|
ပြန်တည်ဆောက်ရမယ့် မြို့တော် |
|
|
|
|
Written by ဘုန်းဦးမော်
|
|
Monday, 23 April 2012 14:19 |
သူမကို ကျွန်တော် စတွေခဲ့တာ မြစ်တစ်ခုရဲ့ ကမ်းနံဘေးမှာပါ။ ဘာ ရယ်ညာရယ် မဟုတ်ဘဲ ကျွန်တော့်ဘာသာ ကျွန်တော် ထိုင်နေတဲ့ အချိန် သူမကလည်း လက်ထဲက ဘာမှန်း မသိတဲ့ ပစ္စည်းလေး တစ်ခုနဲ့ အလုပ်တွေ ရှုပ်နေ ခဲ့တယ်။
argaiv1920
သူမကို ကျွန်တော် သတိ ထားမိချိန်မှာ သူမကတော့ ကျွန်တော့်ကို သတိ မထားမိသေးဘူး။ သူမလက်ထဲက ပစ္စည်းလေးကို မြစ်ထဲ ပစ်ချလိုက်ဖို့ လက်ကို လွှဲလိုက်တယ်။ ပြီးတော့ မပစ်လိုက်သေးဘဲ လွှဲလိုက်တဲ့ လက်ကို လမ်းတစ်ဝက်မှာတင် ရပ်လိုက်ပြီး ပစ္စည်းလေးကို တမြတ်တနိုးနဲ့ ပြန်ကြည့် နေပြန်တယ်။ နေရောင်တစ်ချက် အ၀င့်မှာ လက်ခနဲဖြစ်သွားတဲ့ အရောင်ကြောင့် ရွှေနဲ့ လုပ်ထားတဲ့ တစ်ခုခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော် သူမအနားကို တိုးကပ် သွားတာတောင်မှ သူမက ကျွန်တော့်ကို ဘယ်လိုမှ သတိပြုမိပုံ မရဘူး။ ဖြစ်နိုင်တာက သူမရဲ့ အသိတရားတွေ အားလုံးဟာ သူမလက်ထဲ ကိုင်ထားတဲ့ ပစ္စည်းလေးက လွဲလို့ အခြား ဘယ်အရာတွေဆီမှာမှ ရှိမနေတာ နေမှာ။ တိုးတိုးလေး ပြောလိုက်ရုံနဲ့ သူမ ကြားရနိုင်လောက်တဲ့ အကွာအဝေး အရောက်မှာ လှမ်းခေါ်မနေတော့ဘဲ ကျွန်တော် တိုက်ရိုက်ပဲ မေးလိုက်တယ်။
“ဘာဖြစ်လို့ လွှင့်ပစ်မှာလဲ”
သူမ ကျွန်တော့်ကို လှည့်မကြည့်ပေမဲ့ ကျွန်တော့် အမေးကိုတော့ ကြားပုံ ပေါ်ပါတယ်။ သူမ လက်ထဲက ပစ္စည်းလေးကို လက်ဝါးပေါ် ဖြန့်တင်ထား ရင်းက ကျွန်တော့် မေးခွန်းကို ဖြေဖို့ သူမ စဉ်းစားနေတယ်။ စဉ်းစား နေပုံရ တယ်။ အခုမှပဲ ကျွန်တော်လည်း သူမရဲ့ လက်ဖ၀ါးပေါ်က သူမ လွှင့်ပစ်ချင် နေတဲ့ ပစ္စည်းလေးကို သေသေချာချာ ကြည့်ခွင့်ရတော့တယ်။ ရွှေလက်စွပ် မောင်းကွင်းလေးပဲ။ တစ်ခုခု ရေးထွင်းထားပုံ ပေါ်ပေမဲ့ ဘာလဲဆိုတာကို တော့ သေချာမမြင်ရဘူး။
“လွှင့်ပစ်ပါတယ်ဆိုမှ မလိုချင်တော့လို့ပေါ့။ ဘာဖြစ်လို့ မလိုချင်တော့လဲ ဆိုတော့ ကျွန်မအတွက် အသုံးမ၀င်တော့လို့၊ ကျွန်မအတွက် အဓိပ္ပာယ် မရှိတော့လို့”
သူမက ကျွန်တော့်ရဲ့ အမေးကို ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြေတယ်။ ဒါပေမဲ့ သူမရဲ့ တုံ့ပြန်မှုက ကျွန်တော့်ကို ရန်တွေ့ပြီး မောင်းထုတ်တာမျိုး မဟုတ်တဲ့အတွက် တော်သေးတယ်။ “ဒီမြစ်က ရေစီးသန်တယ်။ အခုမင်း ပစ်ချလိုက်ပြီဆို ဒီလက်စွပ်လေးကို မင်း နောက်ထပ် ဘယ်တော့မှ တွေ့ရမှာ မဟုတ်တော့တာ ကျိန်းသေတယ်။ မင်း အမြတ်တနိုး ထားတဲ့ ပစ္စည်းတစ်ခုကို အပြီးအပိုင် စွန့်လွှတ်ပစ်ဖို့အတွက် မင်း တကယ် အဆင်သင့်ဖြစ်နေပြီ ဆိုတာ သေချာလား”
ဒီတစ်ခါတော့ သူမ ကျွန်တော့်ကို တအံ့တသြနဲ့ လှည့်ကြည့်တယ်။ သူမရဲ့ အပြုအမူတွေကို ငေးကြည့်နေရင်း သူမရဲ့ စိတ်တွေကိုပါ မှန်းဆကြည့် မိတာပါ။ သူမရဲ့ လက်သူကြွယ် အရင်းနားလေးမှာ သာမန် အသားအရေထက် အနည်းငယ် ပိုဖြူနေတဲ့ အရစ်လေးက ဒီလက်စွပ်ကလေးကို သူမ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထား ၀တ်ဆင်ခဲ့တဲ့ ကာလတွေ ကြာခဲ့ပြီ ဆိုတာကို ပြနေတယ်လေ။ ပြီးတော့ သူမရဲ့တွေဝေ တွန့်ဆုတ်နေတဲ့ အမူအရာတွေကလည်း သူမ စိတ်ထဲက ဒွိဟတွေကို လှစ်ဟ ပြနေတယ်။ သူမက ကျွန်တော် မေးတာကို မဖြေဘဲ လက်စွပ်လေးကို သူမရဲ့ လက်သူကြွယ်မှာ ၀တ်လိုက်၊ ပြန်ချွတ်လိုက် လုပ်ရင်း စိတ်တွေ ရှုပ်နေတယ်။ ကျွန်တော် သူမ အနားမှာ ၀င်ထိုင်လိုက်ပြီး သူမ အဖြေကို စောင့်မနေတော့ဘဲ ဆက်ပြောလိုက်တယ်။
“ကိုယ် မြတ်နိုး တန်ဖိုးထားရတဲ့ အရာ တစ်ခုခုကို အကြောင်းအမျိုးမျိုး ကြောင့် လောလောဆယ် အနားမှာ မရှိစေချင်လို့ အချိန်မရွေး ပြန်ယူနိုင်တဲ့ နေရာတစ်ခုမှာ ခဏ သိမ်းထားလိုက်တာနဲ့ ဘယ်တော့မှ ပြန်ယူလို့ မရတော့အောင် အပြီးအပိုင် စွန့်လွှတ် ပစ်လိုက်တာနဲ့ အဲဒီ အခြေအနေ နှစ်ခုက နေပေးတဲ့ ခံစားချက်တွေမှာ မတူညီတဲ့ ပြင်းအား တွေ ရှိနေတယ်။ တချို့တွေကျတော့ ခဏဖယ်ထား၊ သိမ်းထားရင်းနဲ့ပဲ အပြီး အပိုင် ဆုံးရှုံးလိုက် ရတာမျိုးတွေ ဖြစ်သွားတတ်တယ်။ အဲဒီအခါ ကြိုတင်မျှော်လင့် မထားခဲ့တဲ့ ခံစားချက် အသစ် တွေထဲ နောင်တတွေပါ ရောပါလာပြန်ရော။ ဒီပစ္စည်းလေးကို မင်း သိပ်မြတ်နိုးတယ်။ သိပ်တန်ဖိုးထားတယ် ဆိုတာ သေချာရင်တော့ မင်းရဲ့ လက်ချောင်းလေးမှာပဲ အမြဲတမ်း ၀တ်ထားသင့် ပါတယ်။ နောင်တဆိုတဲ့ သစ်သီးက မြည်းစမ်း ကြည့်စရာ မလိုအောင်ကို ခါးသက်ပြင်းရှမှုက သိသာလွန်းပါတယ် ကောင်မလေးရယ်”
ကျွန်တော်ရဲ့စကားတွေကို သူမ ငြိမ်ငြိမ် လေး နားထောင်နေတယ်။ ၀ဲနေတဲ့ မျက်ရည်တွေ ပါးပြင်ပေါ် လိမ့်ဆင်း မလာစေဖို့ သူမက ဦး ခေါင်းကို ကောင်းကင်ပေါ် မော့ပြီး မျက်လုံးတွေ ကို မှိတ်ပစ်လိုက်တယ်။ သူမရဲ့ လက်သူကြွယ် လေးမှာ ၀တ်လျက်သား ပြန်ရှိနေတဲ့ လက်စွပ်လေးကို ကျွန်တော် သေသေချာချာ စိုက်ကြည့် လိုက်မိတယ်။ နေ့စွဲ တစ်ခုပဲ။ သူမ ပျော်ရွှင်ကြည် နူးခဲ့ဖူးတဲ့ အထိမ်းအမှတ်နေ့လေး တစ်ခုဖြစ်ရ မယ်။ သိပ်ပျော်စရာ ကောင်းခဲ့တဲ့ အထိမ်းအမှတ် နေ့စွဲလေး တစ်ခုကို ရေးထွင်း ထုဆစ်ထားတဲ့ ဒီ လက်စွပ်လေးက သူမအတွက် ဘာကြောင့်များ အသုံး မကျတော့တာလဲ။ ဘာကြောင့်များ အဓိပ္ပာယ်တွေ မဲ့သွားရတာလဲ။ ကျွန်တော့်စိတ်ထဲ မှာ တွေးမိနေတာတွေကို ထုတ်မမေးလိုက်ပေမဲ့ သူမကတော့ တိကျတဲ့အဖြေတွေ ပေးခဲ့တယ်။
“ဒါ ကျွန်မရဲ့ စေ့စပ် လက်စွပ်ပေါ့။ ဒီမှာ ရေးထွင်းထားတဲ့ နေ့စွဲလေးက ကျွန်မတို့ စေ့စပ်တဲ့ နေ့လေ။ နှစ်ယောက်ပုံစံတူ လုပ်ထားတဲ့ လက်စွပ်လေးတွေ ဆိုတာက နှစ်ယောက်စလုံး အတူတူ ၀တ်ထားကြမှ အဓိပ္ပာယ် ပြည့်ဝတာလေ။ အခု တော့ သူက ကျွန်မတို့ နှစ်ယောက်လုံးရဲ့ ဘ၀ အတွက် သိပ်အရေးကြီးတဲ့ လက်စွပ်လေးကို ချွတ်ပစ်ပြီး သီးခြားဘ၀ တစ်ခုစတင်ဖို့ ခြေလှမ်း ပြင်နေပြီ။ သူ ဆက်လက် ၀တ်ချင်စိတ် မရှိတော့တဲ့ လက်စွပ်ကလေးနဲ့ ခွဲမရအောင် ပုံစံတူတဲ့ လက်စွပ်တစ်ကွင်းကို ကျွန်မ တစ်ယောက်တည်း ဆက်ဝတ်ထားမယ် ဆိုရင် အဲဒီ အပြုအမူရဲ့ အဓိပ္ပာယ်က အရင်တုန်းကနဲ့ မတူတော့ဘဲ ကွဲပြား သွားတော့မယ်လေ”
နှစ်ယောက် အတူတူ ၀တ်ဆင်ဖို့ လုပ်ထားတဲ့ လက်စွပ်လေးတွေ နှစ်ယောက်စလုံးရဲ့ လက်မှာ ရှိနေခြင်းဟာ မြတ်နိုးခြင်း၊ ချစ်ခြင်းမေတ္တာ၊ နှောင်ဖွဲ့သော တွယ်တာမှုနဲ့ နှစ်ယောက်တစ်ဘ၀ ဆိုတဲ့ အဓိပ္ပာယ်တွေကို ဆောင်ပေမဲ့ အဲဒီ လက်စွပ်လေး တွေကိုပဲ တစ်ယောက်ယောက်က ချွတ်ပစ်ပြီး အခြား တစ်ယောက်ကပဲ ၀တ်ဆင်ထားမယ် ဆိုရင်တော့ အဲဒီ အခြေအနေဟာ ခွဲခွာခြင်း၊ ဒဏ်ရာ၊ ဖြတ်တောက် ပြယ်လွင့်တဲ့ အကြင်နာတရားနဲ့ တစ်ယောက် တစ်ဘ၀စီ ဆိုတဲ့ အဓိပ္ပာယ်တွေ အဖြစ် ပြောင်းလဲ ဖြစ်တည်သွားကြမှာလေ။ သူမ ပြောပြချင်နေတဲ့ စကားတွေကို ကျွန်တော် နှလုံးသားနဲ့ ခံစား နားလည်နေမိတယ်။ သူမက လက်စွပ်လေးကို ပြန်ချွတ်လိုက်ပြီး လက်ထဲမှာ ဆုပ်ကိုင် ထားပြန်တယ်။
“သူ မင်းဆီ ဘယ်တော့မှ ပြန်မလာတော့ ဘူးဆိုတာ သေချာလို့လား။ တစ်ခါတစ်ခါ ကိုယ် တို့တွေက တကယ် မပြီးဆုံးသေးတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ပြီးပါပြီလို့ စာတန်း ထိုးမိတတ်ကြ တယ်။ အဲဒီလိုနဲ့ပဲ အရာရာကို မလိုအပ်ဘဲ အသစ်က ပြန်စနေကြရရော။ အချိန် ကာလတွေကို ဖြတ်သန်းပြီး မှတ်ကျောက်တင် ခံထားပြီးသားဖြစ်တဲ့ အချို့သော တန်ဖိုးတွေ ဆိုတာက အချိန်ကာလ တစ်ခုကို ထပ်စောင့်ပြီးမှ ပြန်ရနိုင်တာလေ။ ဘ၀ကို ခဏခဏ တစ်က ပြန်စနေကြရတဲ့ သူတွေမှာ တန် ဖိုးထား မြတ်နိုးစရာတွေ ရှားပါး နေတတ်တယ် မင်း ပြန်စဉ်းစားပါဦး”
ကျွန်တော့် စကားကို ကြားတော့ သူမက နှုတ်ခမ်းကို ကိုက်ပြီး နာနာကြည်းကြည်း ပြုံး တယ်။ မျက်ရည် ၀ဲနေတဲ့ မျက်လုံးတွေရဲ့ ရီဝေ တဲ့ လွမ်းဆွတ်မှု၊ သွားနဲ့ဖိကိုက်ထားတဲ့ တုန်ရီ နှုတ်ခမ်းနှစ်လွှာရဲ့ ပြင်းရှတဲ့ နာကျင် ကြေကွဲမှု၊ ဖိစီးတဲ့ ဝေဒနာတို့ရဲ့ ထန်ပြင်းတဲ့ ထိုးနှက်ချက်တို့ အောက်မှာ တဆတ်ဆတ် တုန်ခါမောပန်း နေရှာတဲ့ ဒဏ်ရာရ နှလုံးသားတစ်ခု၊ အဲဒီ အကြောင်းတရား တွေရဲ့ ပေါင်းစုံထိစပ်မှု ရလဒ် သူမရဲ့နာကြည်း ခံပြင်းတဲ့ အပြုံးဟာ ကျွန်တော် အတွက်တော့ အခိုက်အတန့်လေး တစ်ခုစာ ပါးရှားတဲ့ အနုပညာ ပစ္စည်းလေး တစ်ခု ဖြစ်နေခဲ့တယ်။ တုန်ရီနေတဲ့ သူမရဲ့ နှုတ်ခမ်းဖျားလေးတွေ လှုပ်ရှားသက်ဝင် လာတယ်။ နှုတ်ခမ်း တစ်စုံဟာ တူရိယာ ပစ္စည်း တစ်ခုဖြစ်နိုင်သလို နှုတ်ထွက် စကားတွေဟာလည်း ဂီတ ဖြစ်နေနိုင်တာပဲလို့ သူမရဲ့စကားတွေ ကို နားထောင်နေရင်း ကျွန်တော် တွေးမိတယ်။
“ပြန်ဆက်ထားပြီ ဆိုမှတော့ အဲဒီကြိုးမှာ ဆက်ထုံးတစ်ခု ရှိနေမှာပဲ။ နားလည် ခွင့်လွှတ်ခြင်း ဆိုတဲ့ စကားကို အခါခါ ကြားဖူးပေမဲ့ တကယ်တမ်း ကျတော့ ကျွန်မတို့ရဲ့ စိတ်ထဲမှာ ဘယ်လို အစိုင်အခဲမျိုးမှ မကျန်ဘဲ တကယ့်ကို နားလည်လိုက်တာ၊ ခွင့်လွှတ်လိုက်တာမျိုးတွေ ဟုတ်ကြ လို့လား။ သူ ကျွန်မဆီ ပြန်လာနိုင်ပါတယ်။ အဲဒီအခါ ကျွန်မကလည်း နားလည်ပါတယ်၊ ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကားကို ပြောပြီး သူ့ကို ပြန်လက်ခံ လိုက်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်စလုံးရဲ့ စိတ်တွေအရင်လို ပြန်ဖြစ်လာ နိုင်ဖို့ဆိုတာ သေချာပါ့မလား။ ပြီးပြည့်စုံနေတဲ့ ပန်းချီကား တစ်ချပ်ဟာ မလိုအပ်တဲ့ ဆေးစက် လေးတစ်စက် စွန်းထင်းသွားရုံနဲ့ အလှ ပျက်သွား နိုင်တယ်။ ပျက်စီးသွားတဲ့ အရာ တစ်ခုဟာ ပြန် ပြင်လိုက်လို့ အကောင်းပကတိ အတိုင်းပြန် ဖြစ်သွားနိုင်ပေမဲ့ ဒီအရာဟာ ပြန်ပြင်ထားတာပါ ဆိုတဲ့ အသိစိတ်လေး တစ်ခုကို ကျွန်မရဲ့စိတ်ထဲ ကနေ အပြီးအပိုင် ဖျောက်ဖျက်ပစ်ဖို့ကတော့ အဲဒီလောက် မလွယ်ဘူးလေ”
ပြီးပြည့်စုံခြင်း ဆိုတဲ့ အရာက ဘာလဲ။ လူလူချင်း ဆက်ဆံရာမှာ ပြီးပြည့်စုံမှု ဆိုတဲ့ အရာကို ကျွန်တော်တို့ ရနိုင်လိမ့်မယ်လို့ မျှော်လင့်အပ် လို့လား။ မလိုအပ်တဲ့ ဆေးစက်တစ်စက် ကျလို့ အလှ ပျက်သွားတယ် ဆိုတဲ့ ပန်းချီကား တစ်ချပ်၊ ကျလာတဲ့ ဆေးစက်လေးနဲ့မှ အလှတရားဟာ ပိုပြီး ပြည့်စုံသွားခဲ့တယ် ဆိုတဲ့ ခံစားချက်။ ဒါတွေ အားလုံးဟာ စိတ်ကြောင့်ဖြစ်တဲ့ အကန့်အသတ် တွေပဲ မဟုတ်ဘူးလား။ လူနှစ်ယောက် ပေါင်းပြီး ဘ၀တစ်ခုကို တည်ဆောက်တာဟာ ပန်းချီကား တစ်ချပ် ဆွဲနေတာမှာ မဟုတ်တာလေ။ မာယာ များတဲ့ လောကကြီးထဲမှာ ကျင်လည်လှုပ်ရှားနေ ကြရတဲ့ လူသားတွေပီပီ အခန့်မသင့်တဲ့ အခါ မိသားစုပုံ ကားချပ်ကို စွန်းထင်း ညစ်ပေ သွားစေ နိုင်တဲ့ အပြစ် အနာအဆာလေးတွေ ရှိလာတတ်တာပဲ။
တိမ်ညိုတိမ်ပုပ်တွေရဲ့ လွှမ်းအုပ်မှုကို အခိုက်အတန့်လေးတစ်ခုစာ ခံရရုံနဲ့တော့ ကောင်း ကင်ကြီးရဲ့ ဂုဏ်ကျက်သရေဟာ ထာဝရစာ မည်းညစ် စုတ်ပြတ်မသွားသင့်ပါဘူး။ စွန်း ထင်းသွားတဲ့ အမည်း စက်သေးသေးလေးထက် လှပ သက်ဝင်နေဆဲဖြစ်တဲ့ လက်ကျန် အလှတရား တွေကို ကျွန်တော်တို့ပိုပြီး အာရုံ မစိုက်သင့်ဘူး လား။
ကျွန်တော့်စိတ်ထဲ စီးမျော ဖြန့်ကြက်နေတဲ့ အတွေးကွန်ရက်ကို သူမ သိအောင်ပြောပြမနေ တော့ပါဘူး။ သူမက ကိုယ်တိုင်ကိုယ်ကျ နာကျင် ခံစားနေရသူလေ။ ကျွန်တော်ကတော့ ဘေးကရပ်ကြည့်နေရသူ။ ကိုယ့် ရင်ဘတ်ထဲက ခံစားချက်တွေကို ကိုယ်တိုင်ဘေးကနေ ထွက်ကြည့်နိုင်ဖို့ ကိုတော့ သူမကိုအချိန်ပေးရဦးမယ်။ သူမက ကျွန်တော့်ကို စကားတွေပြော နေရင်း သူမချခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် သေချာသထက် သေချာသွားတယ် ထင်ပါရဲ့။ စိတ်ကို လုံးဝပိုင်းဖြတ်လိုက်တဲ့ မျက်နှာထားမျိုးနဲ့ လက်စွပ်လေးကို လွှင့်ပစ်ဖို့ လက်ကို မြှောက်လိုက်တယ်။ ဒီတစ်ခါ ကျွန်တော် မတားရင်တော့ သူမ တကယ်ပဲ လွှင့်ပစ်တော့မှာ။ ကျွန်တော် သူမရဲ့လက်ကို လှမ်းဆွဲလိုက် တယ်။
“နေပါဦး မင်းအတွက် ဘာအဓိပ္ပာယ်မှ မရှိတော့ပေမဲ့ ဒီလက်စွပ်လေးဟာ အခြားတစ်ယောက် အတွက် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိနေနိုင်သေးတယ် လေ”
သူမ ကျွန်တော့်ဘက်ကို ဆတ်ခနဲ လှည့်ကြည့်တယ်။ သူမရဲ့မျက်ဝန်း တွေထဲမှာ ဒေါသ အရိပ်အယောင်တွေ မတွေ့ရပေမဲ့ သူမ စိတ်တော့ ရှုပ်နေပုံပဲ။ သူမရဲ့လက်ကို လွှတ်မပေးသေးဘဲ ကျွန်တော် သူမရဲ့မျက်လုံးတွေထဲ စိုက်ကြည့်နေလိုက်တယ်။
“စိတ်အေးအေးထားပြီး ကိုယ်ပြောတာကို ခဏလောက် နားထောင် ကြည့်ပါဦး”
သူမက သက်ပြင်းဖွဖွချရင်း ခေါင်းညိတ်တော့မှ ကျွန်တော်သူမရဲ့ လက်ကို လွှတ်လိုက်တယ်။ သူမက စိတ်ကိုလျှော့ပြီး မြစ်ရေပြင်ကို ငေးကြည့် နေရင်းက ကျွန်တော့်ကို လှမ်းမေးတယ်။ “ဒီလက်စွပ်လေးကို တစ်ယောက်ယောက်ဆီ ပေးပစ်လိုက်ဖို့ ရှင်ပြော မလို့လား”
“တကယ်စွန့်လွှတ်လိုက်နိုင်ပြီ ဆိုတာ သေချာရင်တော့ မင်း အဲဒီလို လုပ်ပစ် နိုင်ရလိမ့်မယ်”
ကျွန်တော် သူမအမေးကို ဖြေပြီးပြီးချင်းပဲ သူမ ဘာပြန်ပြောမလဲဆိုတာ ကို အကဲခတ်ရင်း စောင့်နေလိုက်တယ်။ သူမက လက်စွပ်ကလေးကို ကိုင် ကြည့်ရင်း တိတ်ဆိတ်စွာနဲ့ စဉ်းစားနေတယ်။ သူမ ဘာမှ ပြန်မပြောသေးဘဲ ငြိမ်နေတဲ့ အချိန်မှာပဲ ကျွန်တော် ဆက်ပြောလိုက်တယ်။
“ကိုယ် မြတ်နိုးတဲ့ အရာတစ်ခုကို ကိုယ့်လက်ထဲ မထားချင်တော့ဘူး ဆိုတဲ့ စိတ်နဲ့အတူ အခြားသူ တစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားမှာ စိုး ရိမ်နေတဲ့ စိတ်ပါ တွဲလျက်ရှိနေပြီဆိုရင်တော့ အဲဒါ အပြီးအပိုင် မစွန့်လွှတ်နိုင် သေးတဲ့ သဘောပဲ။ ကိုယ်က မလိုချင်တော့လို့ စွန့်ပစ်ထားတဲ့ ပန်းတစ်ပွင့် ကို အခြားသူ တစ်ယောက်က တမြတ်တနိုးနဲ့ ကောက်ယူ နမ်းရှိုက်တဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ငေးကြည့်နေနိုင်တဲ့သူ ရှားပါတယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ။ ကိုယ် ထင်တာကတော့ အနည် မထိုင်သေးတဲ့ ခံစားချက် တွေကို လျစ်လျူရှုပြီး၊ ပြီးပါပြီလို့ အလောတကြီး ခေါင်းစဉ်တပ်၊ အဲဒီနည်းနဲ့ ရင့်ကျက်ချင်ယောင် ဆောင်ခဲ့ကြလို့ပဲ ဖြစ်မယ်”
မြစ်ရေပြင်ကို ငေးကြည့်နေတဲ့ သူမရဲ့ မျက်ဝန်းတွေ ကျွန်တော့်ဘက် လှည့်လာတယ်။ ပြီးတော့ ကျွန်တော့်ကိုပဲ မေးသလို၊ သူမကိုယ် သူမပဲ မေးသလိုလိုနဲ့- “ကျွန်မ သူ့ကို တကယ်ပဲ အပြီးအပိုင် စွန့်လွှတ် လိုက်နိုင်ပြီလား။ ကျွန်မ ရင့်ကျက်ချင်ယောင် ဆောင်နေတာလား။ ဒီလုပ်ရပ်ဟာ နောင်အတိတ် ကာလ တစ်ခုမှာ ကျွန်မကို နောင်တရ ကြေကွဲ နေစေမယ့် ဆုံးဖြတ်ချက် တစ်ခုဖြစ် လာမှာလား”
ကျွန်တော်လည်း ဘယ်သိမှာလဲ။ သူမလည်း သိချင်မှ သိလိမ့်မယ်။ အသိတရား ဆိုတာတွေက ခံစားချက်လောက် မြန်မှ မမြန်တာလေ။ “မင်းနဲ့ တိုက်ရိုက် ပတ်သက်တဲ့ မေးခွန်းတွေ အတွက် မင်းကိုယ်တိုင်ကပဲ အဖြေပေးနိုင်လိမ့်မယ်။ ကိုယ့်အနေနဲ့တော့ ထင်မြင် ယူဆချက်တွေနဲ့ အကြံ ဉာဏ်လောက်ပဲ ပေးနိုင်မှာ။ ကိုယ့်အထင်တော့ မင်းနှလုံးသားက သူ့ကို မပြတ်နိုင်သေးတာ သေချာပါတယ်။ ဒါပေမဲ့ မင်းရဲ့မာန၊ မင်းရဲ့ ဂုဏ်သိက္ခာ တွေကလည်း မင်း သူ့ကို ပြတ်စဲ ပစ်လိုက်ဖို့ တွန်းအား ပေးနေကြတယ်။ အဲဒီလိုမျိုး ခံစားချက်နှစ်ခု ဒွန်တွဲနေတတ်တဲ့ အခြေအနေမျိုးတွေမှာ ခံစားချက် တစ်ခုကို အပြီးသတ်ချေမှုန်းပစ်မယ့် ဆုံးဖြတ်ချက်မျိုးတွေ မချမိဖို့ သိပ်အရေး ကြီးတယ်။ နို့မို့ဆို တစ်ဘ၀လုံး နောင်တ ရနေရလိမ့်မယ်”
“ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မ ဘာလုပ်သင့်သလဲ။ အခုလောလော ဆယ်တော့ ဒီလက်စွပ်ကလေးကို ကျွန်မဆီမှာ မထားချင်တာ။ သူ့ကိုလည်း ပြန်ပြီး မျှော်လင့်မနေချင်တာတော့ အသေအချာပဲ”
သူမ ဘာလုပ်သင့် သလဲတဲ့ ကျွန်တော့်ကို မေးနေပြီ။ လုပ်သင့်တာ တစ်ခုခုကို အလွယ်တကူ ပြောလိုက်နိုင်ပေမဲ့ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက် ကိုတော့ သူမ ကိုယ်တိုင်ကပဲ တာဝန်ယူရင်ဆိုင်ရမှာလေ။ သူမအတွက် ဘယ်လို ပြဿနာမျိုးမှ ဖြစ်မလာနိုင်တဲ့ လုပ်ရပ်တစ်ခုခုကို ကျွန်တော် အသည်းအသန် စဉ်းစားနေမိတယ်။ ကျွန်တော် ဘာစကားမှ မပြောဘဲ အကြာ ကြီး ငြိမ်နေမိတာနဲ့ သူမက သူမရဲ့သဘောထားကို ထုတ်ပြောတယ်။
“ဒီလက်စွပ်ကို ဒီအတိုင်းကြီးတော့ ဘယ်သူ့ကိုမှ မပေးပစ်နိုင်ဘူး။ နောက်ပြီး ဒီလက်စွပ်မှာ ရေးထွင်းထားတဲ့ နေ့စွဲလေးကလည်း သူနဲ့ ကျွန်မ အတွက်က လွဲလို့ အခြားသူတွေ အတွက် ဘာမှ အဓိပ္ပာယ်ရှိနိုင်မှာ မဟုတ်ဘူး။ ဒီလက်စွပ်ကို ရောင်းပြီးရတဲ့ ပိုက်ဆံနဲ့ တစ်ခုခု လုပ်ပစ်မယ်။ ဟုတ်တယ် အဲဒီ အကြံကောင်းတယ်။ ရှင် ဘယ်လို သဘောရလဲ”
ကျွန်တော် ဘာမှအကြံမပေးရဘဲ သူမဘာသာ သူမ အကြံရသွားတဲ့ အတွက် ကျွန်တော်လည်း ၀မ်းသာသွားတယ်။ ကျွန်တော် ပေးချင်တဲ့ အကြံ ဉာဏ်ကလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ ပြောရမှာ ကိုယ်ချင်းမစာရာ ကျနေမှာကြောင့် ပြောဖို့ တွန့်ဆုတ်နေခဲ့တာ။
“ကောင်းတာပေါ့။ မြစ်ကြမ်းပြင်တစ်နေရာမှာ အဓိပ္ပာယ်မဲ့ လဲလျောင်း နေရမှာထက် စာရင် ငွေကြေးအဖြစ် အသွင်ပြောင်းသွားပြီး အခြား တစ်ယောက်ယောက်အတွက် တစ်စုံတစ်ရာ အဓိပ္ပာယ် ရှိသွားတဲ့ အခြေအနေက အများကြီး ပိုကောင်းတာပေါ့”
သူမ မျက်နှာလေး နည်းနည်းလန်းဆန်းလာတယ်။ လက်စွပ်လေးကို လွှင့်လည်းမပစ်၊ လက်မှာလည်း ပြန်မ၀တ်တော့ဘဲ သူမက အင်္ကျီအိတ်ကပ် လေးထဲ ထည့်လိုက်တယ်။ ပြီးတော့ တက်တက်ကြွကြွပဲ မတ်တတ် ထရပ် တယ်။
“ဘယ်လဲ”
ကျွန်တော်လည်း သူမနဲ့အတူ ထရပ်လိုက်ပြီး မေးတော့ သူမက အူကြောင် ကြောင် မျက်နှာလေးနဲ့ ကြည့်ရင်း ပြန်ဖြေတယ်။ “လက်စွပ် သွားရောင်းမယ်လေ။ ရလာတဲ့ ပိုက်ဆံကို ဘာလုပ်ပစ်ရင် ကောင်းမလဲဆိုတာကိုတော့ လမ်းလျှောက်ရင်းနဲ့ စဉ်းစားမယ်၊ လာလေ”
သူမက ကျွန်တော့်ကိုပါ လိုက်ခဲ့ဖို့ အတင်း ခေါ်နေတယ်။ ကျွန်တော် သူမနဲ့ အတူ လိုက်လာ လိမ့်မယ်လို့လည်း ယုံကြည်နေပုံပဲ။ ခက်တာက ကျွန်တော့်မှာ ထွက်ရမယ့် ခရီး တစ်ခုက ရှိလာခဲ့ပြီ။ ကျွန်တော် စိတ်မကောင်းစွာနဲ့ပဲ သူမကို ငြင်း ရတော့တယ်။
“ကိုယ်လိုက်ဖို့ မလိုတော့ဘူး ထင်ပါတယ်။ မင်းကို ကိုယ် စာသွားသင်ပေးနေကျ မိဘမဲ့ ကျောင်းလိပ်စာတော့ ပေးလိုက်မယ်။ မင်း စိတ် ၀င်စားရင် မင်းရဲ့ လက်စွပ်လေးကို ရောင်းရတဲ့ ငွေနဲ့ အဲဒီက ကလေးတွေရဲ့ကွက်လပ် တချို့ တစ်ဝက်ကို ဖြည့်ဆည်းပေးလို့ ရတာပေါ့။ ကြည် နူးပျော်ရွှင်စရာ ကောင်းပါတယ်။ ပြီးတော့ မင်းရဲ့ ချစ်သူကောင်လေး မင်းဆီ ပြန်လာတဲ့အခါ ပြန်ပြောပြလို့လည်း ကောင်းတာပေါ့”
သူမက ကျွန်တော် ကမ်းပေးတဲ့လိပ်စာ ကတ်လေးကို လှမ်းယူရင်း အလိုမကျဖြစ်နေတယ်။ “ဘယ်လို ဖြစ်ရတာလဲ။ ခုနကတော့ ကျွန်မနဲ့အကြာကြီး စကားတွေ ထိုင်ပြောနေရဲ့နဲ့ အခုကျ တော့ ချက်ချင်းကြီးပဲ မအားတော့ပြန်ဘူးလား”
“ဟုတ်တယ်။ ကိုယ်နဲ့ စကားတွေ ပြောနေ ရင်းက မင်း အကြံရသွားသလိုပဲ၊ မင်းနဲ့စကား တွေ ပြောနေရင်းကပဲ ကိုယ့်နှလုံးသားထဲမှာ အသိ တစ်ခု လင်းလက်သွားခဲ့တယ်။ မင်းနဲ့ မလိုက်နိုင် တဲ့အတွက် ၀မ်းနည်းပါတယ်။ ကိုယ် ဒီနေ့ပဲ ခရီးတစ်ခုကို စထွက်တော့မယ်။ တစ်လက်စ တည်းပဲ မင်းကိုလည်း နှုတ်ဆက် ခဲ့ပါတယ်။ မင်းရဲ့ ရှေ့ဆက်ရမယ့် ဘ၀ခရီးမှာ နောင်တတွေကနေ ကင်းဝေးနိုင်ပါစေ”
ကျွန်တော် သူမနဲ့အတူ မလိုက်တော့ဘူးဆို တာ သေချာသွားတဲ့အခါ သူမရဲ့ မျက်နှာလေး နည်းနည်းညှိုးသွားတယ်။ ဒါပေမဲ့ ခဏပါပဲ။ သူမရဲ့ မျက်နှာမှာ အပြုံးပန်းလေး ပြန်လန်းလာ ပြီး ကျွန်တော့်ကို နှုတ်ဆက်တယ်။ ခဏလေး တွေ့လိုက်ရပေမဲ့ နှလုံးသားချင်း နားလည်ပြီး ကျွန်တော်နဲ့သူမ သူငယ်ချင်းတွေလို ဖြစ်သွား ကြတယ်။
“ကျွန်မ ရှင့်ကို အမြဲတမ်း သတိရနေမှာပါ။ ကျွန်မနဲ့ ခဏတစ်ဖြုတ်စကားတွေ ပြောသွားခဲ့ဖူး တဲ့ မိတ်ဆွေကောင်း တစ်ယောက်အဖြစ်နဲ့ပေါ့။ အခွင့်ရှိမယ်ဆိုရင်တော့ ရှင်နဲ့ ပြန်ဆုံချင်ပါသေး တယ်။ ဒါနဲ့ ရှင်ခရီးထွက်မယ် ဆိုတော့ ဘယ်ကို သွားပြီး ဘာတွေလုပ်မှာလဲ” “ကိုယ် လွတ်ကျခဲ့တဲ့ မြို့တော်လေးကို တစ်စဆီ လိုက်ကောက်ပြီး ပြန်တည်ဆောက်ရဦး မယ်”
ဘုန်းဦးမော်၊နေဘုန်းလတ်၊ (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|