(ယခင်လမှ အဆက်...) ဘော်စတွန် သင်္ကြန် ဘော်စတွန်ကား ပရောဗီဒင့် ကဲ့သို့ မြို့ကလေး မဟုတ်သည့် အပြင် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုး အရေအတွက် ထောင်ချီကာ မှီတင်း နေထိုင်သော မက်ဆာချူးဆက် ပြည်နယ်ထဲတွင် တည်ရှိသဖြင့် မြန်မာ့ဓလေ့ ဖြစ်သော သင်္ကြန်ပွဲကို အမှတ်တရ ဆင်နွှဲချင်ကြပေသည်။
argaiv1806
သို့သော်ငြားလည်း တကယ့် သင်္ကြန်ကာလ ဖြစ်သည့် ဧပြီလသည် ဘော်စတွန်၌ နွေဦး ၀င်ခါစ အချိန်သာ ဖြစ်သောကြောင့် ရာသီဥတု အနေနှင့် ရေပက် ကစားနိုင်လောက်သည် အထိ မပူနွေးသေးပါ။ ထို့ကြောင့် ဘော်စတွန် မြန်မာ အသိုင်းအ၀ိုင်းက သူတို့ဆီမှာ နွေဖြစ်သည့် ဇွန်၊ ဇူလိုင်လလောက်မှ သင်္ကြန်ပွဲ ကျင်းပရန် ကြိုးစား ကြပါတော့သည်။ ဘော်စတွန် အနီး မော်လ်ဒင်မြို့မှာ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိသည့်တိုင် ခြံဝင်းက အကျယ်ကြီး မဟုတ်ရာ အလှူပွဲများ အတွက်သာ အဆင်ပြေလေ၏။
သင်္ကြန်ပွဲနှယ် အဆိုအကနှင့်ရေပါ ပက်ကစားရန်မူ ခြံဝင်းကျယ်ကာ လူနေအိမ်များနှင့် ဝေးမှ အဆင်ပြေနိုင်လေသည်။ သို့မဟုတ်လျှင် ခြံနားနီးချင်း၊ အိမ်နားနီးချင်း အမေရိကန် နိုင်ငံသားများမှ ပတ်ဝန်းကျင်အား ထိခိုက်သည်အထိ ဆူညံ ညစ်ပတ်နေပါသဖြင့် အရေးယူပေးပါရန်ဟု သက်ဆိုင်ရာသို့ တိုင်ကြား တတ်ကြရာ ပွဲမပျက်သည့်တိုင် ဒေါ်လာ ထောင်သောင်းချီကာ ပြစ်ဒဏ်ငွေ ဆောင်ရနိုင်သည်ကိုး။ သို့ဖြင့် ဘော်စတွန်မြို့ပြင် ခပ်လှမ်းလှမ်း နေရာရှိ ပန်းခြံကျယ် တစ်ခုအား သင်္ကြန်ပွဲ ကျင်းပရန် စီစဉ်ကြလေသည်။

ထိုပန်းခြံတွင် သီရေတာ သဘော လှေကားထစ် အနိမ့်အမြင့်များကို စက် ၀ိုင်းခြမ်းပုံ ပြုလုပ်ထားသည့် လေဟာ ပြင် ဇာတ်ရုံလည်း ရှိသဖြင့် အဆိုအက အလှ ဖျော်ဖြေတင်ဆက်မှုများ အတွက် အလွန် အဆင်ပြေလှသည်။ နားနေဆောင် လုပ်ပေးထားရာ နေရာတွင်ကား မြန်မာ့ရိုးရာ အစားအစာများကို ခင်း ကျင်းရောင်းချေ ပးကာ ဘေ့စ်ဘောကွင်း နားတွင်မူ ရေပက်ကစားနိုင်ကြလေ သည်။ မက်ဆာချူးဆက် ပြည်နယ်တွင်းရှိ မြန်မာပြည်ဖွားများတွင် ၁၉၆၀-၇၀ နှစ်များကတည်းက ပြောင်းရွှေ့အခြေချ လာခဲ့သော တရုတ်၊ မြန်မာ တိုင်းရင်းသား များအများစု နေထိုင်ကြသဖြင့် သည် ဘော်စတွန်သင်္ကြန်ပွဲသည်ကား မြန်မာ ပြည်ဖွား တိုင်းရင်းသား မျိုးဆက်သုံးဆက် တို့၏ပွဲတော်ဟုပင် ဆိုနိုင်ပါသည်။ ထို့ပြင် မက်ဆာချူးဆက် ပြည်နယ်သည် တက္ကသိုလ်၊ ကောလိပ်များ ပေါများ သည့် ပြည်နယ်ဖြစ်ရာ မြန်မာပြည်တွင်း မှ ကျောင်းတက်ရန် အလို့ငှာ ရောက်ရှိနေ ကြသော လူငယ်လူလတ်ပိုင်း မျိုးဆက်ကလည်း အများအပြား ရှိနေသဖြင့် ဘော်စတွန်သင်္ကြန်၏ အခန်းကဏ္ဍ အသီးသီးတွင် ပြည်တွင်းလူငယ်များက လည်း တစ်တပ်တစ်အား ပါဝင်ခဲ့ပြန်ပါ သည်။ အထူးသဖြင့် လှယဉ်ကျေးမယ် ရွေးပွဲကို ထည့်သွင်းထားရာတွင်ကျောင်း သူလူငယ် အများစုမှာ ပြည်ပအခြေချများ အပြင် ပြည်တွင်းမှ လာကြသူများလည်း ပါဝင်နေသည်။ ထို့ပြင် ဟာသသဘော ဆောင်ရန် အမျိုးသမီးဟန်ဖြင့် လူငယ် ကျောင်းသား တစ်ဦးမှ လှယဉ်ကျေးမယ် မော်ဒယ်လ်အဖြစ် ၀င်ရောက်ပြိုင်ဆိုင် ဟန်ရေးပြသည့် အခန်းကိုလည်း ထည့် ထားပြန်ပါသည်။
အဆို ဖျော်ဖြေမှုကိုဖြင့် အဆိုတော် မေဆွိနှင့် ဇယံဓတို့မှ ဦးဆောင်ကာ လူငယ် မျိုးဆက်များက ပါဝင် ဆင်နွှဲခဲ့ကြ ပေသည်။ အမှန်တော့ လူငယ်မျိုးဆက် အချို့မှာ မြန်မာ တိုင်းရင်းသား မိဘများမှ မွေးဖွားသည့်တိုင် အမေရိကမှာမွေး၊ အမေရိကမှာ ကြီးကြသဖြင့် အမေရိကန် များသာ ဖြစ်ကြသောကြောင့် မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ ဓလေ့အား ဂဃနဏ မသိကြငြား မြန်မာ့ရိုးရာ သင်္ကြန်ပွဲကိုမူ နွှဲပျော်လိုစိတ် ရှိနေကြသည်မှာ အထင် အရှားပင်။ ထို့ပြင် အငယ်ဆုံးမျိုးဆက် ဖြစ်သည့် ကလေးငယ်များကလည်း အမေရိကန်ကလေးငယ်များ မမြည်း မစမ်းဖူးသည့် ရေပက် ကစားခြင်း၏ အရသာနှင့် အတူ ငြိမ့်ညောင်းညင်သာ မြနန္ဒာယိမ်းအကကိုလည်း မြည်းစမ်း ရင်ခုန်ခွင့်အား သဘောတကျ လှိုက်လှဲ ကြပေ၏။
လူကြီးမျိုးဆက်တို့ကား အလုပ် တာဝန်များဖြင့် မအားလပ်သည့် လူလတ်မျိုးဆက်များကြောင့် အခြား သော မြန်မာပြည်ဖွားများနှင့် မကြာခဏ မဆုံတွေ့နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ရိုးရာပွဲလမ်းများ၊ ဘာသာရေးပွဲလမ်း များတွင်မှ ခင်ရာမင်ရာမိတ်ဆွေ၊ သူငယ် ချင်းများနှင့်တွေ့ကာ မြန်မာ့အစားအစာ များကို အားပါးတရစားလျက် မြန်မာ စကားကို အားပါးတရပြောကာ မြန်မာ အလွမ်းကို အစွမ်းကုန်ဖြေဖျောက်ကြ လေသည်။ လူလတ်မျိုးဆက်တို့ကား အဆိုအကကိုလည်း လက်မလွှတ်နိုင် သကဲ့သို့ အစားအသောက်ကိုလည်း အမည် တစ်မျိုးမှ အလွတ် မခံနိုင်ကာ ဗိုက်ဆံ့သမျှ လွေးလိုကြသည်ချည်း။ ထို့ပြင် တစ်စစ အဆင်မပြေဖြစ်လာ သည့် အမေရိကန် စီးပွားရေး အခက်အခဲတွင် မည်သို့မည်ပုံ ရုန်းကန်ရင်ဆိုင် နေရကြောင်း စကားဖလှယ်လိုကြသည်လည်း ရှိကြပြန်၏။ လူငယ်မျိုးဆက်ကား ကျောင်းသား ကျောင်းသူများပီပီ သူတို့ ရင်ဆိုင်ရသမျှ ကျောင်းသားဘ၀အခက် အခဲများကို မြန်မာ့ဓလေ့အတိုင်းသံချပ် ဖြင့် ပုံဖော်ကာ အများကပါ လိုက်ပါခံစား နိုင်ရန် ကြိုးစားမျှဝေပြန်ပါလေ၏။ သို့ဖြင့် ကိုယ်တွေ့ကြုံခဲ့ရသော ဘော်စတွန်သင်္ကြန် ကား အမေရိကရောက် မြန်မာပြည်ဖွား များ၏ အနက် အမျိုးမျိုးကိုဆောင်ကြဉ်းသော ရိုးရာပွဲတော်တစ်ခုဖြစ်ခဲ့ပါလေ၏။

ဘော်စတွန် နွေဦး ခရီးတိုများ ဘော်စတွန်၏ နွေဦးကာလသည် သစ်ပင် အသီးသီးမှ အပွင့်အဖူးအသစ် များဖြင့် စိမ်းစိုဝေဆာလှပလျက် ရှိလေ ၏။ သည်မှာက အရွက်မဝေမီ အဖူး အပွင့်များ ထွက်လေ့ရှိသဖြင့် အချို့သော အပင်များမှာ တစ်ပင်လုံး နီ၊ တစ်ပင်လုံး လိမ္မော်၊ တစ်ပင်လုံး ခရမ်း စသဖြင့် အရောင်စုံ ဖူးပွင့်နေသကဲ့သို့ အဖူးအပွင့် မဖူးပွင့်သော အပင်များမှာလည်း ရွက်နု သစ်စိမ်းစိမ်းများဖြင့် လှပနေရာ နွေဦး၏ အလှသည် လန်းဆန်းလတ်ဆတ်သော အလှဖြစ်ပေ၏။
ဆောင်းဦးမှာ သစ်ပင်များ အရောင်ပြောင်းသဖြင့် အစိမ်းမှသည် အ၀ါ၊ လိမ္မော်၊ အနီများပြောင်းကာ လှပ သည့်တိုင် အဖူးအပွင့်များ မရှိတော့ သကဲ့သို့ အရွက်များမှာလည်း ခြောက် သယောင်းနေတတ်ရာ ထိုအလှနှင့် မတူ သော ဆေးရောင်စိုအလှကိုကား နွေဦး မှာ တွေ့ရလေသည်။ ထိုကဲ့သို့ ဆေး ရောင်စိုနွေဦးတွင် ဘော်စတွန်သမိုင်း၌ ခြွင်းချန်ထား၍ မရနိုင်သော လှုပ်ရှားမှု တစ်ခုရှိချေ၏။ ထိုလှုပ်ရှားမှုကား မာရ သွန်အပြေးပြိုင်ပွဲတည်း။ ဘော်စတွန် မာရသွန်ကား ၁၈၉၇ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့သည့် ပြိုင်ပွဲဖြစ်သည့် အပြင် ဒုတိယကမ္ဘာစစ် အတွင်းမှာပင် ပြိုင်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပခဲ့ သဖြင့် ကိုယ်တွေ့ ကြုံခဲ့ရသော ၂၀၁၀ ပြည့်နှစ် မာရသွန်သည် ၁၁၄ ကြိမ် မြောက်မာရသွန်ဖြစ်လေ၏။ ၀န်ခံရလျှင် အပြေးပြိုင်ပွဲကို ၀ါသနာမထုံသော်လည်း ဆယ်ကျော်သက် အတန်းဖော်သူငယ် ချင်းက ဖလော်ရီဒါပြည်နယ်မှာ အခြေချ နေထိုင်နေရာမှ ကိုယ်က ကြက်သွေးနီသို့ တစ်နှစ်တာ အခြေချမည်ကိုသိသည်နှင့် တစ်ပြိုင်နက် သည်မာရသွန် ကာလတွင် ကိုယ်နှင့်အတူ လာနေမည်ဟုဆိုခဲ့ ရာမှ ဘော်စတွန် မာရသွန်အကြောင်း စိတ်ဝင်စားဖြစ်ခဲ့ရလေ၏။
ဘော်စတွန်မာရသွန်ကား ၁၈၉၆ ခုနှစ် အိုလံပစ်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သော အပြေးပြိုင်ပွဲကို အားကျကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမဆုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူ ၁၈ ဦးသာ ရှိခဲ့ ရာမှ ယခု ၂၀၁၀ ပြည့်နှစ်တွင်မူ ကမ္ဘာ အရပ်ရပ်မှ နာမည်ကျော်အပြေးသမား များအပါအ၀င် အပျော်တမ်းနှင့်စေတနာ့ ၀န်ထမ်း အပြေးသမားပေါင်း ၂၀၀၀၀ ကျော်ထိ ယှဉ်ပြိုင်သည့် အပြေးပြိုင်ပွဲ မဟာကြီး ဖြစ်ချေသည်။ ၁၉၉၀ ပြည့် နှစ်မတိုင်မီထိ ဆုကြေးဟူ၍ မပေးခဲ့ သော်လည်း ယခုအခါတွင် ဆုကြေးငွေ ဒေါ်လာသိန်းချီကာ ပေးနေပေပြီ။ မာရ သွန်ခရီးမိုင်မှာ ၂၆.၂၂ မိုင်ရှိရာ မက်ဆာ ချူးဆက်ပြည်နယ် ဟော့ပ်ကင်တန်မြို့မှ နံနက် ၆ နာရီခန့်တွင် တာထွက်ကာ မြို့ပေါင်း ၈ မြို့ကို ဖြတ်ကာ ဘော်စတွန် မြို့မှာ ပန်းဝင်လေသည်။

ပထမဆုံး ပန်းဝင်လာသူများမှာ ကိုယ်ခန္ဓာမသန် စွမ်းသူများ၏ ဘီးတပ် ကုလားထိုင်ဖြင့် အပြေး ပြိုင်ကြသူများဖြစ်ကာ နောက်မှ ကြေးစားအပြေးသမားများ ပန်းဝင်လာ ကြသည်။ ကိုယ့်သူငယ်ချင်းက မြန်မာ့ သွေးဖြစ်သော်လည်း အမေရိကန်ဖြစ် နေပြီမို့ အမေရိကန်အပြေးသမားကို နိုင်စေ့ချင်သည်။ သို့သော် အကြမ်းခံ အမောလုံသည့် အာဖရိကဖွား ကင်ညာ သားကသာ ပထမ ဗိုလ်စွဲသွားတော့ သည်။ သည်ပြိုင်ပွဲမှာ အမျိုးသမီး အရေအတွက်က ၄၀ ရာခိုင်နှုန်းနီးပါး တွေ့ရသဖြင့် သူငယ်ချင်းရော ကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ၀မ်းသာနေရသည်။ ၁၉၇၀ ပြည့်နှစ်မတိုင်မီက အမျိုးသမီး များကို ပြိုင်ပွဲဝင်ခွင့် မပြုခဲ့သဖြင့် အမျိုး သမီးတစ်ဦးက သူ့နာမည်ကို အတို ကောက် စာလုံးဖြင့် နာမည်စာရင်းပေး ကာ ပြိုင်ခဲ့ရဖူးသည်။ ၁၉၇၂ ခုနှစ် နောက်တွင်မှ အမျိုးသမီးများ တရား ၀င်ပြိုင်ပွဲဝင်နိုင်ခဲ့လေ၏။ သည်ပြိုင်ပွဲမှာ နောက်ထပ်ထူးခြားချက်ကား အပျော် တမ်းအပြေးသမားနှင့် စေတနာ့ဝန်ထမ်း အပြေးသမားများပင်။
ယခင်က ကြေးစား အဆင့်ရှိသည့် အပြေးသမားများ ကိုသာ ပြိုင်ပွဲဝင်ခွင့်ပြုခဲ့ရာမှ နောက်ပိုင်း တွင် အပျော်တမ်းအပြေးသမားများက ကင်ဆာရောဂါ ကုသစရိတ်ရန်ပုံငွေ ကဲ့သို့သော ရည်ရွယ်ချက်ကောင်းများ ဖြင့် ၀င်ရောက်ဆင်နွှဲလိုကြောင်း ပြသ လာခဲ့ရာမှ ယခုအခါ ပြိုင်ပွဲဝင် အများ အပြား ရှိလာလေသည်။ သို့ဖြင့် မိမိ ကိုယ်တိုင်၏ကြံ့ခိုင်မှုနှင့် စဉ်ဆက်မပြတ် လေ့ကျင့်အားထုတ်မှုကို ရည်ရွယ်ချက် အမျိုးမျိုးအတွက် အသုံးချကြသည့် အားကစားသမားများ၏ နှစ် ရာကျော် တိုင် အဆက်မပြတ်ကျင်းပနိုင်သော ဘော်စတွန်မာရသွန်ကို သဘောကျခဲ့ ရလေ၏။ သူငယ်ချင်းနှင့်ကား မာရသွန် ပွဲသာမက အခြားနေရာများသို့ပါ လျှောက်လည်ခဲ့ရာ ၀ါရှင်တန်ဒီစီ၊ အနာ ပိုလိစ်၊ နယူးယောက်၊ နယူးဂျာစီ စသဖြင့် မြို့များရှိ အခြားသူငယ်ချင်း များနှင့်ပါ တွေ့ဆုံဖြစ်ခဲ့ပြန်ပါ၏။
ငယ်သူငယ်ချင်းများနှင့်သာမက ဘော်စတွန်ရောက်မှ ခင်မင်ရပါသော မြန်မာ့ သွေးမိတ်ဆွေများနှင့်လည်း ခရီးစုံ ထွက်ဖြစ်ခဲ့ရာတွင် ဟင်နရီဒေးဗစ်သော ရိုးအပါအ၀င် နာမည်ကျော် အမေရိကန် စာရေးဆရာများ နေထိုင်ခဲ့ရာ ကွန်းကော့ဒ် မြို့နှင့် ယင်းတို့၏ အုတ်ဂူများရှိရာ သင်္ချိုင်းတို့သို့လည်း ရောက်ဖြစ်ခဲ့ပါသည်။ သောရိုးနှင့် ပတ်သက်လျှင် “မတရားသည့် အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဟူသည့် သူ့အရေး အသားကို မှတ်မိနေသူပီပီ သူ နေထိုင်ခဲ့ရာ ဝေါလ်ဒင်ရေကန်ကြီး အနီးရှိ တော အုပ်သို့ အလည်သွားရန်မှာ ကိုယ့်အဖို့ စိတ်လှုပ်ရှားစရာ ကောင်းလွန်းခဲ့သည်။
သောရိုးက သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးသမားဟောင်းကြီးပီပီ မြို့ပြ နှင့် အလှမ်းဝေးရာတွင် ပဲပင်လေးများ ကို ကိုယ်တိုင်စိုက်ကာ သစ်သားအိမ် လေးနှင့် ရေကန်နားနီးနီးတွင် နေခဲ့ရာမှ လူခွန်ပေးရမည်ဟုသိသည့်အခါ အထက်ပါစကားကိုဆိုခဲ့သူဖြစ်ရာ သူနေခဲ့သည့်နေရာသာမက သူ့အုတ်ဂူ ရှိရာသို့ သွားဖြစ်သည့်ခရီးမှာလည်း အတော်ပင် စိတ်လှုပ်ရှားစရာတည်း။ ကွန်းကော့ဒ်သည် ဘော်စတွန်မှ ၄၅ မိနစ်နီးပါးသာ ဝေးပြီး အမေရိက၏ နာမည်ကျော် စာရေးဆရာများ ဖြစ်သော ဟော်သွန်း၊ အီမာဆင်တို့၏ အုတ်ဂူများ ပါ ရှိနေသည့်မြို့ကလေးတည်း။
ထို နေရာမျိုးသို့ စူးစမ်းသဘောကျစိတ်ဖြင့် လာလည်သူအရေအတွက်မှာကား သိပ်များပုံမရချေ။ ကိုယ်တို့တစ်သိုက်မှ မြေပုံကြည့်ကာ အုတ်ဂူအရှာထွက်သည် ကို သတိထားမိသွားသည့် ကွန်းကော့ဒ် သားအဘိုးကြီးတစ်ယောက်ကား သူ့မြို့ သားဟောင်းကြီးများကို တလေးတစား လာရောက်တွေ့သူ ကိုယ်တို့အား အလွန် အမင်း စိတ်ရှည်စွာ၊ စိတ်အားထက်သန် စွာဖြင့် လမ်းပြပေးခဲ့လေသည်။ စာရေး ဆရာကြီးများအား တသသနှင့် တကူး တက ဦးညွတ်တွေ့ဆုံလိုကြသူများမှာ ကမ္ဘာ အရပ်ရပ်တွင် အရေအတွက် များ များစားစား မရှိလှဟုသာ သဘောပိုက် မိရတော့၏။
ကြက်သွေးနီရောက်မှ ခင်မင်ရ သော မိတ်ဆွေများနှင့်လည်း ခရီးတို လေးများ သွားဖြစ်ရာတွင် အမေရိက ပြည်ထောင်စုကြီးဟူ၍ မပေါ်ပေါက်မီ က မူရင်းနေရပ်ဖွား လူနီအမေရိကန်မျိုး နွယ်စုတစ်ခုဖြစ်သည့် ၀မ်ပနောင်လူမျိုး များနေထိုင်ခဲ့ရာဒေသများက ယနေ့ အမေရိက၏ အရှေ့မြောက်တစ်ခွင်မှာ အများအပြားရှိသဖြင့် ထိုနေရာများ သို့လည်း ရောက်ဖြစ်ခဲ့ပါသည်။
၁၆၂၀ ပြည့်နှစ်တွင် ဥရောပတိုက်မှ စွန့်စားလို သူများက မေဖလားဝါးခေါ်တွင်သော သင်္ဘောကြီး တစ်စီးကို ရွက်လွှင့်လာကာ မူရင်း လူနီအမေရိကန်များ၏ နယ်မြေသို့ ကျူးကျော်ဝင်ရောက်သိမ်းပိုက်ကာ အခြေချ နေထိုင်ခဲ့သည့် နေရာတစ်ခုမှာ ဘော်စတွန်နှင့် မလှမ်းမကမ်းတွင် ရှိလေ၏။ ထိုနေရာကို အမေရိကန်အသံ ထွက်ဖြင့် ပလိမိသ်ဟု ခေါ်ကာ ထိုနေရာ တွင် မေဖလားဝါးကျောက်ချခဲ့သည့် ကျောက်တုံးကြီးတစ်တုံးရှိသကဲ့သို့ မေ ဖလားဝါးသင်္ဘောကိုယ်ပွားပြတိုက် တစ်ခုကိုလည်း စွန့်ဦးအခြေချ အမေရိ ကန်များအတွက် ဂုဏ်ယူစရာ အထိမ်း အမှတ်အဖြစ် ထားရှိထားပါသည်။ သို့ သော် ထိုကျောက်တုံးကြီးအား ပြသ ထားသည့်နေရာအနီး တောင်ကုန်းလေး တစ်ခုပေါ်တွင်မူ ၀မ်ပနောင်သားလူနီ တစ်ဦး၏ ရုပ်တုနှင့်အတူ ကြေးပြား ကမ္ပည်းတစ်ခုက ရှိနေလေသည်။
ထို ရုပ်တုက အခြေချလာသည့် ဥရောပ သားများနှင့် အတူတကွ နေထိုင်ကြရန် ဆုံးဖြတ်ကာ ကျန်ဝမ်ပနောင်သားများ အား စည်းရုံးပေးခဲ့သော ၀မ်ပနောင်သား Massasoit ၏ရုပ်တုဖြစ်လေ၏။ ကြေး ပြားပေါ်မှာတော့ “အမျိုးသားကြေကွဲ ၀မ်းနည်းဖွယ်နေ့”ဟု ထွင်းထုထားလေ သည်။ စာတမ်းတွင် ၁၉၇၀ ပြည့်နှစ်မှ စတင်ကာ နယူးအင်္ဂလန်ဟု ခေါ်သော အမေရိကအရှေ့မြောက်ပိုင်းခြောက် ပြည်နယ်ရှိ မူလလူနီအင်ဒီးယန်း အနွယ် များ တည်ထောင်ထားသော အဖွဲ့ အစည်းက ကြီးမှူးကျင်းပပြီး ခရစ်ယာန် ဘာသာရေးနှင့် ဆက်နွယ်သော ကောက် သစ်စားပွဲဆန်ဆန် အခမ်းအနားများ ကျင်းပတတ်သည့် ကျေးဇူးတော်နေ့တွင် သူတို့အတွက် “အမျိုးသား ကြေကွဲဝမ်း နည်းဖွယ်နေ့”အဖြစ် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပါရှိပါသည်။ သူတို့အနေဖြင့် ထိုနေ့တွင် သေဆုံးခဲ့ကြ ရသော ၀မ်ပနောင်သားများ၊ ဆုံးရှုံးခဲ့ ကြရသော နယ်မြေများ၊ စော်ကားခံခဲ့ ကြရသော ယဉ်ကျေးမှုများအား ကြေကွဲ စွာ သတိရသည့်အထိမ်းအမှတ်အဖြစ် ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း လည်း ဖော်ပြထားပါသည်။ ကိုယ်တို့မှာ ထိုနေရာများအပြင် အခြားနေရာတို့အားလည်း အလည်သွား ဖြစ်ခဲ့ကြပါသည်။ မူရင်းလူနီအမေရိကန် တို့၏ ကျေးရွာလေးအားလည်း အစစ် သဖွယ်ပြန်လည်ဖန်တီးကာ အင်္ဂလိပ် ဦးဆောင်သော ဥရောပသားတို့ အခြေ ချခဲ့သည့် ကျေးရွာအသွင်နေရာလေး အားလည်း ဖြည့်သွင်းလျက် “ပလိမိသ် ပလန်တေးရှင်း” အမည်ဖြင့် သက်ရှိ ပြတိုက်အသွင် တင်ဆက်မှုကိုလည်း ရောက်ဖြစ်ပြန်၏။ ထိုနေရာတွင်ကား အင်္ဂလိပ် ကျေးရွာလေးတွင် ၁၇ ရာစု ခေတ်က အသွင်အတိုင်း နေထိုင်စား သောက်ပြောဆိုသည့် အင်္ဂလိပ်များ ရှိနေသကဲ့သို့ ၀မ်ပနောင်ကျေးရွာတွင် ကား ၁၇ ရာစု ၀မ်ပနောင်သားများ အသွင်အတိုင်း ပြောဆိုနေထိုင် တွေးခေါ် သည့် မူရင်း လူနီအမေရိကန်များ ရှိနေ ပေးပါသည်။ ထိုသူများနှင့် စကားပြော လျှင် ကိုယ်တို့သည်လည်း ပစ္စုပ္ပန်ကို မေ့ကာ အတိတ်အကြောင်းသာ ပြောခွင့် ရကြ၏။
ကိုယ်က အင်္ဂလိပ်တစ်ဦးအား “မင်းတို့ ကိုလိုနီပြုခဲ့ဖူးတဲ့ မြန်မာပြည် က”ဟု မိတ်ဆက်ရာ သူက မြန်မာကို မသိမ်းထားပါဟု ဖြေတော့မှ သူသည် ၁၇ ရာစုမှာပင် ရှိနေသေးကြောင်း သတိ ပြန်ထားလိုက်ရလေ၏။ သည်နေရာကို ရောက်သည့်ခဏသည် ဧည့်သည်အပေါင်း အား တွေးစရာများကို တစ်သီကြီး ပေး ချေတော့၏။ မူရင်း လူနီအမေရိကန်များ ၏ ဆုံးရှုံးမှုများအတွက် စိတ်မကောင်း ဖြစ်ရမှု၊ အခြေချဥရောပသားများ၏ စွန့်စားရဲတင်းစိတ်အပေါ် အသိအမှတ် ပြုမှု၊ ယခုကဲ့သို့ အတိတ်သမိုင်းအား နှစ်ဖက်မြင် မြင်သာအောင် ချပြထားမှု အပေါ် စိတ်ဝင်စားမှု စသဖြင့် ထွေပြား သော စိတ်ခံစားမှုကိုရခဲ့ရာ ကိုယ်တို့ဆီ မှာလည်း အဆောင်ဆောင်အခန်းခန်းဖြင့် အဆောက်အအုံချည်းသက်သက် ပြသ ထားသော မြနန်းစံကျော်ရွှေနန်းတော် တွင် ယခုနှယ် အတိတ်သရုပ်ပြ သက်ရှိ ပြတိုက်အသွင် ဖန်တီးရလျှင်ဖြင့်ပိုစိတ်ဝင် စားဖွယ်ဖြစ်မည်ဟု တွေးမိခဲ့ပါသေးသည်။
ဆုပေးပွဲ နွေဦးကာလတွင် ထိုနှယ်လမ်းများ ဖြစ်နေခိုက် ကိုယ်နှင့် အဆက်မပြတ် လှသည့် နယူးယောက် PENrS Larry Siems က ၂၀၁၀ ပြည့်နှစ် Barbara Gold-smith Freedom to Write ဆုအတွက် မြန်မာပြည်မှ နေဘုန်းလတ်အား ချီးမြှင့်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ထိုစဉ်က နေဘုန်းလတ်မှာ ဘားအံအကျဉ်းထောင် တွင်ရှိနေဆဲဖြစ်ရာ ၁၉၉၅ ခုနှစ်က ထိုဆု ကို ချီးမြှင့်ခံခဲ့ရသော်လည်း အင်းစိန် အကျဉ်းထောင်တွင် ရှိနေခဲ့သည့်အတွက် တက်ရောက်နိုင်ခဲ့ခြင်းမရှိသည့် ကိုယ့်အား နေဘုန်းလတ်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးရန်နှင့်၊ အခမ်းအနား ကျင်းပစဉ် တွင် ပရိသတ်အားပြသရန် အင်တာဗျူး တစ်ခု ပြုလုပ် ပေးပါရန် လှမ်းပြောလာခဲ့ ပါသည်။
၁၉၉၃ ခုနှစ် သြဂုတ်လမှ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ အထိ အင်းစိန် အကျဉ်းထောင်တွင် သေမတတ် ရောဂါများဖြင့် နပန်းလုံးနေခိုက် ကိုယ့် လွတ်မြောက်ရေး အတွက် အများဆုံး အားထုတ်ခဲ့ကြသည့် အဖွဲ့အစည်းများ မှာ PEN နှင့် Amnesty International တို့ ဖြစ်ကြရာ သွားလေရာတွင် ထိုအဖွဲ့ အစည်းများက အကူအညီ တောင်းလေ တိုင်း မငြင်းတမ်းလက်ခံ ဖြစ်ခဲ့ပါသည်။ သို့သော် ကိုယ့်ပါဝင် ပတ်သက်မှုအတွက် မည်သည့် သတင်းစာ မျက်နှာများပေါ် တွင်မျှ မပါဝင်ရန် အလေးအနက် တောင်း ဆိုဖြစ်ခဲ့သည်ချည်းလည်း ဖြစ်ပါသည်။
သို့ဖြင့် နယူးယောက်နှင့် ဘော်စတွန်ကို လွန်းထိုးရန်ဖြစ်လာခဲ့ပြန်ပါသည်။ တစ် ခေါက်က CBS ရုပ်မြင်သံကြားဌာန၏ 60 mins အဖွဲ့နှင့် အင်တာဗျူးရိုက်ကူး ရန်ဖြစ်ပြီး နောက်တစ်ခေါက်ကမူ ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖြစ်ပါသည်။ ၀န်ခံရလျှင် ကိုယ်က အင် တာဗျူးကို လွယ်လွယ်လက်ခံခဲ့သော် လည်း အခမ်းအနားတွင် ကိုယ်တိုင်တက် ပြောရန်ကိုမူ ချက်ချင်းလက်မခံဖြစ်ခဲ့ပါ။ ထိုအခမ်းအနား ကျင်းပချိန်သည် နယူး ယောက်မြို့တွင် ကျင်းပသော PEN ၏ အပြည်ပြည်ဆိုင်ရာ စာပေပွဲ တစ်ခုနှင့် တိုက်ဆိုင်နေရာ အခမ်းအနားသို့ တက်ရောက်လာမည့် သူများမှာလည်း အပြည်ပြည်ဆိုင်ရာ စာရေးဆရာများ၊ သတင်းထောက်များသာ ဖြစ်သဖြင့် သည်သတင်းကို ဖုံးအုပ် သိုဝှက်ထားရန် ခက်ခဲမည်ပင်။ ကိုယ့်မှာလည်း ညောင်သီးစားလိုလျက် လေးသံကို နားစွင့်လေ့ ရှိသူပီပီ ချင့်ချိန်စရာများကြောင့် အခမ်းအနားကို တက်ရောက်စေလိုလျှင် ကိုယ် ပြောနေခိုက်တွင် မည်သည့်မှတ်တမ်း တင်မှုမျိုးမျှ မပြုပါရန် တောင်းဆို ဖြစ်ခဲ့ပါသည်။
ကိုယ့်ကိုအပြည့်အ၀ နားလည် သော Larry Siems နှင့် PEN USA တို့က ကိုယ့်ဆန္ဒကို အတိအကျပင် လိုက်နာဖြည့်စွမ်းပေးခဲ့သဖြင့် ယခု ဆောင်းပါးအတွက်ပင် မှတ်တမ်း ဓာတ်ပုံ မရှိသည်အထိ ဖြစ်ရပါလေ၏။ အခမ်းအနားတွင်း ဖြစ်ပျက်သမျှကို မည်သူ့အားမျှ မှတ်တမ်းတင်ခွင့် မပေးခဲ့သဖြင့် ယခုအခါ နေဘုန်းလတ် လွတ်မြောက်လာသည့်အချိန်တွင်ပင် ကိုယ့်မှာ သူ့ကိုပြစရာ မည်မည်ရရ မရှိဘဲ ဆုကို ချီးမြှင့်ပေးသူ ဘာဘရာ ကြီးနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံတစ် ပုံသာ ရှိလေသည်။ ထိုအခမ်းအနားကို နယူးယောက်ရှိ သဘာဝ သမိုင်းပြတိုက် ကြီးတွင် အလွန်အမင်း ခမ်းနားကြီး ကျယ်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းကိုမူ စိတ်မျက်စိတွင် ပြက်ပြက်ထင်ထင် မြင်ယောင်မိဆဲဖြစ်ပါသည်။
နေဘုန်းလတ်နှင့် ပတ်သက်သည့် အကြောင်း များကို နာမည်ကျော်အမေရိကန်ဂျာနယ် လစ် တီနာဘရောင်းမှ ရှာဖွေဖတ်ကြားကာ ဆုပေးသူ ဘာဘရာဂိုးလ်စမစ်သ် မှလည်း ဆုရွေးချယ်ဖြစ်ပုံအကြောင်း ရှင်းပြခဲ့ပါသည်။ ကိုယ့်ကိုမူ ဆုလက် ခံဖူးသူတစ်ဦးအဖြစ်အပြင် နေဘုန်း လတ်နှင့်တကွ မြန်မာစာရေးဆရာနှင့် စာနယ်ဇင်းသမားများကိုယ်စား ကျေးဇူး တင်စကား ပြောစေခဲ့ပါသည်။ နှစ်မိနစ် မျှသာ အချိန်ရသဖြင့် ကိုယ်ကလည်း ကြိုတင်ပြင်ဆင်မှု မလုပ်တော့ဘဲ ပွဲတွေ့ ရင်ခုန်ခံစားမှုများကို အခြေပြုကာ ကိုယ့်အလှည့် မရောက်မီ မိနစ်ပိုင်းမှာမှ ချက်ချင်းတွေးလျက် ချက်ချင်းပြော ဖြစ်ခဲ့ပါတော့သည်။ နေဘုန်းလတ် ဆုရခြင်း အတွက် မုဒိတာစိတ်၊ သူအပါ အ၀င် ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ရဲဘော် ရဲဘက်များ မလွတ်မြောက်သေးသည့် အပေါ် ကရုဏာစိတ်၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်း၏ မြန်မာ့အရေးနှင့် မြန်မာစာရေးဆရာများ အရေးအား မမေ့ မလျော့သည့်အပေါ် မေတ္တာစိတ်များဖြင့် ရင်ခုန်နေခဲ့သည့်အပြင် လွန်ခဲ့သည့် ၁၄ နှစ်က လူကိုယ်တိုင် တက်ရောက်မပြော နိုင်ခဲ့သည့် ကျေးဇူးစကားဖြစ်ရာ ကိုယ့် မှာ စိတ်လှုပ်ရှားမှု အတန်အသင့်လည်း ရှိနေခဲ့သဖြင့် ကိုယ့်ရင်ခုန်သံများသည် လှုပ်ခတ်သော ဝေါဟာရများအဖြစ် အခမ်းအနား တစ်ခုလုံးရှိ လူများအတွင်း စီးဆင်းလျှပ်ကူးသွားခဲ့ ပါတော့သည်။
အခမ်းအနားအပြီး ဧည့်ခံပွဲတွင်မူ မနှစ်က ဘရောင်းတက္ကသိုလ်၊ အညို့ ရင်ခွင်တွင် ပြုလုပ်ခဲ့သော မြန်မာစာပေ ပွဲတော်သို့ ကြွရောက်ခဲ့ကြသည့် အမေရိ ကန်စာရေးဆရာ ပေါလ်အော်စတာတို့ ဇနီးမောင်နှံ၊ အမီတာဗ်ဂို့ရှ်တို့ ဇနီးမောင် နှံတို့အပြင် နယူးယောက်ကာ မဂ္ဂဇင်းမှ ဂျော့ရှ်ပက်ကာတို့ကလည်း လယ်ရီတို့ PEN USA အဖွဲ့သားများ၊ CBS 60 mins အဖွဲ့သားများနှင့်အတူ သူတို့မည်မျှ ထိခိုက်ခံစားရပါကြောင်း မုဒိတာစကား ဆိုကြပါသေးသည်။ ထိုကဲ့သို့ နယူး ယောက်၌ မုဒိတာလျှပ်စီးလက်နေချိန် တွင် ဘားအံတွင်ကား ခရမ်းချဉ်သီးမီး ရောင်အားကိုအန်တုကာ ၀တ္ထုတိုတစ်ပုဒ် အတွက် ပင်ကိုတွေးနှင့် စိစစ်တွေး အတွေးနှစ်ခုကို ချိန်ထိုးလျက် မည်သည့် အတွေးကို အနိုင်ပေးရမည်ဟု မဝေခွဲတတ်စွာဖြင့် ဘလော့ဂ်ဂါ နေ ဘုန်းလတ်တစ်ယောက် တစ်ကိုယ်တော် အတွေးစီးချင်း ထိုးနေလိမ့်မည်ဟုဖြင့် ထိုစဉ်ကပင် တွေးတော ရင်မောနေဖြစ် ခဲ့ပါလေ၏။ (ဆက်လက်ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|