|
Written by ဘုန်းဦးမော်
|
|
Wednesday, 29 February 2012 15:26 |
အခု ဖတ်ရတော့မယ့် စာသားတွေကို ဇာတ်လမ်း တစ်ပုဒ်ရဲ့ အဖွင့်ပြကွက် တစ်ကွက်လို့ သဘောထား လိုက်ပေါ့။ စကားလုံးတွေ ထဲကနေ စိမ့်ထွက်လာတဲ့ အားနဲ့ ခင်ဗျားရဲ့ စိတ်ကူးစွမ်းအား နှစ်ခုပေါင်းဆုံ စီးဆင်းသွားတဲ့ အခါ ခင်ဗျားရဲ့ စိတ်ကူး ကားချပ်ထဲမှာ မြင်ကွင်းတစ်ခု တကယ် မြင်မနေ ရပေမဲ့ ပေါ်လာမှာ အသေအချာပဲ။
argaiv1214
တောအုပ် တစ်ခုက ပတ်လည် ၀ိုင်းထားတဲ့ ရွာကလေး တစ်ရွာ။ ပြီးတော့ အဲဒီ ရွာကလေးထဲက ရွာသားတွေကို စီမံအုပ်ချုပ်တဲ့ သူကြီးရဲ့နေအိမ်၊ ပြီးတော့ အဲဒီ နေအိမ်ရဲ့ အပေါ်ထပ်ခန်းက နံရံတစ်ဖက်မှာ ခံ့ခံ့ထည်ထည် ချိတ်ဆွဲထားတဲ့ သူကြီးရဲ့ လက်စွဲတော် နှစ်လုံးပြူး သေနတ်ကြီး။ ကတ်၊ အဲဒီနှစ်လုံးပြူး သေနတ်ကြီးကို အနီးကပ် ဆွဲရိုက်ပြီး ဇာတ်လမ်းရဲ့ ပထမဆုံးပြကွက်ကို အပြီးသတ်မယ်။
ရုရှားစာရေးဆရာကြီး အန်တွန်ချက်ကော့ (Anton Chekeov) ကတော့ ဒီလိုပြောခဲ့ဖူးတယ်။ နံရံမှာ သေနတ်တစ်လက်ချိတ်ထားတယ်လို့ စာမျက်နှာ တစ်မှာ ဖော်ပြခဲ့ရင် အဲဒီသေနတ်ကို မပစ်ဘဲနဲ့ ၀တ္ထု မဆုံးရဘူးတဲ့။ ထားပါ သူပြောခဲ့ဖူးတာကို ဒီအတိုင်းလေးပဲ ခဏမှတ်ထားပြီး ကျွန်တော် ဆက်ရေးပြမယ့်၊ ခင်ဗျား ဆက်ဖတ်ရမယ့် ဇာတ်လမ်းလေးဆီပဲ ပြန်သွားကြရအောင်။သူကြီးရဲ့အိမ်ဝန်းထဲကို ရွာသားတစ်ယောက် မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ အပြေးအလွှား ရောက်လာတယ်။
ပုဆိုးမနိုင် ပ၀ါမနိုင် မောဟိုက် ပင်ပန်းလို့။ သူကြီးက ဘာဖြစ်တာလဲဟလို့ မေးနေတာတောင် ပါးစပ်ထဲမှာ တစ်ဆို့နေတဲ့ ပြောစရာစကားက ရှောရှောရှူရှူထွက်ကျမလာဘူး။ သူကြီးလည်း သိချင်စိတ်ကို ကြိတ်မှိတ်မျိုသိပ်၊ စိတ်ရှည်ချင်ယောင်ခဏဆောင်ပြီး အဲဒီလူအမောပြေ လာတဲ့အထိ အောင်စောင့်တယ်။ ခဏနေမှပဲ ရွာသားခမျာ အမောပြေသွားပြီး ပါးစပ်ကနေ အသာထွက်ကျလာတော့တယ်။ ဒါပေမဲ့ အကြောက်မပြေသေးတော့ စကားတွေ အထစ်ထစ် အငေါ့ငေါ့။“ရွာထဲကို ရွာထဲကို ကျားဝင်လို့ သူကြီးရဲ့ အခု အခု”
“ဟေ ကျားဝင်လို့ ဟုတ်လား အခု အခု ဘာဖြစ်လဲ ဘယ်မှာလဲ မြန် မြန်ပြောစမ်း။”
“အခု အခု ရွာလယ်က စေတီလေးပေါ် တက်သွားပြီး ရင်ပြင်တော်ပေါ်မှာ ၀ပ်နေ၊ ၀ပ်နေတယ် သူကြီးရဲ့။”
ရွာသားရဲ့စကား ဆုံးဆုံးချင်းပဲ သူကြီးက အိမ်ပေါ်ထပ်ကိုပြေးတက်ပြီး သူ့ရဲ့လက်စွဲတော် နှစ်လုံးပြူး သေနတ်ကြီးကို လှမ်းဆွဲဖို့ပြင်တယ်။ လှမ်းဆွဲဖို့ ပြင်တယ်ဆိုတော့ လှမ်းမဆွဲမိသေးဘူး ဆိုတဲ့သဘော။ အဲဒီ အချိန်မှာပဲ သူကြီးနဲ့ ရွာသား စကားပြောနေကြတာကို အစအဆုံး နားထောင်နေတဲ့ သူကြီးသမီးက သူ့အဖေကို လှမ်းတား လိုက်တယ်။
“နေပါဦး အဖေရဲ့။ ဘုရားပေါ်က ကျားကို သေနတ်ကြီးနဲ့ သွားပစ်ဖို့ မသင့်တော်ပါဘူး။ နောက်ပြီး ရွာထဲ ကျားဝင်တဲ့ ကိစ္စ ရွာသားတွေ အားလုံးနဲ့ တိုင်ပင်ပြီးမှ တစ်ခုခု လုပ်သင့်တယ်လို့ သမီးတော့ ထင်တာပဲ။”
သမီးဖြစ်သူရဲ့စကားကို ကြားတော့ ဖခင် သူကြီးရဲ့ သေနတ်ဆီလှမ်းနေတဲ့ လက်ကြီးက လမ်းတစ်ဝက်မှာပဲ ရပ်တန့်သွားတယ်။ ပြီးတော့ သူကြီးစဉ်းစားတယ်။ ခေါင်းတဆတ်ဆတ် ညိတ်တယ်။ ပြီးတော့ သေနတ်ဆီလှမ်းထားတဲ့ သူ့ရဲ့လက်တွေကို ဦးတည်ရာ ပြောင်းလိုက်ပြီး အိမ်ဝရန်တာက မောင်းလေးကို တစ်ရွာလုံးကြား ရအောင် ထုလိုက်တယ်။
“တုံ တုံ တုံ တုံ တုံ... တုံ တုံ တုံ တုံ... တုံ တုံ တုံ တုံ”
ကတ်။ ဒီနေရာမှာ နောက်ထပ်တစ်ခန်း ရပ်မယ်။ ရှေ့ဆက်မသွားခင် သူကြီးသမီး ပြောတာ မှန်လား။ သူကြီးလုပ်ရပ်ကရော ဖြစ်သင့်ရဲ့ လားဆိုတာကို ခင်ဗျား စဉ်းစားချင်စဉ်းစားပေါ့။ ကျားကို မျက်ခြည်ပြတ်မသွားအောင် စောင့်ကြည့်ဖို့ ထားခဲ့တဲ့ ရွာသား အချို့ကလွဲလို့ တစ်ရွာလုံးလောက် နီးပါး သူကြီးရဲ့ ခြံထဲကို အပြေးအလွှား ရောက်လာကြတယ်။ ဒီလို မောင်းထုသံက ဒီလို လူစုဖို့ အချက်ပြတယ် ဆိုတာကို ရွာသူရွာသားတွေအားလုံးက သဘော ပေါက်နေကြပြီးသားလေ။ ပြီးတော့ ရွာထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကလည်း တစ်ယောက်ကို တစ်ယောက်လက်တို့ ပြောပြစရာမလိုတော့လောက် အောင်ကို မျက်မြင်ဒိဋ္ဌ မြင်ပြီးနေကြပြီလေ။ ကျားက ရွာတစ်ရွာလုံးလိုလိုကို ဟိန်းဟောက် လှည့်လည်ပြီးမှ ဘုရားရင်ပြင်တော်ဆီ တက် သွားခဲ့တာမဟုတ်လား။ ရွာသူရွာသားတွေ အား လုံးရဲ့ မျက်ဝန်းတွေထဲမှာ အားငယ်ထိတ်လန့်မှု အရိပ် အယောင်ကို မြင်တွေ့နေရပြီဆိုတော့ သူကြီး လည်း ပြဿနာ အကြောင်းရှင်းပြစရာ မလိုတော့ ဘူးဆိုတာကို သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ တဲ့တိုးပဲ ဒီလို မေးချလိုက်တယ်။
“ကဲ ငါတို့ဒီပြဿနာကို ဘယ်လိုဖြေရှင်း ကြမလဲ။” ရွာသူရွာသားတွေ အားလုံးကလည်း နား လည်ထားပြီးသားဆိုတော့ ဘာပြဿနာလဲလို့ မေးမနေကြတော့ဘူး။ လူကြီးမေးတဲ့မေးခွန်းရဲ့ အဖြေကိုပဲ စဉ်းစားနေကြတယ်။ စဉ်းစားချင် ယောင်ဆောင်သူတချို့လည်း ပါမယ်ပေါ့။ ခဏ ကြာတော့ ကိုယ်လုံးကိုယ်ထည် ထောင်ထောင် မောင်းမောင်းနဲ့ လူတစ်ယောက်က လက်သီး လက်မောင်းတန်းပြီး ထပြောတယ်။
“ဒီကျားကို သတ်ပစ်ရမယ်။ သူကြီးမှာ လည်း သေနတ်ရှိတာပဲ၊ ကျွန်တော်တို့ရွာသားတွေ စုပေါင်းပြီး ကျားကိုပစ်ကွင်းထဲမောင်းသွင်း ပေးမယ်။ သူကြီးက အေးအေးဆေးဆေး ပစ် သတ်လိုက်ရုံပဲ ဘယ်လိုလဲ။” “ဟုတ်တယ် ဟုတ်တယ် အဲဒါကောင်း တယ်။”
ကျားဆိုတာနဲ့ အလိုလိုမျက်မုန်းကျိုးနေကြ တဲ့ လူငယ်တချို့က အဲဒီလူရဲ့စကားကို ၀ိုင်း ထောက်ခံကြတယ်။ သူကြီးလည်း ဘာပြန်ပြောရ မှန်းမသိဘဲ နှစ်လုံးပြူးသေနတ်ချိတ်ထားရာ အိမ် ပေါ်ထပ်ဆီကို လှမ်းကြည့်လိုက်တယ်။ အဲဒီအချိန် မှာပဲ အဘိုးအို တစ်ယောက်က ထလာပြီး သူ့အမြင် ကို တင်ပြတယ်။
“ကျားက သားကောင်လိုက်ရင်း တောထဲ ကနေ မျက်စိလည်လမ်းမှားပြီး ရွာထဲရောက်လာ တာပါ။ အခုအချိန်အထိလည်း ရွာသူရွာသားတွေ ကို ဘာဒုက္ခမှမပေးသေးဘဲ ငါတို့တွေ သူ့ကို ကြောက်နေကြသလိုပဲ။ သူလည်း ငါတို့က သူ့ အသက်ကို ရန်ရှာမှာကြောက်နေပုံရတယ်။ မလို အပ်ဘူးဆိုရင် သူ့ကို မသတ်ပါနဲ့လား။”
အဘိုးအိုရဲ့စကားကိုကြားတော့ လူတော် တော်များများက မကျေမနပ်နဲ့ ပွစိပွစိဖြစ်လာကြ ပေမဲ့ အချို့ကတော့ နည်းနည်းစဉ်းစားသွားကြ တယ်။ ခုနက ကျားကို သတ်ပစ်မယ်ဆိုတဲ့လူက ပဲ ဒေါသတကြီးနဲ့ ထပြောပြန်တယ်။ “အဲဒီကျားက အခု ဘယ်သူ့ကိုမှ ဒုက္ခမပေး သေးဘူးဆိုပေမဲ့ အချိန်မရွေး ဒုက္ခပေးလာနိုင် တဲ့ အခြေအနေပဲ။ သူဒုက္ခ မပေးနိုင်ခင် ကိုယ်က လက်ဦးမှု ယူပြီး ရှင်းပစ်ထားမှ ကျုပ်တို့ရွာရဲ့ လုံခြုံရေးအတွက် စိတ်ချရမှာ။ ခင်ဗျားကြီး ကြောက်နေရင် နေခဲ့။ ကျုပ်တို့ကိစ္စ ကျုပ်တို့ရှင်းမယ်။ ဘယ်လိုလဲ လိုက်ကြမယ်မဟုတ်လား။”
“လိုက်မယ် လိုက်မယ်။ အဲ့ဒီကျားကို ရှင်းပစ်မယ်။”
အခြေအနေကတော့ သူကြီးကိုယ်တိုင် သေနတ်ကြီးကိုင်ပြီး ကျားကို အမြန်ဆုံးပစ်သတ် လိုက်ရတော့မယ့် ပုံပဲ။ ခုနက အဘိုးအိုလည်း ဘာမှဆက်မပြောတော့ဘဲ ခေါင်းကိုပဲ ဖြည်း ဖြည်းညင်ညင် ခါနေတော့တယ်။ အဲဒီ အချိန်မှာပဲ စိတ်လှုပ်ရှား တက်ကြွနေကြတဲ့ လူငယ်ကာလ သားတွေကြားထဲမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး စဉ်း စားနေတဲ့ လူငယ် တစ်ယောက်က တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတဲ့ ဟန်ပန်မျိုးနဲ့ ထရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
“ခုနက အဘိုးအို ပြောသွားတာလေးကို ကြားအပြီး ကျွန်တော်စဉ်းစားမိတာလေးတစ်ခု အားလုံးကိုပြောပြပါရစေ။ ကျွန်တော်တို့ရဲ့ ရွာ ကလေးကို တောအုပ်တစ်ခုက ၀န်းရံပေးထား တယ်။ အဲဒီတောအုပ်ရဲ့ ဟိုဘက်တွေမှာ ကျွန်တော်တို့ထက် အင်အားကြီးမားတဲ့ ရွာကြီး တွေရှိတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဒီ တောအုပ်ဟာ ကျွန်တော်တို့ရဲ့ရွာလေးကို ပတ် ပတ်လည်က ရွာကြီးတွေရဲ့ လွှမ်းမိုးခြယ်လှယ်မှု ကို ၀ိုင်းရံကာကွယ်ပေးထားတယ်လို့ ဆိုနိုင် တယ်။ ရှင်းအောင်ပြောရရင် တောအုပ်ထဲမှာရှိနေ တဲ့ သားရဲတိရစ္ဆာန်တွေဟာလည်း တစ်နည်းနည်း နဲ့ ကျွန်တော်တို့ ရွာလေးကိုကာကွယ်စောင့်ရှောက် ပေးနေတဲ့ ကျေးဇူးရှင်တွေပါပဲ။ အခုဖြစ်နေတဲ့ ပြဿနာဟာ ကျားကတောထဲမှာရှိမနေဘဲ ရွာရဲ့ အလယ်ကို ရောက်ရှိနေခြင်းပဲလို့ ကျွန်တော်က တော့ ယူဆတယ်။ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ကလည်း ကျားကို သတ်ပစ်ဖို့မဟုတ်ဘဲ ကျားကို သူ့နေရာမှန်ဖြစ်တဲ့ တောထဲပြန်ပို့ဖို့ပဲလို့ ကျွန်တော်မြင်ပါတယ်။”
လူငယ်ရဲ့စကား အဆုံးမှာ အားလုံး ခဏငြိမ် သွားကြတယ်။ ဘယ်သူ့မှ စမစဉ်းစားမိတဲ့ စကား တွေမို့ အားလုံးလိုလိုဟာ နည်းနည်းလည်း အံ့သြ မှင်တက် နေကြတယ်။ သူကြီးရဲ့ဘေးနားမှာ ရပ်နေ ပြီး တစ်ချိန်လုံးဘာမှ ၀င်မပြောခဲ့တဲ့ သူကြီး သမီးဟာ အချိန်ကိုက်ပဲ ဒီလို ၀င်ပြောလိုက်တယ်။
“သူပြောသွားတာ မှန်ပါတယ်။ ကျွန်မတို့ တကယ်ဖြေရှင်းရမယ့် ပြဿနာအစစ်အမှန်ဟာ ကျားမဟုတ်ပါဘူး။ တကယ့်ပြဿနာက နေရာ လွဲမှားရောက်ရှိနေခြင်းဆိုတဲ့ အခြေအနေတစ်ခုပါ။ အဲဒီတော့ ကျားကို သတ် ပစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝမလိုအပ်ဘူးလို့ ကျွန်မပြောချင်ပါ တယ်။ ကျားကို သူ့နေရာမှန်ဖြစ်တဲ့ တောထဲ ဘယ်လိုပြန်ပို့ကြမလဲဆိုတာကိုပဲ ကျွန်မတို့ ဦးတည်စဉ်းစားသင့်ပါတယ်။”
လူငယ်လေးရဲ့စကားကို သူကြီးသမီးကပါ ထပ်ဆင့်ထောက်ခံဆွေးနွေး သွားတော့ အကုန်လုံး ငြိမ်ကျသွားပြီး စဉ်းစဉ်းစားစားတွေ ဖြစ်ကုန်ကြ တယ်။ သူကြီးလည်း သေနတ်ပြေးယူချင်လို့ ယားနေတဲ့လက်ကို တဗျင်းဗျင်း ကုတ်ရင်း အဖြေတစ်ခု ထုတ်နိုင်ဖို့ တွေဝေ တွန့်ဆုတ်နေတယ်။
ကတ်၊ ဒီနေရာမှာ နောက်ထပ်တစ်ခန်းရပ် မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဘာဆက်လုပ်သင့်သလဲ ဆိုတာကို ခင်ဗျားလည်း ၀ိုင်းစဉ်းစားချင် စဉ်းစားလို့ရအောင်ပေါ့။ မစဉ်းစားချင်ဘူး ဆိုလည်း ဒီအတိုင်း ဆက်ဖတ်သွား ရုံပဲလေ။
နောက်ဆုံး ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ရွာကလေး ဖြစ်တာနဲ့အညီ ကျားကို သတ်မပစ်ဘဲ တောထဲ ပြန်မောင်းပို့ကြဖို့ကို အားလုံးက သဘော တူလိုက် ကြတယ်။ သဘောတူပြီးကြပေမဲ့လည်း ဘယ်လိုနည်းနဲ့ ကျားကိုတောထဲ ပြန်ပို့ကြမလဲ ဆိုတဲ့အစီအစဉ်ကို ဆွဲကြဖို့ ကျန်နေသေးတာနဲ့ ဆက်ဆွေးနွေးကြ တယ်။
“ဒီအတိုင်း သူ့ဘာသာသူ တောထဲပြန်ဝင်သွားမှာကို စောင့်နေလို့တော့ မဖြစ်ဘူးဗျ။ သူကလမ်းပျောက်နေတာဆိုတော့ တောထဲတော်တော်နဲ့ ပြန်မရောက်ဘဲ ရွာထဲမှာပဲ တ၀ဲလည်လည် ဖြစ်ပြီး ကျုပ်တို့ကို ရန်ပြုလာမှာ စိုးရိမ်ရတယ်။”
ရွာသားတစ်ယောက်ရဲ့စကားကို နောက်ရွာသားတစ်ယောက်က ထောက်ခံရင်း ထပ်မံဖြည့်စွက်တယ်။ “ဟုတ်တယ်။ ဒီထက်ပိုဆိုးတာက ရွာထဲက ကျွဲ၊ နွားတွေကို စားရတာ အကြိုက်တွေ့သွားပြီး ဒီကောင် တောထဲမပြန်ချင်တော့ရင်တော့ ဒုက္ခပဲ။”
သူကြီးကတွေးတယ်။ အင်း ဒါလည်း ဖြစ်နိုင်တာပဲတဲ့။ အဲဒီတော့ အချိန်ဆွဲနေလို့မသင့်တော်မှန်း သဘောပေါက်သွားပြီး ကျားကို တောထဲပြန် ပို့ဖို့ ထပြောတဲ့လူငယ်ကိုပဲ လှမ်းမေးလိုက်တယ်။ “မင်း ဘယ်လိုလုပ်မယ် စိတ်ကူးသလဲ။ ငါတို့တွေ နေရောင်လေးရှိတုန်း မြန်မြန်အကောင် အထည်ဖော်မှဖြစ်မယ်။ အချိန်ဆွဲနေလို့မတော်ဘူး။”
အဲဒီတော့မှပဲ လူငယ်က သူငြိမ်ငြိမ်လေးထိုင် ပြီး စဉ်းစားတွေးထုတ်နေတဲ့ အစီအစဉ်ကို ပြောပြတယ်။ “သူ့အတွက် ဘယ်လိုအန္တရာယ်မျိုးမှ မကျရောက်ဘဲ တောထဲကို ချောချောမောမော ပြန်ရောက်သွားနိုင်တဲ့လမ်းကို သူမြင်အောင် ကျွန်တော်တို့ ပြပေးရမယ်။ အကောင်းဆုံးကတော့ သူဝင်လာတဲ့လမ်းကြောင်းအတိုင်း သူ့ကို ပြန် မောင်းထုတ်တာ ပိုပြီးအဆင်ပြေတယ်။ သက်ကြီး ရွယ်အိုနဲ့ ကလေးတွေ အကုန်လုံးအိမ်ထဲဝင်နေ ကြပါ။ မိန်းမပျိုအချို့က အသံကျယ်ကျယ်မြည်စေ မယ့် ဒန်အိုး၊ ဒန်ခွက်တွေ ကိုယ်စီသယ်လာကြပြီး ကျားမောင်းမယ့် အဖွဲ့နောက်က လိုက်ပေါ့။ သန်သန်မာမာရှိကြတဲ့ ကျွန်တော်တို့အရွယ်လူငယ်ကတော့ ကျား ပြန်ထွက်မယ့်လမ်းကြောင်း ကနေ ဒီကောင် သွေဖည်မသွားရအောင် လမ်း တစ်လျှောက် ဘေးဘက်တွေကနေ လက်နက် ကိုယ်စီနဲ့ စောင့်ကြတာပေါ့။”
သူပြောတဲ့စကားကို သဘောတူတဲ့အနေနဲ့ အားလုံးက ကိုယ်စီကိုယ်စီ ခေါင်းညိတ်ပြကြ တယ်။ “ကဲ၊ ကျွန်တော်ပြောတာကို သဘောတူရင် ကျွန်တော်တို့ ဒီလမ်းကို ရွေးမယ်။ အမျိုးသမီးတွေ အသင့်ပြင်ကြပါ။ လူငယ်တွေ နေရာယူမယ်။ ကျားမောင်းတဲ့အဖွဲ့ကိုတော့ သူကြီးဦးဆောင်ပေါ့” အားလုံး ကိုယ့်တာဝန်ကိုယ် ယူကြဖို့ အလျှို လျှိုထွက်သွားကြချိန်မှာ သူကြီးက လူငယ်ကို လှမ်းပြောတယ်။
“ဟေ့ လူငယ် ငါ နှစ်လုံးပြူးသေနတ်ယူခဲ့ ရင် ကောင်းမယ်ကွနော်။” လူငယ်က သူကြီးကိုပြုံးပြလိုက်ပြီး ပြန်ပြောတယ်။
“ယူချင်လည်းယူခဲ့ပေါ့။ ဒါပေမဲ့ ကျွန်တော့် အထင်တော့ ပစ်ဖို့လိုမယ် မထင်ပါဘူး။” လူငယ်က ယူချင်ယူခဲ့ဆိုတာနဲ့ သူကြီး လည်း လက်စွဲတော် နှစ်လုံးပြူးကြီးကို နံရံက ဖြုတ်ယူပြီး ကျည်ဆံခါးပတ်ကိုပါ လွယ်လိုက် တယ်။ လိုလိုမည်မည်ပေါ့ လို့လည်း တစ် ယောက်တည်း ရေရွတ် လိုက်သေးရဲ့။
ကတ်။ တစ်ခန်းရပ်မယ်။ တကယ်တမ်းကျ တော့ တစ်ခန်းမရပ်ဘဲ ဆက်ရေးသွားလို့ရသေး တယ်။ ဒါပေမဲ့ သူတို့ရဲ့ အကြံအစည်က အောင် မြင်ပါ့မလားဆိုတာကို ချိန်ဆစဉ်းစားချင်စိတ်များ ခင်ဗျားမှာ ပေါ်လာမလားလို့ ခဏနားရေးရတာ။ ဘယ်လိုလဲ သူတို့အောင်မြင်မယ် ထင်သလား။ ဒါမှမဟုတ် သူကြီးကလည်းသေနတ်ကို ယူသွား တယ်ဆိုတော့ ပစ်ဟယ် ခတ်ဟယ်နဲ့ ကျားသေ များသေသွားမလား။ အိုကေ ခင်ဗျားရဲ့အတွေးကို ခဏထားလိုက်ပြီး ဇာတ်လမ်းလေးရှိရာကို ပြန် သွားကြရအောင်။
လူငယ်တွေအားလုံးက ရွေးထားတဲ့လမ်း ကြောင်းတစ်လျှောက် နေရာယူထားကြပြီးပြီ။ သူကြီး ဦးဆောင်တဲ့ ကျားမောင်းမယ့်အဖွဲ့က လည်း နောက်က အမျိုးသမီးငယ်တွေများစွာရဲ့ အင်အားနဲ့ ရွာလယ်က ဘုရားအနီးမှာ အဆင်သင့် ဖြစ်နေကြပြီ။ အဲဒီအချိန်မှာပဲ ဘုရားရင်ပြင်ပေါ် ကနေ အသံတစ်သံကို အားလုံးလှမ်းကြား လိုက် ကြတယ်။
“ဝေါင်း ကရောင်း” အသံက တော်တော်ကျယ်တော့ အားလုံးလို လိုတုံ့ခနဲ ဖြစ်သွားကြတယ်။ ကြောက်ပေမယ့် လည်း ရွာကလေးရဲ့ ရှေ့ရေးအတွက် နောက် ဆုတ်လို့မှ မရတော့ဘဲလေ။ အဲဒီစိတ်နဲ့ အားလုံး ကိုယ့်ကိုယ်ကို ရဲဆေးတင်ကြတယ်။ သူကြီးက နေလုံးကို မော့ကြည့်ပြီး အချိန်ကိုမှန်းဆတယ်။ အလင်းရောင်မကွယ်ခင်မှာ ဒီကျား တောထဲ ပြန် သွားဖို့ သိပ်အရေးကြီးတယ်လေ။ အားလုံးအဆင် သင့်ဖြစ်ကြလို့ သူကြီးလက်တစ်ဖက်ကို မြှောက် ပြလိုက်တဲ့အချိန်မှာပဲ တစ်ပြိုင်နက်တည်း အကုန် လှုပ်ရှားလိုက်ကြတဲ့အခါ...
“ဝေး ဟေ့ ဟေး” “ဒုန်း ဒုန်း ဒလုံး ဒုန်း” “ဂလုံ ဂလွမ် ဂုံ ဂွမ်”
ဟိန်းထွက်လာတဲ့ အသံကြီးနဲ့ အတူ လူအုပ် လိုက်ကြီး ဘုရားရင်ပြင်ပေါ် တက်လာတော့ ကျားက ၀ုန်းခနဲခုန် ထပြီး ပြေးပေါက်ရှာတယ်။ တကယ်တမ်းက ရွာသူရွာသားတွေ သူ့ကို ကြောက်တာထက်၊ ကျားက ရွာသူရွာသားတွေကို ပိုကြောက်နေပုံပဲ။ ကျားက ဟိုဟိုဒီဒီလျှောက်ရင်း ရှောရှောရှူရှူပဲ သူထွက်သွားဖို့ ဖွင့်ထားတဲ့ တစ်ခု တည်းသော အပေါက်ကနေ ပြေးဆင်းသွား တယ်။ ကျားမောင်းတဲ့ အဖွဲ့ကလည်း အသံကို တစ်စက်မှမလျှော့ဘဲ နောက်ကဆက် လိုက်တယ်။ ကျားကလည်း နောက်လှည့်ကြည့်လိုက်၊ ဟိန်း လိုက်၊ ဘေးတစ်ဖက်တစ်ချက်ကနေ ဓား၊ လှံ၊ လက်နက်တွေနဲ့ စောင့်နေကြတဲ့ လူငယ်တွေကို လှည့်ဟိန်းလိုက်နဲ့ စီစဉ်ထားတဲ့ လမ်းကြောင်း အတိုင်း တဖြည်းဖြည်း ဆုတ်သွားတယ်။
“ဝေါင်း” “ဝေး ဟေ့ ဟေး” “ဂလုံ ဂလွမ်း ဂုံ ဂွမ်း ဂွမ်း”
ကျားက တစ်ချက်ဟိန်းလိုက်တိုင်း သူ့အသံ ထက်ဘယ်နှဆကျယ်တဲ့ အသံစုံတီးဝိုင်းကြီးက ထထမြည်သလို ဖြစ်နေတော့ တဖြည်းဖြည်းနဲ့ ကျားကြီးဟိန်းတာ လျော့လျော့သွားတယ်။ တစ်ခါတစ်ခါ လမ်းကြောင်းက သွေဖည်သွား ချင်စိတ်နဲ့ လမ်းဘေးဘက်ကပ်လာပေမဲ့ လည်း လူငယ်တွေရဲ့ အချွန်အတက်တွေနဲ့ ထိုးမိမှာ ကြောက်တာနဲ့ပဲ လမ်းပေါ်ပြန်ရောက်ရောက်သွား တယ်။ တစ်ခါတစ်ခါ နောက်ပြန်လှည့်ပြီး လူ အုပ်ကြီးနဲ့ ရင်ဆိုင်ဖို့ ဟန်ပြင် သေးတယ်။ ဒါပေမဲ့သူ့ကိုနှစ်လုံးပြူးကြီးနဲ့ ထိုးထိုးချိန်ပြီး ပစ်မယ် တကဲကဲ လုပ်နေတဲ့ သူကြီးနဲ့အတူ များပြားလှတဲ့ ရွာသူရွာသားတွေကို မြင်ရတော့ အားမာန်လျှော့ ပြီး နောက်လှည့်ပြေးရပြန်တယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်း တောစပ်နဲ့ နီးလာတယ်။ ကျားရဲ့ နှာခေါင်းကလည်း တောရဲ့အငွေ့အသက်ကို ပြန်ရှူရှိုက်မိပုံရတယ်။ ခြေလှမ်းတွေက တောအုပ် ရှိရာဘက်ဆီ ဦးတည်ရင်း ခပ်သွက်သွက်ဖြစ်လာ တယ်။ နောက် ပိုမြန်လာတယ်။ တောအုပ်ကို လှမ်းမြင်နေရပြီ။ ဒါ ငါ့နေရာပဲ။ ကျားကြီးက အဲဒီလိုတွေးပြီး တစ်ဟုန်ထိုးပြေးတယ်။ နောက်ကို လှည့်မကြည့်တော့ဘူး။ နောက်ဆုံး စိမ်းလဲ့လဲ့ တောအုပ်ထဲကို ပျော်ပျော်ရွှင်ရွှင်ပဲ ခုန်ပေါက်ဝင် သွားတဲ့ ကျားကြီးရဲ့ အမြီးကို ရွာသူရွာသားတွေ အားလုံးလှမ်းမြင်လိုက်ကြရတယ်။
“ဟေး အောင်ပြီကွ”
ကတ်။ ဒီတစ်ခါ တစ်ခန်းရပ်ပြီးရင် ဇာတ် သိမ်းခန်းရောက်ပြီ။ ခင်ဗျားကတော့ ထင်မယ်။ ကျားကြီးလည်း တောထဲပြန်ရောက်သွားပြီ။ ဘယ်သူမှလည်း မသေမကျေ မပျက်မစီးရပါဘဲ အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပြီဆိုတော့ ဇာတ်က သိမ်းနေပြီပဲ ဘာလိုသေးလို့လဲလို့။ အင်း ခင်ဗျားထင်တာတော့ ဟုတ်ပါတယ်။ ဇာတ်က ပြီးသွားပါပြီ။ ဒါပေမဲ့ ကျွန်တော်က ပြီးပါပြီလို့ စာတန်းမထိုးခင်လေးမှာ အပိတ်ပြကွက်လေးကို ဒီလိုပြချင်သေးတာလေ။
ပြဿနာတစ်ခုကို အကောင်းဆုံးနည်းနဲ့ အောင်အောင်မြင်မြင် ဖြေရှင်းပေးလိုက်နိုင်တဲ့ သူကြီးက ပြုံးရွှင်ချိုမြတဲ့ မျက်နှာကြီးနဲ့ အိမ်ပြန် လာတယ်။ ပြီးတော့ သူလွယ်ထားတဲ့ နှစ်လုံးပြူး သေနတ်ကြီးကို နံရံပေါ်မှာ ကျကျနနပြန်ချိတ် တယ်။ ပြီးတော့ အဲဒီနှစ်လုံးပြူးသေနတ်ကြီးကို တိတိကျကျပြောရရင် လုံးဝမပစ်လိုက်ရတဲ့ နှစ် လုံးပြူးသေနတ်ကြီးကို အနီးကပ်ဆွဲရိုက်ပြပြီးမှ စာတန်းထိုးမယ်။ ပြီးပါပြီ ကတ်။
(အန်တွန်ချက်ကော့ကြီးကိုတော့ အားနာပါတယ်။ စာမျက်နှာတစ်တုန်းက နံရံမှာ ချိတ်ထား ခဲ့တဲ့သေနတ် ဇာတ်လမ်း ပြီးသွားတဲ့ အထိ တစ်ချက်မှ မပစ်လိုက်ရတဲ့အတွက်...)
ဘုန်းဦးမော်
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|