|
(May-2012)စာကောင်းကင်က လင်းလက်ကြယ် |
|
|
|
|
Written by မင်္ဂလာရွှေမောင်း
|
|
Monday, 07 May 2012 16:30 |
ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံ တစ်နိုင်ငံမှာ စစ်ပွဲဟူသည် မရှိ။ စစ်ပွဲ ရှိနေတဲ့ နိုင်ငံ တစ်နိုင်ငံ၊ ငြိမ်းချမ်းရေး မရှိတဲ့ နိုင်ငံ တစ်နိုင်ငံဟာ ဘယ်လိုမှ မဖွံ့ဖြိုး မတိုးတက် နိုင်ပါဘူး။
argaiv1064
ဒါကြောင့်လည်း ပြောရရင် နိုင်ငံ တစ်နိုင်ငံရဲ့ အသက်ဟာ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးရဖို့ ဆိုတာကလည်း ညီညွတ်ပါမှ။ စည်းလုံး ပါမှ။ မြန်မာနိုင်ငံမှာ အစည်းလုံးဆုံး အချိန်တွေ ရှိခဲ့ဖူးပါတယ်။ အဲဒီ အချိန်တွေ ကတော့ နယ်ချဲ့အောက်က လွတ်မြောက်ဖို့ အတွက် အတူတကွ ရုန်းကန်စဉ် အချိန်၊ တို့ဗမာ အစည်းအရုံး၊ ဖဆပလ အဖွဲ့တို့ကို ဖွဲ့စည်းစဉ်ကနဲ့ ပင်လုံ ညီလာခံ ကျင်းပ စဉ်က မြန်မာ တစ်ပြည်လုံး စည်းလုံး ညီညွတ်ခဲ့ကြပါတယ်။ သမိုင်းမှာ အထင် အရှားရှိခဲ့တဲ့ အဲဒီ စည်းလုံးရေး မှတ်တိုင်တွေကို ပြန်ပြောင်း သုံးသပ်ပြီး၊ ဒီနေ့အချိန် ဟာလည်း တစ်ဦးအပေါ် တစ်ဦးက အပြစ်မမြင်ဘဲ အထူး ချစ်ခင် စည်းလုံးဖို့ လိုအပ်နေတဲ့ အချိန် ဖြစ်ပါတယ်။
ညီညွတ်ရေးကို အန္တရာယ် ဖြစ်စေနိုင်တာကတော့ ဂိုဏ်းဂဏ ၀ါဒပဲ ဖြစ်ပါတယ်။ အဲ-ပြီးတော့ သံသယ။ သံသယဟာ စည်းလုံးမှုကို အက်ကြောင်း ထင်စေနိုင်သလို ဂိုဏ်းဂဏ ၀ါဒဟာလည်း စည်းလုံးမှုကို ပြိုကွဲ သွားစေနိုင်ပါတယ်။
ရှေးမြန်မာမင်းများ တည်ဆောက် နိုင်ခဲ့တဲ့ စည်းလုံး ညီညွတ်မှုဟာ အဲဒီ ဘုရင် မရှိတော့တဲ့ အချိန်၊ အာဏာမဲ့ သွားတဲ့ အချိန်မှာ ပြိုကွဲပျက်စီး သွားခဲ့ ပါတယ်။ ဒါကြောင့်လည်း စည်းလုံး ညီညွတ်မှုကို တစ်ဦးတည်း တည်ဆောက်လို့ မရနိုင်ပါဘူး။ ကမ္ဘာ့ နိုင်ငံရေးကို ပြန်ကြည့်ပါ။ ခေါင်းဆောင် တစ်ဦးတည်း က ရည်မှန်းချက်ကို တည်ဆောက်နေတာ မဟုတ်ပါဘူး။ ပြည်သူကသာ တည်ဆောက် နေတာပါ။ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည် ဖော်တဲ့သူသာ ခေါင်းဆောင်ပါ။
ဒီလ လှိုင်းသစ်မှာ ပါတဲ့ ထက်မြက်ရဲ့ “အမျိုးသား စည်းလုံးညီညွတ်ရေး” ဟာ ညီညွတ်ရေး မရှိရင် ငြိမ်းချမ်းရေး မရနိုင်သလို ငြိမ်းချမ်းရေး မရှိရင်လည်း ညီညွတ်ရေးကို မတည်ဆောက် နိုင်ကြောင်း သမိုင်း အထောက်အထားများနဲ့ ရေးသားထားတဲ့ ဆောင်းပါးပါ။
ဆရာ ထက်မြက်က သူ့ဆောင်းပါးမှာ နေတိုး၊ ဆီတိုးတို့လို စစ်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့တွေရယ်၊ EU.ASEAN တို့လို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ညီညွတ်ရေး တည်ဆောက် ကြတဲ့ အဖွဲ့တွေကို ကိုးကားပြီး ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဖွံ့ဖြိုး တိုးတက်လာပုံ ကို ရေးသားထားပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ကိုက်ညီတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။
ဉာဏ်မောင်ချစ်ရဲ့“သွေးစည်း ညီညွတ်ရေးရဲ့ သင်ခန်းစာများ” ကိုလည်း ဖတ်ကြည့်စေချင် ပါတယ်။ ဆရာဉာဏ်မောင်ချစ်က သူ့ဆောင်းပါးမှာ မြန်မာ နိုင်ငံရေး စာမျက်နှာတွေထဲက သွေးကွဲ ခဲ့ကြတဲ့ စာမျက်နှာတွေကို ဒီဆောင်းပါးမှာ ဆွဲထုတ် တင်ပြထားပါတယ်။ ၁၉၄၆ ခုနှစ် အောက်တိုဘာ လ ၁၀ ရက်နေ့ဟာ ဖဆပလ အဖွဲ့ချုပ်ရဲ့ သဘော တူညီချက်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကို ဖဆပလ အဖွဲ့ချုပ်က ထုတ်ပယ် ပစ်ခဲ့ပါတယ်။ အဲဒီ လုပ်ရပ်ဟာ မြန်မာ့ သမိုင်းရဲ့ နိုင်ငံရေး မတည်ငြိမ်မှုကို ဖြစ်ပေါ်စေခဲ့ရုံမျှမက ပြည်တွင်းစစ်မီးကို စတင် မီးမွှေး ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီပြည်တွင်းစစ်ကြီးဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ သွေးစည်း ညီညွတ်ရေးနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတား ဖြစ်နေခဲ့ပါတယ်။ ဆရာက သူ့ဆောင်းပါးကို သမိုင်း ဖြစ်စဉ်တွေနဲ့ တိတိကျကျ ရေးသားထားပါတယ်။ ဘယ်လိုကြီးကျယ် မြင့်မြတ်တဲ့ သူမျိုးကမှ သမိုင်းရဲ့ပကတိ အဖြစ်တရားကို မှောက်ချည်လှန်ချည်လုပ်လို့ မရနိုင်ပါဘူးလို့ ဆရာက ဆိုပါတယ်။ ခေတ်ပြိုင်ခံစားမှု အားကောင်းလှတဲ့ နိုင်ငံရေး ဆောင်းပါး တစ်ပုဒ်ပါ။ ၂၀၁၂ ဖေဖော်ဝါရီ လှိုင်းသစ်
ဒီလ ကလျာမှာ ပါတဲ့ မွန်းဇူးရဲ့ “ဖြေလျော့ခက်ခက် တတိယကြိုး”ဟာ လင်နဲ့မယား ၀န်ထမ်း ဘ၀နဲ့ တစ်နေရာစီ ခွဲနေတဲ့ မိသားစုတစ်စုရဲ့ ဘ၀ နေဟန်ကို ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုပါ။ အနောက်ရိုးမ က သိုသိုသိပ်သိပ် နေတဲ့ ရွာကလေး တစ်ရွာမှာ ဇနီးသည်က ကျောင်းအုပ်၊ လင်က ဧရာဝတီကမ်းပါး က စက်ရုံတစ်ရုံမှာ။ ဇနီးသည် ရှိတဲ့ရွာက ကလေးရဲ့ “စရိုက်” ကို ပုံဖော် ရေးဖွဲ့ပြတဲ့ နေရာမှာတော့ မွန်းဇူးက အလွန် ပီပြင်ပါ တယ်။ ၀န်ထမ်း မိသားစု တစ်စုရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးဖွဲ့ပြရင်း သံယောဇဉ်ကြိုး တွေကို ဖြတ်တောက်ဖို့ ကြိုး ပမ်းပုံကလေးပါ။
ဇူလိုင်မိုးရဲ့ “မြွေနိုင် မြွေစား” ဟာ လောကကြီး ထဲမှာ အမြဲနိုင်သူလို့ မရှိ သလို၊ အမြဲတမ်းရှုံးသူဆိုတာ လည်း မရှိပါဘူးဆိုတဲ့ နိယာမတစ်ခုကို ဖားနဲ့မြွေကို သင်္ကေတပြုပြီး ရေးဖွဲ့ထားတဲ့ ၀တ္ထုလေးပါ။ ၀တ္ထုရေးသူ ဟာ ဒီဝတ္ထုထဲမှာ စာဖတ်သူ ကို အဲဒီ နိယာမကို သတင်း ပေးရေးသား ထားရုံမျှမကပါဘူး။ မြွေဆိုးတွေရဲ့လက္ခဏာ၊ မြွေနဲ့တွေ့ရင် ဘယ်လို အနိုင်ယူရမယ်စတဲ့ လူသားတွေ အတွက် လိုအပ်ချက် သုတကိုလည်း ၀တ္ထုထဲမှာ သေသေသပ်သပ် ထည့်သွင်း ရေးသားထားပါတယ်။
ဒီလကလျာမှာ ဇာတ် သိမ်းပိုင်းဖော်ပြထားတဲ့ ခင် ခင်ထူးရဲ့ “ကျာကျူး” ဟာ အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ် ပါ။ ခင်ခင်ထူးဟာ စရိုက် ဆန်းဆန်းဇာတ်ကောင်တွေကို ရေးဖွဲ့တဲ့နေရာမှာ စာဖတ်သူ ရင်မှာ စွဲထင်လာအောင်ရေး ဖွဲ့နိုင်စွမ်းရှိတဲ့ ၀တ္ထုရေး ဆရာမတစ်ဦးပါ။ ဒီဝတ္ထုလေးမှာလည်း “ကျာကျူး” ဆိုတဲ့ ကလေးမလေးရဲ့ ဘ၀ နေဟန်၊ ဘ၀ဖြတ်သန်းမှု၊ စိတ်အနေ စိတ်စရိုက်ကို လှလှပပ ရေးဖွဲ့ပြထားပါ တယ်။ ဖတ်ကြည့်ပါဦး။
ဂျူးရဲ့ “စီးပွားရေး ကိုလိုနီ” ဟာ စစ်တပ်နဲ့ တိုက်ခိုက်သိမ်းပိုက်ပါမှ ကိုလိုနီတည်ထောင်တာ မဟုတ်ပါကြောင်း၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့နဲ့ သိမ်းပိုက် လွှမ်းမိုးတာလည်း ကိုလိုနီ တည်ထောင်တာဖြစ်ကြောင်း၊ သွေးမြေကျမှ စစ်ရှုံးတာ မဟုတ်ကြောင်း၊ စီးပွားရေး ချဲ့ထွင် ကုန်သွယ်ခြင်းနဲ့လည်း သူ့ကျွန်အဖြစ် မသိမသာ ရောက်သွားနိုင်ကြောင်း သတင်းပေးရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ ၂၀၁၂ မတ် ကလျာ
ဒီလ မဟေသီမှာ ပါတဲ့ ရိုးကိုလေးရဲ့ “ရေဒကာ” ဟာ ပြည်သူပိုင်ရေတွင်းကို ခြံခတ် အမြတ်ထုတ်တဲ့ အောင်သောင်းဆိုတဲ့ လူကြီးကို ရွာ လူငယ် တစ်ဦးက ပညာပေးပုံ ကို ရေးဖွဲ့ထားတဲ့ဝတ္ထုတို ကလေးပါ။ ရိုးကိုလေးဟာ သူ့ဝတ္ထုလေးကို သေသေသပ်သပ် ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်း ထားပါတယ်။ ဦးအောင်သောင်းကို စာဖတ် သူမြင်အောင်လည်း “ပြ”ပါ တယ်။ ဖတ်ကြည့်ပါဦး။
ဂျိုဇော်ရဲ့ “ကျောက်စာ တိုင်ယိုင်နဲ့နဲ့” ဟာ လူကုန်ကူး မှုနဲ့ မိန်းမပျိုလေးတွေ သတိ ထားရမယ့်ကိစ္စကို အသိပေး တင်ပြရေးဖွဲ့ထားတဲ့ဝတ္ထုတို လေးပါ။ ၀တ္ထုတိုအရေး ကောင်းတဲ့ ဂျိုဇော်ဟာ ၀တ္ထုတိုအရေးကျဲပေမဲ့ ရေးလာ ရင် ပရိသတ်ကို အရေးကြီး တဲ့ သတင်းလက်ဆောင်တစ် ခုခုတော့ ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့ နေရာမှာလည်း သူ့အနုပညာနဲ့ ပေးတတ်တဲ့ ၀တ္ထုရေးဆရာပါ။ ဒီဝတ္ထုမှာ လည်း မြန်မာမိန်းကလေးတွေ ရဲ့ဘ၀ကို ဖြန့်ခင်း ပြထားပါ တယ်။ ဖတ်ကြည့်ပါဦး။ ၂၀၁၂ မတ်လ မဟေသီ
ဒီလ ရွှေအမြုတေမှာ ပါတဲ့ ဆေးဆေရဲ့ “အချိန်မဲ့ အရိပ်” ဟာ နေ၀င်ချိန်အဘိုး ကြီးတစ်ဦးရဲ့ ဘ၀ဖြတ်သန်း မှုကို အဝေးမြင်ရှုထောင့်က ရေးဖွဲ့ထားတဲ့ဝတ္ထုတိုတစ်ပုဒ် ပါ။ ဒီဝတ္ထုလေးဟာ ပျိုရွယ် စဉ်က ဘုန်းမီးနေလ တောက်ပခဲ့ပေမဲ့ အိုမင်းချိန်၊ ကျန်ရှိနေတဲ့ နေ့ရက်တွေ အပေါ် လိုလိုလားလား မရှိ တော့ဘဲ သေရမယ့်ရက်ကို စောင့်နေရသူတစ်ဦးအဖြစ် အထီးကျန် ဖြတ်သန်းနေရ တဲ့ရောဂါသည် အဘိုးအို တစ်ဦးရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးဖွဲ့ထားတာပါ။ “အသက် ဘယ်လောက်ပဲ ရှိရှိ၊ မနက်ဖြန်အတွက် အစီအစဉ် တွေရှိနေရင် ခင်ဗျားဟာ လူငယ်ပဲ”လို့ ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဆေးဆေဟာ ပျိုရွယ်စဉ် ဘ၀နဲ့ နေ၀င်ချိန်ဘ၀၊ အမြင့်နဲ့ အနိမ့်၊ ချမ်းသာသုခနဲ့ ဆင်းရဲ ဒုက္ခတို့ကို နှိုင်းယှဉ်ရေးဖွဲ့ ပြနိုင်ခဲ့ပါတယ်။ ၀တ္ထု ကောင်းလေးတစ်ပုဒ်ပါ။
အဇ္ဈတ္တရဲ့ “မျက်ရည် ရေစက်”ဟာ ပန်းချီအနု ပညာကို နားလည်ခံစားနိုင် လောက်တဲ့ လူ့အရည်အချင်း မရှိသူတစ်ဦးရဲ့လက်ထဲကို သူ့ပန်းချီကို မအပ်ချင်လို့၊ ပန်းချီကားမရောင်းလိုက်ပုံကို ဖွဲ့ထားတဲ့ ၀တ္ထုတိုပါ။ အဇ္ဈတ္တဟာ ဒီဝတ္ထုလေးကို ရေးဖွဲ့ရာ မှာ စကားလုံးလေးတွေကို ရွေးချယ် သုံးနှုန်းထားတယ်။ အနုပညာကို နားလည်ခံစား တန်ဖိုးထား သူနဲ့ ငွေရှိပြီး အနုပညာကို မခံစားတတ် သူနှစ်ဦးကိုလည်း စာဖတ်သူ မြင်အောင် နှိုင်းယှဉ်ရေးဖွဲ့ပြ ထားပါတယ်။
ငွေဇင်ယော်ဦး(မိုးကုတ်)ရဲ့ ကိုယ့်နေရာ သူ့နေ ရာ ဟာ သူငယ်ချင်းလေး ယောက်ရဲ့ စိတ်အရည်အချင်း နဲ့ ဘ၀ ဖြတ်သန်းမှုကို နှိုင်း ယှဉ်ရေးဖွဲ့ပြထားတဲ့ ၀တ္ထုတိုပါ။ ငွေဇင်ယော်ဦးဟာ သူ့ ထုံးစံအတိုင်း သူ့ ၀တ္ထုလေးကို ငြိမ်ငြိမ်လေး ရေးဖွဲ့ပြ တယ်။ လူငယ်တစ်ယောက် ရဲ့လုပ်ကိုင်နိုင်တဲ့ စွမ်းရည် အကျယ်အ၀န်းကို စာဖတ်သူ တွေ သိရှိ နားလည်လာအောင် အိပန်ရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ ရေးဖွဲ့ပြခဲ့ပါတယ်။ အားမာန် ပေးဝတ္ထု တစ်ပုဒ်ပါ။ ဖတ် ကြည့်ပါဦး။
နန်းဧကရီရှင်ရဲ့ “သမီး နှစ်ယောက်” ဟာ ကြီးကျယ် ခမ်းနားတဲ့အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ လူမသိ၊ သူ မသိ ပေးဆပ်မှုတွေ ရှိနေတယ် ဆိုတာကို ရေးဖွဲ့ပြထားတဲ့ ၀တ္ထုတိုပါ။ နန်းဧကရီရှင်ဟာ ၀တ္ထုတိုအရေးအဖွဲ့ကောင်းပါ တယ်။ ညီအစ်မ နှစ်ယောက်၊ ဒါမှမဟုတ် သမီးနှစ်ယောက် ရဲ့ ဘ၀ဖြတ်သန်းမှုကို ပီပီ ပြင်ပြင် ရေးဖွဲ့ပြပါတယ်။ သမီး အငယ်က နောက်ကွယ်က ရုန်းကန်လှုပ်ရှားပြီး သမီး ကြီးကို အောင်မြင်အောင် လုပ်ပေးခဲ့ပေမဲ့ ဘယ်သူကမှ သမီးအငယ်ကို အသိအမှတ် မပြုကြပါဘူး။ လူ့လောက ဓမ္မတာကို ရေးဖွဲ့ထားတာပါ။
နိုင်မြင့်ရဲ့ “ဒိုက်ငြိလှေ ကလေးများ” ဟာ အခြေခံ အားဖြင့် အောင်မြင်ထူးချွန် နိုင်ဖို့ အခွင့်အလမ်းများတဲ့ ကျောင်းသူကျောင်းသားလေး တွေကို သီးခြားသင်ပြပေး လိုက်လို့ တက္ကသိုလ်ဝင်တန်း မှာ ထူးထူးချွန်ချွန် အောင် မြင်လာခဲ့ပြီးမှ အဆင့်မြင့် ပညာကို မသင်နိုင်ရှာတဲ့ ကလေးတွေရဲ့ဘ၀ကို ကျောင်းဆရာနှစ်ဦးရဲ့ဘ၀နဲ့ ပေါင်းစပ်ဖြန့်ခင်းပြထားတဲ့ ၀တ္ထုရှည်ပါ။ ဆေးကျောင်း အမှတ်မီပေမဲ့ မသင်နိုင်ရှာလို့ “ရိုးရိုးအောင်ရင် အကောင်း သားဆရာရယ်” လို့ ညည်း တွားလာခဲ့တဲ့ တပည့်လေး တွေရဲ့ စကားကြောင့် ခံစား ရတဲ့ဆရာတွေရဲ့ ခံစားချက် ကို နိုင်မြင့်ဟာ ပီပီပြင်ပြင် ရေးဖွဲ့နိုင်ခဲ့ပါတယ်။ ထူးချွန် အောင် ကြိုးပမ်းနိုင်ပေမဲ့ မုဆိုးမမိခင်တွေအဖို့ ဆေး ကျောင်းထားဖို့ ကိုမူ ဘယ် လိုမှ မကြိုးစားနိုင်ကြပါဘူး။ ငွေရှိမှ ပညာသင်နိုင်တယ် ဆိုတဲ့ စနစ်တစ်ခုကို ပြောင်း လဲပစ်ဖို့ အချိန် ရောက် နေပြီဆိုတာကို သံချောင်း ခေါက်၊ အသိပေး ရေးဖွဲ့ထားတဲ့ ၀တ္ထုရှည်ပါ။ ၂၀၁၂ မတ်လ ရွှေအမြုတေ
ဒီလ ဖူးငုံမှာပါတဲ့ ကိုကောင်းသော်(ကျောက်ဆည်) ရဲ့ “လရောင်နုနု သွေးခြည်ဥ တော့” ဟာ ရွှေမောင်းတို့နိုင်ငံ မှာရှိတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ ကျန်းမာရေးစောင့် ရှောက်မှုကို ဖွဲ့ဆိုထားတဲ့ ၀တ္ထုပါ။ တစ်နည်းပြောရရင် ဒီနေ့ခေတ် ဆေးရုံတစ်ရုံရဲ့ အရည်အသွေးကို စာဖတ်သူ မြင်အောင် ပုံဖော်ရက်ဖွဲ့ပြ လိုက်တဲ့ ၀တ္ထုတိုတစ်ပုဒ်ပါ ပဲ။ ကလေးငယ်တစ်ဦးအရေး ပေါ် အူအတက်ပေါက်လို့ ဆေးရုံကို ပို့ခဲ့ရတယ်။ အရေး ပေါ်လူနာအပေါ် မြန်မာပြည် ဆေးရုံ တစ်ရုံရဲ့ တုံ့ပြန်မှုကို စာရေးဆရာက အသေးစိတ် ရေးဖွဲ့ပြထားပါတယ်။ ဖတ်ကြည့်ပါဦး။
မှူးဆက်ပိုင် (ရွှေတောင်)ရဲ့ “အရောင်ပြောင်းသော လက်ဖက်ရည်” ဟာ ဆရာနဲ့ တပည့်အကြားမှာရှိနေ တဲ့ မေတ္တာတရား၊ ခွင့်လွှတ် နိုင်မှုနဲ့ သံယောဇဉ်ကို ရေးဖွဲ့ ပြထားတဲ့ဝတ္ထုတိုတစ်ပုဒ်ပါ။ ဒီဝတ္ထုလေးထဲက ကျောင်း အုပ်ဆရာကြီးကို မြင်လိုက် တွေ့လိုက်ရတော့ ကိုယ်ကိုယ် တိုင်ဆရာဘ၀ကို ဖြတ်သန်း ခဲ့ရပုံတွေကို ပြန်မြင်ယောင် လာတဲ့အပြင် ဒီဝတ္ထုလေးကို ဖတ်လိုက်ရလို့လည်း ရင်မှာ ကြေကြေကွဲကွဲ ဖြစ်မိတာ အမှန်ပါ။
ဒီနေ့တွေ့၊ နက်ဖြန် ကြိုက်၊ သန်ဘက်ခါ လင် နောက်လိုက်ဆိုသလို အိမ် ထောင်ပြုတာ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်မှာ အိမ်ထောင်ပြုဖို့ ချစ်သူထားဖို့ဆိုတာ မိန်း ကလေးတွေဘက်က စဉ်း စားစရာတွေအများကြီးပါနေ ကြောင်း၊ ပုံစံအသစ်နဲ့ ထောက်ပြ၊ ပြောပြထားတဲ့ ၀တ္ထုတိုတစ်ပုဒ်ကတော့ တေဇ လင်း(နည်းပညာတက္ကသိုလ်) ရဲ့ “သင်္ခါရချစ်ခြင်း” ပါ။ ၀တ္ထုလေးကို အရောင်ထွက် လာအောင် စာရေးသူက တင် ပြပုံအသစ်နဲ့ စိတ်ဝင်စား စဖွယ် တင်ပြထားပါတယ်။ ၀တ္ထုဆိုတာ “ရသ” စာပေ အမျိုးအစားဆိုပေမဲ့ အဲဒီရသ ထဲမှာ ရောပြီး ပါလာတဲ့ သိမှတ်စရာလေးတွေက ဘ၀ ဖြတ်သန်းမှုမှာ အထောက် အကူပြုနေတာမျိုး ဖြစ်လာရင် အဲဒီဝတ္ထုဟာ ပိုပြီးလှပနေ တတ်ပါတယ်။ “သင်္ခါရချစ် ခြင်း” က အဲဒီလို ၀တ္ထုမျိုး ပါ။
လှမိုးသစ် (ကျောက် ဆည်)ရဲ့ “သမာဓိညှပ်ကြီး” ကိုလည်း ညွှန်းချင်ပါတယ်။ အမှန်တရားကိုသာသိပြီး မာ ယာပရိယာယ်မရှိတဲ့ သမာဓိ ညှပ်ကြီးကို ပုဂံသားညီနောင် ထံက ရွှေတစ်ပိဿာကိုယူ၊ အရည်ကျိုကာ သူ အမြဲကိုင် ဆောင်လေ့ရှိတဲ့ တောင်ဝှေး ထဲ လောင်းထည့်ထားပြီးမှ သစ္စာဆိုလိုက်တယ်။ မူလ ပိုင်ရှင် ပုဂံသားညီနောင်ထံ တောင်ဝှေးကို ခေတ္တအပ်နှံပြီး သစ္စာဆိုလိုက်လို့ ညှပ်ကြီးက ရှင်ကြီးလက်ကို မဖြတ်ခဲ့ ဘူး။ အဲ- အဲဒါကို သိထား တဲ့ ရှင်ကြီးက ဒကာမကြီး အိုသူယာရဲ့ သိန်းငါးရာကို ယူ၊ ဘဏ်မှာသူ့နာမည်နဲ့ အပ် ပြီး သစ္စာဆိုခဲ့ရာ၊ ရှင်ကြီး လက်ပြတ်သွားခဲ့လို့ ရှင်ကြီး က “ညှပ်ကြီး ပျက်သွားပြီ” လို့ အော်ပြီး ထွက်ပြေးသွားခဲ့ ပါတယ်။ ၀တ္ထုရေးဆရာက အဲဒီအကြောင်းအရာတွေကို အိုင်ကျင်းဖွဲ့တင်ပြပြီးမှ သူ ပြောချင်တဲ့အရာကို ပြောပြ လိုက်ပါတယ်။ အဲဒါကတော့ ကွန်ဒိုကြီးပြိုကျသွားလို့ တာဝန်ခံအင်ဂျင်နီယာကို ညှပ်ကြီးဆီခေါ်လာပြီး သစ္စာ ဆိုခိုင်းခဲ့ပါတယ်။ လူထုက တာဝန်ခံအင်ဂျင်နီယာ ခိုးလို့ ပြိုကျရတယ်လို့ ယုံကြည်ပြီး ညှပ်ကြီးဆီမှာ သူ့လက်ကို သွင်းပြီး သစ္စာဆိုခိုင်းခဲ့ပါ တယ်။ အင်ဂျင်နီယာက “တိုက်ပြိုတာ ခြစားလို့ပါ” လို့ ရဲရဲဝံ့ဝံ့သစ္စာ ဆိုလိုက်ပါ တယ်။ တစ်ခါမှ မမှားတဲ့၊ ဘက်မလိုက်တဲ့ တရားသူ ကြီး သမာဓိညှပ်ကြီးက အင်ဂျင်နီယာရဲ့လက်ကို ဖြတ် လိုက်သလား။ ဒါမှ မဟုတ်...။ စာဖတ်သူတွေကို ဖတ်ကြည့်စေချင်ပါတယ်။ ၂၀၁၂ မတ်လ ဖူးငုံ
ဒီလ ရတီမှာ ပါတဲ့ ယုယရဲ့ “ဆရာမ နုတ်ထွက် သွားခြင်း” ဟာ ကျောင်း သားလူငယ်ပြုစု ပျိုးထောင်ရေး နဲ့ ပတ်သက်ပြီး ဆရာတစ် ယောက်ရဲ့တာဝန်ကို ရေးဖွဲ့ တင်ပြထားတဲ့ ၀တ္ထုတစ်ပုဒ် ပါ။ ယုယက ပြည့်ပြည့် ကျော်ထက်၊ ဖြိုးဖြိုးတို့ကို ပုံစံ ပြုတင်ပြထားပါတယ်။ အနာဂတ်ကို မျက်နှာမူထားတဲ့ ၀တ္ထုကောင်းလေး တစ်ပုဒ်ပါ။
ထက်နိုင်(တလုပ်မြို့) ရဲ့ “အရူးစကား” ဟာ ဘ၀ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခုခံ တွန်းလှန်ရင်း မူမမှန်ဖြစ်ကြ ရတာတွေကို လီဆူးသီချင်း သည်၊ ကိုကျော်မြိုင်တို့ရဲ့ ဘ၀ဖြတ်သန်းမှုတွေနဲ့ ရေးဖွဲ့ တင်ပြထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ ထက်နိုင်ဟာ သူ့ဝတ္ထုမှာ ကိုကျော်မြိုင်ရဲ့ ဘ၀ဖြတ် သန်းမှုကို အသေးစိတ်ခြယ် မှုန်း ရေးဖွဲ့ပြပါတယ်။ ဖတ်ကြည့်ပါဦး။
သတိုးရဲ့ “ရောင်းစား ခြင်း” ဟာ ဒီနေ့ခေတ်ပေါ် အသက်မွေးဝမ်းကျောင်းအလုပ် တစ်ခုကို ရေးဖွဲ့ထားတဲ့ဝတ္ထုတိုတစ်ပုဒ်ပါ။ သတိုးဟာ သူ့ ၀တ္ထုလေးကို လှလှပပ ဖွဲ့စည်းထားပါတယ်။ ငွေရ မယ်ဆိုရင် လုပ်သင့်၊ မလုပ် သင့်ဆိုတာကို မကြည့်တော့ဘဲ ဘာမဆို လုပ်တတ်ကြတဲ့ သူတွေ၊ လေးစားမြတ်နိုး တန်ဖိုးထားမှုတွေ အက်ကြောင်း ထင်နေကြသူတွေကို သူ့ဝတ္ထုမှာ စာဖတ်သူမြင်လာ အောင် ရေးဖွဲ့ပြထားပါတယ်။
မွန်းဇူးရဲ့ “ဧဒင်ကရှေ့ မိပဲကနောက်” ဟာ ကာရာ အိုကေ၊ စင်တင်တေးဂီတမှာ ၀န်ဆောင်မှု ပေးနေကြတဲ့ မိန်းကလေးတွေရဲ့ ဘ၀ဖြတ် သန်းမှုကို ခနဲ့တဲ့တဲ့ ရေးဖွဲ့ပြ ထားတဲ့ ၀တ္ထုတိုပါ။ မွန်းဇူး ဟာ စင်တင်တေး ဂီတမှာ လုပ်နေတဲ့ မိပဲရဲ့ဘ၀ကို ပုံဖော် ရာမှာ ဒီနေ့မြို့ပြ လူနေမှု၊ ဒီနေ့ စီးပွားရေးစနစ်၊ ခေတ်ပြိုင် ခံစားမှုကို စာဖတ်သူ ရင်ထဲကို ရောက်အောင် ရေးဖွဲ့နိုင်ခဲ့ပါ တယ်။ ၂၀၁၂ မတ်လ ရတီ
ဒီလ ရနံ့သစ်မှာ ဖော်ပြ ထားတဲ့ အောင်မြင့်ဦး(မဟာ ၀ိဇ္ဇာ) ရဲ့ “ဖက်ဆစ်တော်လှန် ရေးနှင့် သခင်ဗဟိန်း” ဟာ “မြင်းခွာတစ်ချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ ရဲရဲတောက်စကားကို ပြောကြားခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်းနဲ့ ဂျပန်တော်လှန်ရေး ကာလလှုပ် ရှားမှုကို ဖော်ပြ ရေးသားထားတဲ့ ဆောင်းပါးပါ။ ဖက်ဆစ် တော်လှန်ရေး အောင်မြင်မှုရဲ့ အဓိကကတော့ တော်လှန်လို စိတ်ရှိလာအောင်၊ ဖက်ဆစ်တို့ ရဲ့အတွင်းသရုပ်နဲ့ အကျင့် စရိုက်ဆိုးတွေကို ပြည်သူ လူထု နားလည်သိရှိလာ အောင်၊ တော်လှန်ရေး သဘောတရား အပေါ် သိရှိ ယုံကြည်လာအောင် ဟော ပြောပို့ချ၊ စနစ်တကျစည်းရုံး ရေးဟာ အလွန်အရေးကြီးပါ တယ်။ သခင်ဗဟိန်းဟာ အဲဒီ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ် ပါတယ်။ မြန်မာ့သမိုင်းမှာ ကျန်ထား၊ ချန်ထားလို့ ဘယ်လိုမှ မရနိုင်တဲ့အကြောင်း အရာတွေမို့ ဒီဆောင်းပါးဟာ တန်ဖိုးရှိတဲ့ ဆောင်းပါးတစ် ပုဒ်ပါ။ ဖတ်ကြည့်ပါဦး။
ရွှေမောင်းတို့ ငယ်စဉ် က ပုံပြင်လိုလို၊ တကယ်လို လို ပြောပြခဲ့တဲ့ အဖြစ်အပျက် ကလေးကို ကြားခဲ့ဖူးပါ တယ်။ “မိန်းမရေ ခဏ” လို့ ဇနီးသည်ကို လှမ်းပြောပြီး ဂျပန် တော်လှန်ရေးထဲပါသွား တဲ့သူ။ ဒီလရနံ့သစ်မှာပါတဲ့ “ကျွန်တော်၏ဖခင် ပါမောက္ခ ချုပ် ဦးကျော်ရင်” ဟာ ဆရာ ကျော်ရင်ရဲ့ သားဆရာ ဉာဏ် ထွန်းအောင်က သူ့ဖခင် ဆရာ ကျော်ရင်အကြောင်း ရေးသားထားတဲ့ ဆောင်းပါးပါ။ ထူး ချွန်ထက်မြက်ပြီး အလွန်ချစ် စရာကောင်းတဲ့ ဆရာ့ရဲ့ သတင်းဟာ ဆရာ ကွယ်လွန်သွားပြီး နှစ်တွေဘယ် လောက်ပဲ စီးဆင်း၊ စီးဆင်း ဒီနေ့ထိ မွှေးပျံ့နေဆဲပါ။
ဒီလ ရနံ့သစ်ဝတ္ထုတွေ ထဲက ခင်မြင့်အောင် ဘာသာ ပြန်ထားတဲ့ “မျက်စိကန်းတဲ့ ခွေး” ကို ညွှန်းချင်ပါတယ်။ အိန္ဒိယစာရေးဆရာကြီး R.K NARAYAN ရဲ့ “The Blind Dog” ကို ဘာသာပြန်ဆိုထား တာပါ။ ဇရပ်တစ်ဆောင်မှာ နေကြရတဲ့ အဘိုးအိုလင် မယား။ မျက်မမြင်အဘိုးကြီး ကို အဘွားကြီးက တွဲပို့ပြီး ဈေးမှာထားခဲ့တယ်။ အဘိုး ကြီးက တောင်း၊ ညနေကျ ပြန်လာခေါ်တယ်။ အဲဒီလိုနဲ့ ဈေးမှာ စားကြွင်းစားကျန်ကို အားကိုးရှင်သန်နေတဲ့ ခွေး လေ၊ ခွေးလွင့်တစ်ကောင်ဟာ သူတောင်းစားမျက်မမြင်အဘိုး ကြီးဆီက တစ်လုတ်တစ်ဆုပ် စားရပြီး၊ အဘွားကြီးဆုံး တော့ ခွေးကို ကြိုးချည်၊ ခွေး ကလမ်းပြ၊ အဘိုးကြီးက နေရာ အနှံ့မှာ လိုက်တောင်း ပြန်တယ်။ လောဘကြီး၊ လူစိတ် ကင်းမဲ့တဲ့ မျက်မမြင် အဘိုးကြီးရဲ့စိတ်နဲ့ လွတ်လပ်ခွင့် ရပေမဲ့ ကိုယ့်ကိုယ်ကို ချည်နှောင်သူရဲ့လက်ထဲဝကွက် အပ်တဲ့ ခွေးတစ်ကောင်ရဲ့ အဖြစ်ကို ပုံရိပ်ယူ ရေးဖွဲ့ထား တဲ့ ၀တ္ထု တစ်ပုဒ်ပါ။ ၂၀၁၂ မတ်လ ရနံ့သစ်
ဒီလ ပိတောက်နွယ်မှာ ပါတဲ့ ဦးတင်ဦး(ကျူရှင်) ရဲ့ “တစ်ဆင့်ချင်းရှေ့သို့လှမ်းပါ” ဟာ လူ့ဘ၀ကို ဖြတ်သန်းရာ မှာ အောင်မြင်မှု ရရှိရေး အတွက် တစ်ဆင့်ချင်းလှမ်း သွားနိုင်ဖို့ လိုကြောင်း အကြံပြု ရေးသားထားတဲ့ ဆောင်းပါးပါ။ “မျက်စိကတော့ ကြယ် တွေကိုာကည့်နေပါ။ ခြေထောက်ကတော့ မြေမှာ ရှိပါစေ“ ဆိုတဲ့ ရုစဗဲ့ရဲ့ စကား နဲ့ “ဘ၀လှေကားကို တက် မယ်ဆိုရင် တစ်ကြိမ်မှာ လှေ ကား တစ်ထစ်တစ်ထစ်ချင်း ကိုသာ တက်ပါ။ တစ်ခါ တစ်ရံ ကိုယ်တက်နေတယ်လို့ တောင် မထင်မိဘူး။ နောက် ပြန်ဆင်းတော့မှ ကိုယ်တက် ခဲ့တာ အမြင့်ကြီးဆိုတာ သိရ ပါတယ်” ဆိုတဲ့ DONNY OSMOND တို့ရဲ့ စကားတွေ ကို ကိုးကားပြီး တစ်ဆင့်ချင်း တိုးတက်သွားအောင် ဘယ် လိုကြိုးပမ်းရမယ်ဆိုတာကို လမ်းညွှန်ပြ ထားတယ်။ အားမာန်ပေး ဆောင်းပါး တစ်ပုဒ်ပါ။
ပိတောက်နွယ် ၀တ္ထုထဲ က မဂ္ဂဇင်း ၀တ္ထုရှည် နန္ဒာစိုး (ဆင်ဖြူကျွန်း)ရဲ့ “နှစ်နံစပ် ဗြော” ကို ညွှန်းချင်ပါတယ်။ ဂီတသမားဆိုင်းဆရာ ဖိုးကူး ရဲ့ ဆရာ့ကျေးဇူးမေ့ပုံကို ရေး ဖွဲ့ထားတဲ့ ၀တ္ထုရှည်ပါ။ နန္ဒာ စိုးဟာ အတတ်ပညာရှိသူပီပီ သူ့ဝတ္ထုကို စာဖတ်သူစိတ်ဝင် စားလာအောင် ရေးဖွဲ့နိုင်ပါ တယ်။ Atmosphere နဲ့ Continuity ကို အထူးဂရု တစိုက်ရေးဖွဲ့ထားပါတယ်။ ရတနာဂီရိက သီပေါမင်းရဲ့ အလှူမှာ စိန်ဗေဒါနဲ့ ဘုံဘေ ဘုရင်ခံတို့ အပြန်အလှန်ပြော တဲ့စကားနဲ့ ဇာတ်ကွက် ကလေးကို ထည့်ပြထားပါ တယ်။ ဘုရင်ခံက “မြန်မာ ဆိုင်း ဘယ်လိုတီးကြသတုံး” လို့မေးတော့ “နားစောင့်” နဲ့ လို့ ဖြေတယ်။ “သင်္ကေတ နုတ်စ်တွေမပါဘဲ ဖြစ်ပါ့ မလား” လို့ စောဒကတက် လာလို့ ဘင်ခရာတီးဝိုင်းတီး တာကို နားထောင်ပြီး ချက် ချင်းပြန်တီးပြလိုက်တော့ ဘုရင်ခံပါးစပ်ဟောင်းလောင်း ဖြစ်သွားတဲ့အကြောင်းကို ၀တ္ထုထဲမှာ မသိမသာထည့် သွင်းထားပါတယ်။ ဖတ် ကြည့်ပါဦး။ ၂၀၁၂ ဧပြီလ ပိတောက်နွယ်
ဒီလ ပြုံးစရာမှာပါတဲ့ ရဲမြလွင်ရဲ့ “ဂျပန်တွေနှင့် ပတ်သက်၍” ဟာ ဂျပန် လူမျိုးတွေရဲ့ စိတ်စရိုက်ကို ရေးသားထားတဲ့ဆောင်းပါး ပါ။ ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ ၁၃ ရက်နေ့မှာ ဂျပန်တပ် တွေဟာ တရုတ်ပြည်နန်ကင်း မြို့ကို ၀င်ရောက်သိမ်းပိုက် တယ်။ ၆ ပတ်အတွင်း အပြစ်မဲ့ပြည်သူသုံးသိန်းကျော် ကို သတ်ဖြတ်ခဲ့တယ်။ အဲဒီ လို သမိုင်းမှာစွန်းထင်းခဲ့တဲ့ ဂျပန်ဟာ ပြာပုံဘ၀က ပြန်လည် ထူထောင်ပြန်တော့လည်း အမြန်ဆုံး အောင်မြင်လာပါ တယ်။ တစ်မြို့တည်းမှာ အစ်ကိုက မြို့တော်ဝန်၊ ညီမက အ၀တ် လျှော်စားနေသူ။ အဲဒီလောက် ကွာဟနေပေမဲ့ မောင်နှမပြန်တွေ့တဲ့အခါ အစ်ကိုက ညီမဖြစ်သူကို ထောက်ပံ့ဖို့ မဆိုထားနဲ့၊ ဂရု ကို မစိုက်ဘူး။ ကဲ-ရွှေမောင်းတို့ မြန်မာ့ “ရင်” နဲ့ ဘယ်လောက် ကွာခြားနေပါသလဲ။ ဆရာက ဂျပန်လူမျိုး တွေ အကျင့်စရိုက်ကို ဖော် ထုတ်ရေးပြထားပါတယ်။ ဖတ်ကြည့်ပါဦး။
သစ္စာနီရဲ့ “မမြင်ရသော တံတားများအကြောင်း” ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း ကို ပြန်လှန်သုံးသပ်ပြီး “ခြ စားတယ်” ဆိုတဲ့ စကားလုံး ကို အက်ဆေးတစ်ပုဒ်လို ဖွင့် ဆိုရေးသားထားတဲ့ဆောင်းပါး ပါ။ ဆရာ သစ္စာနီက “ခြစား တယ်” ဆိုတဲ့စကားဟာ ဦးနု ရဲ့ ဖဆပလအစိုးရလက်ထက် က စတင်ခေတ်စားလာ တယ်။ အဲဒီတုန်းက ဆိုရှယ် လစ်ပါတီခေါင်းဆောင် ဦးကို ကိုကြီး ခိုးခဲ့တာ သိန်း ၄၀။ ဒီလို ခြစားမှုဟာ ပွင့်လင်း မြင်သာမှု နည်းပါးလို့၊ တာဝန်ခံမှုမရှိလို့၊ အရေးယူ အပြစ်ပေးမှု မထိရောက်လို့ လို့ သုံးသပ်ကြပါတယ်။ အာဏာရှိတုန်း ပြည်သူက ပေးထားတဲ့ အာဏာကို သုံး ပြီး ကိုယ်ကျိုးစီးပွားရှေ့တန်း တင်လို့ ပျက်စီးပြီး ဇာတ် သိမ်းသွားသူတွေဟာ မမြင် ချင်အဆုံးပဲ။ ဆရာ သစ္စာနီက တရုတ်ပြည်မှာ ခြစားမှုနဲ့ ပတ် သက်ပြီး သင်ခန်းစာယူနိုင် အောင်လို့ စီစဉ်ပုံလေးကို တင်ပြပါတယ်။ ရွှေမောင်းက တော့ ဒီဆောင်းပါးမှာ ဆရာ သစ်္စာနီရဲ့ နိဂုံးကို သိပ် သဘောကျပါတယ်။ ဆရာ က သူ့ဆောင်းပါးရဲ့နိဂုံးမှာ သောမတ်အယ်လ်ဖရီးမန်းရဲ့ “သံလွင်ပင်နဲ့ လက်ဇက် ကား” စာအုပ်ထဲက ဖော်ပြ ချက်ကို အခုလို ရေးသားပြ ပါတယ်။
“တစ်ခါက အာဖရိက ခေါင်းဆောင်တစ်ယောက်ဟာ အာရှနိုင်ငံတစ်ခုကို လာလည် တယ်တဲ့။ အာရှခေါင်းဆောင် ရဲ့ ခမ်းနားကြီးကျယ်တဲ့ စံအိမ် ကိုမြင်တော့ “မင်းရတဲ့လခနဲ့ ဘာကြောင့်ဒီလိုနေနိုင်တာလဲ” မေးတယ်။ ဒီတော့ အာရှ ခေါင်းဆောင်က ပြတင်း ပေါက်ကနေ မြင်နေရတဲ့ တံတားတစ်စင်းကို လက်ညှိုး ထိုးပြပြီး အဲဒါရဲ့ ၅၀ ရာခိုင် နှုန်း ငါရတယ်လို့ ပြောတယ်”
အာရှခေါင်းဆောင်က အာဖရိကခေါင်းဆောင်ဆီ သွားလည်တယ်။ သူ့အိမ် ထက် ကြီးကျယ်ခမ်းနားနေ တော့ မေးပြန်တယ်။ ဆရာ သစ္စာနီက အာဖရိကခေါင်း ဆောင်ရဲ့စကားကို အခုလို ရေးပြပါတယ်။ “ဟိုမှာ တွေ့လား တံတားအစင်း ၁၀၀ လောက် ဆောက်ထားတာ၊ အဲဒါရဲ့ ၁၀၀ ရာခိုင်နှုန်းငါရတယ်” လို့ ပြောတယ်။ သူလက်ညှိုး ထိုးပြတဲ့နေရာတွေကို ကြည့် လိုက်တော့လည်း တံတား တစ်စင်းမှ မတွေ့ရဘူးတဲ့။ ကဲ- ပုံပြင်လေးကတော့ ဒါပါပဲကွယ်” ၂၀၁၂ ဧပြီလ ပြုံးစရာ
မင်္ဂလာရွှေမောင်း (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
|