်။ အမေ့ကို အချိန်နဲ့အမျှ သမီး တစ်ယောက်တည်း အတွက် လိုချင်တယ်ဆိုတဲ့ စကားက ကျွန်မကို အသေ နှံတော့တာပဲ။ မိခင် တစ်ယောက်တည်းက ရုန်းကန် ဦးဆောင်ရ တဲ့ မိခင်တိုင်းလိုလို သူတို့ရဲ့ သားသမီးတွေ၊ သူတို့အတွက် အချိန် ပြည့် အချိန်ပေးစေချင်တာကို သိနားလည် ကြပါတယ်။ ဒါပေမဲ့ မိခင် တွေက အဲလို မပေးနိုင်ကြဘူးလေ။ အဲဒီ့လိုမိခင်တွေအတွက် ကျွန်မက အကာအကွယ်ပေးချင်ပါတယ်။

မင်းကလည်း အောင်မြင်လာတဲ့ အချိန် သမီးလေး Annie ကို မိခင် တစ်ဦးတည်း ဦးဆောင်ရတဲ့ မိသားစု အဖြစ် ပြုစု ပျိုးထောင်ခဲ့ရတာ ပင်ပန်း ခဲ့သလား။

ကျွန်မ Fatal Attraction ရိုက်နေရင်း သမီးလေး ကိုယ်ဝန် ရလာခဲ့တာ။ တစ်ဆက်တည်းမှာ Dangerous Liaisons ရိုက်ခဲ့တာပေါ့။ သမီးလေး မွေးပြီး ၇ ပတ်မှာ ကျွန်မ ရိုက်ကွင်းထဲ ပြန်ရောက် နေခဲ့ပြီ။ ကျွန်မ သမီးကို ကိုယ်တိုင် မပြုစုနိုင်တဲ့ အချိန်မှာ ကံကောင်းလှစွာပဲ အင်္ဂလိပ် အမျိုးသမီး နာနီ တစ်ယောက် ရှာတွေ့ခဲ့တယ်။ နာနီက သမီးအပေါ် တကယ်ကောင်းကောင်း ပြုစုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ တကယ့်ကို ခြေကုန် လက်ပန်းကျတဲ့ အထိ စိတ်ထိခိုက် ခံစားခဲ့ရတယ်။

ကျွန်မ သမီးကို ကျွန်မ မဟုတ်တဲ့ တခြားသော တစ်စုံတစ်ယောက်က ချော့ မြူပွေ့သိပ်နေပါလား ဆိုတာကြီးက ကျွန်မ တော်တော် ရင်နာမိခဲ့တာပါ။ သမီးကို ပြည့်စုံအောင် ထားပေးပြီး သူလည်း အရွယ်လေး ရောက်လာမှ ကျွန်မ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့မိပါ တယ်လေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဖြစ်စေခဲ့ရ တာမျိုးပါ။

လုပ်ငန်းခွင်နဲ့ မိသားစုတွေကြား ဒါမှမဟုတ် အိမ်ထောင်ရေး အဲဒီကြားထဲမှာ မတိမ်းမစောင်း ရအောင် ကြိုးစားရတာ တကယ့်ကို ခက်ခဲမှာပါပဲနော်။


ကျွန်မကတော့ တာဝန်ကျေတဲ့ မိခင်တစ်ယောက် အဖြစ်ရော၊ လုပ်ငန်းခွင်ကို အားအင် အပြည့်နဲ့ ၀င်နိုင်သူ အဖြစ်ရော၊ တစ်စုံတစ်ယောက်နဲ့ ရင်းနှီး ပတ်သက်မှု တစ်ခုကိုရော တစ်ပြိုင်နက်တည်း လုပ်ပြနိုင်သူ တစ်ယောက် မဟုတ်ဘူးလို့ ခံစားမိပါတယ်။ ဒါပေမဲ့ ဘ၀တစ် လျှောက်လုံးမှာ အရမ်း အလုပ်ကြိုးစား လုပ်ကိုင် လာသူတစ်ယောက်အတွက် တစ်ချိန်ချိန်မှာတော့ ကိုယ်ဖြစ်စေချင်တဲ့ ဘ၀မျိုး ဆောက်တည် လာနိုင်ပါလိမ့်မယ်။

၂၀၀၆ ခုနှစ်တုန်းက စီးပွားရေး လုပ်ငန်းရှင် ဒေးဗစ်ရှောနဲ့ တတိယ အကြိမ် အိမ်ထောင်ထူထောင် ဖြစ်ခဲ့ပြီ။ မင်းအလုပ်တွေ လျှော့လုပ်ဖို့ ကြိုးစားနေပြီလား။


ကျွန်မဘ၀မှာ နှစ်ပေါင်း ၃၀ လောက် အလုပ်ကိုပဲ ဇောက်ချလုပ်လာ ခဲ့မိပါတယ်။ ဇာတ်ညွှန်း တစ်ခုကို ဖတ်လိုက်ရပြီး ကိုယ်ကလည်း ကြိုက်နေပြီဆိုရင် ငြင်းလိုက်ဖို့ သိပ်ခက်ခဲပါတယ်။ ကျွန်မ လက်ထပ်ပြီး ၂ နှစ်လောက် နားခဲ့သေးတယ်။ ဒေးဗစ်ရယ်၊ သမီးရယ်အတွက် အချိန်ပေးနိုင်အောင်ဆိုပြီး တော့ပေါ့။

မင်းမျှော်လင့် တောင့်တခဲ့တဲ့ ကျေနပ်နှစ်သိမ့်စရာတွေ ဒီအိမ်ထောင်  ရေးက ရခဲ့ရဲ့လား။

တကယ့် ဘ၀အစစ်တွေမှာ ဒီကိစ္စဟာ အဲသလောက်ရိုးရိုးလေး ဘယ်တုန်း ကမှ မဖြစ်ခဲ့ပါဘူး။ ကျွန်မကိုက အခြေတကျ မရှိသေးတဲ့ ၀ိညာဉ်လိပ်ပြာ တစ်ဦး လေ။ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ မပြီးပြတ်နိုင်သေးတဲ့ လူတစ်ယောက် ဆိုပါတော့။ ကျွန်မဖြင့် အဲသလို မပြီးမပြတ်၊ မရှင်းမလင်းနဲ့ပဲ အမြဲတမ်း ဖြစ်နေ တော့မယ် ထင်ပါရဲ့။

ရီတာအောင်၊NY၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)