အတွေးသမား ညစာ နောက်ဆုံး ကျန်ခဲ့တဲ့ ခိုလေးလည်း ပျံသွားပြီ စံကားပင်အိုကြီးပေါ်က နောက်ဆုံး အပွင့်လည်း ကြွေပြီ သက်ရှိ ရုပ်တစ်ရုပ်ဟာ နာမ်တရားတွေ အများကြီးပေါ်မှာ
argaiv1703
argaiv1917
ရည်ရွယ်ချက် ရှိရှိ ခရီးနှင်နေရဲ့။ ရှစ်မျက်နှာ ဘုရား အင်္ဂါထောင့်က ဖယောင်းမီးလည်း ငြိမ်းပြီ ဇရပ်ပေါ်က ပုတီး စိပ်နေတဲ့ ဥပုသ်သည်လည်း ပြန်ပြီ ၀ိညာဉ်တစ်ခုဟာ ကမ္ဘာပေါင်းများစွာ အကြောင်း အကျိုးသင့် အကြောင်းသင့် ခေါင်းစဉ်တွေ ဆင့်နေရဲ့။
နောက်အကျဆုံး အိမ်ဆိုင်လေးလည်း ပိတ်ပြီ ခေါင်းပေါ်က ဓာတ်တိုင်မီးလည်း ပျက်သွားပြီ ခြေတစ်စုံဟာ လမ်းပေါင်းများစွာရဲ့ ရာဇ၀င်ကို တခုတ်တရ ပြုစုပျိုးထောင်နေရဲ့။
ကြယ်ကြွေပြီ လ တိမ်ဖုံးပြီ ခေါင်မိုးမှာ ဇီးကွက်နားပြီ ဒင်းကလေးခမျာ ရုပ်နဲ့ နာမ်နဲ့ ထီးတွေ ဖိနပ်တွေနဲ့ ကမ္ဘာနဲ့ ၀ိညာဉ်နဲ့ ပြဋ္ဌာန်း စာအုပ်တွေနဲ့ သူ့သမိုင်းကို သူ ခြေလှမ်းတွေနဲ့ ရေးတယ် ညတိုင်း ညတိုင်း နက်ဖြန်ခါတစ်ခွက် မှာမှာသောက်တယ် မအိပ်ဘူး မငိုက်ဘူး။
သူတိုးတိုးလေး ဖွင့်ထားတဲ့ ထူးအိမ်သင် သီချင်းအယ်လ်ဘမ် နောက်ဆုံး အပုဒ်လည်း ပြီးသွားပြီ။ ။
လက်ဝဲ
ညီမလေး ဆုတ်ဖြဲပစ်မယ့် ကဗျာ
ဘ၀ကို ဒစ်စကောင့်နဲ့ ချရောင်းမလို့လား ညီမလေးရယ်။ အဆင်မပြေရင် ပန်းရန်သမလေးဘ၀ဟာလည်း တင့်တယ်ပါတယ်။ အဆင်မပြေရင် အရောင်းစာရေးမလေး အိပ်မက်ဟာလည်း လှပပါတယ်။ အဆင်မပြေရင် “ဂျောက်ဂျက်၊ ဂျောက်ဂျက်”နဲ့ စက်ချုပ်သမလေး ဘ၀ဟာလည်း ချိုမြိန်ပါတယ်။ အဆင်မပြေရင် ဈေးဗန်းခေါင်းပေါ်ရွက် ပျံကျဈေးသည် ဘ၀ဟာလည်း အိုကေပါတယ်။ ဟောဒီ တောအုပ်ထဲ ကျားရဲကပေါပါဘိသနဲ့ စိတ်သန့်သန့်လေးနဲ့ အိပ်မက်သန့်သန့်လေးမက်ပြီး ဘ၀သန့်သန့်လေးမှာ နေပါကွဲ့။ စွန်းထင်းနေသော သိက္ခာ ညစ်ပေနေသော ရိုးသားမှု ဖားဥစွဲနေသော စိတ်ဓာတ် စုတ်ပြတ်နေသော မေတ်္တာ သစ္စာမရှိသော မျက်နှာများနဲ့ ဘ၀ကို ဘယ်တော့မှ ဖုန်းမခေါ်ပါနဲ့။ ကာရာအိုကေခန်းထဲက သက်ပြင်းချသံတွေ မကြားချင်ဘူး တည်းခိုခန်းထဲက အဲယားကွန်းအေးအေးတွေ တစ်ချိန်ချိန်မှာ မင်းဘ၀ကို အအေးပတ်ဖျားနာလိမ့်မယ်။ ညီမလေး ဒီကဗျာဟာ မင်းနှုတ်ခမ်းကိုဖိကိုက်ပြီး ဆုတ်ဖြဲပစ်မယ့်ကဗျာလား။ ။
မော်ဦးမော်
ကြွေ
မိုးကြိုးလို အလွမ်းတွေက အုံးအုံးဒိုင်းဒိုင်း ပစ်ချ လျှပ်စီးကြောင်းလို စိတ်များလည်း စပ်ဖျဉ်းလင်းတောက်ခဲ့ရ
သရဲတစ်ကောင်ရဲ့ ညမှာပေါ့ တေးသွားမဲ့ အချိန်သွားနှုန်းများ ပို၍ ပို၍ အကျည်းတန်စေခဲ့ရ ဘယ်လိုဘ၀မျိုးပါလိမ့်ကွယ် ကိုယ် မလျှောက်ခဲ့တဲ့ လမ်းကိုလည်း ရောက်ရ ကိုယ် မဖော်ခဲ့တဲ့ အဆိပ်ကိုလည်း သောက်ရ ပိုပြီးနက်ရှိုင်းသွားသယောင် ချောက်ထဲကိုလည်း ကျပြီးရင်းကျ ပြန်ကောင်းလာမလားလို့တော့ ပျိုးပါရဲ့ ပန်းပျိုးသူ အလင်္ကာကောင်မှာ အဆိပ်ဆူးနဲ့ ရူးခဲ့ရ ခုတော့ ပျိုးသူမဲ့ ဒီတစ်တောလုံး ကြွေ ကြွေ...ကြွေ...ကြွေ...ကြွေ။ ။
လင်းသော်
ရွာ
မသိဘူး စိတ်မ၀င်စားဘူး အားအားရှိ ဒီအကြောင်းပဲ ပြောနေကြတာ ဟိုမှာကဖြင့် မြို့မှာ သူဌေးကြီးကို ဖြစ်လို့
နို့စို့အရွယ်ကလေးလေးတွေ ချီထားလို့ ဒီရွာမှာပဲ လုံးလည်လိုက်ပြီး ပျော်နေကြ ဒီရွာမှာပဲ မွေးတာလေ။
ရွာမှာ ငယ်ငယ်တုန်းကလည်း အရက်ဆိုင်မရှိသလို ခုလည်း မရှိ ဒါပေမဲ့ ရေသန့်ဘူးထဲကဟာ ဘီအီးနော်။ မလုပ်တတ်ဘဲ သွားမလုပ်နဲ့ သွေးမရှိဘဲ သွားမစမ်းနဲ့ တန်းလန်းကြီး ဆန့်ငင်ဆန့်ငင် ဖြစ်သွားမယ် နားမလည်ပါဘူး ဒါတွေ လည်အောင်လည်း မကြိုးစားနိုင်ဘူး ရွာအတွက် အသုံးဝင်တဲ့ အပင်လေးတွေ စိုက် အချိန်တန်ကျ ဒီနှစ်လည်း ပိုတာလေးတွေ ပေါက်ဈေးနဲ့ ရောင်းလိုက်ရုံပေါ့ မရှိလို့လုပ်စား ဖြည်းဖြည်းပေါ့ နည်းနည်းလေးမှ လောလို့မဖြစ် သူကြင်မှ ကိုယ်ရွှင်ရမှာလေ
ခုဆိုရွာမှာ ကြာကူလီ ဆော့ဖ်ဝဲတွေက ဖဲ့စားလို့ တစ်ရွာတည်းသားအချင်းချင်း လည်ပင်းချင်း ဖက်သွားလို့ ပြောင်လိုက်တဲ့ မျက်နှာတွေ အရှက်မရှိတဲ့ မျက်နှာတွေ
တစ်သက်စာ အို ထာဝရအတွက် နှုတ်ဆက်တယ်... ရွာမှာ လူမျိုးစုံ ရှိတယ် မျိုးစုံ စရိုက်နဲ့ မြို့ကို မကြိုက်မနှစ်သက်တဲ့ ရွာကိုချစ်တဲ့ ရွာသားတွေရှိတယ်။
အတွဲ ၇ သိပံ္ပကျောင်းသားတွေ ရှိတယ် (ဆေးလိုင်း) ၀ိဇ္ဇာကျောင်းသားလည်းရှိ ဘောဂတွဲလို့ သူတို့ပြောကြတဲ့ ဓာတု၊ ရူပ၊ ဘောဂ (၀ိပံ္ပတွဲ) စီးပွားရေးသမားတွေ ရှိတယ်
အရှေ့က နေထွက်တာနဲ့ သူတို့အားလုံး မြို့ဘက်ကို ဦးတည်လမ်းလျှောက်လို့ ကျောင်းတက်မယ် တစ်နေ့ကျရင် ရွာကို သူတို့လမ်းပြမယ် အကျိုးပြမယ့်သူတွေပေါ့ ရွာမှာ ကွန်ပျူတာမရှိ ဘယ်လို ကွန်နက်ရှင်လိုင်းမှ မရှိ သင်တန်းကျောင်း တစ်ခုတလေတောင်မှ မရှိ ခုထိရွာမှာ ရွာကျောင်းမှာ(သူငယ်တန်း)ကလေးတွေ စာရွက်တို့၊ ပေတံတို့၊ ခဲတံတို့၊ ခဲဖျက်တို့ မသုံးကြ ကျောက်သင်ပုန်းနဲ့ ကျောက်တံပဲ သုံးကြတုန်း
ဒါပေမဲ့ ရွာမှာ ရွာဘုန်းကြီးကျောင်းမှာ ရေဒီယိုလေးတစ်လုံးရှိတယ်။ အက်ဖ်အမ် ကောင်းကောင်းကြည်တယ် နေပြည်တော်၊ မြန်မာ့အသံ ညတိုင်းကြားရတယ် ကလေးတွေအတွက် ပင်ကိုအသံနဲ့ ဆရာရှိတယ် လွတ်လပ်စွာကောင်းကင်ကြီးကို မော့ကြည့်ပြီး ပျော်မြူးနိုင်သလို ရွာမှာ အသိတရားနဲ့ ထိုးထားတဲ့ ခြံစည်းရိုးလေးတွေ ရှိတယ် တကယ့်ကို ချစ်စရာလေးပါ။
လောလောဆယ် မြို့မှာ အဆင်မပြေရင် ရွာကို ပြန်လာနိုင်သလို ရွာမှာရှိတဲ့ မင်းရဲ့ လယ်တွေယာတွေ မင်း ဘိုးဘွားတွေဆီက ရခဲ့တဲ့ အမွေတွေကို ပေါက်ဈေးနဲ့ ရောင်းထုတ်နိုင်သလို အလုပ်ပြုတ်သွားတဲ့ ရွာသားတွေကိုတော့ ထမင်းသုံးနပ်အလကား ကျွေးနိုင်နေပါသေးတယ်။
သုစံ၊ရွှေလှော်သား၊
ရန်သူ
ငါဟာ ကြင်နာတတ်တဲ့ မိန်ကလေးတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ အငြိုးအတေးကြီးပြီး ရက်စက်တတ်အောင် သူ သင်ပြပေးတယ်။ ပန်းတွေနဲ့ Allergic ဖြစ်တဲ့ ငါ့အတွက် မွှေးလွန်းလို့ နံတဲ့ပန်းတွေ မကြာမကြာ သူ ယူလာတယ်။ ကြောင်တွေကို ဘယ်တော့မှ ထပ်မနမ်းရဘူးလို့ အမေက ငါ့ကိုပြောတယ် သူကတော့ အမြဲပဲ ကြောင်တွေနဲ့ ပလူးပလဲလုပ်တယ်။ မိုးရေစိုရင် ငါဖျားမှာ သိရဲ့သားနဲ့ မိုးသည်းသည်းမှာ လျှောက်ပြေးရတာ သူ ပျော်မြူးတယ်။ ငါ မခံစားချင်ဘူး အချစ်ဆူးကို ကြောက်ပေမဲ့ မိုက်မိုက်ကန်းကန်း ဗီလိန်မဲန်းကိုမှ ရူးရူးမိုက်မိုက် သူနှစ်ခြိုက်တယ်။ အေးအေးချမ်းချမ်း ရှေ့ဆက်လှမ်းချင်လည်း ဗရုတ်သုတ်ခ အတွေးတွေပေး ငါ့ပန်းတိုင်နဲ့ ဝေးအောင် အမြဲသာ သူ နှောင့်ယှက် ငါ့ရှေ့ရေးကို လာလာဖျက်တယ် သူ့ကို အနိုင်ယူဖို့ ကြိုးစားတိုင်း အမြဲ ငါပဲ ရှုံးနိမ့်တယ်။ အခါခါ ကျရှုံး ငါ့ကိုယ်ငါ မုန်းလို့ ချုပ်ထိန်းမရတဲ့ ဒေါသတွေက လက်တွေကို ပန်းအိုးဆီ ပို့လွှတ်တယ်။ ပြီးတော့ ပစ်ပေါက်လိုက်တယ် ကျယ်လောင်တဲ့ အသံနဲ့အတူ ငါ့ရှေ့က မှန်ချပ်ကွဲကြေသွားတယ် ရန်သူ့ပုံရိပ်ဟာလည်း ပျောက်ကွယ်သွားတော့တယ်။
နန်းကြာဖြူ၊ဘားအံ့၊
|