ဖန်တီးသူတို့၏ နေရာ PDF Print E-mail
Written by ချောအိမာန် ( မန္တလေး)   
Tuesday, 05 June 2012 13:08
Share |

သဘာဝ တရားကြီးက လူတို့ အတွက်(သို့မဟုတ်) တိရစ္ဆာန်တို့ အတွက် သက်ရှိတို့ရဲ့ နေရာ၊ သက်မဲ့တို့ရဲ့ နေရာစသဖြင့် ဖန်တီး ပေးခဲ့ပါတယ်။

canadian pharmacycialis generic india buy viagra 10mg order cialis
argaiv1931

အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်မှာကို နေရာ တစ်ခုဟာ အရေးကြီးဆုံး အချက်တစ်ခု အနေနှင့် ပါဝင် ထားပါတယ်။ ဒါကြောင့် နေရာလေး တစ်ခုရဖို့ လူသားဖြစ်စေ၊ တိရစ္ဆာန်တွေပဲ ဖြစ်စေ ကြိုးစားရစမြဲ ဖြစ်ပါတယ်။ နေရာတစ်ခု ရပြီးပေမဲ့လည်း မိမိနေရာ အတွက် စိတ်ချ ယုံကြည်အောင် ကြိုးစား ရပြန်တယ်။ နေရာ တစ်ခုဟာ ကိုယ့်နောက် မပါသွားမှာ မှန်ပေမဲ့လည်း ဘယ်နေရာမှာပဲ ဖြစ်ဖြစ် နေရာ တစ်ကွက်စာလေး ရဖို့ ကြိုးပမ်း အားထုတ် ရမှာပဲ ဖြစ်ပါတယ်။

ဒီအထဲမှာ အနုပညာနဲ့ ကိုယ်တိုင်ဖန်တီး အားထုတ်သူတို့ အတွက် ပရိသတ် ပေးမယ့် နေရာဟာ ပိုပြီးခက်ခဲ တန်ဖိုးကြီးပါတယ်။ လွယ်လွယ် ကူကူနဲ့တော့ ဘယ်လိုမှ ရခဲ့မှာ မဟုတ်ပါဘူး။ ထို့အတူ ကိုယ့်လက် ကိုယ့်ဦးနှောက်နဲ့ ကိုယ်တိုင် ဖန်တီးရတဲ့ စာပေနယ်မှာလည်း စာမျက်နှာပြင်ပေါ် ကိုယ်ရေးတဲ့ စာတစ်ပုဒ် ရောက်ဖို့ အင်မတန် ခက်ခဲ လွန်းပါတယ်။

ငွေကြေး ပြည့်စုံရင်တော့ မဂ္ဂဇင်းစာမျက်နှာပြင်ပေါ် တစ်ခါမှ ဖြတ်သန်းမှု မရှိလည်း လုံးချင်း ထုတ်လို့ရပါတယ်။ ပရိသတ်က ဒုန်းခနဲ အသစ်စက်စက် စာအုပ် တစ်အုပ်ကို လက်ခံဖို့ ရာခိုင်နှုန်း နည်းပါး ပါလိမ့်မယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ၀တ္ထုတို၊ ၀တ္ထုရှည်၊ အခန်းဆက်ဝတ္ထုရှည် အဆင့်ဆင့်ကို ဖြတ်သန်းပြီး ပရိသတ် ရချိန်မှာ လုံးချင်း အနေနဲ့ ရေးပြီးထုတ်ရင် ပရိသတ် ပိုသိပြီး လက်ခံမှုများ ပါလိမ့်မယ်။ လုံးချင်းကောင်းတွေကို ရေးသားခဲ့ကြတဲ့ စာရေးဆရာ၊ ဆရာမကြီးတွေဟာ သူတို့ အသက်ရဲ့ သုံးပုံ တစ်ပုံလောက်ပဲ အုပ်ရေ ရှိခဲ့ပေမဲ့ ခေတ်တိုင်း ခေတ်တိုင်းတွင် ကျန်ရစ်စေခဲ့တဲ့ ဂန္ထ၀င် ၀တ္ထုရှည်လုံးချင်းတွေ ဖြစ်ပြီး စံပြုထားစရာ လုံးချင်း ၀တ္ထုများပင် ဖြစ်ပါတယ်။

ဈေးကွက်မှာ မအောင်မြင်ပေမဲ့ အနုပညာ အရ စံအရ တွင်ကျန်ရစ်စေမယ့် စာအုပ်များလည်း ရှိခဲ့ပါတယ်။ ရုပ်ပုံများများပါ စာရွက်ချောချော ကြော်ငြာအား ကောင်းကောင်းနဲ့ စာအုပ်တွေမှာ ဖက်ရှင်၊ ဆံပင်၊ မိတ်ကပ် ချစ်သူတို့ အတွက် အဆင်ပြေပေမဲ့ စာချစ်သူတို့ အတွက် အဆင် မပြေလှပါဘူး။ မြေစမ်းခရမ်းပျိုး စာရေးချင်သူများ အတွက် နေရာလမ်းဖွင့် ပေးနေတဲ့ စာအုပ်တွေကို ရှာဖွေ ရပါတယ်။ ကိုယ်ရေးတဲ့ လက်နဲ့ ကိုက်ညီမယ့် မဂ္ဂဇင်းကို ရွေးချယ်တတ်ဖို့ လိုသလို မဂ္ဂဇင်းတွေကို ဖတ်ရင်းလည်း သိလာ နိုင်ပါတယ်။

ဝတ္ထုတိုရေးတဲ့ ကလောင်သစ်တွေ အားနဲ့အင်နဲ့ ပေါ်လာစေချင်တဲ့ ဆန္ဒနဲ့ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ရွှေအသစ် ကဏ္ဍဟာ အသစ်ကလေးတွေ အတွက် အတော့်ကို နေရာကျယ်ဝန်း လှပါတယ်။ စာမျက်နှာပြင်ပေါ် ပါခွင့်ရဖို့ အတွက် မှတ်ကျောက် တင်ခံနိုင်ဖို့ လိုသလို၊ ဇွဲရှိဖို့၊ အမှန်တကယ် စာပေအပေါ် ရူးသွပ်စွာ ခုံမင်ဖို့လည်း လိုအပ်ပါတယ်။ ဆုပေးပွဲတွေမှာ ပေးခဲ့တဲ့ မျိုးဆက်သစ် စာပေဆုဟာ အခြား ဆုများထက် ထူးကဲ လှပတယ်။ အသစ်တစ်ယောက် အနေနဲ့ အများထက် ထူးခြားနိုင်မှသာ စင်ပေါ်မှာ ကလောင်ဆုကို ထိုက်တန်စွာ ပိုက်ခွင့်ရမှာပါ။ မျိုးဆက်သစ်ဆု ရပြီးရင် သူဟာ မျိုးဆက်သစ် အနေနဲ့ ရပ်တန့် မနေသင့်တော့ဘဲ မျိုးဆက်သစ်ဟောင်းတွေထဲ တိုးဝင်ပြီး အခြားမဂ္ဂဇင်းတွေမှာ လည်း ဖြန့်ကြက် ရေးသား ရတော့မှာ ဖြစ်ပါတယ်။ စာဖတ် ပရိသတ်ထဲ ၀င်ရောက်အောင် ကိုယ်တိုင် ဆက်ကြိုးစားရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး မျိုးဆက်သစ် ဆုကို  ငွေဇင်ယော်ဦး(မိုးကုတ်)က အသံ မမြည်သော ခေါင်းလောင်း ၀တ္ထုနဲ့ ဆုရရှိ ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြား မဂ္ဂဇင်းတွေ ပေါ်မှာလည်း ရေးအား ကောင်းကောင်းနဲ့  ရေးလာတာကို တွေ့ရပါတယ်။ မင်းဝေဟင်၊ အဖြူရောင်(ရွှေ)၊ ညီမင်းညိုတို့ ဟာလည်း ပရိသတ် အကြိုက်ဆုံး ဆုရပြီး ရပ်တန့် မနေဘဲ ဆက်ရေးသား နေခဲ့တာကြောင့် စာမျက်နှာပြင်ပေါ် နေရာ ရလာတဲ့ အပြင် မင်းဝေဟင်က အခွံ ကလေးတွေ ၀တ္ထုတိုနဲ့ မနှစ်က ရွှေဝတ္ထုတိုဆု ရရှိခဲ့ပါတယ်။

ဒီလိုပဲ နောက်ထပ် ဆုရထားသူတွေ အများကြီး ရှိပါတယ်။ ကျော်မောင်မောင်ဟန်၊ သာကြည်ဆွေ၊ ဇူးဇူးမွန်၊ ငွေကြယ် စင်တို့ကို ရေးအား ကောင်းစေချင်သလို ၀တ္ထုတိုလက် ရှိကြတဲ့ ကေ(တောင်တန်း ပြာ)၊ ကေသရီ(ဆေးတက္ကသိုလ်)၊ ပင်မြင့်စံ(ရွှေဘို)၊ နော်(ကျောက်တိုင်)တို့ ရဲ့ ၀တ္ထုတိုတွေကို အခြား မဂ္ဂဇင်းတွေ မှာလည်း တွေ့ခွင့် ရချင်ပါတယ်။

ပရိသတ် ကြိုက်လွန်းလို့ ပရိသတ် အကြိုက်ဆုံး ရွှေပိုးနဲ့ ဆုရထားတဲ့ မောင်ဟန်ရီ(မန္တလေး)ကိုရယ်ပြီး ငြိမ်မ နေစေချင်ပါဘူး။ ကျွန်တော် နောက်ထပ် ၀တ္ထုတိုတွေ ရေးဖြစ်တော့မှာ မဟုတ် ဘူးလို့ စင်ပေါ်ကနေ အားမရစွာ ကြေညာထားတဲ့ မောင်ဟန်ရီ(မန္တလေး)ဟာ နောက်ထပ် မျှော်လင့်စရာ ၀တ္ထုတိုတွေ ဖန်တီးသင့်ပါတယ်။

အခုနောက်ပိုင်း မျိုးဆက်သစ်ဆု ရ ပြီး အားပြင်းပြင်းနဲ့ ရှေ့ထွက်လာခဲ့ သူက မောင်နှင်းပန်းပဲ ရှိပါတယ်။ မောင်နှင်းပန်းက ၀တ္ထုတို၊ ၀တ္ထုရှည် ရေးလာပါတယ်။ ဝေ(စီးပွားရေး တက္ကသိုလ်)နဲ့ ထွန်း တောက်ထွဋ်(သချာင်္)က နောက်ပိုင်းလူ တွေထဲက ရေးအားကောင်းကောင်းနဲ့ ရေးလာကြလို့ နေရာ ရလာပြီလို့ တောင် ဆိုနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၀တ္ထုတို တစ်ပုဒ်ကို ဖန်တီးသူတွေဟာ စိတ်ဓာတ် မကျဖို့ လိုပါတယ်။ ဆုကြောင့် ရှေ့ အပုဒ်ကို မီပါ့လား ဆိုပြီး စိုးရွံ့သွားစရာ မလိုပါဘူး။ နှစ်တိုင်းမျိုးဆက်သစ်ဆု ပေးပြီး ဆုရရှိ သူတွေ များလာချိန်မှာ ပရိသတ်က ကိုယ့်ကို မှတ်မိဖို့ အားနည်း သွားနိုင်ပါတယ်။ ဒါကြောင့် ဆက် လက်ရေးသားနေဖို့ လိုပါတယ်။

ဖန်တီးသူတို့ အတွက် နေရာကို ခက်ခဲစွာ ရရှိထားပြီး အခြားသူအစား ထိုး နေရာပျောက်သွားမှာကို စိုးရိမ်သင့်ပါတယ်။ စာရေးသူ ဆိုတာ ပရိသတ် နေရာပေးတာပါ။ ကိုယ်တိုင်ရချင် ပါတယ်ဆိုပြီး ၀င်လို့လည်း မရနိုင်ပါ ဘူး။

မျိုးဆက်သစ်ဆုဟာ တစ်နှစ်ထက် တစ်နှစ် ပိုထိုက်တန် လာပါပြီ။ မျိုးဆက်သစ်ဆု ရပြီးရင် ၀တ္ထုတွေ ပိုမိုဖန်တီး နိုင်ဖို့ ရှေ့မျိုးဆက်သစ်တွေကို အတုယူ ဖို့ လိုအပ်ပါတယ်။ မြန်မာစာပေ လောကကြီးအတွက် ရသစာပေဖွံ့ဖြိုး ပြီး ရှင်သန်ဖို့ ကြိုးစားရမှာ မျိုးဆက်သစ် တွေကို အားကိုးကြရတယ်။ သူတို့ကနေ တစ်ဆင့်၊ တစ်ဆင့်ရသ စာပေကို အသက်သွင်းမှ ဖွံ့ဖြိုး ရှင်သန်လာမှာ ဖြစ်ပါတယ်။

ကျွန်မတို့ကို ယခင် မျိုးဆက်သစ် တွေက မျှော်လင့်ခဲ့သလို ကျွန်မတို့ကလည်း နောက်မျိုးဆက်သစ်တွေကို ထပ်မံ မျှော်လင့်ပါတယ်။ အတွေ့အကြုံ အရ စာရေး ၀ါသနာ ပါသူ၊ စာရေးချင်သူ၊ စာရေးဆရာ ဖြစ်ချင်သူ များပေမဲ့ စိတ်အား ထက်သန်မှု နည်းကြပါတယ်။ တော်ရုံ ၀ါသနာပါ ရုံလောက်နဲ့ စာမျက်နှာပြင်ပေါ် မရောက် နိုင်တာမို့ စာရေးချင်သူများဟာ အဓိက စိတ်အားထက်သန် တက်ကြွဖို့ လိုပါ တယ်။ ကိုယ်ဝါသနာပါတာ ကိုယ်ရေး ချင်တာ ဘယ်လိုင်းလဲ ဆိုတာကို ကိုယ် ကိုယ်တိုင်သိဖို့ လိုအပ်လှပါတယ်။ စာရေးခြင်းမှာ အတတ်ပညာ၊ အနုပညာ တွေ ပါဝင်နေတာမို့ အခြားရေးသူများရဲ့ စာတွေကို လေ့လာ ဖတ်မှတ်ဖို့ လိုပါတယ်။

စာရေး ဆရာမ ခင်ခင်ထူးဟာ မအိမ်ကံ ၀တ္ထုရှည် ဇာတ်ကောင်ကို ပိုင်နိုင်အောင် ကိုင်တွယ်နိုင်ခဲ့လို့ အောင်မြင် ခဲ့တဲ့ လုံးချင်း ၀တ္ထုရှည်ကြီး ဖြစ်ခဲ့ပါ တယ်။ မအိမ်ကံ ကို ဆရာမက မြေပုံကားချပ် ရုပ်ပုံများကို စနစ်တကျဆွဲ ဖန် တီးခဲ့ပြီး နှစ်တစ်ရာ ပြက္ခဒိန်နဲ့ မအိမ်ကံကို ဆရာမက စနစ်တကျ မွေးဖွားခဲ့ကြောင်း ပြောပြတယ်။ ဆရာမ ခင်ခင်ထူးက စာရေးဆရာမ မဖြစ်မီကတည်းက ၀တ္ထုပုဒ်ရေ တစ်ရာကျော် ရေးသား ပြီးနေပြီလို့ ပြောပြတော့ ကျွန်မ အံ့သြ ရတယ်။ ခုတင်အောက်က ဂျပ်ဖာထဲမှာ အရင်က ရေးခဲ့တဲ့ ၀တ္ထုတိုတွေကို ပြန် ပြင်ပြီး ထုတ်သုံးနေတာလို့ ဆရာမက ရယ်သွမ်းပြီး ပြောပါတယ်။ အခန်းထဲ က ဘုတ်မှာလည်း ဆက်လက်ရေးသား မယ့် လုံးချင်းစာအုပ် နာမည်တွေ ရေး ထားတာတွေ့တော့ မျက်လုံး ပြူးရပြန်ရော။ ဒါကြောင့်လည်း ဆရာမ ခင်ခင်ထူး ဖြစ်လာတာနေမှာပေါ့လို့ တွေးမိပါတယ်။

အခြား နယ်ပယ်မှာလည်း တော်ပြီး အရည်အချင်း ရှိတဲ့ မျိုးဆက်သစ်တွေကို ဖွံ့ဖြိုးလာဖို့ ကူညီပံ့ပိုး ပေးနေကြသလို စာပေနယ်ပယ်မှာလည်း မျိုးဆက်သစ် တွေအတွက် နေရာ ပေးနေပါတယ်။ စာဖတ်သူတွေရဲ့ အသံတွေမှာ ရွှေအသစ်တွေကို ဘယ်လောက်ထိ အားထားကြတယ် ဆိုတာ သိသာပါတယ်။ စာမျက်နှာပြင်ပေါ်သာ မကဘဲ ခုဆိုရင် အွန်လိုင်း ၀တ္ထုတိုဆုတွေကို ပထမ၊ ဒုတိ ယ၊ တတိယဆု အဖြစ် ရွေးချယ် ပေးနေတာ နှစ်ကြိမ်မြောက် ရှိပါပြီ။ အွန်လိုင်း ၀တ္ထုတိုဆု ရွေးချယ်ရာမှာ ဆုရွေးချယ် ရေးအဖွဲ့များမှာ ဆရာဦးဝင်းငြိမ်း၊ ဆရာ နေ၀င်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာမ နုနုရည်(အင်းဝ)တို့ ပါဝင်ပါတယ်။ စာပေ၊ ၀တ္ထုတိုတွေ ရေးသား လာကြမှု အပေါ် အားရစရာ ကောင်းသလို နယ်ပယ် ကျယ်ဝန်းလာတာနဲ့ အမျှ အခွင့် အရေးတွေ ပိုများလာပါတယ်။ ဒီအခွင့် အရေးကို တန်ဖိုးရှိစွာ အသုံးချနိုင်ရင် အွန်လိုင်းပေါ်က စာများဟာလည်း ခုလို နေရာပေးခြင်း အသိအမှတ်ပြုခြင်း ခံလာရမှာပါ။

လစဉ် Teen မဂ္ဂဇင်းမှာလည်း အွန်လိုင်းပေါ်မှ ကဗျာ၊ ၀တ္ထုတိုကဏ္ဍ တွေကို ရွေးချယ်ပြီး ဖော်ပြပေးလျက် ရှိပါတယ်။ နယ်ပယ်တွေ ကျယ်ဝန်း လာတာနဲ့ အမျှ အွန်လိုင်းဝတ္ထုတို ပြိုင် ပွဲတွေက တစ်ဆင့် စာပေ ၀ါသနာပါသူ များဟာ ယုံကြည်ချက်အပြည့်နဲ့ ခြေလှမ်း စတင်နိုင်ပါပြီ။ စာရေးခြင်းအလုပ် ဟာ အခြား အလုပ်တွေလို မဟုတ်ဘဲ မိမိတစ်ယောက်တည်း စိတ်အေးလက်အေး လုပ်နိုင်တဲ့ အလုပ်တစ်ခုဖြစ်ပါ တယ်။ ကွန်ပျူတာနဲ့ဖြစ်ဖြစ်၊ စာအုပ် နဲ့ ဘောပင်ဖြစ်ဖြစ် အနားရှိရင် ရပါပြီ။

အွန်လိုင်းတွေပေါ်မှာ ကိုယ့်အတွေး အခေါ်၊ ကိုယ့်ယုံကြည်ချက်၊ ကိုယ့် ၀တ္ထုတွေကို စိတ်ကြိုက်ဖန်တီးရာမှာ ကြိုက်သလို ဖန်တီးလို့ရပေမဲ့ အများ သူငါရေးထားတဲ့ စာများကို Copy လုပ်ပြီး အောက်ကနေ ခပ်တည်တည် ကိုယ့်နာမည်တပ်တဲ့ စည်းမရှိတဲ့သူ များကိုလည်း အွန်လိုင်းပေါ်မှာ တွေ့ရ မှာပါ။ Facebook အတုတွေလုပ်ပြီး ခပ်တည်တည်နဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် Facebook အတု လုပ်ခံရ သူရဲ့ အမည်နဲ့ ခပ်တည်တည် စာပြန်ခြင်း၊ ပို့စ်တွေတင်ခြင်းတွေကိုပါ ပြု လုပ်ကြပါတယ်။ ဒါမျိုးလုပ်တဲ့ သူတွေ ဟာ လူတစ်ဦးနဲ့ တစ်ဦးမှာ ရှိသင့် ရှိထိုက်တဲ့ စည်းဆိုတဲ့ နည်းဥပဒေကို နားမလည်သူများ ဖြစ်ပြီး အများသူငါရဲ့ ကိုယ်ပိုင် ဆိုက်ဒ်တစ်ခုကို အတုလုပ်ပြီး ဖန်တီးခြင်းဟာ စည်းကမ်းမဲ့သူများ ဖြစ် ပါတယ်။

ဖန်တီးသူတွေရဲ့ နေရာကျယ်ပြန့် လာတာနဲ့အမျှ ဒီအပေါ်မှာရတဲ့ အခွင့် အရေးကို ဘယ်လိုအသုံးချမလဲဆိုတာ ဖန်တီးသူတို့နဲ့ပဲ သက်ဆိုင်ပါတယ်။ ကြိုးစားဖန်တီးတဲ့သူတိုင်းအတွက် နေရာက ရှိနေပြီးသားမို့ အသစ် အသစ် တွေကို ငွားငွားစွင့်စွင့် ဖူးပွင့်လာစေဖို့ ဆန္ဒပြုရင်း...။

ချောအိမာန်၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)