|
Written by ကျူရီ
|
|
Friday, 27 April 2012 15:25 |
လှည်းယာဉ်ပေါ်သို့ ဆရာတော်ကို တွဲတင်လိုက်ကာ ဆရာတော့် ဖိနပ်ကို လှည်းရံ တိုင်မှာ စွပ်လိုက်သည်။
argaiv1813
ထို့နောက် မြေကြီး ပေါ်က အထုပ်နှစ်ထုပ်ကို ဆရာတော့် နောက်နားတွင် နေရာချလိုက်ပြီး လှည်းပေါ်တက်ရန် ပြင်လိုက်သော ကိုဘိုတောက်ကို ဆရာတော်က “ဟဲ့ ဘိုတောက်၊ ဟိုကလေးပါ တင်ဦး”ဟု မိန့်လိုက်သည်။ ဆရာတော် ညွှန်ပြရာ ကြည့်လိုက်တော့ ဒေါ်လုံးတင် နားတွင် ကပ်ရပ်နေသော တက်ထရွန် ကွက်စိပ် ၀မ်းဆက်ပွပွကလေး ၀တ်ထားသည့် အသက်ငါးနှစ်ခန့် ရှိသော ခေါင်းပြောင်ပြောင်၊ မျက်လုံးဝိုင်းဝိုင်း၊ အသားဖြူဖြူ၊ ၀ကစ်ကစ် ကလေး တစ်ယောက်ကို တွေ့ရသည်။
“ဘယ်က ကလေး လဲ ဘုရား”
“ငါ ခေါ်လာတာ။ လမ်းကျမှ ငါ ပြောပြမယ်။ ကဲ ကလေးတင်။ မောင်း တော့”
ကိုဘိုတောက်သည် ဆရာတော်ကို ဘာမျှ ပြန်မ ပြောတော့ဘဲ ထိုကလေးကို လှည်းနောက်မြီးပေါ်သို့ ဆိုး ဆိုးဆတ်ဆတ် ကောက်တင် လိုက်၏။ ထိုကလေးသည် လှည်းရံတိုင်ကို သူ၏ လက် ၀ကစ်ကစ်လေးနှင့် ဆုပ်ကိုင် ထားပြီး ကိုဘိုတောက်ကို မကြည့်ရဲ ကြည့်ရဲကြည့်သည်။
ကိုဘိုတောက်တို့ မိုးညိုရွာက ရန်ကုန်ပြည်ကား လမ်းမကြီး ၇ မိုင်ခန့်ဝေး၍ နတ္တလင်းမြို့ အနောက်မှာ ရှိ သည်။ ခုလည်း ဆရာတော်က ပြည်မြို့ရှိ စာချဆရာ တော်ကြီး နေမကောင်း၍ သတင်းမေးပြီး ပြန်လာသည်ကို ကားလမ်းမမှ သွားကြိုခြင်း ဖြစ်သည်။ နွားညီနောင်သည် အပြန်လမ်းမို့ နကန်ပင် တို့စရာ မလိုအောင် သွက် သွက်လှမ်းသဖြင့် လှည်းယာဉ်လေးမှာ ခြူသံလွင်လွင် ဖြင့် လှည်းလမ်းတစ်လျှောက် ခပ်သော့သော့လေး ပြေးနေ၏။ လှည်းလမ်းဘေးရှိ ချုံတွေပေါ်တွင် ဖွေးနေအောင် ပွင့်သော မိကျောင်းပန်းများ ကြောင့် လမ်းတစ်လျှောက်လုံး ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသည်။ အင်ဖက်ပင်တစ်တန်းကို ဖြတ်ကျော်အထွက် မှာတော့ ရှေ့မျက်နှာချင်းဆိုင်မှ ဖျာကြမ်းပေါင်းမိုးကာထားသော လှည်းတစ်စီးက ဆရာတော့် လှည်းယာဉ်မှန်း သိကာ ဘေးသို့ ကပ်ရပ်ပေး သည်။ မျက်နှာချင်းဆိုင် လှည်းပေါ်မှ ကိုအေးငွေကို မြင်သော် ဆရာတော်က “အေးငွေရေ...လုံးတင် တို့သားအမိလည်း ပါတယ်။ မင်းကိုစောင့်နေတယ်”
ဆရာတော် စကားပြော နေတုန်းမို့ ကိုဘိုတောက်က နွားတွေကို တကျွတ်ကျွတ် စုတ်သပ်ရင်း နဖားကြိုးလေး တင်းတင်းဆွဲထားလိုက်သည်။ ဆရာတော် စကားစပြတ်တော့ နဖားကြိုးလျှော့ကာ ဟဲ့ တစ်ချက် ခပ်ပြင်းပြင်း ငေါက်လိုက်ရာ နွားညီနောင် ကလည်း အသော့ကလေး ဆောင့်ရုန်းလိုက်စဉ်
“အား... အောင်မလေး အမေရေ...”
ဆိုသည့်အသံနှင့်အတူ လှည်းနောက်မှာ ထိုင်နေသော ကလေးသည် လှည်းပေါ်မှ တလိမ့်ခေါက်ကွေး ပြုတ်ကျ သွားသည်။
“ဟဲ့...ဟဲ့...ဘိုတောက်၊ ကလေး ပြုတ်ကျ သွားတယ်။ ရပ်စမ်းဦး”
ကိုဘိုတောက်သည် လှည်းကိုရပ်ပြီး လှည်းနောက် ဘက်ဖုန်တောထဲက ကလေးကို မတ်တတ်ရပ်စေပြီး သူ၏ လက်ကြမ်းကြမ်းကြီးနှင့် ဖုန်တွေ ခါပေးကာ ကလေးကို ချိုင်းနှစ်ဖက်က မ၊ လှည်း ပေါ်ကောက် တင်လိုက်၏။ ကလေးသည် တံတောင်ဆစ်ကို လက်ဖြင့်အုပ်ကာ အသံဗြဲ ကြီးနှင့် အော်ငိုလိုက်သည်။
“မှန်းစမ်း၊ သြော် လက် ပွန်းသွားတာကိုး။ ကဲ တိတ် တိတ်၊ ကျောင်းရောက်ရင် ဘုန်းဘုန်း ဆေးလိမ်းပေးမယ် ဟုတ်လား။ လာ ဘုန်းဘုန်း ရှေ့မှာထိုင်”
ခဏနေတော့ တအီအီ ငိုသံ ပျောက်သွားပြီး ကလေး အိပ်ပျော်သွားတော့သည်။ “ကလေးမိဘတွေက အညာက ကျောက်ထုတဲ့ ကျောက်ကျင်း အလုပ်သမား တွေ။ သူ့ကို မွေးပြီးပြီးချင်း အမေက မီးတွင်းထဲမှာ ဆုံးသွားတာတဲ့။ ဆရာတော် ကျောင်းမှာ သားအဖနှစ် ယောက်ကပ်နေကြရင်း အဖေ လုပ်သူကလည်း ငှက်ဖျား ရောဂါ အခံနဲ့ မကြာခင်ကမှ ဆုံးပြန်တော့ ကလေးက ကျောင်းမှာ ကျန်နေတာပေါ့ ကွယ်။ ကျောင်းက ကိုရင် လေးတွေကို ခင်နေတော့ ကလေးက မလိုက်ချင်ရှာ ဘူး။ ဒါပေမဲ့ ကိုရင်တွေ၊ ဦးပဉ္စင်းတွေကလည်း နေ့ရော ညပါ စာဝါ လိုက်နေရတာဆို တော့ ဒီကလေးကို ဘယ် ထိန်းနိုင်မှာလဲ။ အဲဒါကြောင့် ငါ့ကျောင်းမှာပဲ မွေးပေးမယ်လို့ ဆုံးဖြတ်ပြီး ခေါ်လာ ခဲ့တာပဲကွယ့်။ မင်းလည်း ရှိ မဟုတ်လား” “သနားစရာပဲ။ ဒါပေမဲ့ တပည့်တော်က ကလေးတွေနဲ့ နီးနီးကပ်ကပ်မှ မနေဖူး တော့ မဖြစ်ဘူးနဲ့ တူတယ်”
“ဟဲ့ ငါကရော ဘယ်ကလေးနဲ့ နီးနီးကပ်ကပ် နေခဲ့ဖူးလို့လဲ။ အခုဟာက ဒုက္ခ ရောက်နေလို့ကွယ့်။ နင့် အားကိုးပြီး ငါ ခေါ်လာတာ။ ကိုယ်ချင်းစာစိတ် ထားရမယ်၊ ကြားလား ဘိုတောက်”
“တင်ပါ့ဘုရား၊ နာမည် ကကော ဘယ်လိုတဲ့တုံး ဘုရား”
“နို့ဆီ တဲ့”
“နို့ဆီ လို့ပဲ ဟား... ဟား...။ ဒါနဲ့ ယောက်ျား လေးလား၊ မိန်းကလေးလား ဘုရား...”
“ဟဲ့ ဘုန်းကြီးကျောင်းမှာ မွေးပါမယ်ဆိုမှ ယောက်ျား လေးပေါ့ဟ”
“တခြားနာမည် မရှိဘူးတဲ့လား ဘုရား”
“မရှိဘူးနဲ့ တူတယ်။ ဒီနာမည်တောင် သူ ငယ်ငယ်က နို့ဆီတိုက် မွေးရလို့ သူ့ အဖေက နို့ဆီလို့ပဲ ခေါ်ရင်း တွင်သွားတာလို့ ပြောတာပဲ”
ပြီးခဲ့သည့် ကဆုန်လက ကပ္ပိယ ကိုဘိုတောက် အသက် ၄၀ ပြည့်ခဲ့ပြီ။ ကိုဘို တောက် ကပ္ပိယဖြစ်သွား သည်မှာတော့ သိပ်မကြာ သေးပေ။ အကြီး မိန်းကလေး နှစ်ယောက်ပြီးမှ ရသည့် သားအငယ်ဆုံးမို့ ငယ်ငယ်က အလိုလိုက်သမျှ ကြီးလာ တော့ ထန်းရည်သောက်၊ ကြက်တိုက်၊ အလုပ်လက် ကြောမတင်းနှင့် ချက်ခနဲဆို ဘိုတောက်၊ မကောင်းမှုမှန် သမျှ စုနေသော ဘိုတောက် ကို မိုးညို တစ်ရွာလုံးက အော့နှလုံးနာပြီး ထောင် ထွက် ရာဇ၀င်လူဆိုးကဲ့သို့ သဘောထားကာ ပတ်သက် ချင်သူမရှိပေ။ မိဘတွေ မရှိ ကြသည့် နောက်ပိုင်းမှာတော့ အစ်မတွေ၊ ယောက်ဖတွေက လည်း ဆိုးလွန်းတော့ အကပ် မခံကြဘဲ အဆုံးတော့မကောင်း ကျောင်းပို့ ဆိုရိုးစကား အတိုင်း ဆရာတော်ထံသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဆရာတော် ကျောင်းမှာ ဆရာတော် အပြင်ခန်းနေ ကိုယ်တော်တစ်ပါးနှင့် ကျောင်းသားငယ် နှစ် ယောက်သာ ရှိသည်။ ထို ကျောင်းသားငယ် နှစ်ယောက်ကလည်း အတန်းကျောင်းဖွင့် လျှင် အိမ်ပြန်ကြမည့် သူများ ဖြစ်သည်။ ကျောင်းမှာ ပုံသေ နေသော ကျောင်းသားဟူ၍ မရှိပေ။ ငယ်ငယ်ကတည်း က ချစ်ကြောက်ရိုသေခဲ့ရ သော ဆရာတော်၏ “ဘို တောက် မင်း ငါ့ကျောင်းမှာ လာနေ။ ကပ္ပိယလိုတယ်။ ကျောင်းရောက်ရင် အချိုး အကုန်ပြင်”ဆိုသည့် တစ်ချက် လွှတ် အမိန့်နှင့်အတူ ဆရာ တော့် ကျောင်းရောက်နေ သည်မှာ လာမည့်ဝါဆို ဆို လျှင် ၃ နှစ်ပြည့်တော့မည်။ သို့သော် ဟိုတုန်းက မူးခဲ့ ဆိုးခဲ့သည့် အရှိန်တွေကြောင့် ရွာရှိလူကုန် ဘိုတောက်ကို အစွယ် ချိုးထားသည့် မြွေကဲ့သို့ မကြောက်သော်လည်း ရွံ့နေတုန်း။
ဘိုတောက်ပုံစံက အသားမည်းမည်း၊ အရပ်ရှည် ရှည်၊ ဦးခေါင်းချွန်တွန်တွန်၊ မျက်လုံးပြူးပြူး၊ နှာခေါင်း ပိန်ပိန်နှင့် ကွမ်းစားလွန်း၍ ပါးစပ်က နီရဲကာ သွားတွေ ကလည်း သစ်စေးရောင် ထ နေသဖြင့် ရုတ်တရက် ကြည့် လိုက်လျှင် တောက်တဲ့အာနီ တစ်ကောင်နှင့်ပင် တူနေသေး တော့သည်။ ထို့အပြင် လမ်း လျှောက်သည့်အခါလည်း လက်ပြင် ကိုင်းကိုင်းကြီးနှင့် ရန်ဖြစ်တုန်းက ကျိုးခဲ့သော သူ၏ ဘယ်လက်ကောက် ကောက်ကြီးက ခါးတစ်ဖက် ထောက်ထားသလား ထင်ရ သေးသည်။ ထို့ကြောင့် မိုးညိုရှိ လူများသည် ပြောဆို မကောင်းသည့် ကလေးများ ကို ကိုဘိုတောက် လာပြီ ဟု ခြောက်လန့်တတ်ကြသည်။ ကိုဘိုတောက်ကလည်း ကလေးတွေနှင့် တရင်းတနှီး မရှိချေ။ နို့ဆီ ကျောင်းရောက် စတုန်းကလည်း တစ်ပတ် လောက်ကြာသည့်အထိ ကိုဘို တောက်ကို ရဲရဲပင် မကြည့် ပေ။ တရင်းတနှီး မရှိချေ။ သို့သော် အင်္ကျီ၊ ဘောင်းဘီ ခပ်နွမ်းနွမ်း၊ ပွတတတွေဖြင့် ကျက်သရေခန်းရှေ့တွင် ခွေခွေကလေး အိပ်ပျော်တတ် လေ့ရှိသော အပြစ်ကင်းသည့် မျက်နှာဝိုင်းဝိုင်း ပါးဖောင်း ဖောင်းကလေးနှင့် နို့ဆီကို တော့ ကိုဘိုတောက် ချစ်စိတ် သနားစိတ်ဝင်မိသည်။ ဆရာ တော်၏ အရိပ်ခိုရတာချင်း တူသော်လည်း နို့ဆီကသူ့ ထက်များစွာ ကံဆိုးပုံကိုလည်း တွေးမိကာ ကိုဘိုတောက် စိတ်မကောင်း ဖြစ်မိသည်။ မေတ္တာဟူသည် ရောင်ပြန် ဟပ်တတ်သည်ဖြစ်ရာ အချိန် ကြာလာသည်နှင့် အမျှ နို့ဆီ ကလည်း ကိုဘိုတောက်ကို ပြောရဲဆိုရဲ ရှိလာတော့သည်။
ရွာ၏ အပယ်ခံ ကိုဘို တောက်နှင့် ခိုကိုးရာမဲ့ ဥတစ် လုံးတစ်ကောင်ကြွက် နို့ဆီမှာ အသက်အရွယ် ကွာခြားခြင်း သာရှိပြီး လောလောဆယ် ဆရာတော် အရိပ်တွင် ခိုလှုံ နေရတာချင်းတော့ အတူတူ ပင် ဖြစ်သည်။ နွယ်ဆိုသည် မှာ နီးစပ်ရာကို ရစ်ပတ်တတ်သော သဘော ရှိသကဲ့သို့ တစ် နေရာတည်းတွင် အချိန် အတော်ကြာ အတူနေ အတူ စားနေလာသော ဘ၀တူ ကို ဘိုတောက်နှင့် နို့ဆီတို့နှစ်ဦး တဖြည်းဖြည်း သံယောဇဉ် ခိုင်မာ လာခဲ့သည်မှာ မဆန်းပေ။ နို့ဆီသည် ရွာထဲရှိ သူနှင့်ရွယ်တူကလေးများ ကြောက်သည့် ရုပ်ရည်ရှိသူ ကိုဘိုတောက်အား ပါးစပ်ဖျားက “အဘ ဘိုတောက်”ဆို သည်ကိုမချသလို၊ ကိုဘို တောက်ကလည်း သူသွားလေရာ နို့ဆီ ခေါ်သွားတတ်သည်။ ကိုဘိုတောက်သည် ကျောင်းဝေ ယျာဝစ္စပြီးသည် နှင့်နို့ဆီ အတွက် ကျောင်းသောက် ရေကန်မှ ရွှံ့ခူးကာ အရုပ်မျိုးစုံ လုပ်ပေးရသည်နှင့်၊ ငှက်ပျော လက်ခုတ်ကာ သေနတ် လုပ်သည်နှင့်၊ စက္ကူစွန် ချိုးရသည် ကတစ်မျိုး၊ ပလတ်စတစ် အိတ်နှင့်တစ်လုံး ရွေးစေ့ လေးများ ခူးပေးသည်က တစ်ဖုံစသည်ဖြင့် တစ်နေ့တစ်မျိုး မရိုးရအောင် သွားမည်းမည်းတွေ အဖြီးသား နှင့် စိတ်ရှည်ရှည် လုပ်ပေး တတ်သည်။ ဆရာတော် ကလည်း နို့ဆီကို သင်ပုန်းကြီး စသင် ပေးနေပေပြီ။
“ဟဲ့ ဟဲ့ ဘယ်က က ပက်လက်ရမှာလဲ။ ယပက် လက်ပါကွယ့်”
“ဓားဦးချွန် လို့ မဆိုရ ဘူး။ ဓအောက်ချိုက်။ ကဲ နောက်တစ်ခေါက် ပြန်ဆို”
“ဘကုန်းရေးရမှာ လေ။ မင်းရေးထားတာ ဟ ဖြစ်နေတယ်ကွယ့်”
“ဟဲ့ နို့ဆီ၊ ဟ၀န်းပူ လို့ မရှိပါဘူးဟယ်။ တ၀န်းပူ။ ကဲ လိုက်ဆို တ၀န်းပူ”
“တစ်ဆယ်ရေးတာ၊ တစ်နဲ့ သုညနဲ့ ပူးမရေးရဘူး လေ။ တစ်မှာ အဆံထည့် လိုက်တော့ မင်းတစ်ဆယ်က ဆလိမ် ဖြစ်ကုန်ပြီ”
“ဆယ့်တစ်၊ ဆယ့်တစ် မှတ်မိလား။ နောက်တစ် ခေါက်ရေး။ တစ်တစ်လို့ မဆို ရဘူးနော်”
စသည်ဖြင့် နို့ဆီ စာ သင်ချိန်တိုင်း ဆရာတော် အသံကို ကြားရလေ့ရှိသည်။ တစ်ခါကလည်း ဆရာ တော်က “နို့ဆီ ကျောင်းပေါ် နာရီသွားကြည့်စမ်း”
ခဏကြာတော့ နို့ဆီ ပြန် ရောက်လာကာ “ရှိတယ် ဘုရား”
“ဘာရှိတာလဲ ဟဲ့”
“နာရီလေ။ ဘုန်းဘုန်းပဲ နာရီကြည့်ဆို ဘုရား”
“သယ် ငါ ခေါက် လိုက်ရ။ မင်းကို ဘယ်နှနာရီ လဲလို့ ကြည့်ခိုင်းတာကွယ့်။ ရှိမရှိ ကြည့်ခိုင်းတာ မဟုတ် ဘူး”
ဆရာတော်နှင့် နို့ဆီတို့ ၏ ကဲ့သို့အဖြစ်တွေကို ကိုဘို တောက်အဖို့ နေ့စဉ်ကြားနေ ကျမို့ အဆန်းမဟုတ်တော့ ပေ။ နှစ်တွေသာ ပြောင်းသွား သော်လည်း သင်ပုန်းကြီးက မတက်နိုင်သော နို့ဆီကို “တယ်ထိုင်းတဲ့ ကလေး”ဟု ဆရာတော်က မှတ်ချက်ချ လိုက်တော့သည်။ သို့ပေမဲ့ ကိုဘိုကောက်အဖို့ မိုးညို တစ်ရွာလုံး နို့ဆီသာ အတော်ဆုံး၊ အတတ်ဆုံးအထင်ရှိလေသည်။
ကထိန်ဒါယကာ မြမောင် ဆိုသည်က ဘိုတောက် နှင့် ငယ်ငယ်က ထိန်တောမူ လတန်းကျောင်းအထိ အတူ နေခဲ့ကြသော ငယ်သူငယ် ချင်းတွေ ဖြစ်သည်။ ကိုဘို တောက်မှာသာ ပေပေတေ တေနှင့် ဘုန်းကြီးကျောင်း ကပ်နေရသည့် ဘ၀ဆိုက်ခဲ့ သော်လည်း မြမောင်က ဘွဲ့တွေ ဘာတွေရကာ ရန် ကုန်တွင် ကြီးပွားနေသည်။ သူတို့မိသားစုကို ကိုဘိုတောက် လှည်းဖြင့် သွားကြိုရ မည်။ နို့ဆီလည်း ပါသည်။ မြမောင်၏ အပျိုပေါက်အ ရွယ်အ `မွာသမီးလေး နှစ်ယောက် မှာ ကျစ်ဆံမြီးရှည်ရှည်၊ ဂါဝန် ဆင်တူလေးနှင့် ချစ်စ ရာကောင်းလှသည်။ မြမောင်က နို့ဆီ၏ ချစ်စဖွယ် သန့်ပြန့် သော ရုပ်ရည်ကို ကြည့်ကာ “ဘိုတောက်၊ ဘယ်သူ့ ကလေးလဲ။ ချစ်စရာလေးပဲ ကွ”
ဟုဆိုသည်။ ထို့ကြောင့် နို့ဆီ အကြောင်းကို ကိုဘိုတောက် ခပ်တိုတိုရှင်းပြလိုက် ရ၏။ မြမောင် မိန်းမလုပ်သူ က နို့ဆီကိုကြည့်ကာ သနား၏။ မြမောင်၏ အ`မွာသမီး နှစ်ယောက်မှာ လှည်းစီးရ၍ ပျော်ကြသည်။ မြမောင်က ဘိုတောက်ကို မရောက်တာ ကြာပြီဖြစ်သောကြောင့် ရွာက အကြောင်းတွေ မေးလာ၏။ နို့ဆီကတော့ သူ့ရှေ့မှ ဂါဝန် လှလှဝတ်ထားသည့် ရုပ်ဆင်တူကောင်မလေးတွေကို မျက် တောင်မခတ်တမ်း ငေးကာ လိုက်ပါလာတော့သည်။ နို့ဆီသည် မြမောင်၏ သမီးနှစ် ယောက်နှင့် အဖော်ဖြစ်သွား ခဲ့သည်။ ညဘက်အိပ်ကြ တော့ နို့ဆီက“ဘဘိုတောက်၊ ရန်ကုန်မြို့က တိရစ္ဆာန်ရုံထဲမှာ မြင်းအကျားကြီးတွေလည်း ရှိတယ်ဆို” “အေး ရှိတာပေါ့။ မင်း က ဘယ်လိုသိလဲ”
“မမကြီးနဲ့ မမငယ်ပြောတာ။ကားလည်း များတယ်။ လေယာဉ်ပျံလည်း ရှိတယ်။ ရထားကြီးကလည်း သူတို့ အိမ်နားက နေ့တိုင်း မောင်း သွားတာတဲ့။ သားတို့ ဟိုတစ်ခါ စားဖူးတဲ့ ရေခဲမုန့်မျိုး လည်း အများကြီး စားလို့ရ တယ်တဲ့။ ဟုတ်လားဟင်”
“ဟုတ်တာပေါ့ကွ။ ရန်ကုန်ပဲ”
“ဘဘိုတောက်ကော အဲဒီရန်ကုန်ကြီး ရောက်ဖူးလား”
“ဟေ့အေး၊ ဘယ် ရောက်ဖူးမှာလဲ။ အိပ်တော့ကွာ။ ဘ အိပ်ချင်ပြီ။ မနက်ဖြန် ကထိန် လှည့်မယ့်နေ့။ မနက်ကျရင် ဘအရုဏ်ဆွမ်း လည်း ချက်ရဦးမယ်”
ကျောင်းကထိန်က ထင်ထားသည်ထက် ပိုပြီး စည် ကားလှသည်။ အလျှံပယ် ကျွေးမွေးကာ လှူဖွယ်ပစ္စည်း စို့စို့ပို့ပို့ ဖြစ်သဖြင့် ဆရာတော် မျက်နှာ ပွင့်လှသည်။ နို့ဆီ တစ်ယောက်ကတော့ မြမောင်တို့ ဆင်သည့် ပါဝါ ရိန်းဂျား အရုပ်ပါ တီရှပ် အနီရောင်ကို သဘော အကျကြီး ကျနေ၏။ ကထိန်ပြီး နှစ်ရက်မြောက်လျှင် မြမောင်တို့ မိသားစု ရန်ကုန် ပြန်တော့မည်။ ရွာမှ ပေးကြသော လက်ဆောင်ပဲစေ့ပဲဆံတွေက ကျောင်းမှာ တစ်ပုံတစ်ပင်။ မြမောင်က ငယ်သူငယ်ချင်း ဖြစ်သူ ဘိုတောက်ကို အ၀တ်အစား အချို့နှင့် ပိုက်ဆံအချို့ ပေးသည်။ ကိုဘိုတောက် ၀မ်းသာသွားသည်။ မကြာခင်က နို့ဆီပူဆာသော မီးရောင်စုံလင်းကာ အသံမျိုးစုံ ထွက်သော ဓာတ်ခဲသေနတ် ကို “နောက်မှ ဘ ၀ယ်ပေးမယ်။ ခုတော့ ဒီသေနတ် ခဏကိုင်ဦး” ဟုဆိုကာ ငှက်ပျော လက်ကို သေနတ် လုပ်ပေးခဲ့ ရသည်။
ခုတော့ဖြင့် နို့ဆီ လိုချင် သော သေနတ် ၀ယ်ပေးလိုက် ဦးမည်ဟု တွေးလိုက်သည်။ ကိုဘိုတောက် ကိုယ့် ကိုယ်ကိုလည်း အံ့သြမိသည်။ သူ့ဘ၀မှာ မည်သူကိုမျှ နို့ဆီ လောက် သံယောဇဉ် တွယ်ရ မည့်သူ မရှိခဲ့ပေ။ အစ်မတွေ ကမွေးသော တူ၊ တူမများ ရှိသော်လည်း ကလေးများက ဘာသိဘာသာ နေကြသည်။ တစ်ရွာတည်း နေသော်လည်း အစ်မတွေ နောက်မွေးသည့် ကလေးများ ဆိုသူ လုံးဝ မသိတော့ပေ။ ကုန်ကုန် ပြောရလျှင် သူ့ရုပ်ရည်ကြောင့် ခုချိန်ထိ သူမို့ ရွာလယ်လမ်းကလျှောက် လာလျှင် ကလေးတွေက နီးရာအိမ်ထဲ ၀င်ပုန်းကြသည်က များ၏။ သူကလည်း ဘယ်ကလေးမှ ပုပု ပပမရှိခဲ့ ဖူးပေ။ ခုတော့ ဘယ်သူ့ အတွက်မှ မစဉ်းစားတတ်သော ကိုဘိုတောက် အတွေး ထဲမှာ ဘယ်ကိစ္စမဆို နို့ဆီအတွက် ထည့်စဉ်းစား လာတတ်ပြီ။ ထို့ကြောင့် တစ် ခါတစ်ခါ ဆရာတော်က “မင်းတို့မြေးအဘိုး မျက်စိ နောက်နေတာပဲ”ဟု ပြော တတ်သလို မိုးညိုတစ်ရွာလုံး ကလည်း “ဘိုတောက်တော့ နို့ဆီ ရောက်လာပြီးမှ အချိုး ပြောင်းလာတယ်”ဟု မှတ် ချက်ချခံရသည်။
နို့ဆီကို မြမောင်တို့အပြန် ရန်ကုန်သို့ ခေါ်သွားမည်ဟု ဆရာတော် မိန့်လိုက်တော့ ကိုဘိုတောက် ၀မ်းသာသွား သည်။ “ကောင်းတာပေါ့ ဘုရား၊ ကလေးမလေးတွေ ပြောတာနဲ့တင် နို့ဆီက ရန်ကုန်ကို သိပ်စိတ်ဝင်စားနေ တာ။ ဒါနဲ့ အတော်ကြာကြာ နေရမှာလား ဘုရား”
“ဟဲ့ ဘိုတောက်ရဲ့ နားဝေးလိုက်တာ။ သူ ပျော်ရင် မွေးစားမယ် ဆိုမှ အပြီးနေ တော့မှာပေါ့ကွယ်။ အဲဒါကို မင်းပဲ နို့ဆီကို ပြောပြလိုက်။ ဟဲ့ ငါ ပြောတာ ကြားလား။ ဘိုတောက်”
“တင်ပါ့ဘုရား”
ဟုသာ ဆိုလိုက်ရသော် လည်း ဆရာတော် ဘာတွေ ဆက်မိန့်မှန်း ကိုဘိုတောက် မသိတော့ပေ။ ဘယ်သူ့ကိုမှ သံယောဇဉ်မဖြစ်ဖူးသော ကို ဘိုတောက်က အနေကြာလာ သော နို့ဆီကို သံယောဇဉ် တွယ်နေမိသည်။ ညတိုင်ဆို လျှင်ကိုဘိုတောက်ကို “ဘဘို တောက် သား နှိပ်ပေးရမ လား”ဆိုပြီး သူ့လက်သေး သေးလေးနဲ့ နှိပ်ပေးလိုနှိပ်ပေး လုပ်တတ်သည်။ ကိုဘို တောက်သည် နို့ဆီနှင့် ထမင်းအတူစား၊ ရေအတူချိုး၊ ညအတူအိပ်နှင့် ဘယ်သွား သွား နို့ဆီပါတတ်ပြန်သည်။ ခုတော့ မြမောင်က နို့ဆီကို မွေးစားမည်ဆိုသောအခါ နို့ဆီ အတွက် ၀မ်းသာရသလို၊ နို့ ဆီကို ခွဲရမည်ဆိုသော အသိ စိတ်ကြောင့် ရင်ထဲတွင် မကောင်းလှပေ။ ညဘက် ရောက်တော့ ကိုဘိုတောက် က နို့ဆီလိုချင်သော မီးလင်း သေနတ်ကလေး ပေးရင်း
“နို့ဆီ၊ မင်း အ၀တ်တွေသိမ်း။ ဘုန်းဘုန်းက ရန်ကုန် ကို လိုက်သွားဖို့ မိန့်လိုက်တယ်”
“ဟာ ဘဘိုတောက် တကယ်ပြောတာလား။ သားတို့ တကယ်လိုက်ရမှာ လား”
“ဟုတ်ပါတယ်ဆိုမှ ကွာ။ ကဲ အိပ်တော့။ မနက် ကျရင် စောစောထရမယ်။ ဘလည်း အိပ်ချင်ပြီ” ခဏကြာတော့ တရှူး ရှူးနှင့် နို့ဆီ အိပ်မောကျသွား တော့သည်။ ကိုဘိုတောက် တစ်ယောက် နံနက်အုန်း မောင်းထခေါက်သည်အထိ တစ်ရေးမှ မပျော်တော့ချေ။ မြမောင်တို့ မိသားစုနှင့် အတူ မျက်ရည် စက်လက်နှင့် နို့ဆီ ပါသွားသော လှည်းကို မျက်စိအောက်က ပျောက် သွားသည်အထိ ကိုဘိုတောက် လိုက်ကြည့်နေမိ သည်။ ကိုဘိုတောက် စိတ်ထဲတွင် သူလိုလူ တစ်ယောက်က ဘာသွေးသားမျှ မတော်စပ်သော ကလေး တစ်ယောက်ကို နှစ်အနည်းငယ် အတူ နေရရုံဖြင့် ထိုမျှ သံ ယောဇဉ်ဖြစ်လိမ့်မည်ဟု ထင် မှတ်မထားသလို၊ ယခု ထို ကလေးနှင့် ခွဲခွာရသည့် အခါတွင် လွန်စွာ ၀မ်းပန်းတနည်း ဖြစ်ရမည်ဟု ထင်မှတ်မထား ချေ။ ဆရာတော်ကလည်း ဖွင့်မပြောသော်လည်း ကိုဘို တောက် အတွင်းစိတ်ကို ရိပ်မိကာ ဆိတ်ဆိတ်နေနေသည်။ ထင်းစင်ဘေးရှိ ရွှံ့ရုပ် ကလေးတွေနှင့် အနီရောင် ရွေးစေ့တွေက ပိုင်ရှင်မဲ့သွား လေပြီ။ ကျောင်းတိုင်တွင် ချိတ်ထားသော နို့ဆီ လွှတ် နေကျ စွန်ကလေးက လေ အဝှေ့တွင် တဖျတ်ဖျတ် မြည် ကာ လှုပ်ယမ်းသွားသည်။
ကိုဘိုတောက်သည် ကျောင်း လှေကားရင်းကို မှီကာ အားမရှိသလို ထိုင်ချလိုက်သည်။ ခဏနေတော့ သူ့ရင် ဘတ်ကြီးက ဖားဖိုကြီးကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး အတန်ကြာတော့ ပူနွေးသော မျက်ရည်တို့က သူ့ပါးပြင်ပေါ် သို့ တစ်လိမ့်ချင်း စီးကျလာတော့သည်။ ကျလာသော မျက်ရည်တို့ကို သူ၏ လက် ကြမ်းကြီးနှင့် ပွတ်ပစ်လိုက် ပြီးနောက် ကျောင်းရှေ့ရှိ လှည်းလမ်းကြောင်းကိုလည်း ကောင်း၊ အင်ဖက်ပင် စိမ်း အုပ်အုပ်တွေကိုလည်းကောင်း ရီဝေသော မျက်လုံးများနှင့် အချိန် အတော်ကြာသည် အထိ အဓိပ္ပာယ်မဲ့ ငေးမောနေမိ တော့သည်။
ထိုအချိန်တွင် ကိုဘို တောက်မျက်စိထဲတွင် အင်ဖက်ပင် စိမ်းအုပ်အုပ်တွေကြား မှ အနီရောင်လေးတစ်ခုကို မြင်လိုက်သည်။ ထိုအနီရောင် သဏ္ဌာန်လေးသည် ကျောင်း ဘက်ကို ဦးတည်နေသော လှည်းလမ်းကြောင်းပေါ်မှတစ် ဆင့် ကျောင်းဘက်သို့ တရွေ့ ရွေ့နီးလာနေသည်။ ကိုဘို တောက်သည် ရီဝေသော မျက်လုံးများဖြင့် ထိုအနီရောင် လေးအား စိုက်ကြည့်နေမိ သည်။ ပထမတော့ သူ့မျက် လုံး သူ မယုံနိုင်သေးပေ။
ခဏကြာတော့ ထိုအနီရောင် သဏ္ဌာန်လေးမှာ ထင်ရှား သည်ထက် ထင်ရှားလာ သည်။ ကိုဘိုတောက်၏ ရီဝေနေသော မျက်လုံးအစုံမှာ အရောင်တလက်လက် တောက်ပလာကာ ထိုင်နေရာ လှေကားရင်းမှ ထကာ သွက်လက်သော ခြေလှမ်းများနှင့် ကျောင်းရှေ့ လှည်းလမ်းဆီသို့ တစ်ဟုန်ထိုး ပြေးထွက် သွားတော့သည်။ သည်မနက် သူ ကိုယ်တိုင် နို့ဆီကို ပါဝါရိန်း ဂျားရုပ်ပါသည့် အနီရောင်တီ ရှပ်ကို ၀တ်ပေး ထားခဲ့သည် ပဲ။ ကျောင်းပြတင်းပေါက်ကနေ အလုံးစုံကို မြင်နေရသော ဆရာတော်သည် ခေါင်းတဆတ်ဆတ် ညိတ်ကာ နှုတ် ဖျားကတော့ သဗ္ဗေသတ္တာ ကမ္မသကာ ဟုသာ မိန့် တော်မူလိုက်တော့သည်။
ကျူရီ (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|