ကမ္ဘာကျော်တဲ့ ကာတွန်း ရုပ်ရှင်ကားတို~မွေးနေ့ရှင်ကောင်လေး ဆီဂျောင်ပတ်ခ်(၂၀၀၄) PDF Print E-mail
Written by အယ်ဒီတာ   
Thursday, 15 March 2012 11:21
Share |

ဒီကာတွန်း ရုပ်ရှင်လေးက အော်စကာဆုနဲ့ BAFTA ဆုတွေ အတွက် အကောင်းဆုံး ကာတွန်း ရုပ်ရှင်ကားတိုကလေး အဖြစ် ဆုချိတ် ခဲ့ပါတယ်။

argaiv1396
argaiv1377

ဒီကားက ၁၉၅ ၁ ခုနှစ် ကိုးရီးယား စစ်ပွဲကို အခြေ ခံထားတာပါ။ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ သုံးဖက်မြင် ကာတွန်းရုပ်ရှင် ဖြစ်ပါတယ်။ ပြသချိန်က ဆယ်မိနစ်ပဲ ကြာတာပါ။ ဒီကားမှာ ရှစ်နှစ်လောက် အရွယ် ကောင်လေးက ဇာတ်လိုက်ပေါ့။ သူတို့ ရွာကလေးက စစ်ဘေးကြောင့် ခပ်နွမ်းနွမ်း၊ မီးရထား လမ်းဘေးက ရွာပါ။ ကောင်လေးကတော့ စစ်ပုံရိပ်တွေကို တယ်မသိပါဘူး။ တွေ့ရာ ပစ္စည်းလေးတွေနဲ့ ဆော့ကစားပြီး ပျော်နေတာပေါ့။ ကလေးကိုး။ တွေ့ရာသံတို သံစလေးတွေကောက်၊ ပြီးရင် ရထားသံလမ်း ပေါ်တင်ထားပြီး ရထား အကြိတ်ခံလိုက်တဲ့အခါ သံလေးတွေ ပုံစံပြောင်း သွားတတ်တော့ သူက အဲဒါတွေလုပ်ပြီး ထွက်လာတဲ့ ပုံစံပြောင်း သံအပိုင်းအစလေးတွေနဲ့ စစ်သားရုပ်လေးတွေ၊ တင့်ကားရုပ်တွေ ဖန်တီးပြီး ပျော်နေတယ်။

သူ့အဖေက စစ်သား ဆိုတော့ သူလည်း စစ်သားရုပ်တွေနဲ့ ကစားရတာကို ပျော်နေတယ်။သီချင်းလေး ဆိုလိုက်၊ ပြေးလိုက်နဲ့ပေါ့။ တစ်ခါတစ်ခါတော့ သူက တောင်ကုန်းလေး ပေါ်ကနေ ခဲနဲ့ကောက်ပစ်တတ်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကလေးပီပီ အပျော်ပေါ့။ တစ်နေ့တော့ သူ့မွေးနေ့ပေါ့။ သူက အပျော် ခဲနဲ့ပစ်လိုက်တာ စက်ဘီး စီးလာတဲ့ စာပို့သမားကြီးကို သွားမှန်ရော။ စာပို့သမားကြီးက စက်ဘီးပေါ်က ဆင်းပြီး အော်ဟစ် နေတာပေါ့။ သူကတော့ သီချင်းလေး တအေးအေးနဲ့ပေါ့။ တစ်ခါတလေ ၀ဲလာတတ်တဲ့ စစ်လေယာဉ်တွေကိုလည်း သူက သူ့သံ အပိုင်းအစတွေနဲ့ လုပ်ထားတဲ့ စက်သေနတ်ကို ယူပြီး ပစ်သေးတာ။ သူ့စိတ်ထဲမှာ မြင်ယောင်နေတဲ့ ရှေ့တန်းက အဖေစစ်သားကြီးကိုလည်း လှမ်းအော်ပြီး အကူအညီ တောင်းသေးတာပေါ့။

ဒီလိုနဲ့သူ အိမ်ပြန်သွားဖြစ်တယ်။ အိမ်ရှေ့ရောက်တော့ သူ့အမေက အိမ်ပြန်မရောက်သေးဘူး။သူ တစ်ယောက်တည်းလေ။ သူက မထင်မှတ်ဘဲ ပါဆယ်အထုပ်လေး တစ်ထုပ် တွေ့လိုက်ရတယ်။ သူ့အတွက် မွေးနေ့ လက်ဆောင်လို့ ထင်ပြီး သူ သိပ်ပျော်သွားတယ်။ အထုပ်လေးကို ဖောက်လိုက်တော့ ထွက်လာတာက သူ့အဖေရဲ့ ပိုက်ဆံအိတ်လေး။ အိတ်ထဲမှာ သူနဲ့ သူ့အဖေ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးရှိတယ်။ နောက်ထပ်ထွက်လာတာက သူ့အဖေရဲ့ စစ်ဖိနပ် တစ်ရံရယ်၊ စစ်သားတွေရဲ့ ကိုယ်ပိုင် နံပါတ် ဆွဲပြားလေးရယ်ပေါ့။ သူကတော့ အဲဒီ ပစ္စည်းတွေ သူ့ဆီ ပြန်ရောက်လာတဲ့ အဓိပွာယ်ကို ဘယ်သိမလဲ။ ဆွဲပြားကို လည်မှာဆွဲ၊ ဖိနပ်ကြီးကို မတော်ဘဲ ဇွတ်စွပ်ပြီး သူ့ကစားစရာ သေနတ်ကြီးထမ်းလို့ ဘယ်ညာနင်းလေရဲ့။ အတော်ကြာတော့ ကစားစရာတွေကြားမှာ သူက ခွေခွေလေး အိပ်ပျော်သွားခဲ့တယ်။  သိပ်မကြာခင်မှာ သူ့အမေရဲ့ အိမ်ကို ပြန်ရောက်ပြီ ဆိုတဲ့ အသံကို ကြားရတယ်။ သူကတော့ ကစားစရာ စစ်သားရုပ်တွေ ကြားမှာ သူ့အဖေရဲ့ ကိုယ်ပိုင် အမှတ်လည်ဆွဲပြားလေး ၀တ်ပြီး အိပ်လို့ကောင်းတုန်းပေါ့။ ကာတွန်းကားလေးက အဲဒီမှာပဲ ပြီးသွားပါတယ်။

ဒီကားလေးက ၂၀၀၄ ခုနှစ် ဧပြီလကတည်းက စပြီး အပြည်ပြည် ဆိုင်ရာ ရုပ်ရှင်ပွဲတော် ၅၂ ခုမှာ ပြသခဲ့တာ ဆုပေါင်း ၃၀ ကျော် ရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ ကာတွန်းဇာတ်ကောင်ကလေးလေးရဲ့ မျက်နှာပေါ်က ခံစားချက်၊ သူ့အသံလေးနဲ့ နောက်ခံပုံရိပ် ဖန်တီးမှု၊ အလင်းအမှောင် အားလုံးဟာ ပြောစရာ မရှိလောက်အောင် ကားရဲ့ ရည်ရွယ်ချက်ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒီကားကို ဖန်တီးခဲ့တဲ့ ကိုရီးယား ဒါရိုက်တာက ဆီဂျောင်ပတ်ခ်ပါ။ သူက သြစတြေးလျရုပ်ရှင်ကျောင်းမှာ တက်ပြီး သုံးဖက်မြင်ကာတွန်းကား ပညာကို သင်ယူခဲ့သူပါ။ သူက  ၂၀၀၄ မှာမှ ဒစ်ဂျစ်တယ် မီဒီယာဘာသာရပ်နဲ့ မဟာဝိဇ္ဇာ ဘွဲ့ရခဲ့ပြီး ဇာတ်လမ်းရုပ်ရှင် ဇာတ်ညွှန်းတွေလည်း ရေးသူဖြစ်ပါတယ်။ ယူကျုဘ်မှာ ဒီကားတိုလေးကို ရှာကြည့်နိုင်ပါတယ်။

 

အယ်ဒီတာ
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)