|
Written by ခင်လေးမြင့်
|
|
Wednesday, 16 May 2012 10:47 |
လူငယ် ပရိသတ်တွေကြားမှာ အောင်မြင်တဲ့၊ လက်ခံတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။
argaiv1570
လွှမ်းပိုင်က လူငယ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ ကြိုးစား ရုန်းကန် ခဲ့တာပါ။ အသက် ၁၁ နှစ် အရွယ် တိုက်ကြီးမှာ နေထိုင်ခဲ့တဲ့ လွှမ်းပိုင်က အဲဒီ အရွယ်မှာတော့ ဂီတထက် ဘောလုံး အားကစားကို ၀ါသနာ ပါခဲ့ပါတယ်။ ဘောလုံး အားကစားကို ဦးလေး ဖြစ်သူကြောင့် ၀ါသနာ ပါခဲ့ပြီး ဒေးဗစ်ဘက်ခမ်းကို အားကျခဲ့သူပါ။ ဘောလုံး အားကစားကို ၀ါသနာ ပါပေမဲ့ ဘောလုံး အသင်းတွေ ထဲမှာတော့ ၀င်ရောက် မကစားခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အသားမည်းမှာ စိုးလို့ပါတဲ့။
ဘက်ခမ်းကို အားကျပြီး စံပြအနေနဲ့ ထားထားတာ အခု ချိန်ထိပါပဲလို့ လွှမ်းပိုင်က ဆိုပါတယ်။ အသက် ၁၅ နှစ်ကျော်ကျော်မှာ ဘောလုံးကစားတာ ကိုလည်း ၀ါသနာ ပါပေမဲ့ ဂီတပိုး စ၀င်လာ ပါပြီ။ “အဲဒီ အချိန်မှာ အမုန်းများစွာ အတွက် စီးရီးမှာ သီချင်း ၀င်ဆိုနိုင်ဖို့ ကြိုးစားခဲ့ ပါတယ်။ အဲဒီ အချိန်မှာ သူငယ်ချင်းတစ် ယောက်က အမုန်းများစွာ အတွက် အခွေမှာ ပိုက်ဆံပေးပြီး ၀င်ဆိုကြရအောင်၊ အဖွဲ့ဖွဲ့ပြီး ဆိုမယ်လို့ ပြောတယ်။ အဲဒီ သူငယ်ချင်းက ပုံပြောတာ များတယ်ဗျ။ ဟုတ်လား မဟုတ်လားတော့ မသိဘူး။ အဖွဲ့ဖွဲ့ပြီး သူများ ရေးပေးတဲ့ သီချင်းကို ၀င်ဆိုရုံပဲလို့ ပြောတယ်။ အဲဒီ အချိန်တုန်း ကတော့ အရူး ထခဲ့သေးတယ်။ အဲဒီကစပြီး သီချင်းတွေ လေ့ကျင့်တယ်။

သီချင်းကို ဘယ်လို ဆိုရမှန်းလည်း မသိဘူး။ အဆိုတော်ထဲမှာ ဆိုရင် စိုင်းစိုင်းခမ်းလှိုင် တို့က One Man Show ပုံစံတွေ လုပ်တော့ အရမ်း အားကျတယ်။ သူတို့တွေ ဆိုတာ မိုက်တယ်။ လိုက်လုပ်ချင်တယ်။ ဒါပေမဲ့ ဘယ်လို ဆိုရမှန်း မသိဘူး။ ကိုယ့်ဘာသာတောင် ဘယ်လို ပုံစံမျိုးနဲ့ ဆိုရမယ်မှန်း မသိဘူး”လို့ ဂီတ ၀ါသနာပိုး အစကို လွှမ်းပိုင်က ပြောပြခဲ့ပါတယ်။ သီချင်းကို ဘယ်လို ဆိုရမှန်း၊ သီချင်းကို ဘယ်ကနေ စရေးရမှန်း မသိတဲ့ အချိန်မှာ D 12 World အခွေကို နားထောင်ပြီး၊ Dictionary စာအုပ်ချကာ ဘာတွေ ရေးထားလဲ၊ ဘာတွေ ပြောထားလဲ ဆိုတာ ချရေးခဲ့ပါတယ်။ တိုက်ရိုက် ကော်ပီတွေ ချရေးရင်း သီချင်းတွေ ရေးနိုင်ဖို့ လွှမ်းပိုင်က ကြိုးစား ခဲ့ပါတယ်။
၁၀ တန်းကာလမှာ ကျောင်းစာကို မလုပ်ဘဲ သီချင်းတွေ ရေးနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အမုန်းများစွာ အတွက် စီးရီးမှာတော့ မပါဝင် နိုင်ခဲ့ပါဘူး။ ၁၀ တန်း နှစ်ဝက်မှာ ဂီတကို ၀ါသနာ ပါခဲ့သလို ကျောင်းမှာ ဘောလုံးပွဲ စီစဉ်သူလည်း လုပ်ခဲ့ပါသေးတယ်။ အသင်းတွေဖွဲ့ ဆုဒိုင်းတွေ ကိုယ်တိုင်သွားဝယ်။ အဲဒါတွေလုပ်ရင်း ဂီတ ဘက်ကိုလည်း အလွတ် မပေးခဲ့ပါဘူး။ ၁၅ နှစ်ကျော်၊ ၁၆ နှစ် အရွယ်မှာ ဂီတ လုပ်တာကို မိဘတွေက ခွင့်ပြုခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂီတ မလုပ်ရင် Game တွေပဲ ဆော့နေတာကြောင့် Game ဆော့တာထက် စာရင် ဂီတ လုပ်တာက တော်သေးတဲ့ အတွက် ဂီတ အလုပ်လုပ်တာကို ခွင့်ပြုခဲ့တာပါ။
ရတဲ့ မုန့်ဖိုးတွေနဲ့ သီချင်းတွေ လေ့လာ၊ အသံအစမ်း သွင်းရင်း Studio မှာ အသံ သွင်းနိုင်တဲ့ အနေ အထားထိ ရောက်ခဲ့ရပါတယ်။ “ဂီတ လောကထဲ ၀င်ရောက်ဖို့ ကြိုးစားနေချိန်မှာ ဘယ်လိုလုပ်မယ်၊ ဘာတွေ ပြင်ဆင်မယ်ဆိုတဲ့ ဦးတည်ချက် လွှမ်းပိုင်မှာ မရှိခဲ့ပါဘူး။ Underground အခွေဝေပြီး ဂီတ လောကထဲ ၀င်ဖို့ ကြိုးစား ရမလား၊ Underground အခွေဝေပြီး နာမည် ကြီးနေတဲ့ အဆိုရှင် တစ်ယောက်နဲ့ တွေ့ပြီး ဂီတလောကထဲ ၀င်ရ မလားဆိုပြီးေ၀၀ါး နေခဲ့ပါသေးတယ်။ ဂီတ အသိုင်းအ၀ိုင်း မရှိတာကြောင့် ဘယ်လို အဆက် အသွယ်တွေ ရှာပြီး ကြိုးစားရမလဲ ဆိုတာ မသိခဲ့တာပါ။
“ဂီတ အနုပညာလောကထဲ ၀င်ဖို့ တော်တော်ခက်ခဲ တယ်ဆိုတာ အခုချိန်မှာ ပြန်စဉ်းစားမိပါတယ်။ ကျွန်တော် တော်တော်လေး ကံကောင်းခဲ့လို့သာ ဂီတ လောကထဲ ရောက်ခဲ့တယ်လို့ ထင်ပါတယ်”လို့ လွှမ်းပိုင်က ဆိုပါ တယ်။ ဂီတ လောကမှာ Underground အခွေတွေ ဝေနိုင်ဖို့ ဆိုတာလည်း မလွယ်ပါဘူး။ မိတ်ဆွေ တစ်ယောက်က Underground အခွေ ထုတ်တဲ့သူ။ အဆိုရှင် တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုတာကြောင့် လွှမ်းပိုင်က အဲဒီ မိတ်ဆွေတစ်ယောက် ရဲ့အိမ်ကို အမြဲတမ်းလိုလို သွားပြီး စုံစမ်းနေရတာပါ။ “အဲဒီလို ယောင်ပေ ယောင်ပေ လုပ်နေရင်းနဲ့ သိလိုက်ရတာက ဘယ်သူ့အကူအညီနဲ့မှ လုပ်လို့ မရဘူးဆိုတာပဲ ကိုယ်တိုင်ကြိုးစားမှပဲ လုပ်လို့ရမယ်။ နေရာရမယ် ဆိုတာ သိလာတယ်။ ဘယ်သူက ထောက်ပံ့ပေးလို့လည်း နာမည် တစ်လုံးတော့ မရနိုင်ဘူး။
အဲဒါကြောင့် သီချင်း တွေ လုပ်ပြီး Underground အခွေဖြန့်မယ်ဆိုပြီး လုပ်တယ်။အဲဒီကနေ အဆက်အသွယ် ရခဲ့တာ”လို့ ဂီတလောကထဲ ခြေချနိုင်ဖို့ ကြိုးစားခဲ့ရမှု တစ်စိတ်တစ်ပိုင်းကို ပြောပြခဲ့ပါတယ်။ Underground အခွေက Studio တစ်ခုမှာ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်အသံ သွင်းထားတဲ့အခွေတွေကို Studio တွေမှာနဲ့၊ သူငယ်ချင်း အချင်းချင်း လက်ဆင့်ကမ်းအခမဲ့ ဖြန့်ဝေတဲ့ အခွေဖြစ်ပါတယ်။ Underground အခွေကို ဂီတ ၀ါသနာရှင်လူငယ် တွေက ဒီနေ့ခေတ်မှာ တော်တော်လေး ဖြန့်ဖြစ်ကြ တာပါ။ အဲဒီလိုဖြန့်ပြီး Show တွေမှာ ပါဝင် သီဆိုနိုင်ဖို့ ကြိုးစား ကြသလို၊ စီးရီးထုတ် နိုင်ဖို့လည်း ကြိုးစားကြရတာပါ။ Show တွေမှာ ပါဝင် သီဆိုပြီး ကိုယ့်ရဲ့ သီချင်း အသစ်တွေကို ပရိသတ်သိနိုင်ဖို့ ကြိုးစားတာထက် Underground ဖြန့်ပြီး ပရိသတ် သိဖို့ ကြိုးစားတာ ပိုပြီး ကောင်းတယ်လို့ လွှမ်းပိုင်က ဆိုပါတယ်။

“Underground မှာ သီချင်း ပေါက်ထားတဲ့သူ ဆိုရင် Show ဆိုတာ ဆိုသင့်တယ်။ သူ့သီချင်းကို လူမသိထားဘူး ဆိုရင် Show ဆိုဖို့ မကြိုးစား သင့်ဘူး ထင်တယ်။ ကျွန်တော့်အထင် ပြောရရင် Show က မထိရောက်ဘူးလို့ ထင်တယ်။ Show ကို လာကြည့်တဲ့ သူတွေ အများကြီးပဲ။ အသစ် တစ်ယောက်တက်လာပြီ ဆိုရင် သူတို့က အာရုံစူးစိုက်မှု အရမ်းနည်းတယ်။ အာရုံ မစိုက်ဘဲ လုပ်ချင်တာတွေ လုပ်နေတာ။ ပိုက်ဆံပေးပြီး တက်ဆိုတယ်ဆို ပိုက်ဆံ ကုန်တာပဲ ဖြစ်သွား မယ်။ Underground အခွေဝေတာ အကောင်းဆုံးနဲ့ အကျိုးရှိရှိ လုပ်ပြီးဝေတာ ပိုပြီးထိရောက်တယ်လို့ ထင်တယ်”လို့ Underground အခွေဖြန့်တာ ထိရောက်မှုရှိတဲ့ အကြောင်းပြောပြပါတယ်။
လွှမ်းပိုင်က 87 ဆိုတဲ့ Underground အခွေကို ဖြန့်ခဲ့ပါတယ်။ ကိုယ်တိုင်ရေး၊ တီး၊ ဆိုလုပ်ပြီး သီချင်း အနည်းငယ်ပါတဲ့ အခွေကို ဖြန့်တဲ့နေ့မှာပဲ စိုင်းစိုင်းခမ်းလှိုင်ကို အဲဒီ အခွေပေးဖြစ်ခဲ့တာပါ။ “အဲဒီအခွေကို Officially ထုတ်ချင်တာ၊ ဒါပေမဲ့ ထုတ်ပေးမဲ့သူက မရှိဘူး။ ကိုယ့်ကိုယုံ ကြည် ပေးမဲ့သူကလည်း မရှိဘူး။ အဲဒီတုန်းက Frezon ကနေ စီးရီးထုတ်ဖို့အဆို ရှင်သစ်တွေ သီချင်း လာပေးပါလို့ ကြေညာ ထားတာတွေ့တော့ သွားပေး တယ်။ မျှော်စင်ကျွန်းမှာလုပ်တှဲ့သတ တစ်ခုမှာကို စိုင်းစိုင်းကို စောင့်ပြီးပေးတာ။ အဲဒီနေ့ကကို စိုင်းစိုင်းရောက်တာ ညနေ ၆ နာရီ လောက် ရှိပြီ။ လာတော့လည်း Bodyguard တွေနဲ့၊ ပရိသတ်တွေကလည်း လက်မှတ်တွေ ၀ိုင်းထိုးခိုင်းနဲ့၊ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ၀င်လာကြတာ။ အဲဒီမှာ ကိုစိုင်းစိုင်း ခဏနေပါဦး၊ ကျွန်တော်တို့ ဒီအခွေလေးကို ပေးချင်လို့ ဆိုပြီး ပေးခဲ့တာ။ သူက စိတ်ရှည်ပါတယ်။ ဖုန်းနံပါတ် ရေးထားလား၊ မရေး ရသေးရင်း ရေးပေးတဲ့။ ရေးပေးပြီး ပေးလိုက်တော့ ပျော်တာပေါ့။ ကျွန်တော်တို့ အချိန် အများကြီး ပေးထားပြီး လုပ်ထားတာ။ ကြိုက်မှာပဲ ဆိုပြီး ပျော်နေတာ။
ဒါပေမဲ့ မျှော်စင်ကျွန်းက အနောက်ဘက်ထဲမှာ ခုံတွေပေါ်မှာ တင်ချင်တဲ့ အခွေ အကုန်တင်ထားကြတာ။ အဲဒီ ခုံပေါ်မှာ ဖုန်းနံပါတ် ရေးထားတဲ့ အခွေကို ကိုအာဘွိုင်းက ရပြီး ယူသွားတာ။ ဖုန်းနံပါတ် ရေးထားတာက လည်း အဲဒီတစ်ခွေပဲ ရှိတာ။ အဲဒီ အခွေကို ကိုအာဘွိုင်းက ကားပေါ်မှာ ဖွင့်ကြည့်ပြီး ကြိုက်သွားတာလို့ Underground အခွေထုတ်ရင်း အဆိုတော် ဖြစ်ဖို့ ကြိုးစားခဲ့ရပုံကို လွှမ်းပိုင်က ဆိုပါတယ်။ Underground အဖြစ်ဖြန့်ဖို့ ငွေကြေး ပြည့်စုံမှုများစွာနဲ့ လုပ်ခဲ့တာ မဟုတ်သလို စင်ပေါ်ရောက်အောင် ပိုက်ဆံပေးပြီး ဆိုဖို့လည်း မကြိုးစားခဲ့ပါဘူး။ ရှိတဲ့ ပိုက်ဆံလေးနဲ့ သီချင်း သွင်းပြီးကိုယ်တိုင် ကြိုးစားမှုတွေနဲ့ လုပ်ဆောင်ခဲ့တာပါ။
Underground အခွေဖြန့်ပြီး ပရိသတ်တွေကြားမှာ မသိခဲ့ရင် ဂီတအလုပ်ကို ဆက်မလုပ်ဖို့ လွှမ်းပိုင်က ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လွှမ်းပိုင်ရဲ့ 87 Underground ကို နားထောင်မိတဲ့ အာဘွိုင်းက သဘောကျပြီး သူတို့ရဲ့ Rock Star အဖွဲ့ထဲ ၀င်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ လွှမ်းပိုင်ဆိုတဲ့ နာမည်တစ်လုံးရရမယ်၊ ၂၀၀၈ မှာ စီးရီးတစ်ခွေမှာ ပါဝင် သီဆိုနိုင်ရမယ်ဆိုတဲ့ Plan တွေချပြီး လွှမ်းပိုင်က လုပ်ဆောင်ခဲ့တာပါ။ ၂၀၀၇ မှာ Underground အခွေဖြန့်လို့ ပရိသတ် သိခဲ့သလို ၂၀၀၈ မှာ ရဲလေးရဲ့ အခွေမှာ ပါဝင်သီဆိုနိုင်ခဲ့ပါတယ်။
ရဲလေးရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ပထမဆုံး စင်ပေါ်တက်ပြီး သီချင်းတွေ ဆိုခဲ့တဲ့ လွှမ်းပိုင်ကို ပရိသတ်တွေက နှောင့်ယှက်မှုတွေ မလုပ်ခဲ့ကြပါဘူး။ ဒါပေမဲ့ ပြင်ဦးလွင် ပန်းပွဲတော် အတွက် လုပ်တဲ့ပွဲမှာတော့ ရေဗူးနဲ့ပေါက်တာမျိုး ကြုံခဲ့ပါတယ်။ “ဂျောက်ဂျက်တို့နဲ့ လိုက်သွားတာ။ ရေဘူးနဲ့တင် မဟုတ်ဘူး။ ရေခဲထုတ်တွေရော ပေါက်တာ။ ပြင်ဦးလွင် ပန်းပွဲတော်က တော်တော်လေးကြမ်းတယ်” လို့ အဆိုတော် ဖြစ်ခါစမှာ ကြုံတွေ့ရတဲ့ ကြုံတွေမှုအကြောင်း ပြောပြပါတယ်။ လွှမ်းပိုင်က အဆိုတော်မဖြစ်ခင်မှာ Show ၂ ပွဲလောက်ပဲ ကြည့်ဖြစ်တယ်။Show ကြည့်တာ သင်ယူစရာ၊ အတွေ့အကြုံမရလို့ ထူးခြားမှုမရှိလို့ မကြည့်ခဲ့တာပါ။

“Show တွေ သွားရင် အတွေ့အကြုံတွေ၊ သင်ယူစရာတွေ ရမလားဆိုပြီး သွားခဲ့တာ။ ဘာမှ မရခဲ့ပါဘူး။ အဲဒီတော့ ပိုက်ဆံကုန်တယ်။ သီချင်းတွေ နားထောင် တခြားဟာတွေ လုပ်ပြီး ရှာမယ်ဆိုပြီး Show မကြည့်တာ” လို့လွှမ်းပိုင်က ဆိုပါတယ်။ Underground အခွေတွေဖြန့်ရင်း ဆယ်ကျော်သက် ဘ၀ကို ဖြတ်သန်းခဲ့တဲ့ လွှမ်းပိုင်က အခုချိန်မှာတော့ အတွဲခွေ အချို့နဲ့ ဒုံးပျံ ဆိုတဲ့ Bobby Soxer နဲ့ တစ်ဝက်စီဆို ထားတဲ့ အခွေတွေမှာ ပါဝင် သီဆို ထားနိုင်ပါပြီ။ တစ်ကိုယ်တော် စီးရီးထွက်နိုင်ဖို့ ကြိုးစားနေတဲ့ လွှမ်းပိုင်က “ဒုံးပျံ အခွေ လုပ်တဲ့ အချိန်မှာ ကျွန်တော် စဉ်းစားမိတာက နိုင်ငံတကာ အဆင့်မီအောင် လုပ်ချင်တယ်။
သီချင်း တစ်ပုဒ်ကို ပေါ့ပေါ့ပြက်ပြက် မတီးတော့ဘူး။ ကျွန်တော့် တစ်ကိုယ်တော် အခွေမှာလည်း သီချင်းကို အချိန် ပေးပြီး တီးမယ်။ Quality ကို ပိုပြီးဦးစား ပေး လုပ်ချင်တဲ့စိတ် ပေါ်လာတယ်”လို့ ဒုံးပျံ စီးရီး ထွက်ပြီးချိန် ဂီတအပေါ် ထားတဲ့ ရည်ရွယ် ချက် အကြောင်း ပြောပြပါတယ်။ ကွန်ပျူတာ Game ဆော့ရင် ဦးနှောက်ကို ထိခိုက်မှာ စိုးလို့ ကစားခွင့် ပိတ်ပင်ခံခဲ့ ရတာကြောင့် သီချင်းတွေ နားထောင်၊ ရေးဖြစ်ခဲ့တဲ့ အတွက် လွှမ်းပိုင်က အဆိုရှင် တစ်ယောက် ဖြစ်လာ ခဲ့တာပါ။ မိဘ ပိုက်ဆံ စိုက်ထုတ်မှုနဲ့ စီးရီး ထွက်နိုင်တဲ့ အဆိုရှင် တစ်ယောက် မဟုတ်ဘဲ လေ့လာ ရှာဖွေကြိုးစားမှုတွေနဲ့ အခြား သူများရဲ့ ယုံကြည်မှုကို ရယူရင်း အဆိုတော် တစ်ယောက်ဖြစ်လာတဲ့ လွှမ်းပိုင်ရဲ့ ဆယ်ကျော်သက်ဘ၀အကြောင်းကို အချိန်ပေး ဖတ်ရှုပေးတဲ့ teen ပရိသတ်များကို ကျေးဇူး တင်ပါတယ်။ teen ပရိသတ်များလည်း ကိုယ်တိုင်ကြိုး စားရုန်းကန်မှုတွေနဲ့ အောင်မြင်မှုများစွာ ရရှိနိုင်ကြပါစေ။
ခင်လေးမြင့်
|
ခင်လေးမြင့် |
| About the author: |
| | |