|
Written by မာံထော်ဦး(ဘုရားသုံးဆူ)
|
|
Friday, 16 March 2012 11:54 |
ထားပြီးသား ထမင်းကို လောင်းရတာ ဆိုတော့ မနက် ငါးနာရီ ထိုးတာနဲ့ အိပ်ရာကနေ ကျုံးထ ရတော့တာပေါ့။
argaiv1334
အဲဒီနေ့ ရောက်မှပဲ အိပ်ရာစောစော ထရတာ မုန်းနေမှန်း သိရတော့တယ်လေ။ ဒီလိုနဲ့ အားတင်းရင်း အားတင်းရင်းနဲ့ ဆွမ်းလောင်းလာ လိုက်တာ သုံးပတ်လောက်လည်း ရောက်ရော ဆက်ပြီး မလောင်းနိုင်တော့ဘူး။ အဲဒီနေ့က စပြီး အမုန်းဆုံးနဲ့ ဝေးသွား ရတာပေါ့။
ဘားအံ ကွန်ပျူတာ တက္ကသိုလ်တဲ့ ကျောင်း တံခါးဝမှာ “မနက် ၈ နာရီ ၁၅ တွင် ကျောင်း ပိတ်မည်” ဆိုပဲ။ ဘာခက်တာ မှတ်လို့။ မနက်ရှစ် နာရီထပြီး ကမန်းကတန်း ပြင်ဆင် လိုက်ရုံပေါ့ ကျောင်းနဲ့ အဆောင်က နီးနီးလေးရယ်လေ။ နှိုး စက်ကို ရှစ်နာရီမှာ လှည့်ထားလိုက်၊ အစောကြီး နိုးနေရင်လည်း ဆက်ပြီး မှေးနေလိုက်ရုံပဲပေါ့။ ရှစ်နာရီ ဒေါင်ခနဲ ထိုးတာနဲ့သွား ကမန်း ကတန်း တိုက်၊ မျက်နှာ အမြန်သစ်၊ ကျောင်းဝတ်စုံ အဖြူ အစိမ်း ကောက်စွပ်ပြီး ကျောင်းကို အပြေးတက်ရ တာပေါ့။ ဒါတောင်အိပ်ရာတွေ မသိမ်းလို့ အဆောင်မှူးနဲ့ ပြဿနာ တက်ရတာ ရှိသေး။ ဒါကအဆောင်ကို ပြန်ရောက်လာမှဆိုတော့ နောက်ကိစ်္စ နောက်ရှင်းပေါ့။
ကျောင်းကို ရောက်လာတော့ ရှစ်နာရီခွဲ လောက်ရှိနေပြီ။ စာသင်နေတဲ့ တီချယ်ကို ၀င်ခွင့် တောင်းပြီး ၀င်ထိုင်လိုက်ရတာပေါ့။ ပြောသာ ပြောရတာ။ အတန်းနောက်ကျတဲ့အထဲမှာ ယောက်ျား အများစုရယ်လေ။ အဲဒါကို သိတဲ့ တီချယ် Math က- “အခုခေတ်က ပြောင်းပြန်ဖြစ်နေပြီ၊ အရင် တုန်းက မိန်းကလေးတွေ အလှတွေ ဘာတွေ ပြင်နေလွန်းလို့ ကျောင်းနောက်ကျတာမျိုး မဟုတ် တော့ဘူး။ ယောက်ျားလေးတွေ အလှပြင်လွန်းလို့ ကျောင်းနောက် ကျနေရတဲ့ခေတ် ရောက်နေပြီ၊ အေးလေ၊ သူတို့ ယောက်ျားလေးတွေက ရေမိုး ချိုးရ၊ အောက်ခံမိတ်ကပ်တွေ သနပ်ခါးတွေဖို့ရ၊ ဂျဲလ်တွေ ဘာတွေ လူးနေရနဲ့ဆိုတော့ ကျောင်း နောက်ကျမှာပေါ့။ တီချယ်က သတင်း အတိအကျ ရထားတာ၊ ဘယ်သူကောင်းသားလဲဆိုတာ ကိုယ့် ကိုယ်ကို သိထားကြပေါ့”တဲ့လေ။ မိန်းကလေး တွေများ ရယ်လိုက်ကြတာ “တဟီးဟီး”နဲ့ ရယ် လေ။ မြင်းဟီသံတောင် သူတို့အသံလောက် မဆိုးဘူး။ အင်း၊ တီချယ် ကိုယ့်ကိုတော့ ပြောတာ မဟုတ်လောက်ပါဘူး။ ကိုယ်က တစ်ခါတလေ ကျရင် မျက်နှာပြောင်ပြောင်နဲ့ သနပ်ခါး မလူးဘဲ ကျောင်းလာ တတ်တာလေ။ တီချယ်တခြား ကျောင်းသားတွေကို ပြောနေတယ် ထင်ပါရဲ့။
ဒီလိုနဲ့ပဲ ကျောင်းတွေပြီးသွားပြီ ဆိုတော့ အမုန်းဆုံးအရာကို ကြုံဆုံရပြန်ပေါ့။ အင်း၊ ဖြစ် ပုံက။ ရန်ကုန်တစ်ခါဖူးမှ မရောက်ဖူးတဲ့ ကိုယ်က ရန်ကုန်ကို ရောက်ချင်စမ်းပါရဲ့။ ဒီတော့ရန်ကုန်မှာ သင်တန်းလေးဘာလေးတက်၊ ကလောင်လေး ဘာလေးသွေးပြီး အလုပ်လေး ဘာလေးလည်း လုပ်ချင်စမ်းပါရဲ့။ ဥပမာ-မီဒီယာ လောကပေါ့။ ဒီလိုနဲ့ပဲ ရန်ကုန် ဘုန်းကြီးကျောင်းပေါ် ခြေချမိ တော့တယ်လေ။ (အနေအစား ချောင်တယ်ဆို တော့)။ ဒါပေမဲ့...
ဒါပေမဲ့ အမုန်းဆုံးကိုတော့ အောင့်ကာ နမ်းရ တော့တာပေါ့။ မနက်စောစောစီးစီး လေးနာရီခွဲ လောက်မှာ အိပ်ရာကနေ ထ၊ စက်ဘီးလေး နင်းပြီး သက်ဆိုင်ရာ ဓမ္မာရုံတွေဆီ ဆွမ်းချိုင့်သွားယူရ တယ်လေ။ ကျန်တဲ့လူတွေက ဆွမ်းဝိုင်းတွေပြင် ကြပေါ့။ အင်း၊ တစ်ခါတလေကျတော့လည်း ဆွမ်းများတဲ့နေ့တွေမှာ ဆွမ်းခံကြွလိုက်ပေးရတာ ပေါ့။ ထမင်းဟင်းတင်တဲ့လှည်းကို တွန်းတဲ့သူက တွန်း၊ ချိုင့်ကိုင်တဲ့သူက ကိုင်၊ တောင်းထမ်းတဲ့ လူက ထမ်းကြတော့တာပါပဲလေ။
မနက ခုနစ်နာရီထိုးပြီ ဆိုရင် ဟင်းရွက်ကန် စွန်းတွေ ကြက်သွန်ဖြူနီတွေလှီးတန်လှီး ခြွေ တန်ခြွေ၊ နေ့ဆွမ်း ဘုဉ်းပြီးရင်တော့ အလုပ်တွေ အားလုံးလည်း ပြီးသွားပြီပေါ့။ ဒါပေမဲ့ အေးအေး ဆေးဆေးနဲ့ အနား မယူနိုင်ပါဘူး။ အဲဒီအားတဲ့ အချိန်မှာပဲ သင်တန်းတွေ ဘာတွေလျှောက်တက် ရမယ်လေ။ ဒီတော့ အိပ်ရေး မ၀တဲ့ ပြဿနာက စတော့တာပဲပေါ့။ မနက်လေးနာရီခွဲ ထ၊ မထရင် တော့ ဦးပဉ္စင်းတွေက လာနှိုးကြပြီသာမှတ်။ အင်း၊ သူများတွေ အသီးသီးထပြီး ကိုယ်သာ မထရင်တော့ ကျောင်းထမင်း၊ ကျောင်းဟင်းတွေ စားပြီး သူများ အပြောတော့ ခံရမှာပဲပေါ့။ ဒီတော့ ညည အိပ်ရာဝင်တာနဲ့ မုန်းဖို့သိပ် ကောင်းလှတဲ့ မနက်စောစောစီးစီး အိပ်ရာထရမှာ ကို တွေးတွေးပြီး “သားလေး ကြောက်ကြောက် လို့” အော်ဟစ်ပစ် လိုက်ချင်စမ်းပါရဲ့။ အင်းလေ မနက်စောစောစီးစီး ထချင်လည်း ထ၊ မထချင် ရင်လည်း အင်း၊ ထ ထ ထ...။
မာံထော်ဦး(ဘုရားသုံးဆူ) (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
|
|
Last Updated on Friday, 16 March 2012 16:57 |