|
Written by မြသွေးနီ
|
|
Monday, 23 April 2012 13:52 |
“လတန်ခူး ပေမို့ အလှ ထူးပါဘိ မြမြဖူး ရယ်တဲ့ ခိုင်ရွှေဝါ”လို့ စာဆိုတို့ ရေးဖွဲ့ ရလေတဲ့ မြန်မာတို့ရဲ့ အတာသင်္ကြန် အခါ သမယက မကြာမီ ရက်များအတွင်း ရောက်လို့ လာတော့မှာ ဖြစ်ပါတယ်။
argaiv1337
တန်ခူးလ၊ အတာ သင်္ကြန်ပွဲ၊ ရွှေဝါရောင် ပိတောက်ပန်းတို့နဲ့ တူးပို့တူးပို့ သင်္ကြန် တေးသွားများက မြန်မာလူမျိုးတိုင်းရဲ့ ရင်ကို တစ်နှစ်တစ်ကြိမ် လှုပ်နှိုးနေကျ အတိုင်း၊ လှုပ်နိုးလို့ လာ ပြန်ပါပြီ။ ဧပြီလ Blog Digest အတွက် ထူးထူး ခြားခြားလေး ဖြစ်ရလေအောင် သင်္ကြန်အငွေ့ အသက် လွှမ်းခြုံနေတဲ့ ဘလော့ဂ်ပို့စ် များကို ရွေးချယ် ဖော်ပြ ပေးသွားဖို့ စီစဉ် ထားပါတယ်။ ပြည်ပမှာ အလုပ် လုပ်ကိုင်ရင်း ၀ါသနာ အရ အွန်လိုင်းမှာ စာတွေ ရေးနေကြတဲ့ ဘလော့ဂါများရဲ့သင်္ကြန် အလွမ်းများက သင်္ကြန် မတိုင်ခင်မှာပဲ အွန်လိုင်းပေါ်မှာ ပျံ့လို့နေပါပြီ။ မြန်မာပြည်ကို ခွင့်ရက်နဲ့ ပြန်လို့ ရသူများကပြန်၊ ပြန်လို့ မရသူများကလည်း အွန်လိုင်းပေါ်မှာ သင်္ကြန်ပို့စ်တွေ ရေးကြ၊ ဖတ်ကြနဲ့ အလွမ်းဖြေရင်း သင်္ကြန် ကျကြပါတယ်။ ဒီလမှာ သင်္ကြန်နဲ့ ပတ်သက်ပြီး ဘလော့ဂါများရဲ့ စာတွေ သာမက၊ သင်္ကြန်အပေါ် ထားရှိတဲ့ သူတို့ရဲ့ ရင်ထဲက အသံများကိုပါ သိခွင့်ရခဲ့ပါတယ်။
ဧပြီလ Blog Digest အတွက် ဘလော့ဂါ ချစ်ကြည်အေးရဲ့ ကဗျာ တစ်ပုဒ်ကို ရွေးချယ်ထား ဖြစ်ပါတယ်။ ဒီကဗျာလေးက “ပိတောက်အိပ်မက် မက်ကြသူများ” ဆိုတဲ့ အွန်လိုင်းကဗျာ စာအုပ်လေးမှာ ပါဝင်ခဲ့ဖူးပြီး၊ ချစ်ကြည်အေးရဲ့ ဒုတိယအကြိမ် Blog Digest မှာ ပါဝင်ခွင့် ရခဲ့တဲ့ ကဗျာလေးလည်း ဖြစ်နေပြန်ပါတယ်။ ကဗျာဆရာတစ်ယောက်ရဲ့ ရင်မခုန်တော့ဘူးလို့ ထင် နေခဲ့တဲ့ သင်္ကြန်အပေါ်မှာ သူ့ရဲ့ မသိစိတ်က တွယ်ငြိနေသေးတဲ့ စွဲလမ်းစိတ် အကြွင်းအကျန်လေးကို တွေးမိရင်းကနေ ဒီကဗျာလေးကို ရေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အေး!! အဲဒီ ကဗျာဆရာဆိုတဲ့ကောင် ငူငေါင်နေတဲ့ရုပ် လွယ်အိတ်စုတ်တစ်လုံးပဲ ပိုင်တဲ့ကောင်ဟာ သူဌေးကုန်းလမ်းထဲမှာ နေသတဲ့။ ကဗျာဆရာ အိမ်ကအထွက်... ကလေးတစ်စု ဗွမ်းခနဲပက်လိုက်တာကြောင့် ရွှဲသွားတဲ့ ပုဆိုးအောက်နားကရေတွေ ညှစ်အချ အတာရေနဲ့ နူးအိ ပျော်ကျ ခဲကျဉ်နေတဲ့ နှလုံးသားတွေလေ...။ ဘယ်ရာဇ၀င်မှာ ဘယ်သူက စသွားမှန်း မသိတဲ့ ကဗျာဆရာနဲ့ အရက် ဖွားဖက်တော်ဆိုတာကို သူက ရယ်တာပေါ့ ပြီးတော့မှ ချိုပေါ့ကျတစ်ခွက်နဲ့ ခပ်ကျဲကျဲအတ္တကို ရောဖျော်သောက် ဆေးပြင်းလိပ်တစ်တို ကောက်အဖွာ ကောင်းကင်ကြီး ဘာကြောင့်ပြာ ပိတောက်တွေ ဘာကြောင့်ဝါဆိုတာ ဘုရားဟောထဲမှာ မပါဘူး နိဗ္ဗာန်ရောက်အောင် ဘယ်လို ကူးမလဲ သံသရာ ဒီဝဲဂယက်က ဘယ်လိုရုန်းထွက်မလဲ မဂ္ဂင်ရှစ်ပါး အနှစ်အသား ဒါတရားပဲ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး အနှစ်ချုပ်တော့ သစ္စာလေးပါး အကြောင်းအကျိုး တရားတွေပဲဆိုတာ ကဗျာဆရာက သိတယ်။ အဲဒါပဲကျီးအာသီးနဲ့ ပတ္တမြား ခွဲခြားသိတာ ကဗျာဆရာကွလို့ လက်ဖက်ရည်ဆိုင်ကစားပွဲပေါ်မှာ သိခြင်းတွေ အစုလိုက် ပုံချပြရင်း သူ မသိတော့တဲ့သင်္ကြန် သူ မလွမ်းလောက်တဲ့ ပိတောက်အတွက် တစိုးတစကလေးတောင်မှ ပင့်သက်မရှိုက်လေဘူး ပြီးတော့မှ လွယ်အိတ်စုတ်လေးထဲက အပူချိန် သာတီစစ်ပွိုင့်နိုင်း ဒီဂရီ(၃၆.၉ံ) ဆဲယ်ဆီးယပ်စ်ရှိတဲ့ မာနအထုပ်ကလေး ကျစ်ကျစ်ဆုပ်ကိုင်ရင်း လာရာလမ်းထဲ ပြန်လှည့်. ဆေးလိပ်ခွက်ထဲက သူချန်ခဲ့တဲ့ ဆေးပြင်းလိပ်အတိုလေးတွေကတော့ ပြာကြွေမီးသေလို့...။ ရေပုံး ရေခွက်တွေနဲ့ လမ်းကျဉ်းကလေးထဲက ကလေးတစ်စုကတော့ သူ ပြန်အလာ လူသူအလာကို မျှော်လို့ စောင့်လို့...။ ချစ်ကြည်အေး http://www.chitkyiaye.com
“တက္ကသိုလ် တက်တုန်းက ကျောင်း အနုပညာ အသင်းကနေ စီစဉ်တဲ့ သင်္ကြန်ပွဲတွေ အတွက် ဂန္ဓမာ ဆောင်မှာ ကမ့်သွင်းပြီး ရေကစား မဏ္ဍပ်တွေမှာ သီချင်း လိုက်ဆိုဖူးတာကတော့ တကယ့်အမှတ်တရပါပဲ”လို့ သင်္ကြန်အပေါ် လွမ်း လွမ်းဆွတ်ဆွတ်ပြောလာတဲ့ ဘလော့ဂါချစ်ကြည် အေးက “မြန်မာ့ရိုးရာသင်္ကြန်ကို မြန်မာဆန်သော၊ မြန်မာရနံ့သင်းသော၊ ရိုးရာဖြစ်သော၊ အစဉ် အလာအတိုင်း ဖြစ်သော သင်္ကြန်လို့ အဓိပ္ပာယ်ဖွင့် ဆိုချင်ပါတယ်။ အဲဒီအဓိပ္ပာယ် အောက်မှာသာ မြန်မာ့ရိုးရာ သင်္ကြန်ကို ဆင်နွှဲကြကြေး ဆိုရင်တော့၊ လက်ရှိသင်္ကြန်တွေဟာ မူရင်းခေါင်းစဉ်အောက်က လွဲချော် နေကြတယ်လို့ ခံစားမိပါတယ်”လို့ သူ့အမြင်ကို ပြောပြပြန်ပါတယ်။ “သင်္ကြန်မှာ လူငယ်ပီပီ ပျော်ကြပါ။ ဒါပေမဲ့ အန္တရာယ် ဖြစ်စေလောက်တဲ့ သောက်စားမှုတွေ၊ အများ သူငါ ထိခိုက်စေမယ့် ပျော်ရွှင်မှုမျိုးတွေကိုတော့ ရှောင်ကြစေချင်ပါတယ်။ ပျော်တော့ ပျော်ကြပါ၊ မလွန်ကြပါစေနဲ့လို့ ဖူးငုံများကို ချစ်ခင်စွာမှာ ချင်ပါတယ်။ အားလုံးပဲ မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို အေးချမ်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေ”လို့ ဖူးငုံလူငယ်များအတွက် ဘလော့ဂါ ချစ်ကြည်အေးက သင်္ကြန်စကား လက်ဆောင် ပါးလိုက်ပါတယ်။
ဒီလ ဖူးငုံချစ်သူများ အတွက် သင်္ကြန်ဆောင်းပါး အတွက် လူငယ် ဘလော့ဂါ တစ်ဦးဖြစ်တဲ့ မောင်ဘကြိုင်ရဲ့ လက်ရာလေးကို ဖော်ပြဖို့ ရွေးချယ် ထားမိပါတယ်။ “ရေလောင်းရေပက် ခံကာရယ်... သူငယ်ချင်းရင်းတဲ့ လုံမေရယ်... ဖျန်းပက်စေချင် စိတ်ကကြည်လင်... မပက်ဘူးဆိုရင် စိတ်ဆိုးကာပင် ဟန်ကြီးလို့ ဆိုမယ်...”
“ညိုမြညီတွေ ထင်ချင်လည်းထင် မပက်ရင်နေ ပြန်ပါဘူး ခင်ခင်ရယ် ကြည်အေးရေစင် မပက်ဘဲတော့ သူတို့မနေ ယုံကြည်ပြီးလာပါတယ်။ ကိုယ်တို့ စိတ်လန်းရွှင် ရအောင် ပက်ဖျန်းပါစမ်း ခင်ရယ်... တစ်ကိုယ်လုံး ရေမွန်း အောင်ကွယ် စိတ်ရွှင်ဆေး သင်္ကြန်ရေ နှလုံးအေးတယ် အသည်းအေးတယ် ကြည်ဖြူပါရဲ့ခင်ခင်ရယ် နောက်နှစ်ခါပါ လျော်ကာပက်ပေးကွယ်...” ဥသြငှက်တို့ နွေကြိုတေးသီ ကျူးရင့်ချေပြီ။ နွေအငွေ့အသက်နှင့် ရော်ဝါရွက်တချို့က လေ အရူးမှာ ဝေ့မြူးလို့ အတာတန်ခူးကို အလှခြယ်မှုန်း နေသည်။ ပိတောက်တို့ကလည်း ခါတော်မီရာသီ ပန်းပင်လုံးမြန်းဖို့၊ ရွက်နုရွက်စိမ်း ဝေဆာယိမ်းလို့၊ အတာတန်ခူးကို ကြိုဆိုနေကြပြီ။ တန်ခူးနွေခါ ဆိုသည် လွမ်းချင်သူများအတွက် လွမ်းစရာ ကောင်းလှသလို၊ ပျော်ချင်သူများအတွက်လည်း ပျော်ပွဲချိန်ခါ မဟုတ်ပေလား။ ပျိုပျိုအိုအိုအရွယ်စုံ စိတ်ရယ်မြူးလို့ အခါအတာပွဲနွှဲဖို့ ပြင်သူပြင်၊ ဆင် သူဆင်၊ ရပ်ဝေးရွာဝေး ရောက်နေသူတို့က လည်း မွေးရပ်ရွာ ပြန်ဖို့အရေး ကြိုတွေးပြင်ဆင်၊ မပြန်နိုင် လေသူတို့ကလည်း အမှာစကား သတင်းပါးပြီး လွမ်းစိတ်ရယ်ဖြေကြလေသည် မဟုတ်ပေလော။
အခါသင်္ကြန်ပွဲ နွှဲပျော်ဖို့၊ အခါရက်ကို ဖြတ်ကျော်ဖို့၊ တစ်ဦးနဲ့တစ်ဦး မတူညီသည့် ရည်ရွယ်ချက် ကိုယ် စီကိုယ်စီရယ်မို့၊ အတာချိန်မှာ ရိုးရာမပျက်ဘဲ ယဉ် ကျေးမှုနှင့်အညီ တူညီတွဲပျော်ဖို့ရွှင်ဖို့ အားယူကြ တဲ့သူတွေရှိသလို၊ ခေတ်လွန်လွဲ အရှေ့အနောက် မကွဲ တောင်မြောက်မတွေးဘဲ၊ အကွဲအပြဲ အလှစ် အလပ်တွေနှင့် သင်္ကြန်ပွဲနွှဲဖို့ အားခဲနေကြသူတွေက လည်း အဆင်သင့်ပြင်နေကြလေပြီ။ ကျောင်းကန် ဘုရား ရိပ်သာရယ်သွားလို့၊ စိတ်ကြည်ရုပ်ပီဖို့ ကြို တင်ပြင်ဆင် သူ ပြင်ဆင်နှင့်၊ ကလေးကအစ လူကြီးအဆုံး အရွယ်စုံ အလွှာရယ်စုံ၊ မတူညီသော အမျိုးမျိုးသော ပြင်ဆင်မှုပြုခြင်းများဖြင့် ပြင်ဆင် နေကြလေပြီ မဟုတ်ပေလော။
မြန်မာ့ရိုးရာနှစ်ကူး အတာသင်္ကြန်ပွဲတော် ရယ်ဟု မြန်မာတို့၏ ရင်ထဲတွင် ရိုးရာနှစ်ကူးပွဲကို လက်ခံကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်းများ စွာ၊ ကာလများစွာကတည်းကပင်။ တစ်ခါက မြန်မာ့သမီးပျိုလုံမေတို့ ပိတောက်ပန်း မြိုင်အောင် ပန်ရင်း၊ မန်းတောင်ရိပ်ခိုတေးသံချို သီကျူးရင်း၊ မြန်မာ့အလှ မြန်မာ့အကနှင့် ရေသဘင်ပွဲပျော်မြူးနွှဲ ကြသည့် မြင်ကွင်းပုံရိပ် ချိုမြိန်ပုံများ၊ စာဖွဲ့မပီ မမီလှလေအောင် ပီပြင်ခဲ့ပေသည်။ သပြေခက်နှင့် ရေခွက်ကိုဆွဲ၊ ရိုးရာပွဲနွှဲပျော်ကြသည့် မြန်မာအမျိုး သားများ၊ ရေဖလားနှင့် လောင်းပက်ကြသည့် ဟန်၊ နှစ်ကူးခါ နှစ်ဆန်းတစ်ရက်နေ့တွင် အိုကြီး အိုမ သက်ကြီးရွယ်ကျ အဘိုးအဘွားများကို မွန် မြတ်စိတ်ထား၍ ဆည်းကပ်ပွားများ သက်ကြီး ပူဇော်ပွဲများကျင်းပပုံ၊ လူငယ်လူရွယ်များ ရှေ့ ဆောင်ဦးရွက် တက်ကြွစွာပြုမူပုံများ၊ ပြောမဆုံး ပေါင် တောကြီးသုံးထောင်ဆိုသလို ရှိချေခဲ့သည် မဟုတ်ပေလော။
အိမ်နီးချင်း နိုင်ငံတချို့နှင့် နှစ်ကူးရေ သဘင်ပွဲ ဆင်နွှဲပုံ တူသယောင်ထင်ရ ပေသော် ငြား၊ မတူညီကွဲပြား ထူးခြားသည့် မြန်မာ့နှစ်ကူး ရေသဘင်ပွဲတော်သည် ကမ္ဘာတွင် တစ်ခုတည်း သော ထူးခြားမှုများ ရှိသည့်၊ အစဉ်လာကောင်းများ ရှိသည့်၊ ရေသဘင် ပွဲတော် ဖြစ်သည်။ တစ်နှစ်မှာ တစ်ကြိမ်ပွင့်သည့် ပိတောက်ပန်းများ နှင့်အပြိုင် ပင်လုံးမြိုင်ဝင်းဝါ ထိန်နေတတ်သည့် ငုဝါပန်းတွေက အတာနှစ်ကူးရာသီဦးကို ထည် ထည်ဝါ၀ါ အလှဆင်ထားကြသည် မဟုတ်ပေ လော။
သို့ပေမဲ့လည်း မျက်စိတစ်မှိတ် နှစ်အနည်း ငယ်အတွင်းမှာ ပြောင်းလဲလာ လိုက်သည်မှာ ရင်သပ်အံ့သြ စိတ်မောစရာ၊ မြင်ရ တွေ့ရသည် များမှာ မြန်မာတို့၏ မြန်မာ့ရိုးရာပွဲတော်မှ ဟုတ်ပါ လေရဲ့လားဟု အတွေး မှားရလေသည် မဟုတ်ပေလော။ ခေတ်လွန်လွဲဟန် ဆင်ယင်ဝတ်စား မူးယစ်ရမ်းကား သွေးဆူကြသူ အများအပြားနှင့် ၀ုန်းဒိုင်းကျွတ်ကြဲ ဒစ္စကိုဒန့်စ် ကဟန်တွေကလည်း မြန်မာပီသူ တချို့၊ ယဉ်ကျေးမှုမြတ်နိုးသူ တချို့ကို ရေသဘင်ပွဲ ၀င်မနွှဲဘဲ မဆိုင်သလို နှုတ်ဆိတ်နေစေသည် မဟုတ်ပေလော။
လူရွယ်လူငယ် အတွေးမှား တုပမှားပြီး၊ ၀တ်စားဆင်ယင်လာလိုက်ကြ သည်မှာယခု တော့ ရိုးရာယဉ်ကျေးမှု ပါးလွှာစပြုလာသည့် အခြေအနေများကို စိတ်မောရင်နာ မသက်သာဘဲ မြန်မာတို့၏ နှစ်ကူးရေသဘင် ရိုးရာပွဲမှာ တွေ့မိမြင်မိကြသည် မဟုတ်ပေလော။ ရေ သဘင်ပွဲ ပါဝင်နွှဲသူများအတွက် ယဉ်ကျေးစွာ ရေလောင်းရေပက် အနေအထားကနေ၊ ရေထိုး ရေမွန်းအခြေအနေထိအောင်၊ အနာတရဖြစ်အောင်၊ ကြောက်လန့်စိတ်ဖြစ်လာ အောင်အထိ ဖြစ်ချေပြီ မဟုတ်လော။ ရေသဘင်ပွဲ ၀င်နွှဲဖို့ စိတ်မရှိ အောင်ကို တဖြည်းဖြည်း ကျောခိုင်းသူ၊ စိတ်ပျက် သူများလာအောင် အခြေအနေတွေက ပြောင်းလဲ နေပြီ မဟုတ်ပေလော။
ရာသီဥတုအပြောင်းအလဲနှင့်အတူ နွေနေပူ ရှိန်အောက် ပုလင်းဆွဲ အော်ဟစ်ဆဲ၊ အမေနှမ နှုတ်ကြမ်းရှပြီး ရန်စရန်ပြု ရိုင်းစိုင်းမှုတွေနှင့် မြေ ကျခဲ့ရသည့် သွေးစက်တချို့၊ နှစ်ကူးတိုင်း အရှိ များလာပြီ မဟုတ်ပေလော။ မြနန္ဒာ၊ မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခိုစသည့် သီချင်းသံများ တိုးတိတ်သွားပြီး၊ ဘေ့စ်အသံ သောသောညံ အောင် ခုန်ပေါက်လှုပ်ရှား အလန်းဇယား နာမည်တပ်၊ တိုင်ပတ်အကနှင့် နိုင်ငံခြား နိုက်ကလပ်များ အလား ဖန်တီးလိုက်ကြသည် မဟုတ်ပေလော။
ပရိတ်သတ်များ၊ ပြည်သူများအား လေးစား တန်ဖိုး ထားပါသည် ဆိုနေကြလေသည့် အနုပညာ ရှင်ဆိုသူ များကလည်း မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာ ဆန့်ကျင်ပြီး လူငယ် လူရွယ်များ အတုပမှားအောင်၊ ကျေးဇူး အပြိုင်အဆိုင် ဆပ်နေကြပြီ မဟုတ်ပေလော။
ခေတ်ကို ရိုးမယ်ဖွဲ့ပြီး ခေတ်ရေစီးမှာ မျော လိုက်ရင်း၊ ကိုယ်ပိုင်ဟန် ကိုယ့်ရိုးရာဝတ်စားမှု ဆင်ယင်မှုများကို ကျောခိုင်းပြီး၊ ကမ္ဘာက လက်ခံ ထားသည့် မြန်မာ တစ်မျိုးသားလုံး ယဉ်ကျေးမှု ပွဲတော်ဖြစ်သည့် အတာ ရေသဘင်ပွဲကြီးကို အလွှာစုံ အတန်းစုံမှ ထိန်းသိမ်းမှု နည်းပါးလာ လေတော့ ခေတ်လွန် အဆင်အပြင်များကို မျက်စိ ယဉ် ရိုးလာကြပြီး၊ ကိုယ်ပိုင်ဟန်ကို တတိတိနှင့် ၀ါးမျို ခံနေခဲ့ကြသည့် မြန်မာတို့၏ သင်္ကြန် ဖြစ်နေလေပြီ မဟုတ်ပေလော။ တစ်နှစ်မှာတစ်လ၊ တစ်လတည်းသော တန်ခူးလမှာ ကျရောက်သည့် နှစ်ကူးပွဲတော်ရက် ၃ ရက်တာ အချိန်ကာလ လေးအတွင်း ထိန်းသိမ်းဆင်ခြင်ခြင်း၊ ယဉ်ကျေး ပျူငှာခြင်းများလည်း မတတ်နိုင်၊ လက်မှိုင်ချ အရှုံးပေးနေကြရသည် မဟုတ်ပေလော။ ရိုးရိုး ယဉ်ယဉ် ၀တ်စားဆင်လို့ ရိုးရာပွဲ နွှဲပျော်ရမှာကို ရှက်စရာလိုလို၊ အလှစ်အဟပ် အဟိုက်အပြတ်တွေ ၀တ်ကာမှ ခေတ်မီသလိုလို၊ ထင်ယောင်မြင် ယောင်ပြီး ကိုယ့်ရိုးရာပွဲမှာ ကိုယ်ပိုင် ယဉ်ကျေးမှုကို အပြိုင်အဆိုင် တညီတညွတ်တည်း၊ အုန်းအုန်း ကျွက်ကျွက် အိုးမည်းသုတ်နေကြသည် မဟုတ် ပေလော။
သို့ဆိုလျှင် ရှည်ရှည်ဝေးဝေး အတွေး မပွားဘဲ၊ ပါးလွှာသွားသည့် မြန်မာ့ယဉ်ကျေးမှု ထုထည်ကို တိုက်စား နေကြသူများသည် အခြား သူများမဟုတ်၊ ရိုးရာရေသဘင်ပွဲကို အသွင် တစ်မျိုးဖြင့် ၀င်နွှဲနေကြသည့် မြန်မာများပင် မဟုတ်ပေလော။ ဤသို့ဖြင့် ရှေ့ဆက်သွားကြရင်း မြန်မာနှစ်ကူးပွဲမှ မူးပွဲသောက်ပွဲ ယောက်ျားမိန်းမ မကွဲ၊ ထွေးရောယှက်တင် အော်ဟစ်ရမ်းကား၊ ရန်ပွဲများသည့်ပွဲအဖြစ် နှောင်းလူတို့အတွက် အမည်တွင် ကျန်ရစ်ခဲ့ပေတော့မည် မဟုတ်ပေ လော။ သို့ကြောင့် မြန်မာတို့ မြန်မာ့ယဉ်ကျေးမှုကို မိမိနိုင်ရာ အခန်းကဏ္ဍမှ ထိန်းသိမ်းကြရင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို တမြတ်တနိုးဖြင့် မြန်မာပီပီ ကိုယ်စားပြုနိုင်အောင် ကြိုးစားကြပါ စို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရင်း......။
မြန်မာ့ယဉ်ကျေးမှု တည်တံ့ခိုင်မြဲပါစေ..။ မောင်ဘကြိုင် http://www.mgbakyaing.blogspot.com
“ငယ်စဉ်ကတည်းက အခုချိန်ထိ သင်္ကြန်ကို လူငယ်ပီပီ ရင်ခုန် နေတုန်းပါပဲ။ တစ်ခုကွာသွား ပြောင်းလဲ သွားတာက ရေကစားဖို့ ဆန္ဒမရှိတော့ တာပါ။ အရင်က သင်္ကြန်ဆိုရင် အကြိုနေ့မှာ တောင်ကလေးတွေနဲ့ အပြိုင် ရေကစား ချင်မိတယ်။ ပိတောက်ပန်းနဲ့ သူ့ရနံ့ကို ကြိုက်တယ်”လို့ ပြောပြ ခဲ့တဲ့ ဘလော့ဂါ မောင်ဘကြိုင်က ဘ၀မှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ အမှတ်တရ ဆိုရင် နိုင်ငံခြား ရောက်နေတုန်း သင်္ကြန် နှစ်ကူးရက်တွေမှာ မိသားစုဆီ ဖုန်းဆက်ရင်း မျက်ရည် ကျခဲ့ရတဲ့ နှစ်တွေက အမှတ်တရပါပဲလို့ သိခဲ့ရပါတယ်။
သင်္ကြန်အပေါ် သူ့ရဲ့ လူငယ်တစ်ယောက် အမြင်ကို တီးခေါက်ကြည့်မိတော့ “ရိုးရာ သင်္ကြန်ပွဲတော်ကို မြင်ကြည့် ခံစားကြည့်မိတာကြာပါပြီ။ ကြီးကြီးမားမား ဆုံးရှုံးမှုတွေများခဲ့ပြီဆိုတာ နားလည်ပြီးစိတ် မကောင်းဖြစ်မိတယ်၊ လူငယ်လေးတွေရဲ့ ရင်ထဲ ကနေ မိမိရိုးရာ ယဉ်ကျေးမှု အပေါ် တန်ဖိုးထား လက်ခံထားတဲ့ စိတ်ပါးလျ သွားတာတေ၊ွ ပြီးခဲ့တဲ့ သင်္ကြန်ပွဲ၊ အခုလာမယ့် သင်္ကြန်ပွဲတွေမှာ အထင် အရှား မြင်နိုင်လိမ့်မယ်၊ မြန်မာတစ်ဦး အနေနဲ့ မြန်မာ့ ကိုယ်ပိုင်ဟန် ယဉ်ကျေးမှုကို မြတ်နိုးမိ သလို၊ မြန်မာတိုင်းကိုလည်း မြတ်နိုးတတ်စေ ချင်တယ်။ ရေသဘင်ပွဲကို မြန်မာတွေ ရိုးရိုးယဉ် ယဉ် ၀တ်စားဆင်ပြီး နွှဲစေချင်တယ်။ ဒါပေမဲ့ အကြိုက်တစ်မျိုးစီဆိုတော့ အခုနောက်ပိုင်းမှာ ရုန်းရင်းဆန်ခတ် ဗြောင်းဆန်နေတဲ့ သင်္ကြန်ပွဲကို စိတ်ညစ်လွန်းလို့ ရှောင်နေမိတယ်”လို့ လူငယ် ပီပီ ဘွင်းဘွင်းပြောပြပြီး “ယဉ်ကျေးမှုကို ကိုယ် စားပြုကြပြီး မြတ်နိုးတတ်ကြပါစေ၊ တန်ဖိုး ထားတတ် ကြပါစေ။ ဂုဏ်ယူတတ်ကြပါစေလို့ ဖူးငုံဆယ်ကျော်သက်များအတွက် ဆုတောင်းပေး လိုက်ပါတယ်”လို့ အမှာ ပါးလိုက်ပါသေးတယ်။
ဒီတစ်လအတွက် သင်္ကြန် ၀တ္ထုတိုလေးကို တော့ “အွန်လိုင်းပေါ်က ဘလော့ဂ်ဂါတွေကို မြန်မာ့ပုံနှိပ် စာပေလောကနဲ့ ပေါင်းကူး ပေးနေတဲ့ ကဏ္ဍတစ်ခု၊ တစ်နည်းအားဖြင့် ဘလော့ဂ်ဂါတွေရဲ့ အားထုတ်မှုကို အသိအမှတ် ပြုပြီး နေရာပေးနေ တဲ့ ကဏ္ဍတစ်ခုလို့ မြင်မိပါတယ်”ဆို Blog Digest ကဏ္ဍအပေါ် သူမရဲ့ အမြင်ကို ပြောလာတဲ့၊ စကားပြေ နုနုလှလှလေး တွေနဲ့ ၀တ္ထုတွေကို သေသေသပ်သပ် ရေးဖွဲ့တတ်တဲ့၊ ဘလော့ဂါ ရွှေပြည်သူရဲ့ သင်္ကြန်ဝတ္ထုလေး တစ်ပုဒ်နဲ့ဖူးငုံပရိသတ်ကို ထိတွေ့ပေးချင်ပါတယ်။
ဒီညက နွေည မပီသလိုက်တာ။ အေးလွန်းလို့။ ဒါမှမဟုတ် သူမစိတ်က ပဲ စိုးရိမ်မှုတချို့နှင့် တုန်ခိုက်နေခဲ့လေသလား။ အနွေးထည်လေးကို ခပ်တင်းတင်း ဆွဲစေ့လိုက်ရင်း မျက်လုံးကတော့ နာရီပေါင်းများစွာ စိုက်ကြည့် နေမိသည့် နေရာကို မျက်လုံးမလွှဲ ကြည့်နေမိဆဲ။ ပိတောက်ပင်တစ်ပင်။ သူမ လူမှန်း သိတတ်စကတည်းက ဘေးက အိမ်မရှိသည့် ခြံကွက်လပ်ထဲက ပိတောက်ပင်။ ဒါပေမဲ့ ဘယ်တုန်းကမှ မပွင့်ခဲ့ရှာပေ။ ခုတော့ လရောင်တစ် ၀က်တစ်ပျက်အောက်မှာ ပိတောက်ပင်က မှုန်ဝါးဝါးလေး ဖြစ်နေသည်။ ခပ်စောင်းစောင်းကလာသည့် လမ်းမီးတိုင်ဆီက အလင်းတချို့ကြောင့် အပင် ဖျားမှာ လေနှင့်အတူ ခပ်ဖွဖွလှုပ်ယမ်းနေသည့် အရွက်တချို့ကို မြင်နေရ သည်။ အို...ဟိုကြားက အစက်အပြောက်လေးတွေက ပိတောက်ပွင့်တွေ များ လား...။ မဖြစ်နိုင်မှန်း သိလျက်နှင့် သူမ မျက်လုံးတွေ ပူလာသည့်အထိ စူးစိုက်ကြည့် နေမိပြန်သည်။ အရာရာကို အမှောင်နှင့် အသာလေးဖုံးပေး ထားသည့် ညကတော့နက်လို့ ကောင်းဆဲ...
တော်တော်လေး အရွယ်ရောက်ချိန် အထိ သူမ “ကိုကို့”ကို သူမတို့ မိသားစုဝင် တစ်ယောက် ဟု ထင်နေခဲ့သည်။ “သမီးလေးက တစ်ယောက်တည်း ဆိုတော့ သားကို သူ့အစ်ကို အရင်းလိုပဲ ကပ်နေတော့တာ” ဆိုသည့် မေမေ့ စကားကို နားလည်စပြုပြီး ကိုကိုသည် ခြံနီးချင်း တစ်ယောက်ပဲ ဆိုသည်ကို သိလိုက် ရချိန်မှာလည်း သူမ၏ ခင်တွယ်စိတ်တွေက ပြောင်းလဲ မသွားခဲ့။ သူ့မိသားစုထဲမှာ အငယ်ဆုံး ဖြစ်လို့ အငယ် လိုချင်သည့် စိတ်ကြောင့်လား မသိ။ ကိုကိုက ကလေး သိပ်ချစ်တတ်သည်။ သူအချစ်ဆုံးကလေး ကတော့ သူမပေါ့။ သူမထက် အသက် ၇ နှစ် ကျော်ကျော်ကြီးသော ကိုကိုသည် သူမကို တကယ့်ညီမ အရင်းလေးတစ်ယောက်လို အနွံတာ ခံခဲ့ ထိန်းကျောင်းခဲ့သည်။ ဉဏ်သိပ်ကောင်းပြီး အမြဲတမ်း ပထမ၊ ဒုတိယက မဆင်းခဲ့သည့် ကိုကိုက ခပ်ထိုင်းထိုင်း သူမ၏ Guide လည်း ဖြစ်ခဲ့သည်။ အမြဲတမ်း တွယ်တာအားကိုးနေ သည့် ကိုကို... သူမအနားမှာ အမြဲရှိနေမည်ဟု ခြွင်းချက်မရှိ ယုံကြည်နေခဲ့မိသည်မှာ ကိုကို ရည်းစားရသွားသည့်နေ့အထိပေါ့။
အဲသည်နေ့က မှတ်မှတ်ရရ သင်္ကြန်အတက် နေ့ကြီး။ မနက်အစောကြီး ဟိုဘက်လမ်း ပိတောက်ပင်က သွားခူးလာသည့် ပန်းတစ်ပွေ့ တစ်ပိုက်နှင့် ကိုကို သူ့အိမ်ထဲဝင်သွားသည်ကို တွေ့ကတည်းက သူမ ပန်းလိုချင်နေခဲ့သည်။ မနက်ပိုင်း မေမေတို့ စတုဒိသာချက်သည်ကို အနားပျာလေးလုပ်ပြီး နိုင်သလောက် ကူနေရတာ နှင့်နေ့လယ်ကျမှ ကိုကိုတို့ အိမ်ဘက်ကူးသွားတော့ တအိမ်လုံး တိတ်ဆိတ်လို့။ အိမ်အပြင်ထွက်ပြီး အိမ်ဘေးက ကိုကို့စက်ဘီးထားသည့် နေရာလေး နားရောက်မှ ကိုကို့ကျောကုန်းကို တစ်စွန်း တစ်စမြင်မြင်ချင်း...
“ကိုကိုရေ...ပိတောက်ပန်းလေး နည်းနည်း ပေးပါ...”စိတ်လွတ်လက် လွတ် အသံဆွဲအော် လိုက်ပြီးမှ...ကိုကို့ဘေးက အစ်မကြီးကို သတိ ထားမိသွားသည်။ မမကြွေ။ ပြီးတော့ ကိုကိုက မမကြွေလက်ကို ကိုင်ထားသည်။ ကိုကို့ စက် ဘီးခြင်းထဲမှာလည်း ပိတောက်ပန်းတွေအများ ကြီးမှ အများကြီး...။
“ဘာလာလုပ်တာလဲ...”
မမကြွေ လက်ကို လွှတ်လိုက်ပြီး မအော်စဖူး ဒေါသသံစွက်သည့် အသံ မာမာနှင့် ကိုကိုအော် ပြောချိန်အထိ သူမ ကြောင်ကြည့်နေမိဆဲ...။ နောက်မှ နားလည်စပြုပြီဖြစ်သည့် သူမ ကိုကို နှင့် မမကြွေ ကြိုက်နေကြပြီဆိုသည် သဘော ပေါက်ရင်း နောက်ကို လှည့်ပြေးမိသည်။ နောက် ဆုံးမြင်လိုက်ရသည့် ကိုကို့မျက်နှာပေါ်မှာ စိုးရိမ်စိတ်တချို့ ဖြတ်ပြေးသွားတာတွေ့လိုက် ရပြီး...
“မိနွေ နေဦး နေဦး...”
သူမ လှည့်မကြည့်ဘဲ အမြန်ဆုံးပြေးလာမိ သည်။ အိမ်ရောက်တော့ မီးဖိုထဲက ထွက်လာ သည့် မေမေ့ကို ပြေးဖက်ရင်း ငိုချလိုက်သည်။ မေမေ စိုးရိမ်တကြီးမေးတော့ ရှိုက်သံတစ်ဝက်နှင့် ပြောမိသည်က... “ကိုကိုရည်းစား ရသွားပြီ၊ မိနွေကို မချစ် တော့ဘူး၊ အော်တယ်၊ ဟီး”
“ဟဲ့...ဟဲ့...ဘယ်သူနဲ့လဲ...”
“မမကြွေ...”
“မင်းကွာ... ကြိုက်စရာ ရှားလို့၊ လှည်းကျိုး ထမ်းချင်လို့လား၊ မနေ့တစ်နေ့ကမှ ဆယ်တန်းအောင်တဲ့ ကောင်ကများ၊ မင်းကိုယ် မင်း လောကအကြောင်း သိလှပြီထင်နေလား...” ကိုကို့အဖေ လေးလေးမြတ်မင်း၏ အသံက ကိုကိုတို့အိမ်ဘက်ကနေ သူမတို့ ခြံဘက်အထိ ဟိန်းထွက်နေသော်လည်း ကိုကို့အသံကို မကြားရ...။
“ဘာကွ၊ ခိုးပြေးမယ်ဟုတ်လား၊ ကဲ... ပြေးဦးကွာ၊ ပြေးဦး ကွာ...”
အန်တီမျိုး၏ ငိုသံ တားသံတွေကြားတော့ မေမေ ဟိုဘက်ခြံကို ပြေးမည်အလုပ် ဖေဖေက ခပ်မြန်မြန် လှမ်းဆွဲသည်။ “မမျိုး ရှိပါတယ်ကွာ သူတို့မိသားစု ကိစ္စ ကိုယ်ဝင်ပါလို့ မကောင်းဘူး”
“မဟုတ်ဘူး၊ အခု ကိစ္စက၊ ကျွန်မ ပြောလိုက်လို့ဖြစ်ရတာ၊ ကိုယ့်ပယောဂလည်း မကင်းဘူး...”
“ဒီလိုတော့ ဘယ်ဟုတ်မလဲ... ကိုယ်တို့ လည်း စေတနာနဲ့ ပြောတာ ပဲကို။ ကောင်လေးက အညွန့်တလူလူ တက်နေတာ၊ ဟိုခပ်ရှုပ်ရှုပ် ကောင်မလေးနဲ့ဆို ရှေ့လျှောက် ဒုက္ခရောက်မှာပေါ့” မေမေတို့စကားကို တိတ်တိတ်လေး နားထောင်ရင်း သူမ ပယောဂ စစ်စစ်ကြောင့် အရိုက်ခံနေရသည့် ကိုကို့ ကို သနားစိတ်နှင့် မျက်ရည်တွေသာ တလိမ့်လိမ့်ကျလာသည်။
နောက်ရက်တွေမှာ ကိုကို့အနား မသွားရဲခဲ့။ ဖျတ်ခနဲ လှမ်းမြင်ရင်လည်း ပုန်းမိသည်။ တစ်ပတ်ကျော်ကျော် အကြာမှာ ကျူရှင်သွားဖို့ ကိုကိုတို့အိမ်ရှေ့က ခပ်သုတ်သုတ်အဖြတ်... “ဟေ့... ဖက်တီးလေး...”
ကိုကို့အသံ။ ကိုကိုက ၀၀ကစ်ကစ် သူမကို ဖက်တီးလေးဟု ချစ်စနိုး ခေါ်တတ်သည်။ ၀မ်းသာအားရ လှမ်းကြည့်တော့ အိမ်ရှေ့ကနေ ပြုံးကြည့်နေ သည့် ကိုကို့ကို တွေ့တွေ့ချင်း သူမ ပြေးသွားမိသည်။ “ကိုကို... ဟိုနေ့က... အရိုက်ခံရတာ... နာလား”
အမေးချင်ဆုံး မေးခွန်းကို ချက်ချင်းမေးလိုက်မိသည်။ “နာတာပေါ့... အဲဒါညည်းလေးကြောင့်...”
ကိုကိုက သူမပါးဖောင်းဖောင်းနှစ်ဖက်ကို လက်ဖြင့်ဆွဲလိမ်ရင်း ပြော သည်။ ချောင်ကျသွားသည့် ကိုကို့မျက်နှာကိုကြည့်ရင်း သူမ ၀မ်းနည်းပြီး မျက်ရည်ကျလာပြန်သည်။ “ဟုတ်တယ်... မိနွေပြောမိလို့...”
“ဟော... ငိုရပြန်ပြီ၊ ရည်းစားနဲ့ ပြတ်တာ ညည်းလား...ကျုပ်လား”
“ဟင်... ပြတ်သွားပြီလား...”
ကိုကို့မျက်နှာ အဲလောက် နွမ်းသွားသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့။ “ကဲ သွား... အပြန်ကျရင် ကိုကို့အတွက် ကျူရှင်အိမ် လမ်းထိပ်က ၀က်သားတုတ်ထိုး ၀ယ်ခဲ့။ အဲဒါဆို ပြောလိုက်တာ အတွက် ကျေပြီ။ မငိုနဲ့ တော့နော်... တိတ်တိတ်...”
သူမ မျက်ရည်သုတ်ရင်း စိတ်လက်ပေါ့ပါးစွာ ပြေးထွက်ခဲ့သည်။ နှစ်အတန်ကြာမှ သိရသည်က အဲသည် ပြဿနာအတွက် ကိုကိုက မေမေ့ကိုတောင် မကျေမနပ်ဖြစ်ခဲ့သေးသည် ဆိုပဲ။ အဲသည်အကြောင်းကို မေမေ ပြန်ပြောင်း ပြောပြသည့် ညနေခင်းတစ်ခုမှာ သူမ အသက် ၁၉ နှစ်ရှိခဲ့ပြီ။ ကိုကိုက အားလုံးထဲမှာ တကယ့် တရားခံဖြစ်သည့် သူမကိုသာ ခွင့်လွှတ်ခဲ့သည်ပဲ။ တွေးရင်း ကိုကို့ကို ပိုချစ်သွားသည်။ ပိုချစ်သွားသည်ဆိုသည့် အတွေးအရောက် စိတ်ထဲမှာ ရှက်သလိုကြီးဖြစ်ပြီး အိမ်ပေါ်ပြေးတက် မိလို့ ခလုတ်တိုက်ပြီး ခြေထောက်နာသွားခဲ့သည်မှာ တိုက်တိုက်ဆိုင်ဆိုင် သင်္ကြန်တွင်းကြီးပါပင်။ နောက်အဲသည်ခြေထောက်နာတာကို အကြောင်းပြပြီး သင်္ကြန်တစ်တွင်းလုံး ကိုကို့ကို ဘာကြောင့်မှန်း မသိရှောင်နေမိခဲ့သည်။ မှတ်မှတ်ရရ အဲဒီသင်္ကြန်မှာပဲ စီးပွားရေ လုပ်ငန်းရှင်ပေါက်စဖြစ် နေပြီဖြစ်သည့် ကိုကိုက ကောင်မလေးနှစ်ယောက်ကို တစ်ရက်စီ တွဲရင်း ပျော်နေခဲ့ပြီး၊ သင်္ကြန်ပြီးတော့ နှစ်ယောက်စလုံးနှင့် ပြတ်သွားသည်ကိုလည်း မှတ်မှတ်ရရ။
မမကြွေနှင့်ပြတ်ပြီး တက္ကသိုလ် ကျောင်းသားကြီး ဖြစ်သွားကတည်းက၊ ကိုကိုအရမ်း ရည်းစား များခဲ့သည်။
“ကိုကို စိတ်ကောင်းမရှိဘူး...”
“အလိုဗျာ... နေရင်းထိုင်ရင်း... ဘာဖြစ် လို့လဲ”
“ကောင်မလေးတွေကို အသည်းခွဲတယ်။ မိနွေ သူငယ်ချင်းက ပြောတယ်။ ကိုကိုက ရက်စက်တယ်တဲ့...”
“ဘယ်သူကပြောတာလဲ...” “မိုးဇွန် သူ့အစ်မသူငယ်ချင်းက ကိုကို့ကြောင့် အသည်းကွဲပြီး ထမင်းတောင် မစားနိုင်ဘူးတဲ့”
“သြော် မေသက် ထင်တယ်...”
“မမေသဲပါ ကိုကိုရာ။ နာမည်တောင် မမှတ်မိတော့ဘူး၊ လွန်လွန်း တယ်”
“ကြာပြီ ဖက်တီးရ၊ ပြတ်သွားတာ တစ်နှစ် လောက်ရှိပြီထင်တယ်၊ တွဲဖြစ်တာက လပိုင်းလေးရယ်...”
“ဘယ်ကလာ... ပြတ်သွားတာ ၅ လပဲ ရှိသေးတယ် မဟုတ်လား”
“ဟုတ်လား... အဟဲ ကြာပြီလားလို့... သူ့နောက်မှာတောင်......”
“သိပါတယ်... မွှေး...ပြီးတော့ မေလေး ... နောက် မိုးငယ်...”
“ဟားဟား ဖက်တီးလေးက အကုန်မှတ်မိ တယ်... နောက် မေ့သွားရင် ညည်းကိုပဲ မေးတော့မယ်” သူမ နှာခေါင်းကို ရှုံ့ရင်း... “မေ့မှာပဲ...သိတယ်...”
“ကိုယ့်ကို လူဆိုးကြီး ထင်နေလို့လား ဖက်တီးရာ... ကိုယ်က သူတို့ ကို လက်ဖျားနဲ့တောင် မထိ... အင်း...ဟိုကွာ... ဘာမှ လွန်လွန် ကျူးကျူးအခွင့်အရေးမှ မယူခဲ့တာ၊ နောက်တော့ သူတို့လည်း မေ့မေ့ ပျောက်ပျောက်ပါ... မေသက်... အဲ...မေသဲ ထမင်းမစားနိုင်တာ သူ့ဘာသာ ၀ိတ်ချနေတာ နေမှာပေါ့ ဟားဟား...”
သူမလက်ထဲက အာလူးကြော်တွေ ယူစားရင်း ခပ်ပေါ့ပေါ့ ရယ်ရယ် မောမောပြောနေသည့် ကိုကို့ကို သူမစိတ်ပျက်စွာ မော့ကြည့်လိုက်မိသည်။ သို့ပေမဲ့ အဲသည်အချိန် ခေါင်းထဲဝင်လာသည်က အဆိုးတွေ မဟုတ်ဘဲ သူမမျက်လုံးထဲမှာ ကိုကို ပိုချောလာတယ်ဆိုသည်ပင် ဖြစ်သည်။ အထိတ် ထိတ် အလန့်လန့်နှင့် ခေါင်းငုံ့ရင်း အာလူးကြော်ထုပ်ကို ဆွဲဆုတ်မိတော့ အာလူးချောင်း တချို့တောင် ကြေသွားသည်။
“ကိုကို... သူတို့ကို တကယ်မချစ်ဘူး လား...”
ကိုကိုက ဟက်ခနဲ သဘောကျသလို ရယ်သည်။ “မမကြွေတုန်းက တကယ် ချစ်ခဲ့သလိုပဲ... ဒါပေမဲ့ ဖက်တီး ညည်း နောက်ဆက်တွဲ ကိစ္စတွေ မသိဘူး မဟုတ်လား...”
သူမ သိချင်စိတ်နှင့် ခေါင်းယမ်းပြမိသည်။ “ကိုယ် မမကြွေကို ခိုးပြေးဖို့ ကြိုးစားခဲ့တယ်... အဲဒီ အသက်အရွယ်နဲ့ ခုပြန်တွေးကြည့်ရင်တော့ ဟာသပေါ့။ ဒါပေမဲ့ အဲဒီ အချိန်မှာ ကိုယ်အရူးအမူး ပဲ၊ ကိုယ်အသည်းအသန် ဖြစ်လာတော့ မမကြွေ ကိုယ့်ကို ၀န်ခံတယ်။ သူ့မှာ အိမ်ထောင် ရှိတယ်တဲ့...” “ဟင်...”
“အင်း... ဆိုးလွန်းလို့ ရှောင်ရင်း အဆက်အသွယ် ပြတ်နေတာတဲ့။ အဲဒီချိန်ထိ မပြတ်စဲရ သေးဘူးတဲ့။ သူ့ကို မေ့လိုက်ပါ... ကိုယ့်အတွက် ပြောတာပါတဲ့။ ဟာ ဟ စဉ်းစားကြည့် ဖက်တီးရယ်... ဘယ်လိုထင်ရက်ပါ့ မလဲ။ အဲဒီအချိန် ကိုယ့်ထက် ၂ နှစ်ပဲကြီးတဲ့ သူလည်း အဲဒီတုန်းက ငယ်ပါ သေးတယ်။ သနပ်ခါး ပါးကွက်ကျားလေးနဲ့ ဆံပင်ရှည်လေးနဲ့ ယဉ်ယဉ် လေးလှတဲ့ သူ...”
အဆွေးငွေ့တွေနှင့် ကိုကို့မျက်လုံးထဲမှာ မမကြွယ်ကို မြင်ယောင် လာပုံရသည်။ “နောက်တော့ကော...” “နောက်တော့... သူတို့ အိမ်ပြောင်းသွား တယ်။ တစ်နှစ်လောက်အကြာ မော်လမြိုင်ဘက် မှာ နောက်တစ်ယောက်နဲ့ အိမ်ထောင်ကျသွား တယ် ပြောတာပဲ။ အဲဒီသတင်း မကြားခင်အချိန် ထိ ဒီငမိုက်သားက မျှော်လင့်မိခဲ့သေးတယ် ဖက်တီးရေ ပြန်တွေးကြည့်ရင် သိပ်ရှက်တယ်”
“ကိုကိုရယ် ၊ မိနွေ စိတ်မကောင်းပါဘူး...”
“ဆိုတော့... အဲဒီတုန်းက စကားများတဲ့ လော်စပီကာ ဖက်တီးက ကိုယ့်ဘ၀ရဲ့ ကယ်တင် ရှင် ဖြစ်သွားတာပေါ့... ဟားဟား”
ကိုကို့ရယ်သံကြားတော့ သူမ ပျော်သွားပြန် သည်။ အဲဒီတစ်လော ကိုကိုက သူမစိတ်ထဲကို ထူးဆန်းသည့် နည်းတစ်မျိုးနှင့် ၀င်ရောက်နေ သည်ဟု ခံစားရသည်... “ခုတွဲတဲ့ ကောင်မလေးတွေကိုရော...”
“ကိုယ်ဖြေရင် ညည်းက စိတ်ကောင်း မရှိဘူး ပြောဦးမယ်...”
“မချစ်ဘူးပေါ့...”
“ဟိုပန်းမပွင့်တဲ့... ပိတောက်ပင်ကြီးကို တွေ့လား”
ကိုကိုက သူမတို့ ခြံနှစ်ခြံကြား မြေကွက် လပ်ပေါ်က ပိတောက်ပင်ကြီးကို လက်ညှိုးထိုးပြ သည်။ “ဟုတ်...”
“အဲဒီ ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းပွင့်တဲ့ အချိန်ကျရင်တော့ ကိုယ်တကယ်ချစ်တတ်လာ လိမ့်မယ်၊ အဲလိုသာ မှတ်ထား...”
ကိုကို့ကို ပြုံးရင်း မျက်စောင်းထိုး ကြည့် လိုက်မိသည်။ သူမတို့နှစ်ယောက် ပြောစရာ စကားမရှိသလို တိတ်ဆိတ်သွားပြီးမှ... “ကိုကို သတိတော့ထား... ၀ဋ်လည်မယ် နော်” “အမယ် ဖက်တီးက လူကြီးစကား ပြော လို့...”
“မိနွေလည်း လူကြီးဖြစ်ပြီပဲ၊ အသက် ၂၂ နှစ်ပြည့်တော့မှာ...” သူမ မကျေမနပ် ပြောမိ တော့-
“ကိုယ့်မျက်လုံးထဲမှာတော့ ညည်းက ကလေးပဲ...”
သူမကို ကလေးဟု ပြောခဲ့သည့် ကိုကို တစ်ယောက်၊ နှစ်လခန့်အကြာ မှာပင် သူမနှင့် အသက်ရွယ်တူ သူငယ်ချင်း မိုးဇွန်ကို ရည်းစား တော်လိုက်သည်။ ကိုကို့ကို ရက်စက်သည်ဟု ရှုတ်ချခဲ့သည့် မိုးဇွန်၏... “ဟိုး...ကောင်းကင်ပြပြက ကိုယ့်တစ်ယောက်အတွက်မက အလှတွေအားလုံး ကြွေဆင်းပျော်ဝင်ဖို့... အချစ်တွေ ဖြန့်ခင်းရင်း... အလင်းပေးနေတဲ့ ချစ်သူ... လမင်း”
ဆိုသည့် ကဗျာလေးကို ဖတ်မိချိန်အထိ သူမ မရိပ်မိခဲ့။ ကိုကို့မကောင်းကြောင်း အလျင် ကပြောခဲ့မိလို့ ရှက်နေခဲ့သည့် မိုးဇွန်လည်း ကိုကိုနှင့် ပြတ်တော့မှပင် သူမကို အသိပေးခဲ့တော့ သည်။ ကိုကို့ကို မကောင်းဘူး မကောင်းဘူး ဆိုပြီး စကားထဲခဏခဏ ထည့်ပြောနေကတည်း က သူမ သိခဲ့ဖို့ကောင်းသည်။ မချစ်ဖူးခဲ့သည့် မိုးဇွန် အရူးအမူးခံစားနေရသည်ကို ကြည့်ရင်း သူမ ကိုကို့ကို တကယ်စကြောက်လာခဲ့သည်။ ကိုကို့ကြောင့် ဒီလို ငိုခဲ့ရ၊ နာကျင်ခဲ့ရသည့် မိန်းကလေးတွေ ဘယ်လောက်များခဲ့ပြီလဲ။ သူမ၏ အချစ်ဆုံး သူငယ်ချင်းမဟုတ်သော် လည်း သိပ်ရင်းနှီးသည့် မိုးဇွန်အတွက် စိတ်မ ကောင်းဖြစ်ရင်း၊ ကိုယ့်ရင်ထဲက တစ်နေ့တခြား ကြီးထွားလာသည့် အချစ်တစ်ခုကိုလည်း နာနာ ကြည်းကြည်း ငြှိမ်းသတ်ချိုးနှိမ်ရင်း ခါးသီးစရာ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရသည်...။ ကိုကို့ကို လည်း မကျေနပ်စိတ်တစ်ဝက် နာကျင်စိတ်တစ် ၀က်နှင့် ရှောင်နေခဲ့မိသည်။ ကိုကိုလည်း သည် တစ်ခါ သူမ သူငယ်ချင်း ဖြစ်နေသည်ကြောင့် အားနာနေပုံရသည်။ သူကလည်းရှောင် ကိုယ်က လည်း ရှောင်နှင့် လတချို့ဖြတ်သန်းရင်း သင်္ကြန် တောင်ရောက်ခဲ့ပြန်ပြီ...
သင်္ကြန်အကြိုနေ့... “ဖက်တီးလေး...”
ကိုကို့အသံမှန်းသိတော့ သူမ မရယ်မပြုံး လှည့်ကြည့်မိသည်။ “အန်တီရှိလား...”
“မေမေ ဘုရား ရှိခိုးနေတယ်...”
“သင်္ကြန်ဘယ်မှ မသွားဘူးလား...” သူမ ခေါင်းခါပြမိသည်။ ဘယ်တုန်းကမျှ မလည်တတ်ခဲ့သည့်သူကို အထူးအဆန်းလုပ်ပြီး မေးနေသေးလားဟု ငြိုငြင်စိတ်ကတစ်ဝက်... မတွေ့ရသည်မှာ ကြာပြီဖြစ်သည့် ကိုကို့ကို ငေးမောချင်စိတ်က တစ်ဝက်နှင့် အနားက ပိန်းပင်တွေကိုသာ သဲကြီးမဲကြီး စိုက်ကြည့်နေမိသည်။
“သွားချင်ရင် လိုက်ပို့မယ်လေ...”
ခေါင်းထပ်ခါပြမိပြန်သည်။ ကိုကို စကားတွေ ရှာကြံပြောနေသလိုပဲ။ သူ အပြင်မထွက်ဘူးလား။ သူ့မှာ ဒီနှစ်တွဲလည်စရာ ကောင်မလေး မရှိ ဘူးလား... အို မသိချင်တော့ပါဘူး။ “စကားပြောဦးလေ... ကိုယ့်ကို စိတ်ဆိုးနေတာလား... မိုးဇွန်နဲ့က...”
“ရပါတယ် ကိုကိုရယ်၊ ပြောပြ မနေပါနဲ့တော့။ ကိုကို ထင်သလို ကောင်မလေးတွေက ကိုကိုနဲ့ကွဲရင် မေ့မေ့ပျောက်ပျောက်တော့ ဖြစ်သွား ကြပါတယ်။ ဒါပေမဲ့ အဲလိုမဖြစ်ခင် သိပ်ကို ခက်ခဲပင်ပန်းတဲ့အချိန်ကို သူ တို့ ဖြတ်ကျော်ကြရတယ် ကိုကို။ မိုးဇွန်ကိုကြည့်ပြီး ကိုကိုတော်တော်ရက်စက် တတ်မှန်း မိနွေ သေချာသိသွားတယ်”
ကိုကို တိတ်ဆိတ်နေသည်။ နောက်မှ... “ကိုယ် ဒီတခါ တကယ်နောင်တရမိတယ်...”
သူမ မော့ကြည့်မိတော့... “မိုးဇွန်က ဖက်တီးရဲ့ သူငယ်ချင်း ဖြစ်နေလို့ပါ... ကိုယ့်ကို မုန်းနေပြီ မဟုတ်လား...”
“မမုန်းဘူး ကိုကို... ကိုကိုက နွေ့ဘ၀မှာ တစ်ချိန်လုံး ရှိနေခဲ့တာ၊ ကိုကို့ကျေးဇူးတွေလည်း နွေ့အပေါ်မှာ အများကြီး။ အခုဟာက... အခုဟာ က... နွေလည်း မပြောတတ်ဘူး...”
“မမုန်းရင်လည်း အရင်လို စကားလေးဘာလေး ပြောပါဦး... ညည်း က တိတ်နေတော့ မနေတတ်ဘူးကွ။”
ကိုကိုက ခါတိုင်းလို သူမပါးတွေကို လိမ်ဆွဲရင်းပြောတော့ မော့ကြည့် သည့် သူမမျက်လုံးက မျက်ရည်တွေ လိမ့်ဆင်းသွားသည်။ ငယ်ငယ်တုန်း ကလို ကိုကိုအဲဒီအပြုအမူလုပ်တိုင်း ခံစားရသည့် ဖြူဖြူစင်စင် ပျော်ရွှင်မှုတွေ မရှိတော့။ ကိုကို့ကိုကြည့်သည့် သူမမျက်လုံးတွေလည်း အရင်လို မပြစ်မကင်း တော့ဘူး ထင်ပါရဲ့။ အရာရာဟာ ပြောင်းလဲခဲ့ပြီ... နောက် ကိုကို့မျက်လုံးတွေ လည်း...။ ကိုကိုက လက်ကို ပြန်မချဘဲ သူမကို ငေးသလို ကြည့်နေသည်။
“နွေ... ပါးလေးတွေ အရင်လို မဖောင်းတော့ဘူးနော်” သူမ မျက်နှာ လေး သွယ်လျလျ ဖြစ်သွားခဲ့သည်မှာ နှစ်တချို့ကြာခဲ့ပြီ။ ကိုကို ခုမှပဲ သတိထားမိလေသလား။
သူမ ဘာမှပြန်မပြောမိ။ ကိုကို့မျက်လုံးထဲမှာ ဘယ်တုန်းကမှ မမြင်ဖူး သည့် အရောင်တစ်ခု ဖျတ်ခနဲ မြင်လိုက်ရသည့်အချိန်မှာပဲ ကိုကို ရုတ်တရက် ဘာမျှမပြောဘဲ ချာခနဲ လှည့်ထွက်သွားတော့သည်။ အဲဒီအချိန် ကြားလိုက်ရသည့် လမ်းထိပ်က ကလေးတချို့၏ ရေပက် ရင်း အော်ဟစ် ရယ်မောလိုက်သံနှင့် ရင်ဘတ်ထဲက နှလုံးခုန်သံတွေက သူမ နားထဲမှာ ရောထွေးဆူညံရင်း ကျန်ခဲ့တော့သည်။
သင်္ကြန်အကျနေ့... ကိုကို အကြောင်း မရှိဘဲ ဖုန်းဆက်သည်... “နွေလား” ဟု မေးပြီး ဘာမျှမပြောဘဲ “ဒါပဲနော်” ဆိုပြီး ဖုန်းချသွားပြန်သည်။
“ညည်းကိုကိုတော့ ဒီနှစ် ခြေငြိမ်နေပါလား သမီးရေ...” ဆိုသည့် မေမေ့ စကားသံကို သူမ အပြုံးယဲ့ယဲ့နှင့် တုံ့ပြန်လိုက်မိသည်။ ခုတစ်လော ကိုကို့အကြောင်း တွေးမိတိုင်း ရင်ထဲမှာ ကတုန်ကယင် နှင့်... ရင်ခုန်တယ်ဆိုတာ ဒါများလား...
သင်္ကြန်အကြတ်နေ့... ဘာရယ်ကြောင့်မသိ၊ မနက်ကတည်းက ဖုန်းခုံလေး နားမှာ ထိုင်နေမိ သည်။ ဖုန်းမြည်လာတိုင်း ကောက်ကိုင်ရသည်မှာ လည်း အမော။ နေ့လယ် ၁ နာရီလောက်မှာ တော့- “ဖက်တီးလေးလား...”
ကိုကို့အသံကြားတော့ သူမလက်တွေ တုန်လာသည်။ “ဟုတ်...”
ဟိုဘက်အိမ် ဒီဘက်အိမ်ကူးရင် ၁ မိနစ် တောင် မကြာပါဘဲနှင့် ဖုန်းတွေ ဆက်နေကြတာ အဓိပ္ပာယ် မရှိလိုက်တာဟု တွေးရင်း အတတ်နိုင်ဆုံး အရင်လို ပေါ့ပေါ့ပါးပါး ဖြစ်ချင်စိတ်နှင့်... “ကိုကို ဒီနှစ်ဘယ်မှ မသွားဘူးလား...” ဟု မေးမိတော့... ကိုကို ခပ်တိုးတိုး ပြော သည်။
“နွေ့ကို ချစ်တယ်...” သူမဆွံ့အသွားစဉ်မှာပဲ ကိုကို ဖုန်းချသွားသည်။
ဖုန်းခွက်ကို ကိုင်ရင်း ငိုင်နေမိသည်မှာ ဘယ် လောက်ကြာသွားသည်မသိ။ သတိထားမိတော့ လူက မူးရိပ်ရိပ်နှင့်။ အိပ်ရာထဲ သွားလှဲရင်း သက် ပြင်းချမိတော့ မျက်ရည်တွေကပါ တစိမ့်စိမ့်ကျ လာတော့သည်။ အတွေးတွေနှင့် မူးဝေရင်း မှေးခနဲ အိပ်ပျော်သွားချိန်... “နွေရေ ညည်းကိုကိုဆီက ဖုန်း...”
သူမ တုန်လှုပ်စွာ ဖုန်းခုံဆီကို လျှောက်လာ သည်။ “နွေ... ကိုယ့်ကို စိတ်မဆိုး...”
“ကိုကို ပိတောက်ပင်ဆီ လာခဲ့ပါနော်...”
ပြောပြီးပြီးချင်း ဖုန်းကိုချပြီး ပိတောက်ပင်ဆီ ပြေးခဲ့သည်။ ကိုကိုလည်း သူ့အိမ်ဘက်ကနေ ခပ်သွက်သွက်လျှောက်လာသည်။ ကိုကို့ကို မြင်တော့ မျက်ရည်က ကျချင်လာပြန်သည်။ “နွေ... ကိုကို့ကို မုန်းသွားပြီ မဟုတ်လား...” ကိုကို အမောတကောမေးသည်။ သူမ ခေါင်းကို ခါပြရင်း...
“ကိုကို မှတ်မိလား... ဒီပိတောက်ပင်ကြီး ပွင့်မှ ကိုကိုချစ်တတ်မယ် ဆိုတာလေ...”
“နွေ.. မဟုတ်ဘူး နွေ...”
အမြဲတမ်း ရဲရင့်ခဲ့သည့် ကိုကို... အခုတော့ ပြောမည့်စကားတွေ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်။ “နောက်ဆုံးတော့ မိနွေကိုလည်း ကိုကို တခြားသူတွေလိုပဲ သဘောထားတယ်နော်။ နွေ များ ပြန်ချစ်မိရင် တခြားလူတွေလိုပဲ ထားခဲ့ဦး မှာ... နွေသိတယ်...သိတယ်...” သူမ မောလျ နာကျင်စွာ ပြောနေမိသည်။ “မိုးဇွန် လေ... သူ အရမ်းခံစားနေခဲ့ရတာ... ကိုကို သူ့ကိုလည်း တကယ်ချစ်တယ် ပြောခဲ့တာပဲ... သူလေ... အဲဒီတုန်းက ကိုကိုကလွဲလို့ ဘာကိုမှ အာရုံမထား နိုင်ခဲ့ဘူး... အချိန်တိုင်းငိုနေတယ်... သူ့လိုဖြစ် မှာ နွေကြောက်တယ်...မိုးဇွန်က ကိုကိုနဲ့ နှစ်လ လေးပဲ ချစ်သူဖြစ်ခဲ့တာ။ နွေက တစ်သက်လုံး ကိုကို့ကို သိခဲ့တာ... ထားခဲ့တဲ့ အချိန်ကျရင် နွေ့မှာ အမှတ်ရစရာတွေ အများကြီး... နွေကြောက်လို့ပါ ကိုကိုရယ်...”
မျက်ရည်တွေတွေကျရင်း ပြောနေမိရင်း သူမကို မျက်နှာငယ်လေးနှင့် ငေးနေသည့် ကိုကို့ မျက်နှာကိုတွေ့တော့ သူမ သနားသွားပြန်သည်။ အို တခြားကောင်မလေးတွေကိုလည်း ဒီလို အပြုအမူမျိုး လုပ်ပြခဲ့မှာပဲ။ နောက် မိုးဇွန်၏ ဆို့နင့်နင့် စကားသံတွေကိုလည်း နားထဲမှာ ကြား ယောင်လာပြန်သည်။
“သူငါ့ကို မဖြတ်ခင် ရက်ပိုင်းလေးတုန်း ကပြောတာ... သူ့အချစ်ဦးနဲ့ ပြန်တွေ့တယ်တဲ့... အဲဒီအစ်မကြီးက အရင်က အိမ်ထောင်ရှိ သလိုလိုနဲ့ အခုမဟုတ်ဘူးတဲ့။ လွတ်လွတ်လပ်လပ်ပဲတဲ့။ သူ့အချစ်ဦးကိုပဲ သူတကယ်ချစ်တာနေမှာ... သူငါ့ကို ခဏစိတ်ပျော်ရွှင်မှုအတွက် အသုံးချခဲ့ တာ...တခြားရည်းစားတွေလိုပဲ ထားခဲ့မှာကို ငါ သိခဲ့သင့်တယ်...ငါ့ကိုတော့ ဒီလိုမလုပ်လောက် ဘူးလို့...ငါ့ကိုယ်ငါ အထင်ကြီးခဲ့ မိတယ်... ငါမိုက်တာ...ငါမိုက်တာပါ နွေရယ်”
ကိုကို့ကို သူမ ချစ်သည်။ ဒါပေမဲ့ အဲဒီ အချစ်မှာ ယုံကြည်မှုတို့တော့ ပါဝင်မနေခဲ့ တော့ပါ...
“မယုံဘူး...ကိုကို့ကို မယုံဘူး... မမကြွေနဲ့ ပြန်တွေ့တယ်ဆို...”
ကိုကို သူမကို ရီဝေစွာကြည့်ရင်း... “ကိုယ် သိပါပြီကွာ... နွေပြောခဲ့သလို ကိုယ်ဝဋ်တွေ လည်တော့မှာပါ။ ဒါပေမဲ့ ကိုယ် အခွင့်အရေး လေးတစ်ခုတော့ တောင်းဆိုပါရစေ... ဒီ ပိတောက်ပင် မနက်ဖြန် အတက်နေ့အထိ မပွင့်ရင် တော့ ကိုယ့်စကားတွေ ပြန်ရုပ်သိမ်းပေးပါ့မယ် ... ပွင့်ခဲ့ရင် ကိုယ်တကယ်ချစ်တာကို နွေယုံပေး မလားဟင်...”
“ကိုကိုရယ်... တစ်သက်လုံး မပွင့်ခဲ့တဲ့ ပိတောက်ကို တစ်ညလောက် စောင့်ကြည့်ဖို့ တောင် လိုသေးလို့လား...”
“ဒီတစ်ညတည်းပါနွေရယ်... ကိုယ် ဒီ တစ်ညလောက်တော့ မျှော်လင့်ချက်လေးနဲ့ နေချင် သေးလို့ပါ...။ ပြီးရင် နွေ့ရဲ့ ဆုံးဖြတ်ချက် အတိုင်း အကုန်လက်ခံပါ့မယ်...”
“ပိတောက် မပွင့်ခဲ့ရင် နွေ့ကို အရင်က ကိုကိုသိခဲ့တဲ့ ဖက်တီးလေးလို ပြန်ဆက်ဆံမယ်လို့ ကိုကိုကတိပေးမလား...”
ကိုကိုက ခေါင်းကိုညိတ်ရင်း... “ကိုယ်... ကြိုးစားပေးပါ့မယ်...”
သည်တစ်ည မျှော်လင့်ချက်နှင့် နေချင် တယ်ဆိုသည့် ကိုကိုတစ်ယောက်တော့ ပိတောက် ပင်ကို မေ့လို့အိပ်မောများတောင် ကျနေခဲ့ပြီလား။ သူမကတော့ အမှောင်ထဲက ပိတောက်ပင်ကို မမှိတ်မသုန် စိုက်ကြည့်နေမိဆဲ...
သင်္ကြန်အတက်နေ့... စိမ့်ခနဲ တိုက်လိုက်သည့် လေအေးကြောင့် ဖျတ်ခနဲ နိုးလာလာချင်း ပြတင်းပေါက်နားမှာ ထိုင်လျက်ကလေး မှေးခနဲ အိပ်ပျော် သွားတာကို သတိရမိသည်။ နောက် ပိတောက်ပင်... သတိ ရရချင်း မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့... “ဟင်... ပိတောက်... ပိတောက်တွေ ပွင့်နေပြီ...”
တုန်တုန်ယင်ယင် ရေရွတ်ရင်း... သေချာအောင် အထပ်ထပ် ကြည့်မိတော့...အိုတစ် ပင်လုံးမှာ ပွင့်နေလိုက်သည့် ပိတောက်တွေ...။ “အံ့သြဖို့ကောင်းလိုက်တာ မမျိုးရေ၊ ဒီအပင်မှာ ပိတောက်ပွင့် မြင်ဖူးပြီတော့...” အိမ်အောက် ထပ်က မေမေ့ အသံကလည်း သူမအသိကို ထပ်ပြီး အတည်ပြုပေးလိုက်သည်။ သူမ ၀ရုန်းသုန်း ကားနှင့် ပိတောက်ပင်ဆီကို ပြေးသွားလိုက် မိသည်။
ထိန်ထိန်ဝါနေသည့် ပိတောက်တွေကို ငေးကြည့်ရင်း သူမနှလုံးခုန်သံတွေ မြန်လို့လာ သည်။ အာရုံထဲမှာ ကိုကိုရယ်... သူမရယ်... ပိတောက်ရယ်...နောက်... မမကြွေရယ်...။ သူမ ပိတောက်ပင်ကြီးဆီမော့ရင်း ရင်ထဲမှာ မောမောလျ လျနှင့် အကျယ်ကြီး အော်လိုက်သည်။
“ဘယ်သူ့အတွက် ပွင့်ပေးခဲ့တာလဲ ပိတောက်ပင်ကြီးရယ်...”
မျက်လုံးအစုံကို စေ့ပိတ်မိတော့ မျက်ရည်စီးကြောင်းနှစ်ခု ပါးပြင်ပေါ် စီးကျလာသည်။ အနောက်က ညင်သာသည့် ခြေသံသဲ့သဲ့လေး ကြားလိုက် ရသည်။ လှည့်မကြည့်သော်လည်း တစ်သက်လုံးသိခဲ့သည့် ကိုယ်သင်းရနံ့ လေးကြောင့် ကိုကိုမှန်း ချက်ချင်းသိလိုက်သည်။ ကိုကိုက တိတ်ဆိတ်စွာ ရပ်နေသည်...။
သူမ ဘာလုပ်ရမှာလဲ... ဘာလုပ်ရမှာတဲ့လဲ... ကမ်းလင့်နေသည့် ချစ်သူဆီ အလိုက်သင့် လှမ်းရင်း ဖြစ်လာနိုင်သည့် နာကျင်မှုတွေအတွက် ပြင်ဆင်ရမည်လား။ ရင်ထဲမှာ အခိုင်အမာအမြစ်တွယ်ပြီးသား သံသယတွေကို ပွေ့ပိုက်ရင်းပဲ ဟန်မပျက်လေး လှည့်ထွက်ခဲ့ရမည်လား။ မေးခွန်းတွေကိုက သူမအတွက်ေ၀၀ါးနေခဲ့ပြီ။
အလှကြီးလှနေသည့် ပိတောက်တွေကို သူမနာကျင်သည့် မျက်ဝန်းတွေ နှင့် မော့ကြည့်ရင်း ရင်ထဲက မေးလိုက်မိသည်။ “ပိတောက်ရယ်... ဒီအချိန်ကျမှ မင်းကပွင့်တော့...ကိုယ် ဘယ်လို လုပ်ရမှာလဲ... ဘယ်လို လုပ်ရမလဲကွယ်...” ရွှေပြည်သူ http://www.shwepyithu.com
“ရွှေပြည်ကြီးက မြန်မာနိုင်ငံသူ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရွှေပြည်သူလို့ ကလောင် နာမည်ကို ယူခဲ့ပါတယ်” လို့ ပြောပြခဲ့တဲ့ ဘလော့ဂါ ရွှေပြည်သူက သင်္ကြန်နဲ့ ပတ်သက်ပြီး အမှတ်တရ အနေနဲ့ “ ငယ်ငယ်တုန်းက သင်္ကြန်ဆို အလည်အပတ် မထွက်ရလို့ မောင်နှမတွေ အချင်းချင်း သဲကြီးမဲကြီး ရေပက် ကြတာ။ နောက်ပက်စရာ မရှိတော့ ပန်းပင်တွေကိုပဲ လိုက်ပက်ကြတာ လေးတွေကတော့ သင်္ကြန်ရောက်တိုင်း ပြန်သတိ ရစရာလေးတွေပါ...” လို့ ပြောပြခဲ့ပါတယ်။ “၂၀၀၉ ခုနှစ်၊ သင်္ကြန်အတွက် ဘလော့ဂ်မှာဝတ္ထုလေး တစ်ပုဒ် ရေးမယ်လို့ စဉ်းစားရင်း မထင်မှတ်ဘဲ ခေါင်းထဲရောက်လာတဲ့ ဇာတ် လမ်းလေးပါ။ မှတ်မှတ်ရရ အာရုံထဲမှာ အရင်ဆုံးရောက်လာတဲ့ အဖြစ် အပျက်က ဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်းပါ။ အဲဒီကနေမှ ဇာတ်ရဲ့အရှေ့ပိုင်း တွေကို တဖြည်းဖြည်းတွေးပြီး ပြန်ရေးခဲ့တာပါ” လို့ ဒီဝတ္ထုလေး ရေးဖြစ်ပုံကို ပြောပြခဲ့တဲ့ သင်္ကြန်ကိုချစ်မြတ်နိုးတဲ့ ဘလော့ဂါရွှေပြည်သူက ၂၀၀၇ခုနှစ်၊ အောက်တိုဘာလကတည်းက အွန်လိုင်းမှာ စာတွေ ရေးခဲ့သူ တစ်ဦးဖြစ်ပါ တယ်။
ဒီလ သင်္ကြန် Blog Digest ကို ဖူးငုံချစ်သူများ နှစ်သက်မယ်လို့ မျှော်လင့် မိပါတယ်။ သင်္ကြန်ဘလော့ဂ်ပို့စ်များ ဖော်ပြဖို့ ခွင့်ပေးခဲ့ပြီး၊ မေးခဲ့သမျှ ဖြေဆိုပေးခဲ့တဲ့ ဘလော့ဂါများကို ကျေးဇူးအများကြီးတင်ကြောင်း ဒီနေရာက ပြောပါရစေ။ သင်္ကြန်မှာပျော်တတ်အောင် ပျော်ကြဖို့နဲ့ နှစ်ဟောင်းက အဟောင်းအမြင်း၊ အညစ်အကြေးမှန်သမျှကို အတာရေနဲ့ ဆေးချခဲ့ပြီး၊ လာ မယ့် နှစ်သစ်မှာ စိတ်သစ်လူသစ် အားမာန်သစ်နဲ့ အောင်မြင်မှုအပေါင်းကို မြန်မာပြည်သူများ အားလုံး အရယူနိုင်ပါစေကြောင်း ဖူးငုံချစ်သူများ အားလုံး ကိုယ်စား နှစ်သစ်ဆုမွန်ခြွေလိုက်ပါတယ်။
မြသွေးနီ (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|