ပရိသတ်ကြိုက်တဲ့ သီချင်းများနဲ့ ဟစ်ဟော့ဂီတည PDF Print E-mail
Written by ခင်လေးမြင့်   
Wednesday, 06 June 2012 12:04
Share |

Silk & Shine ရဲ့ ၇ နှစ်ပြည့် အမှတ်တရ ဟစ်ဟော့ ဖျော်ဖြေပွဲကို ၂၀၁၂ မေလ ၅ ရက်၊ (ကဆုန်လပြည့်နေ့) ညနေ ၅ နာရီခွဲက ရန်ကုန်မြို့၊ မြရိပ်ညို ဟိုတယ်ဝင်းရှိ မြက်ခင်းပြင်မှာ ပြုလုပ်ခဲ့ပါတယ်။

argaiv1090

Silk & Shine ကို Mega က တင်သွင်းဖြန့်ဖြူး ရောင်းချတာ ဖြစ်ပါတယ်။ Silk & Shine အမှတ်တံဆိပ် ဆံပင်အတွက် အသုံးပြုတဲ့ ပစ္စည်း သုံးစွဲသူများကို အရင်နှစ်တွေမှာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ အဖြစ် ကံစမ်းမဲများ ဖွင့်လှစ် ပေးခဲ့ပေမဲ့ ဒီနှစ်မှာတော့ သုံးစွဲ သူများ ပိုမို ပျော်ရွှင်စေဖို့ ဖျော်ဖြေပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာ ဟစ်ဟော့ အဆိုရှင် လူငယ်များစွာ ပါဝင်သလို ပေါ့ပ်အချစ် သီချင်း ချိုချိုလေးတွေ ဆိုတဲ့ အဆိုရှင် အချို့လည်း ပါဝင်ပါတယ်။ ဖျော်ဖြေပွဲရဲ့ပုံရိပ်များကို သားညီက  ဒါရိုက်တာ အဖြစ် တာဝန်ယူ ရိုက်ကူး ပေးထားတာပါ။ အခွေ အနေနဲ့ ထွက်ဖို့ စီစဉ် ထားတာကြောင့် ဖျော်ဖြေပွဲမှာ သီချင်း အသစ် အချို့ကို ထည့်သွင်း ဖျော်ဖြေ ပေးခဲ့ကြပါတယ်။ သီချင်း တော်တော်များများကို ယုန်လေးက ရေးပေး ထားတာပါ။ သုန်သုန်၊ မေသျှင် ၀န်း၊ ဆိုင်းနော်၊ ဂျက်ဆန်ထွန်းတို့ အတွက် သီချင်းတွေ ရေးပေးသလို လွှမ်းပိုင်နဲ့ ဆူဇီ တို့ အတွက်လည်း ယုန်လေးက ရေးပေးထားတာပါ။

“ဆိုင်းနော်ဆိုရင် ကချင်တွေ တော်တော်သိတယ်။ အသံ အရမ်းကောင်းတယ်။ ဂျက်ဆန်ထွန်းဆိုရင် ဘုရားကျောင်းမှာ Notes တွေ ဘာတွေပြတာ။ အသံအရမ်း ကောင်းတယ်။ မေသျှင်ဝန်းက ကလေးဆိုပေမဲ့ ဆိုတတ်တယ်။ သူတို့အတွက် ရေးပေးပြီး ကိုယ့်သီချင်းတွေက မိုက်နေတယ်။ အသစ်ဆိုပေမဲ့ ဆိုနိုင်တော့ ပိုအားရတာနဲ့ ရေးပေးဖြစ်တာပါ”လို့ သီချင်းတွေ ရေးဖြစ်တဲ့ အကြောင်း ယုန်လေးက ပြော ပြပါတယ်။ ဖျော်ဖြေပွဲမှာ ပရိသတ် မသိသေးတဲ့ သီချင်းသစ်တွေ ပါရင် ပရိသတ် ပျင်းတတ်ကြပေမဲ့ ဖျော်ဖြေ တဲ့ သီချင်းသစ်တွေက မြူးတာကြောင့် ပရိသတ်တွေ မပျင်းခဲ့ကြပါဘူး။

Silk & Shine ၇ နှစ် ပြည့် ဖျော်ဖြေပွဲမှာ ပါဝင် သီဆိုကြတဲ့ အဆိုရှင်များက ပရိသတ် နှစ်သက်တဲ့ မြူးတဲ့ သီချင်းတွေကို ဖျော်ဖြေကြ ပါတယ်။ မေလ ၆ ရက် မွေး နေ့ရှင် ဆိုတေးက မီးအိမ်ရှင်၊ ဟုတ်ရဲ့လား ဟုတ်လို့လား စတဲ့ သီချင်းတွေနဲ့ ဖျော်ဖြေ ပေးခဲ့သလို သူ့ရဲ့မွေးနေ့ အတွက် Birthday Wish ကို လည်း ပရိသတ်ဆီက ကြို တင် ယူသွားခဲ့တာပါ။ မေလ ၂၀ ရက်နေ့မှာ ထွက်တဲ့ မီးအိမ်ရှင် ဗီစီဒီကိုလည်း ကြော်ငြာထိုးသွားခဲ့ပါသေး တယ်။ ဆူဇီနဲ့ Bobby Soxer တို့က ယုန်လေးရေးတဲ့ နာ ကြည်းချက်ရလဒ် သီချင်းကို သီဆိုခဲ့ပါသေးတယ်။ ဒီ သီချင်းက ကောင်လေးကို လက်မခံနိုင်တော့တဲ့အတွက် လုံးဝမလာနဲ့တော့ဆိုတာကို ရေးထားတာပါ။ ဆူဇီဆိုမယ့် စာသားတွေကို ယုန်လေးက ရေးပေးထားပြီး Bobby Soxer ကတော့ ကိုယ်တိုင် ရေးဆိုထားတာဖြစ်ပါတယ်။ ရက်ပ်စာသားတွေကို ရေး သားတဲ့ Bobby Soxer က “မဆူဇီက နာမည်ရှိပြီးသား ပရိသတ် အသိအမှတ်ပြုပြီးသား အဆိုတော်တစ်ယောက်ပါ။ မဆူဇီက Featuring ဆိုပေးပါ ဆိုလို့ ဆိုပေးတယ်။

ထက်ထက် အရင်ဆိုထားတဲ့ သီချင်းပုံစံတွေနဲ့လည်း မတူ ဘူး။ ရေးရတာ သဘောကျ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သီချင်းက နည်းနည်းကြမ်း တယ်။ အရင်က ကြမ်းမယ့် သီချင်းလို့ မထင်ထားဘူး။ အဲဒီတော့ စာသားပိုင်းကို ဦးစားပေးပြီးရေးထားတယ်” လို့ နာကြည်းချက်ရလဒ် သီချင်းနဲ့ ပတ်သက်ပြီး ပြော ပြပါတယ်။ နာကြည်းချက် ရလဒ် သီချင်းက Bobby Sixer စိတ်ကြိုက်ဖြစ်တဲ့ သီချင်းဖြစ်တာကြောင့် ရက်ပ် စာသားရေးတာဖြစ်ပါတယ်။ လွှမ်းပိုင်က ယုန်လေး ရေး ထားတဲ့ သီချင်းသစ်တစ်ပုဒ် ကို ဒီပွဲမှာ ဖျော်ဖြေပေးခဲ့ တာပါ။ အတွဲစီးရီးတွေမှာ ပါဝင်သီဆိုဖို့ စဉ်းစားမယ်လို့ လွှမ်းပိုင်က ပြောထားဖူးပေ မဲ့ ဒီစီးရီးမှာ ပါဝင်သီဆို ဖြစ်တာက ယုန်လေးကို အားနာလို့ ဆိုဖြစ်တာလို့ သိရပါတယ်။

လူငယ် ပရိသတ်တွေ များစွာ နှစ်သက် အားပေးတဲ့ Snare, စန္ဒီမြင့်လွင်တို့က ရှော့ခ်သီချင်းကို သီဆိုပေး ခဲ့သလို လွှမ်းပိုင်နဲ့ Bobby Soxer တို့က ခုန်လိုက် ခုန် လိုက် သီချင်းကို သီဆိုခဲ့ တာပါ။ Snare အဖွဲ့ကတော့ ပရိသတ်တွေ ခုန်ပေါက်မြူး နိုင်တဲ့ ၃၉ ဗိုက်ပူ၊ ဒိန်းဂျား၊ အမုန်းမြို့သူ တွေကို ဆိုခဲ့တာ ကြောင့် ပရိသတ်တွေ အားရ ကျေနပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့က ဟစ်ဟော့ ပရိသတ်တွေနဲ့ မဆုံဖြစ်တာ ကြာပြီလို့ ဆိုတဲ့ G-Tone က လည်း Big Boy နဲ့တွဲပြီး ဖျော်ဖြေခဲ့ပါသေးတယ်။ ကခုန်မြူးထူးတဲ့ အရှိန်နဲ့ ခိုက်ရန် ဖြစ်ပွားမလိုတွေ ဖြစ်ခဲ့ကြပေမဲ့ အဆိုရှင် လူငယ်တွေရဲ့ ထိန်းနိုင်မှု ကြောင့် ဆိုးဆိုးရွားရွားတွေ မဖြစ်ခဲ့ပါဘူး။

Silk & Shine ကို လူငယ်တွေ အသုံးပြုတာ များတဲ့အတွက် ဟစ်ဟော့ ဖျော်ဖြေပွဲ ပြုလုပ်တာ ဖြစ်ပြီး ဒီလိုဖျော်ဖြေပွဲမျိုး မန္တလေးမှာ ထပ်မံပြုလုပ်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ မေလ ၅ ရက် ညက မိုးဖွဲ လေးတွေ ကျရောက်ပေမဲ့ ဟစ်ဟော့ ဂီတကို ချစ်တဲ့ ပရိသတ်များက ပွဲပြီးတဲ့ အထိ အားပေးကြပါတယ်။ ဒါက ပရိသတ်တွေ ကြိုက်တဲ့ ဟစ်ဟော့ သီချင်းတွေကို ဖျော် ဖြေပေးကြတာကြောင့်ပါ။ Silk & Shine ရဲ့ ၇ နှစ်ပြည့် အမှတ်တရပွဲက ပရိသတ် ကြိုက် ဟစ်ဟော့ သီချင်းများ နဲ့ ပျော်စရာ ဂီတညချမ်းလေး ဖြစ်ခဲ့တယ်လို့ ဆိုပါရစေ။

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author:
Last Updated on Wednesday, 06 June 2012 13:27