ကျွန်တော်နှင့် ဘားကမ့်(Barcamp) PDF Print E-mail
Written by နေဘုန်းလတ်   
Saturday, 17 March 2012 16:37
Share |

ဒီနှစ် ဖေဖော်ဝါရီ ၄ရက်နဲ့ ၅ရက်နေ့ တွေမှာ မန္တလေးဘားကမ့်၊ ဖေဖော်ဝါရီ ၁၁ရက်နဲ့ ၁၂ရက်နေ့ တွေမှာ ရန်ကုန် ဘားကမ့်တို့ကို အောင်အောင်မြင်မြင်နဲ့ ကျင်းပ နိုင်ခဲ့ပါတယ်။

side effectscialis without prescription viagra generic vs brand buy cialis canada
argaiv1219

ကျွန်တော် ကိုယ်တိုင်လည်း မန္တလေးမှာ တစ်ရက်၊ ရန်ကုန်မှာ နှစ်ရက် ပူးပေါင်းပါဝင် ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ ဘားကမ့် (Barcamp) ဆိုတာက တက်ရောက်သူတွေ အားလုံး ဟောပြောချင်သူရော၊ နားထောင် ချင်သူတွေပါ လွတ်လပ်စွာ၊ ရင်းနှီး ပွင့်လင်းစွာနဲ့ အသိပညာ၊ အတတ်ပညာတွေ ဖလှယ် ရယူနိုင်တဲ့ ပွဲမျိုးပါ။

တစ်နေ့တာရဲ့ အချိန်အပိုင်း အခြားလေးတွေနဲ့ ဟောပြောနိုင်တဲ့ အခန်းလေးတွေကို တွဲလျက် ကပ်ပေးထားတဲ့ Board တစ်ခုရှိပြီး တက်ရောက် လာသူတွေထဲက မည်သူ မဆိုဟာ ကိုယ် မျှဝေချင်တဲ့ အကြောင်းအရာနဲ့ ပြောမယ့်သူ နာမည်ကို စာရွက်တောင်း ရေးပြီး ပြောချင်တဲ့ အခန်း ပြောချင်တဲ့ အချိန် ဆုံတဲ့ အကွက်မှာ ကပ်လိုက်ဖို့ပါပဲ။ ဒါဆို အဲဒီ့ Board ကို လာကြည့်တဲ့ သူတွေကလည်း ဘယ်သူက၊ ဘယ်အခန်းမှာ၊ ဘယ်အချိန်၊ ဘာအကြောင်းပြောမယ် ဆိုတာတွေကို သိသွားပြီး ကိုယ်စိတ်ဝင်စားတယ် ဆိုရင် အဲဒီ့ အခန်းကို သွားနားထောင်လိုက်ရုံပါ။ နိုင်ငံတကာက Barcamper တွေ အတွက် ဘာသာပြန်သူတွေ စီစဉ် ပေးထားသလို၊ အိုင်တီ မကျွမ်းကျင်သူတွေ အတွက်လည်း ပြောချင်တာပြောနိုင်ဖို့ နည်းပညာပိုင်း ဆိုင်ရာ အထောက်အကူ ပြုပေးမယ့် သူတွေ ထားပေး ထားပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဘားကမ့်ပွဲလေးတွေ ကျင်းပဖြစ်နေပြီ ဆိုတဲ့ အကြောင်းကို အထဲမှာကတည်းက ဂျာနယ်တွေ ဖတ်ပြီး သိနေခဲ့ပါတယ်။ အဲဒီကတည်းက စိတ်ထဲမှာ ရွစိရွစိဖြစ်နေခဲ့တာပါ။ ပါဝင် ဆောင်ရွက်နေကြတဲ့ သူတွေထဲမှာလည်း ကိုယ့်ရဲ့သူငယ်ချင်းတွေကို တွေ့နေရတော့ ပိုဆိုးတာပေါ့။ ပထမ အကြိမ်နဲ့ ဒုတိယ အကြိမ် ရန်ကုန် ဘားကမ့်တွေနဲ့ ပထမ အကြိမ် မန္တလေး ဘားကမ့် တို့ကို အထဲကနေပဲ လှမ်းလွမ်းရင်း ဖြတ်သန်း ခဲ့ရတယ်။ အခုတော့ ကံကောင်းထောက်မစွာနဲ့ ဘားကမ့် နှစ်ခုစလုံး အမီ အပြင်ပြန် ရောက်လာနိုင်ခဲ့လို့ နှစ်ခုစလုံးကို ကိုယ် တိုင်ကိုယ်ကျ ပူးပေါင်း ပါဝင်ဆင်နွှဲခွင့် ရခဲ့ပါတယ်။ မန္တလေး ဘားကမ့်ကို သွားတုန်းကတော့ တစ်ခုခု ၀င်ပြောဖို့အစီအစဉ် မရှိခဲ့ပါဘူး။ ဒါပေမဲ့ တစ်ခုခုပြောပါလားလို့ ၀ိုင်းပြောကြတာနဲ့ ပြော ချင်နေတဲ့ ခေါင်းစဉ် တစ်ခုကို ကမန်းကတန်းပဲ ပြင်ဆင်ပြီး ပြောဖြစ်ခဲ့တယ်။

မန္တလေးမှာ ပြော ဖြစ်ခဲ့တဲ့ခေါင်းစဉ်က တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းမှာ အချိတ်အဆက်မိဖို့ အရေးကြီးတယ် ဆိုတဲ့ အကြောင်းလေးပါ။ အင်္ဂလိပ်လို (Connection in State Building Process)လို့ နာမည်ပေး ဖြစ်ခဲ့တယ်။ အဓိကက တိုင်းပြည် တစ်ခုရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ မီဒီ ယာနဲ့ ပြည်သူဆိုတဲ့ မဏ္ဍိင်ငါးရပ်ရဲ့ အချင်းချင်း ချိတ်ဆက်မှု အားကောင်းနေမှ ဒီမိုကရေစီ စနစ် တစ်ခု အားကောင်းစွာနဲ့ ဖြစ်ပေါ် လာနိုင်မယ့် အကြောင်း၊ အဲဒီ့ ချိတ်ဆက်မှုတွေကို ခိုင်မာသည်ထက် ခိုင်မာအောင် မြန်သထက် မြန်အောင် လုပ်နိုင်မှ ဒီမိုကရေစီ စနစ်တစ်ခု အဓွန့်ရှည်တည်တံ့မယ့် အကြောင်းတွေ ပြောဖြစ်ပါတယ်။ ပြီးတော့၊ အိုင်တီကို စိတ်ဝင်စားတဲ့ လူငယ်တွေ အနေနဲ့ မဏ္ဍိုင် ငါးခုထဲက မီဒီယာနဲ့ ပြည်သူဆိုတဲ့ မဏ္ဍိုင် နှစ်ခုကို ကိုယ်စား ပြုနေတာကြောင့် အဲဒီ့မဏ္ဍိုင် နှစ်ခုရဲ့ တာဝန်တွေကို လေ့လာပြီး ကျေပွန်အောင် ထမ်းဆောင်ကြဖို့လည်း တိုက်တွန်းဖြစ်ခဲ့ပါတယ်။

အခုခေတ်မှာ CJ (Citizen Journalist) ဆိုတဲ့စကား ခေတ်စားလာသလို နိုင်ငံသားတိုင်းဟာ မီဒီယာသမား တစ်ပိုင်း ဖြစ်နေတဲ့ ခေတ်ကို ရောက်နေပါပြီ။ ဒါကြောင့်လည်း ကျွန်တော်က လူငယ်တွေကို မဏ္ဍိုင် နှစ်ခုစာ တာဝန် ရှိတယ်လို့ ပြောခဲ့တာပါ။ မန္တလေး ဘားကမ့်ကို တစ်ရက်ပဲ တက်ရောက် နိုင်ခဲ့ပြီး အထဲမှာ ရင်းနှီးခဲ့တဲ့ အစ်ကိုတော် တစ်ယောက်ရဲ့ ဖိတ်ကြားချက် အရ မကွေးတိုင်းက မြစ်ခြေ ကျေးရွာစုလေးဆီ ခရီး ဆက်ခဲ့ရပါတယ်။ အဲဒီ့ ခရီးစဉ် အကြောင်းကိုတော့ နောက်အလျဉ်းသင့်ရင် ခရီးသွား ဆောင်းပါး သဘောမျိုး လေး ရေးပါဦးမယ်။

ရန်ကုန် ဘားကမ့်ကိုတော့ ၁၁ရက်နဲ့ ၁၂ ရက်နေ့တွေမှာ နှစ်ရက်စလုံး တက်ရောက်ဖြစ်ခဲ့ပါတယ်။ ပြောတာကလည်း ပထမနေ့ရော၊ ဒုတိယနေ့မှာ ပါဝင်ပြောဖြစ်တယ်။ ပထမနေ့ကတော့ မန္တလေးမှာ ပြောဖြစ်ခဲ့တာကိုပဲ နည်းနည်း ထပ်ချဲ့ပြီး ဗဟိုဦးစီး ချုပ်ကိုင်မှု လျှော့ချခြင်း(Decentralization) ခေါင်းစဉ်နဲ့ ပြောဖြစ်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်က ရှိခဲ့တဲ့ ဗဟိုကနေ အရာရာကို ချုပ်ကိုင်တဲ့ စနစ်ကနေ အခုတော့ ဗဟိုဖြစ်တဲ့အုပ်ချုပ်ရေးက အခြားမဏ္ဍိုင်တွေနဲ့ တစ်ပြေးညီ ဖြစ်သွားတဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်း သွားပြီဆိုတဲ့အကြောင်း၊ အဲဒီ့စနစ်မှာ မဏ္ဍိုင်တွေရဲ့ အပြန်အလှန် စောင့်ကြည့်၊ ချိန်ညှိမှု (Raciprocal check & balance) သိပ်ကိုအရေးကြီးတဲ့အကြောင်း မဏ္ဍိုင်တစ်ခုက အခြားတစ်ခုကို ပစ်ထားလို့မရတဲ့ အကြောင်း၊ အထူးသဖြင့် အဓိကမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူလူထုက အခြား မဏ္ဍိုင်တွေကို ပစ်မထားဘဲ အားကောင်းကောင်းနဲ့ ချိတ်ဆက်ထားသင့်ကြောင်းတွေ ပြောဖြစ်ပါတယ်။ အားလုံးက စိတ်ဝင်တစားနဲ့ နားထောင်တဲ့ အပြင် မေးခွန်းတွေနဲ့ မေးမြန်း ဆွေးနွေးကြတဲ့ အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

ဒုတိယနေ့မှာတော့ ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီး တိုင်ပင်ထားကြတဲ့ အိုင်တီ နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အတွက် ၀ိုင်းလုပ်ကြမယ့် အဖွဲ့အစည်းလေး အကြောင်းနဲ့ လုပ်ဖို့ ရည်ရွယ်ထားတဲ့ လုပ်ငန်းစဉ်လေးတွေ အကြောင်းကို ဆွေးနွေး ဖြစ်ခဲ့ပြီး တက်ရောက်လာကြတဲ့ သူတွေထဲက ပူးပေါင်းပါဝင် ချင်ကြတဲ့ သူတွေကို ဖိတ်ခေါ်ခဲ့တဲ့ အခါမှာ လူငယ် တော်တော်များများက အားတက်သရောနဲ့ စိတ်ဝင်တစား စာရင်း ပေးကြတာကို တွေ့ရပါတယ်။ ရှေ့ဆက်လုပ်မယ့် နည်းပညာ ပြန့်ပွားရေး လုပ်ငန်းတွေအတွက် အားတက်ရသလို၊ လူငယ်တွေရဲ့ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စိတ်ထားနဲ့ ပညာကို မျှဝေချင်ကြတဲ့ စေတနာတွေကို တွေ့ လိုက်ရတဲ့ အတွက်လည်း အင်မတန်ကို ကြည်နူး ကျေနပ်ရပါတယ်။

အရင်နှစ်တွေတုန်းက ရန်ကုန်ဘားကမ့်မှာ အိုင်တီနဲ့ဆိုင်တဲ့ ခေါင်းစဉ် တွေပဲ များတယ်လို့ ပြောတာ ကြားရပေမဲ့ အခုနှစ်မှာတော့ အိုင်တီနယ်နဲ့ မဆိုင်တဲ့ အခြားသော ခေါင်းစဉ်လေးတွေ (ဥပမာ ။ မြန်မာ့စစ်တုရင်၊ လွှတ် တော်တွင် အိုင်တီနှင့် ပတ်သက်ပြီး ကျွန်တော်(တို့) ပြောဆို ဆွေးနွေးစေချင်တဲ့ အကြောင်းများ၊ ဆိုက်ကား) ကို တွေ့ရပါတယ်။ မန္တလေးမှာတော့ အိုင်တီနဲ့ မဆိုင်တဲ့ နယ်ပယ်က ၀င်ပြောတာတွေ ပိုများတာကို တွေ့ရပါတယ်။ ဒါကလည်း ကျွန်တော်တို့တွေရဲ့ သတင်းပေးမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Barcamp ဆိုတာ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကိုပဲ ပြောဆို ဆွေးနွေးတဲ့ နေရာမဟုတ်ဘူး၊ ဘယ်လို ကဏ္ဍမျိုး မဆို ကိုယ်ကလည်းမျှ ဝေဖို့ အဆင်သင့်ဖြစ်မယ် နားထောင်ချင်တဲ့ သူတွေကလည်း စိတ်ဝင်စားကြမယ် ဆိုရင် ကိုယ်သိထားသမျှ၊ တတ်ထားသမျှတွေကို ပြောဆို ဆွေးနွေးနိုင်၊ မျှဝေနိုင်တဲ့ နေရာလေးဖြစ်တယ် ဆိုတာကို ဒီ့ထက် ပိုပြီး လူသိအောင် ကျွန်တော်တို့ လုပ်နိုင်မယ် ဆိုရင် နောက်နောင်နှစ်တွေမှာ ကဏ္ဍစုံပါဝင် ဆွေးနွေးကြတဲ့ ပွဲလေး ဖြစ်လာပြီး ပိုပြီး စည်စည်ကားကားလေး ဖြစ်လာမယ် ထင်ပါတယ်။ ကျွန်တော်လည်း အပြင် ပြန်ရောက်လာပြီ ဆိုတော့ နောက်နှစ် Barcamp ပွဲလေးတွေမှာ ဒီထက်ပိုပြီး ၀ိုင်းလုပ်ပေးနိုင်ဖို့မျှော်လင့် ရပါတယ်။ 
ဒီနှစ် ရန်ကုန် ဘားကမ့်ရဲ့ ထူးခြားချက်ကတော့ ဖွင့်ပွဲ အခမ်းအနားကို အန်တီ ကိုယ်တိုင်လာပြီး ဖွင့်ပေးသွားတဲ့ အချက်ပါ။ အန်တီလာပြီး ဖွင့်ပေးသွားတဲ့ အချက်အပေါ် အခြားသူတွေ ဘယ်လို သဘော ထားသလဲတော့ မသိပါဘူး။ ကျွန်တော်ရဲ့ အမြင်ကတော့ ဦးစီး ကျင်းပသူတွေ၊ စီစဉ်သူတွေ အနေနဲ့ ပိုပြီးတာဝန် ကြီးသွားတယ်လို့ မြင်ပါတယ်။ အန်တီ ၂၀၁၂ BarCampYangon ဖွင့်ပွဲ အခမ်းအနားမှာ ပြောသွား တဲ့ မိန့်ခွန်းကို ကြည့်မယ်ဆိုရင် အန်တီ့ အနေနဲ့ ဒီလို လွတ်လပ်မှုကို အသားပေးတဲ့ ပွဲမျိုးလေးကို အလွန် စိတ်ဝင်စားပြီး အများကြီးလည်း မျှော်လင့်တယ် ဆိုတာ သိသာပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ပိုပြီး တာဝန် ကြီးသွားတယ်လို့ ပြောတာပါ။ အန်တီက ဖွင့်ပေး သွားခဲ့ပြီး နောက်ပိုင်းမှာ ဖြစ်ချင်တိုင်းဖြစ် နေမယ်ဆိုရင် အလကားပါပဲ။

ဒီလိုပြောလို့ ဒီနှစ် ရန်ကုန် ဘားကမ့်ပွဲဟာ မအောင်မြင်ဘူးလို့ ကျွန်တော် မဆိုလို ပါဘူး။ အောင်မြင်ပါတယ်။ ဒါပေမဲ့ ပြောစရာ တွေ၊လိုအပ်တာတွေ၊ ဒီထက်ပို ပြီးတိုးတက်အောင် လုပ်လို့ရတာတွေ ရှိနေပါတယ်။ ပြောစရာတွေ များစွာထဲကမှ အဓိက အချက်ကတော့ အင်တာ နက်မရခြင်းပါပဲ။ အိုင်တီသမားတွေ ဦးစီးကျင်း ပတဲ့ အိုင်တီပွဲကြီး ဖြစ်ပြီး အင်တာနက် သုံးမရတာဟာ စိတ်ပျက်စရာပါ။ ကြော်ငြာတွေမှာတုန်းက ဘယ်သူမဆို Free internet access ရမယ်လို့ ကြေညာထားပြီး တကယ့်လက်တွေ့မှာ မီဒီယာ ကောနာက လူတွေတောင် ပုံတွေအလျဉ်မီအောင် မတင်နိုင်တာ ဆိုးပါတယ်။ နောက်တစ်ခုက လူများပြီးပွဲ မစည်တဲ့ ကိစ္စပါ။ Organiser တင် ၅၀ ကျော်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်လည်း မသိ၊ Organiser နဲ့ Volunteer တွေကလည်း အချိတ်အဆက် မမိ၊ ဘယ်သူက ဘယ်မှာ တာဝန်ရှိတယ် ဆိုတာမျိုးလည်း သေချာမရှိဘဲ။ Mis-management သဘောမျိုးလေးတွေ အများကြီး တွေ့ရပါတယ်။

နောက်ပြီး တာဝန် တစ်ခုကို သေချာထမ်းဆောင် နေကြသူတွေ ရှိပေမဲ့ ဟိုယောင်ဒီယောင်တွေ များ နေသလားလို့ပါ။ ဒါကလည်းမလိုအပ်ဘဲ လူများ နေတော့ သူလုပ်နိုးနိုး ငါလုပ်နိုးနိုးနဲ့ ဟာကုန်တဲ့ သဘောတွေပါ။ Organizer တွေထဲမှာ လူငယ် တွေများတဲ့အတွက် ဖြစ်လာတဲ့ ပြသနာတွေကို ဖြေရှင်းတဲ့ နေရာမှာ  စမတ်ကျကျ မရှင်းတတ်ပဲ၊ မလိုအပ်တဲ့ Conflict လေးတွေဖြစ်လာတာကို တွေ့ရပါတယ်။ ကျွန်တော်က အပြင်လူ တစ်ယောက် အနေနဲ့ အားလုံးရဲ့ဝေဖန်ချက်တွေကို လိုက်နားထောင်နေတော့ ပြုပြင်စရာ၊ သတိထား စရာလေးတွေကို အများကြီး ကြားခဲ့ရပါတယ်။ အင်္ကျီတွေ လွယ်လွယ်ထုတ် မရတာက အစ၊  Registration လုပ်တာကို Online နဲ့ Offline ခွဲခြားဆက်ဆံတာ အဆုံးပေါ့။

တကယ်တမ်းကျတော့ ဘားကမ့် ပွဲဆိုတာ တက်ရောက် လာသူတွေထဲက မည်သူမဆိုဟာ ဦးဆောင် ဆွေးနွေး ဟောပြောသူ ဖြစ်နိုင်သလိုပဲ၊ နားထောင်လေ့လာသူလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုကို ဦးဆောင် ဆွေးနွေးမယ် ဆိုရင်လည်း ကိုယ့် Topic ကို လူစိတ်ဝင်စားအောင် တင်ပြ ဆွေးနွေးနိုင်ဖို့အတွက် သေသေချာချာ လေ့လာ ပြင်ဆင် ထားသင့်သလို၊ အခြားသူတွေပြော တာကို နားထောင် လေ့လာတဲ့ အခါမှာလည်း အထူး အာရုံစိုက်ပြီး သေချာနားထောင် လေ့လာ သင့်ပါတယ်။ ပြောတဲ့ နေရာမှာလည်း သေချာပြင် ဆင်မှုမရှိ၊ ကိုယ်တကယ် ပိုင်နိုင်တဲ့ Topic ကို လည်း မရွေးချယ်၊ နားထောင်တဲ့ အခါမှာလည်း ဟိုအခန်း ခဏသွား၊ ဒီအခန်းခဏ သွားလုပ်နေပြီး ထိုင်နားထောင်နေတဲ့ အခါတွေမှာ သေချာအာရုံ စိုက်မှု မရှိဘူးဆိုရင်တော့ ဘာမှမရဘဲ ခြေညောင်း အချိန် ကုန်တာပဲ အဖတ် တင်ပါလိမ့်မယ်။ နောက်ပိုင်းနှစ်တွေမှာ ဒီ့ထက်ဒီ့ထက်ပိုပြီး ထိ ရောက်စည်ကားတဲ့ Barcamp ပွဲတွေကို ဆက်လက်ပြီး ကျင်းပနိုင်ဖို့ ကျွန်တော် တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီဖို့ စိတ်ကူးမိပြီး၊ စာဖတ်သူ ညီငယ် ညီမငယ်တွေကိုလည်း ပူးပေါင်း ပါဝင် ကြဖို့ ဖိတ်ခေါ်လိုပါတယ်။

နေဘုန်းလတ်
www.nayphonelatt.com
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)