|
Written by ၀မ်း (စက်မှုတက္ကသိုလ်)
|
|
Friday, 01 June 2012 16:07 |
၁။ မဟာ သိပံ္ပဘွဲ့ အတွက် စာတွေနဲ့ နပန်းလုံး နေရတာကြောင့် ညက အိပ်ရာဝင် နောက်ကျ သွားလို့ များလား မသိဘူး။
argaiv1407
မျက်စိနှစ်လုံး ပွင့်သွားတော့ ဆောင်းနှောင်းရာသီ တပေါင်း လဆန်းရဲ့ နေခြည်တွေက ယှက်ဖြာ သန်းနေပြီ။ အလင်းကြောင့် ဖြစ်တဲ့ ဖွင့်ခါစမျက်စိ ကျိန်းစပ်စပ် ဖြစ်သွားတာကို သက်သာရာ သက်သာကြောင်း အနေနဲ့ အလင်းရောင်တွေကို လက်နဲ့ ကယောင်ကတမ်း ကာမိသွားရတယ်။ ပြီးတော့မှ အိပ်ရာကထ တစ်ချက် သမ်းဝေရင်း ဆံစတွေကို လက်နှစ်ဖက်က လက်ချောင်းလေးတွေ ထိုးသွင်း ပင့်တင်လိုက်ပြီး ရေချိုးခန်းဆီ ထွက်လာ လိုက်ရတယ်။
၂။ လန်းလန်းဆန်းဆန်း ဖြစ်သွားတဲ့ ခန္ဓာကိုယ်ကို မှန်တင်ခုံမှာ ထိုင်ချရင်း ပခုံးထက်က တဘက်စနဲ့ ဆံနွယ်က ရေတွေ သုတ်တင်လိုက်တော့ မေးရိုး လေးထောင့်နဲ့ ညိုပြာပြာ ကျွန်မ မျက်နှာက ကြေးမုံပြင်မှာ အရိပ် ထင်လာတယ်။
“ဟင်း” အရိပ် မျက်နှာကို ကြည့်ရင်းကပဲ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းလေး တစ်ချက်ကို မှုတ်ထုတ် မိသွားရတယ်။ “ဒီမျက်နှာပုံစံနဲ့ ဒီအသားအရောင်ကပဲ သူ့ကို စိတ်ပျက်စေတာများလား”
စိတ်ထဲမှာ မကျေမချမ်း ရေရွတ်လိုက်မိပြန်တယ်။ ဒီအတိုင်း မှန်ရင်တော့ သူ လွန်တာပေါ့။ ကျွန်မမှာက သေးသွယ်တဲ့ မျက်ခုံး၊ နက်ပြောင်တဲ့ မျက်လုံး၊ ချွန် ထက်တဲ့ နှာတံနဲ့ ပါးပါးလျားလျား နှုတ်ခမ်းလွှာ တစ်စုံက မိန်းကလေး တစ်ယောက်ရဲ့ အသွင်အပြင်ကို ပေါ်လွင်နေ စေတာပဲ မဟုတ်လား။ ပြီးတော့ ချစ်တတ်တဲ့ နှလုံးသား အစုံကလည်း သူ့အပေါ် တိတ်တခိုးလေး တွယ်တာနေပြီပဲဟာ။ ဘာလိုသေးလို့လဲရှင်။
အဲ...လိုတာကတော့ သူ့အပေါ် သက်ဝင်နေတဲ့ ကျွန်မ မေတ္တာကို သူ သိအောင် မဖော်ထုတ်နိုင်သေး တာသာ ဖြစ်ပါလိမ့်မယ်။
၃။ “မြနှင်း ရှိလားခင်ဗျာ”
ဧည့်ခန်းထဲမှာ ရှိတဲ့ ကျွန်မ အမေကို တစ်စုံ တစ်ယောက်က မေးနေတဲ့ အသံ ကြားလိုက်ရတယ်။ ကြား လိုက်တာနဲ့လည်း ကျွန်မရဲ့ တိတ်တခိုးလေး သူ့ရဲ့အသံ များလားဆိုတဲ့ စိတ်နဲ့ ရင်ထဲ ဒိတ်ခနဲ ခုန်သွားမိတယ်။ “အေး ရှိတယ်ကွယ့်၊ ရှိတယ်။ ထိုင်ဦးလေ။ မြနှင်းရေ သမီး သူငယ်ချင်း လာနေတယ်ဟေ့”
မေမေ့ရဲ့ဖြေသံ၊ ခေါ်သံ တွေကြားတော့ ကျွန်မ စာကြည့်ခန်းထဲက ထွက်လာနေပြီ။ တစ်ပြိုင်တည်းမှာပဲ ကျွန်မ အမြင်က ကျွန်မအထင် မှန်ကြောင်းလည်း တွေ့လိုက် ရပြီ။ “ဟယ် ထင်လင်း မောင်၊ ဘယ်က ဘယ်လို ရောက်လာတာလဲ ဟဲ့” ပြောပြောဆိုဆို အပြေးလေး တစ်ပိုင်းနဲ့ မေမေ့ ဘေးသွား ရပ်ရင်း သူ့မျက်နှာကို ကြည့် နေလိုက်မိတယ်။ ခုန်တဲ့ရင်ကိုလည်း လက်ကလေးနဲ့ မသိမသာ ဖိအုပ် ထားနေမိတယ်။ ဖြူသွယ်သွယ် သူ့မျက်နှာက ချွေးကလေးတွေ စို့လို့။ ပြီးတော့ နွမ်းလျလျဟန်။ “ကဲ ထိုင်လေ။ ကော်ဖီလေး လုပ်လိုက်ဦးမယ်”
အရင်က တစ်ခါနှစ်ခါ အိမ်မှာ စာလာကျက်ဖူးလို့ ထင်လင်းမောင်ကို မေမေက စိမ်းမနေတော့ဘူး။ ဒါကြောင့် ကော်ဖီဖျော်ပေးဖို့သာ ထွက် သွားတော့တယ်။ ဒါပေမဲ့ ထင်လင်းမောင် မျက်နှာပြင်ပေါ်က တစ်စုံတစ် ရာကို အကဲခတ်နိုင်ခဲ့တဲ့ ကျွန်မက- “မေမေ၊ ကော်ဖီမဖျော် နဲ့တော့။ သမီးတို့ ဟိုရှေ့က ဆိုင်မှာပဲ ခေါက်ဆွဲသွားစား လိုက်တော့မယ်။ လာ... သွားရအောင်”
မေမေ့ကို ပြောရင်း သူ့ကိုလည်း ခေါ်လို့ လမ်းတစ် ဖက်မျက်နှာချင်းဆိုင်က ရှမ်း ခေါက်ဆွဲဆိုင်ဆီ ကူးလာ လိုက်တယ်။ ဆိုင်ရောက်တော့ တို့ဟူးပျော့နဲ့ ခေါက်ဆွဲနှစ်ပွဲ မှာလိုက်တယ်။ အခါးရည် လေး တစ်ခွက်စီလည်း ငှဲ့ ထည့်လိုက်တယ်။ အဲဒီအထိ ထင်လင်း မောင်က စကား တစ်ခွန်းမှ မပြောဘူး။ ဆိုင်ထဲမှာသာ ငူ ငူငိုင်ငိုင်ကြီး ထိုင်လို့။ ဒီပုံနဲ့က ကျွန်မ မှာသာမှာရတယ်။ သူ ကတော့ စားမယ့်ပုံတောင် မပေါ်ပါဘူး။ “ကဲ ဘာဖြစ်လာတာ တုံး။ မျက်နှာက မသာမယာနဲ့”
သူ့အပြော မစောင့်တော့ဘဲ မေးလိုက်မိတော့တယ်။ ဒါတောင် ချက်ချင်း မဖြေပြန်ပါဘူး။ မချမ်းမမြေ့ ပုံနဲ့သာ ရှိနေတယ်။ ခဏနေမှ သက်ပြင်းငွေ့ငွေ့ မှုတ်ထုတ်တဲ့ ဟန်နဲ့။ “ငါ အိမ်က ထွက်လာတာ” ကျွန်မမျက်နှာကို မကြည့်ဘဲ တစ်ခွန်းချင်း ပြောတော့တယ်။ “ဟင် ဘာ ဘာဖြစ်လို့ တုံး။ နှင်ချခံရလို့လား”
သူ့စကားကြောင့် ကမန်းကတန်း မေးလိုက်မိသွားတယ်။ သူက မျက်လုံးအိမ် နီနီ ရဲရဲနဲ့ ခေါင်းမော့နေရာက- “မဟုတ်ပါဘူးဟာ၊ အဖေနဲ့ အမေ စကား များကြတာနဲ့ စိတ်ညစ်ပြီး ထွက်လာ လိုက်တာပါ။ ရောက်ရာ ပေါက်ရာ သွားတော့မလို့။ အဲဒါ ငါ့မှာ ဘာမှ မပါလာလို့၊ နင့်ဆီက ပိုက်ဆံ ချေးချင်လို့ လာလိုက်တာပါ။ ငါ့ကို ယုံ ပါ။ ငါ ပြန်ဆပ်ပါ့မယ်”
မပြောခင်တုန်းက သူ ပြောလာခဲ့ရင် အဆင်သင့် ဖြစ်အောင် ရှင်းထားနှင့်တဲ့ ရင်က ဒီလို ပြောလာခဲ့တော့ တဒိတ် ဒိတ်ခုန်လာရတယ်။ တကယ်တော့ ကျွန်မ သူ့ကို ဘယ်မှ အသွား မခံနိုင်ပါဘူး။ ဒီလို သွားခဲ့ရင် ကျွန်မကို မျက်ကွယ်ပြုလိုက်သလို ဖြစ်သွားလို့ မျက်စိက စမယ့် ချစ်ခြင်းတွေ ဆုံးရှုံးသွားနိုင်တယ် မဟုတ်ပါလား။ ရုတ်တရက် တွင်းမှာပဲ အပြေးအလွှား စဉ်းစား လိုက်ရတော့တယ်။ ပြီး မှ ငွေပြန်ယူသလို လုပ်ပြီး မေမေ့ကို တိုင်ပင်လိုက်တော့တယ်။ ပြီးတော့ သူ သွားချင်တဲ့ ကျွဲဆည်ကန် အဝေးပြေးကား ဂိတ်ဆီ လိုက်ပို့လိုက်တယ်။ သွားရင်းနဲ့ကမှ မန္တလေး ကန်တော်ကြီး စောင်းမှာ ခဏ ၀င်နားလိုက်ရတယ်။
ကန်တော်ကြီးရေပြင်နဲ့ လှိုင်းကြက်ခွပ်တွေဘေးက ကုဣိုပင်ရိပ်မှာ ထိုင်မိကြ တော့ မကြည်မလင် သူ့မျက် နှာပေါ်မှာ ယိုင်ကျနေတဲ့ ဆံနွယ်လေးတွေကို ငေးကြည့်ရင်း လေကြောင့် လှုပ်ယမ်းနေတဲ့ သူ့ဆံစလေးတွေနဲ့ အပြိုင် ကျွန်မ စိတ်တွေလည်း ကစား နေမိတယ်။ သူကတော့ သူ့ စိတ်ကူးနဲ့ သူ ငြိမ်လို့။
အခုလို စိတ်ပျက်အား လျော့နေချိန်မှာ ဖြူဝင်းဝင်း မျက်နှာပြင်ပေါ်က ညှိုးရိပ် တွေ ပျောက်သွားအောင် ထွေးပိုက်လို့ နှစ်သိမ့်လိုက်ချင်ပေ မဲ့ သူနဲ့ ကိုယ်က ဘာမှ မဟုတ်လေတော့... “သိပ်လည်း ခံစား မနေပါနဲ့ဟာ။ မိဘတွေဆိုတာ ပေါင်းသင်းလာတာ ကြာတော့ ညှိမရတာတွေ ဖြစ်ဖြစ်လာပြီး လင်နဲ့မယား လျှာနဲ့သွား ဆိုတာလို အခန့်မသင့်တဲ့ အခါ ဒီလို ဖြစ်တတ်ကြတာမျိုးပါ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဒါကို ငါတို့က သဘောပေါက် နားလည်ပြီး နေတတ် ရမှာပေါ့”
စိတ်ပြေရာ ပြေကြောင်းသာ ပြောရတော့တယ်။ စိတ်ကူးထဲမှာတော့ သူက ကျွန်မ ရင်ခွင်ထဲက ကလေးငယ် တစ်ယောက်သာပါ။ ဒီအချိန်မှာပဲ ကျွန်မမေမေ ခေါ်လာလို့ သူ့အမေပါ လာတဲ့ကား ထိုးရပ်လာတော့ တယ်။ ငြင်းဆန်နေသေးတဲ့ သူ့ကို လက်ကို ဆွဲခါးကို တွန်းပြီး ကားထဲဇွတ်တွန်း ပို့ လိုက်တော့တယ်။ ပြီးတော့ “ဒါ နင့်အကြံ မဟုတ်လား”ဆို တဲ့ သူ့ရဲ့ မကျေမနပ်အကြည့် ကိုလည်း ကျွန်မ အပြုံးမပျက် ခံယူလိုက်တယ်။
ဒီနေရာမှာ သူသိ မသွားတာက သူ ထွက်သွားရင် ဝေးသွားမှာ စိုးကြောက်တဲ့ ကျွန်မရဲ့ နှလုံးသား ဆန္ဒပါပဲ။ ဒါကို သူတင် မကပါဘူး။ ဒီနေရာမှာ တိတ်ဆိတ်ပြီး ကျန်နေရစ်မယ့် ကန်တော်ကြီး ရေပြင်ရယ်၊ ကုဣို ပင်ကြီးနဲ့ လေပြည်လေးတွေ ရယ်၊ ပြီးတော့ ကျွန်မတို့ စီးလာခဲ့တဲ့ ဆိုင်ကယ်လေးရယ်၊ ဒါတွေကအစ တခြားဘယ် သူမှ သိကြမှာ မဟုတ်ပါလေ။
၎။ ဒီပုံနဲ့ပဲ သူနဲ့ ကျွန်မရဲ့ မေတ္တာ ဇာတ်လမ်းက အုပ်ထိန်းခြင်း မကင်းတဲ့ မိဘ အရိပ် အောက်ကနေ မိန်းကလေးက စရမယ့် အခြေအနေမို့ နှလုံးသွေး နွေးနွေးကသာ ကျွန်မ ရင်ထဲ ကြီးစိုးနေရတော့ တယ်။ ဒီလို ဖြစ်နေရတဲ့ကြားထဲ ကျောင်းမှာ ခဏတာတွေ့ ဆုံရရုံကလွဲလို့ နီးစပ်ဖို့အခြေ အနေက ဘာမှ အခွင့်မကြုံ ဘူး ဖြစ်နေပြန်တယ်။ ဒါ ကြောင့် စာကျက်နေရင်းမှာ မြင်ရတဲ့ မန်ကျည်းပင်ကြီး ရဲ့ အရွက်တွေ တဖွဲဖွဲကြွေ ကျနေသလိုမျိုး ရင်ထဲမှာ တနုံ့နုံ့ ဖြစ်နေရပြန်တယ်။ တစ်ခါတစ်ခါ လာကူတတ်တဲ့ ချိုးငှက်ကလေးလိုလည်း အထီး ကျန်ဆန်နေရတယ်။ ဒီအခြေအနေနဲ့ တစ်နေ့ မှာတော့ “ထင်လင်းမောင် စင်ကာပူကို ကျောင်းသွားတက် တယ်” ကင်တင်းမှာ သူငယ်ချင်း တစ်ယောက်ဆီက မမျှော်လင့်ဘဲ စကားတစ်ခွန်း ကြားလိုက်ရတော့တယ်။ အံ့အားသင့်မှု၊ အလှမ်း ကွာဝေးမှု ဆိုတာတွေကြောင့် ထင်ပါရဲ့။ ခဏချင်းမှာ နှလုံးသွေးတွေ တဒိတ်ဒိတ်ခုန် လာပြီး ဘာမှ မမြင်မကြား ဖြစ်သွားရတယ်။ ပြီးတော့ စိတ်အိုက်လို့ လူအိုက်တော့ တာထင်ရဲ့။ အအေးသောက် နေတဲ့ကြားကပဲ ချွေးကလေး တွေ စို့လာတော့တယ်။ ဘာ ကြောင့်ရယ်မသိ၊ ရစ်ဝိုင်းလာ တဲ့ မျက်ရည်တွေကိုလည်း စီးမကျအောင် မျက်တောင် ကို မြန်မြန်ခတ်ပစ်ရင်းနဲ့ သူ ငယ်ချင်းတွေအကြား မထင် ပေါ်ရအောင် ခေါင်းငုံ့ထား လိုက်ရတယ်။
သြော်...ဝေးသွားမှာ စိုးကြောက်တဲ့ သူကိုမှ နှုတ်ဆက်ဖော်တောင် မရဘဲ ခွဲခွာ သွားပါရော့လား။ သူ မသိ ဆိုးဝါးနိုင်လှချည်လား။ မရှိ တာထက် မသိတာက ဆိုးနေ ပါရော့လား။ အလဲလဲ အပြိုပြိုသာ အတွေးစတွေ ယောက်ယက် ခတ်သွားရတော့တယ်။ ဆောက်တည်ရာ မရတဲ့ အဆုံး မှာလည်း နေထိုင် မကောင်းတာကို အကြောင်းပြလို့ ကျောင်းက စောစောသာ ပြန် လာခဲ့တော့တယ်။
အဲဒီနောက် ရင်မှာ နာကျင်တဲ့ ဝေဒနာနဲ့ လူမမြင်သူ မမြင် အထီးကျန် ငိုရှိုက်ခဲ့ရ တာက စီးကျခဲ့တဲ့ မျက်ရည်တွေ အကြောင်းကို ခေါင်းအုံး ကြီးကပဲ အသိဆုံး ဖြစ်တော့မှာပါ။ ဒါပေမဲ့လည်း သူ့ ကျောပြင်အမှတ်နဲ့ ကျွန်မ ထုရိုက်တာ ခံရတဲ့ ဒီခေါင်းအုံးကြီးက ဒီအကြောင်းတွေကို ပြန် ပြောချင်မှာ မဟုတ်တော့ပါဘူး။
၅။ အခုတော့ အချိန်တွေ ကုန်လာတာနဲ့ အမျှ ကျွန်မတို့ မဟာသိပံ္ပဘွဲ့ အတွက် စာမေး ပွဲကြီးကလည်း နီးကပ် လာခဲ့ ပါပြီ။ သူ့ကို သတိရတဲ့ လွမ်းရတဲ့ စိတ်တွေကို စာနဲ့ ဖုံးအုပ် ထားခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီအချိန်မှာပဲ ထင်လင်းမောင်လည်း မကြာခင် သူတို့စာမေးပွဲအပြီး မြန် မာပြည်ကို ပြန်လာဦးမယ်ဆို တဲ့သတင်းက ရောက်လာပါ တော့တယ်။
ဒါက ကျွန်မရဲ့နဂို ရှိပြီးသား နာကျင် ခံစားရချက်ကို ဆွပေးလိုက်သလို ဖြစ်လာ ပြန်ပါတော့တယ်။ သူ့စိတ်ငြိုငြင်လို့ အိမ်က ဆင်းမယ် ဆိုတုန်းကတော့ ကျွန်မကို သတိရပြီး အခုလို နိုင်ငံခြားကို အကြာကြီး ထွက်သွားမယ့် အခါကျတော့ နှုတ်ဆက် ရကောင်းမှန်း မသိတာက သူ မလွန်လွန်းဘူးလား။ ဒါကို သူ ပြန်ရောက် ရောက်ချင်းမှာ သွားတွေ့ပြော ပြီး ခေါင်းအုံးကြီးကို ထုရိုက် သလိုသာ ထုပစ်လိုက်ချင်မိ တော့တယ်။ ဒါပေမဲ့ တကယ်တမ်း ကျတော့ သူ့ကျောပြင်နာမှာ စိုးတဲ့စိတ် နဲ့ ကျွန်မရင်သာ အနာခံချင် မိသွားပြန်ပါတယ်။ အဲဒီမှာ ရုတ်တရက် စဉ်းစားမိလာပြန်တာက အနာခံတဲ့ ကျွန်မအတွက် အခု သူ ပြန်လာတာက အသာစီး ရဖို့ ဆိုတာကိုပါပဲ။ ဒါက ကျွန်မအတွက် နီးစပ်ဖို့ အခွင့် အရေး ရလာပြန်တာပဲ မဟုတ်ပါလား။ ဒီစိတ်နဲ့သာ ပြုံးလာ နိုင်သွား ရတော့တယ်။
မှန်တင်ခုံမှာ ထိုင်နေရင်းနဲ့ ပြုံးလိုက်မိသွားတာ ဖြစ်လို့ မလုံမလဲ စိတ်နဲ့ ဟိုဒီကြည့်မိ သွားရပြန်ပါတယ်။ ပြီးတော့ မစိုမခြောက် ဆံပင်ကို ခပ်တင်းတင်း လှန်တင်ရင်းနဲ့ လည်း မှန်ထဲမှာ ကျွန်မမျက်နှာ ကျွန်မ ရဲရဲ ကြည့်လိုက်မိ တော့တယ်။ ရင်ကိုဖွင့်ပြီးလည်း အသက်ပြင်းပြင်း ရှူလိုက်မိတော့တယ်။
ဒီအချိန်မှာ တပေါင်း လေရူးရဲ့ တိုးဝှေ့မှုနဲ့ ပြတင်း တံခါးရဲ့ ခန်းဆီးစ ပါးပါးလေး နွဲ့နွဲ့ယိမ်းနေသလို အပြင်ဘက်မှာကလည်း ရွက် ကြွေလေးတွေက လေမှာ စီးမျောရင်း သက်ဆင်းရာကို ရှာနေကြတော့တယ်။ ဒါက ငယ်ရွယ်ချိန်ဖြစ် နေတုန်း အချစ်ရည်းစားထား ချင်တဲ့ ကျွန်မကိုများပမာပြု နေကြလေရော့သလား မသိ တော့ပါဘူး။
ဝမ်း၊စက်မှုတက္ကသိုလ်၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|