|
Written by လင်းနိုင်ဦး
|
|
Tuesday, 05 June 2012 12:56 |
ဘဘ စည်သူ ဗိုလ်ကလေး တင့်အောင်ကို ၁၉၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က မွေးဖွား လာခဲ့တာ ဖြစ်လို့ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ဆိုရင် အသက် ၉၀ တင်းတင်း ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
argaiv1232
ဒီအချိန် ဒီအရွယ်ထိ အနုပညာသည် သူ့ဘ၀၊ သူ့ဘ၀သည် အနုပညာလို့ ခံယူပြီး တစိုက်မတ်မတ် ကြိုးစား ခဲ့တာကြောင့် အနုပညာ ၀မ်းစာပြည့်ပြီး သူရေးစပ် သီကုံးခဲ့တဲ့ တေးသီချင်းများ၊ သူ့ရဲ့ပြဇာတ်များ၊ သူ့ရဲ့ရုပ်ရှင်စတဲ့ အနုပညာများဟာ အနှစ်သာရ ပြည့်ဝလှတဲ့ အတွက် နာမည်ကျော်ကြား လူကြိုက် များခဲ့ရပါတယ်။
ဘဘက အသက် ၁၈ နှစ် အရွယ်လောက် ကတည်းက သီချင်းများ စတင် ရေးသားခဲ့ပြီး ၂၂ နှစ်အရွယ်မှာ ဒဂုန်ဆရာတင်ထံမှ ပြဇာတ် ပညာများ သင်ကြားပြီး ပြဇာတ်သီချင်းများ ဖန်တီး ရေးသားကာ တွဲဖက် ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ပြဇာတ်ခေတ် ၀င်းဝင်းက ဇာတ်ရုံမှာ ဘဘ တင်ဆက်ခဲ့တဲ့ ပြဇာတ်ပေါင်း ၅၀ ကျော် ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အထိ ဂီတဆည်းဆာ၊ ဂီတပ ဒေသာ၊ ပြည်ထောင်စု ပဒေသာကပွဲ၊ မြေပဒေသာမှ ပြဇာတ် ပဒေသာ ကပွဲများကို ဦးဆောင် စီစဉ် တင်ဆက်ခဲ့သူ ဖြစ်ပါတယ်။ ဘဘ အသက် ၃၅ နှစ်အရွယ် ရုပ်ရှင် လောကကို ၀င်ရောက်ပြီး ရုပ်ရှင် ဇာတ်ညွှန်း ၂၁ ခု ရေးသားခဲ့သလို ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရုပ်ရှင်ဇာတ်ကား ၁၂ ကားကို ရိုက်ကူး တင်ဆက်နိုင်ခဲ့ပါတယ်။
အသက် ၃၆ နှစ် အရွယ် မှာတော့ စာပေ အနုပညာကို ထပ်မံ ရေးသားခဲ့ပြီး ပြဇာတ် စာအုပ်များ၊ ဆောင်းပါး များစွာကို ရေးသား ဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ အမျိုးသား စာပေဆု၊ စာပဒေသာ ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင်နဲ့ ပြဇာတ် လောကမှာ ဂုဏ်သတင်း သင်းပျံ့လှတဲ့ ဗိုလ်ကလေး တင့်အောင်ကို ရှာမှရှားတဲ့ အနုပညာရှင်လို့ ကမ္ပည်း တင်ရမှာ ဖြစ်ပါတယ်။ ဘဘရဲ့ အနုပညာ လက်ရာများ လူ ကြိုက်များပြီး ကျော်ကြားလှ တာကြောင့် ရေးစပ် သီကုံးခဲ့တဲ့ သီချင်းများ၊ ပြဇာတ်များ၊ အနုပညာ လက်ရာများကို ဂုဏ်မပြုဘဲ မနေနိုင်လောက်အောင်ရှိတဲ့အတွက် စွယ်စုံ အနုပညာရှင်ကြီး ဂန္ထ၀င် စာဆိုရှင် ဘဘဗိုလ်ကလေး တင့်အောင်ကို ယခုနှစ်မှာ စည်သူဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့ ပါတယ်။ ဘဘဟာ အမျိုး သားစာပေဆု၊ လူမှုထူးချွန် ဆု၊ ၀ိဇ္ဇာ ထူးချွန်ဆု စတဲ့ ဆု များလည်း ချီးမြှင့်ခြင်း ခံခဲ့ရ သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆရာ မြို့မငြိမ်း အလင်္ကာကျော်စွာ ရွှေပြည်အေး၊ ရွှေတိုင်ညွန့်တို့ ရဲ့ နှစ် ၁၀၀ ပြည့်များကို ကျင်းပနိုင်ခဲ့ကြပေမဲ့ အဲဒီ အနုပညာရှင်ကြီးများကတော့ သက်ရှိထင်ရှားမရှိကြတော့ ပါဘူး။ ဒါကြောင့် ဘဘရဲ့ အနုပညာ ဂုဏ်များကို တန်ဖိုး ထားလေးစားကြတဲ့ တော်ဝင် မိသားစု ဥက္ကဋ္ဌ ဦးကိုကိုထွေး နဲ့ အလင်္ကာဝတ်ရည် အနုပညာ လုပ်ငန်းစု ဦးဆောင်သူ အလင်္ကာဝတ်ရည်မောင်မောင် အေးတို့က သက်ရှိထင်ရှား ရှိနေသေးတဲ့ ဘဘဗိုလ် ကလေးတင့်အောင်ကို ဂုဏ်ပြုပေးလိုတဲ့ စိတ်များနဲ့ ဘဘရဲ့ လက်ရာ အနုပညာများထဲမှ တချို့ကို တစ်ဖန် ဆန်းသစ်ပြီး ၉၀ ပြည့် အထိမ်းအမှတ် အဖြစ် အမျိုးသား ဇာတ်ရုံမှာ မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၉၀ ပြည့်တဲ့ စည်သူဗိုလ်ကလေးတင့်အောင် ကို ဂုဏ်ပြုတဲ့ပွဲမှာ ပထမဦး စွာ သန်းမြတ်စိုး၊ လှမြင့်ဝင်း၊ တက္ကသိုလ် လဲ့လဲ့၊ နှင်းရည် သန့်တို့က ဂီတ၀င်္ကပါ သီချင်းနဲ့ စတင်ဖျော်ဖြေပေး ခဲ့ပါတယ်။ တော်ဝင် မိသားစု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး ရေးသားပူဇော်တဲ့ အနုပညာ မြတ်နိုးသူကြီး သီချင်းကို တေးသံရှင် ရီရီသန့်က ဂုဏ်ပြု သီဆိုပေးတဲ့ အခါ ဘဘ ဗိုလ်ကလေး တင့်အောင်ကလည်း စင်မြင့်ပေါ်တက် ရောက်နေရာယူပြီး အားလုံးရဲ့ ပူဇော်တဲ့အစီအစဉ်ကို ကျင်းပ ပေးခဲ့ပါတယ်။

ဂုဏ်ပြု တင်ဆက်ပေး ခဲ့တဲ့ သီချင်းများ၊ တေးသရုပ် ဖော်များ၊ ပြဇာတ်များ အား လုံးဟာ ဗိုလ်ကလေးတင့် အောင် ဖန်တီးခဲ့တဲ့ အနုပညာ လက်ရာများဖြစ်ပြီး ဘဘရဲ့ လက်ရာများကို ဒီည ဖော် ထုတ်တင်ဆက်ရာမှာ ဂီတ အခြေခံ သီချင်းကို ဦးမင်း နောင်၊ ဦးမောင်မောင်ကြီး၊ ကေတုဝင်းထွဋ်၊ ထား၊ ရီရီသန့်နဲ့ နှင်းရည်သန့်တို့က သီဆို ပေးခဲ့ကြပါတယ်။ ဗိုလ်ကလေးတင့်အောင်ရဲ့လက်ရာများထဲက စောင်းအိုလုလင် သီချင်းကိုတော့ ဘဘရဲ့ ညီအရင်း ဖစ်သူ ဂန္ထ၀င်ဂီတ ပညာရှင် ဂီတလုလင် မောင် ကိုကိုက တီးခတ် သီဆိုခဲ့တာ ဖြစ်လို့ ဒီနေ့ညမှာလည်း ဂီတလုလင်မောင်ကိုကိုရဲ့ အသံနဲ့ပဲ ပြန်လည်တင်ဆက်ခဲ့ ပြီး အနုပညာရှင်များက တေးသီချင်းကို သရုပ်ဖော် ပေးခဲ့ကြပါတယ်။ မင်းသား ကြီး ၀င်းဦး သီဆိုအောင်မြင် ခဲ့တဲ့ မျက်ဝန်းလဲ့ ပြာပြာ သီချင်းကို ချိုပြုံးက သီဆို ဂုဏ်ပြုပေးခဲ့ပြီး ပိတောက် ချစ်သူ သီချင်းကို သန်းမြတ် စိုးနဲ့ရွှေရည် သိန်းတန်၊ စန္ဒရား ချစ်ဆွေ သီဆိုပြီး အောင်မြင် ကျော်ကြားခဲ့တဲ့ မွှေးလွန်း သည့်ပန်း သီချင်းကို ပွဲစီစဉ် တင်ဆက်သူ ကိုကိုထွေးက သီဆို ပေးခဲ့ပါတယ်။
စံကားဝါမြေ သီချင်းကို မူရင်း အဆိုရှင် ရီရီသန့်ကပဲ ပြန်လည် သီဆို ဂုဏ်ပြုရာမှာ ကျော်ကျော်ဗို၊ မေဟင်္သာနဲ့ တော်ဝင် မိသားစု ကုမ္ပဏီမှ မျိုးဆက်သစ် အနုပညာရှင်များက တေးသရုပ် ဖော်ပေးခဲ့ ကြပါတယ်။ ရေခပ်ဆင်းချိန် သီချင်းကိုတော့ မောင်မောင် အေး အလင်္ကာဝတ်ရည်၊ ရဲရင့်ဝေလွင်၊ ရွှေယမင်းဦး၊ ယဉ်ဝေယံထွန်းတို့က သီဆို ပေးခဲ့ကြပါတယ်။ ဘဘရဲ့ လက်ရာသီချင်းများထဲက ပန်းတံတား သီချင်းကိုတော့ ဗညားဟန်နဲ့ ရွှေရည်သိန်း တန်တို့က စုံတွဲ သီဆိုပေးခဲ့ ကြပါတယ်။ ဘဘ လက်ရာ တေး သရုပ်ဖော် များထဲက အိုမိခင် ကျေးဇူးရှင် ရာဇ၀င်တေး သရုပ်ဖော်ကို တင်ဆက် ရာမှာတော့ လူမင်း၊ မို့မို့မြင့်အောင်၊ မေသဉ္ဇာဦး၊ အိမ့်ကြာဖြူ၊ ဖြိုးရတနာသွယ်၊ ဆင်မနဲ့ သမီးလေး အေးမြဖြူတို့က တေးသရုပ် ဖော်ပေးခဲ့ကြပါတယ်။
လက်ပံပွင့်ကောက် သီချင်းကို ယဉ်ဝေယံထွန်း၊ ရွှေယမင်းဦး၊ ရဲရင့်ဝေလွင်တို့ သီဆို တင်ဆက်ပေးခဲ့ကြပြီး နှင်းဝေေ၀ သီချင်းကိုတော့ မူရင်းအဆိုရှင် တေးသံရှင် မောင်မောင်ကြီးကပဲ ပြန်လည်ဂုဏ်ပြုဖျော်ဖြေပေးပါတယ်။ အဲဒီနောက် မေတ္တာ ၀င်္ကပါ တေးသရုပ်ဖော်အစီအစဉ်ကိုလည်း ဆက်လက်တင်ဆက်ပေးခဲ့ပါတယ်။ မေတ္တာဝင်္ကပါမှာတော့ လူမင်း၊ မင်းမော်ကွန်းနဲ့ အေးမြတ်သူတို့က တေးသရုပ်ဖော် ပေးခဲ့ကြတာ ဖြစ်ပါတယ်။ မေတ္တာဟူသည် သီချင်းကိုတော့ မူရင်းတေးသံရှင် ထားကပဲ သီဆိုဂုဏ်ပြုပေးခဲ့ပြီး လူပျိုကြီး လို့ အမည်ရတဲ့ သီချင်းကိုတော့ ရန်ပိုင်စိုးက ကိုယ်တိုင်တေး သရုပ်ဖော် တင်ဆက်ပေးခဲ့ပါတယ်။ ဇရာ လို့ အမည်ရတဲ့ သီချင်းကိုတော့ မူရင်းတေးသံရှင် ဦးမင်းနောင်ကပဲ သီဆို ဂုဏ်ပြု ပေးခဲ့ပါတယ်။ ငယ်ကျွမ်းဆွေ သီချင်းကို ကေတုဝင်း ထွဋ်၊ ယဉ်ဝေယံထွန်း၊ တက္ကသိုလ် ကျောင်းသူတစ်ဦး သီချင်း ကို လှမြင့်ဝင်း၊ ချစ်သောည သီချင်းကို မောင်သိန်းဝင်းနဲ့ တက္ကသိုလ် လဲ့လဲ့တို့က သီဆိုပေးခဲ့ကြကာ နောက်ဆုံးပိတ် အနေနဲ့တော့ လွဲရခက်ကြီး လို့ အမည် ပေးထားတဲ့ ပြဇာတ် တစ်ပုဒ်ကို ပြန်လည်ဖော် ထုတ်တင်ဆက် ပေးခဲ့ပါတယ်။
လွဲရခက်ကြီး လို့ အမည်ရတဲ့ ပြဇာတ်ကလည်း ဘဘဗိုလ်ကလေးတင့်အောင်ရဲ့ နာမည်ကျော်ပြဇာတ်တစ်ပုဒ် ဖြစ်ပြီး ဒီပြဇာတ်ကို အရင်တုန်းက ကျော်သူ၊ မေ၀င်း မောင်၊ စိုးမြတ်သူဇာ၊ မျိုးသန္တာထွန်း၊ တင့်တင့်ထွန်းတို့ ကပြခဲ့ကြပြီး ၉၀ ပြည့် ဂုဏ်ပြုပွဲမှာတော့ ခန့်စည်သူ၊ သက်မွန်မြင့်၊ စံမတူ၊ ပလာတာ၊ ညီဂျော်၊ ဆင်မ၊ ဒေါ်ခင်လေးဆွေ၊ စန္ဒရား ခင်နုနု၊ ဖြိုးရတနာသွယ်၊ အိမ့်ကြာဖြူနဲ့ တော်ဝင်မိသားစု ကုမ္ပဏီက မျိုးဆက်သစ်အနု ပညာရှင်များက ပါဝင်သရုပ်ဆောင်ပေးခဲ့ကြပြီး ဘယ်အရာမဆို ပေါ့ပေါ့ဆဆ မလုပ်ကြဖို့ သတိပေးတဲ့အနေနဲ့ ဒီပြဇာတ်ကို ဂုဏ်ပြုတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

လင်းနိုင်ဦး (ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
လင်းနိုင်ဦး |
| About the author: |
| | |
|
Last Updated on Tuesday, 05 June 2012 13:07 |