|
စိတ်ဓာတ်နဲ့ စွမ်းဆောင်နိုင်တဲ့ စွမ်းသူ |
|
|
|
|
Written by သင်းပပ
|
|
Friday, 24 February 2012 09:40 |
မသန်ပေမဲ့ စွမ်းတဲ့ သူတွေထဲက ဒီလအတွက် ထူးထူးခြားခြား ရွေးထုတ်ခဲ့တဲ့ စွမ်းသူက သီရိမာလာသိမ်း ဆိုတဲ့ ကောင်မလေးပါ။
argaiv1070
စွမ်းသူလေး သီရိမာလာသိမ်းနဲ့ တွေ့ဆုံမှုမှာ စကားပြောရ ခက်နေတဲ့ သီရိ အတွက် မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်သိန်းက ကိုယ်စားပြောဆို ဆွေးနွေး ပေးခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် စကားပြောရ ခက်ခဲပေမဲ့ သူမရဲ့ ကြိုးစားမှုကြောင့် တိုင်းပြည် အတွက် ဂုဏ်ဆောင် အားကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးထားတဲ့ သူလေး တစ်ဦးလည်း ဖြစ်ပါတယ်။ သီရိမာလာသိမ်း ဒီနေရာ ရောက်ဖို့အတွက်၊ ဒီဆုတွေ ရနိုင်ဖို့အတွက် တကယ် အရေးပါတဲ့ သူက မြင့်မိုရ်တောင်ဦးမကကျူးသား ဆိုတဲ့ ဂုဏ်ပုဒ်ပိုင်ရှင် သူမရဲ့ အမေပါပဲ။ ဒီလအတွက် ထူးခြားစွာ ရွေးထုတ်ခဲ့တယ် ဆိုတဲ့ နေရာမှာ စွမ်းသူရဲ့ စွမ်းအားတွေကို ပြသချင်တာ တစ်ဝက်ပါသလို သားသမီး အတွက် အချိန်ပြည့်၊ အချိန် ပေးစွမ်းဆောင်တဲ့ မိဘရဲ့ ခွန်အားဖြည့် အလုပ်အကိုင်များ အကြောင်းနဲ့ မိခင် အသံကိုလည်း တင်ပြချင်လို့ပါပဲ။
မွေးဖွားပြီးစ လူ့လောကကို ရောက်ရှိပြီး ၃ ရက်ခန့် အကြာမှာ အသည်းရောင် အသားဝါ ဆိုတဲ့ ရောဂါဆိုးကြီးက သီရိမာလာသိမ်းကို မသန်စွမ်း ဘ၀ကို ရောက်ရှိစေခဲ့တာပါ။ “ဖြစ်တဲ့အချိန်မှာပဲ ရန်ကုန်ကလေး ဆေးရုံကြီးကို ချက်ချင်း လာခဲ့တယ်။ ဒါပေမဲ့ ရောဂါက အရမ်းပြင်းတော့ သမီးရဲ့အသက်ကို လုယူနိုင်ခဲ့ပေမဲ့ အရိုးအဆစ်တွေ အားလုံး ပျော့ခွေပြီး အိပ်ရာထဲမှာ ဖွဲအိတ်ကြီး တစ်အိတ်လိုပဲ ဖြစ်နေတယ်။ ဒီတော့ သူ့ကို ဆေးတွေ တိုက်ရသလို လေ့ကျင့်ခန်းတွေလည်း မပြတ် လုပ်ပေးခဲ့ရတယ်” လို့ ပြောပြခဲ့တာက သီရိ မာလာသိမ်းရဲ့ မိခင် ဒေါ်ကြည်ကြည်သိမ်းပါ။ မိခင်ဖြစ်သူက သီရိကို အသက် ၂၀ အရွယ် အထိ အရိပ် တကြည့်ကြည့် စောင့်ရှောက်ပြုစု မွေးမြူခဲ့တာပါ။

“၅ နှစ်သမီး အရွယ်က စပြီး သမိုင်းမှာ ရှိတဲ့ မသန်စွမ်းကလေး လေ့ကျင့်ရေး ဆေးရုံကို ပို့ပြီး လိုအပ်တာတွေ လုပ်ပေးတယ်။ ၂ လတစ်ခါ ပြရတာ။ ပုံမှန်ပြပြီး သူတို့ ညွှန်ကြားတဲ့အတိုင်း လေ့ကျင့်ခန်းတွေကို နေ့စဉ် အိမ်မှာ အချိန်မှန်လုပ်တယ်။ အဖေရော၊ အမေရောက သူ့အတွက်ကိုပဲ ဂရုစိုက် အချိန်ပေးခဲ့ကြတယ်။ အသက် ၂၀ ရောက်တဲ့အထိပါပဲ။ အသက် ၂၀ ကျ တော့ ရွှေမင်းသား ဖောင်ဒေးရှင်းက ဆရာ ဦးမြတ်သူဝင်းတို့နဲ့ တွေ့ခဲ့တယ်။ နာဂစ်ဖြစ်ပြီး နောက်ပိုင်းပေါ့လေ။ ၂၀၀၉ ခုနှစ်မှာ တွေ့ခဲ့တာ။ ကျွန်မတို့က သမီးလေးကို ပုံမှန် လေ့ကျင့်ခန်းတွေပဲ လုပ်ပေးနေ ဖြစ်ခဲ့တယ်။ သူ့အတွက် သက်သက် လေ့ကျင့်ခန်းတော့ မလုပ်ဖြစ်ခဲ့ဘူး။ ဆရာ မြတ်သူဝင်းတို့နဲ့ တွေ့မှ အားကစား လေ့ကျင့်ခန်းတွေ လုပ်ဖြစ်ခဲ့တယ်။ သမီးက အရင်က ဆွံ့အနား မကြားဖြစ်နေတာလေ။ ဆရာတို့က ရန်ကုန်ခေါ်ပြီး သုဝဏ္ဏနဲ့ အောင်ဆန်း ကွင်းမှာ မသန်စွမ်းလေ့ကျင့်ခန်းတွေ လုပ်ပေးတော့ စကားလည်းနည်းနည်း ပြောနိုင်လာတယ်။ သမီးရဲ့ ဘယ်ဘက်နားလေးက ပြန်ကြားခဲ့တယ်” လို့ ဒေါ်ကြည်ကြည်သိန်းက ဆိုပါတယ်။
ဒေါ်ကြည်ကြည်သိန်းက သမီးဖြစ်သူကို စာပေဘက်မှာလည်း သူများ အောက်မကျရလေအောင် တတ်နိုင်သမျှ ကျောင်းထားပေးခဲ့ပြီး မသန်စွမ်း ဖြစ်နေတဲ့ အတွက် အိမ်မှာကိုယ်တိုင် သင်ကြားပေးခဲ့ပါတယ်။ ရွှေမင်းသား ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ အားကစားတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ တိုးတက် လာမှုတွေနဲ့ ပတ်သက်ပြီး “အရင်ကဆို အိမ်မှာ အလှူရှိရင်တောင် အိမ်ထဲက မထွက်ဘူး။ ဧည့်သည် လာတာနဲ့ အခန်းထဲ ၀င်သွားတယ်။ ရန်ကုန်ကို လာမယ် ဆိုရင်လည်း သူ့ကို လူတွေက ၀ိုင်းကြည့်တယ်လို့ ခံစားရပြီး အထူးခန်းနဲ့ ပဲ သွားလို့ရတယ်။ အခုတော့ သူလိုလူတွေ အများကြီး ရှိနေမှန်း သိသွားတယ်။ စိတ်ခွန်အားတွေ ရှိသွားတယ်။ အခုတော့ ပုံမှန်လို သွားရဲလာရဲသွား တယ်”လို့လည်း ရှင်းပြပါတယ်။ သီရိမာလာ သိမ်းက ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တဲ့အတွက် တရား ဘာဝနာ ပွားများခြင်းကိုလည်း မိခင်နဲ့ အတူ ပြုလုပ်ရင်း စိတ်တည်ငြိမ်မှု ရယူခဲ့ပါသေးတယ်။
သီရိမာလာသိမ်း အနေနဲ့ ငယ်စဉ်ကနေ အခု အထိ မော်လမြိုင်ကျွန်းမြို့မှာ နေထိုင်ခဲ့တာဖြစ်ပြီး မသန်စွမ်းတွေ အတွက် ဒီမြို့မှာ ကျောင်းမရှိခဲ့တာကြောင့် ပညာရေးမှာတော့ အခက်အခဲတွေ ရှိခဲ့ပါ တယ်။ လက်ရှိ အချိန်မှာတော့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဒီလိုကလေးမျိုးတွေကို ညှာတာ၊ ထောက်ထား ဂရုစိုက်ရမယ် ဆိုတာအားလုံးက ပိုနားလည်လာကြပြီး သူတို့အတွက် သီးသန့် နေရာ၊ ကျောင်းဆိုတာမျိုးတွေကို တည်ဆောက် လာကြပါပြီ။ ဒါကြောင့် သီရိ ခံစားခဲ့ရသလို စကား မပြောတတ်တဲ့သူကို စာထ မေးခံရတာမျိုး၊ လက်အားမသန်တဲ့ သူကို စာတွေ အများကြီးဖြေ ခိုင်းတာမျိုးတွေ လျော့နည်းသွားပြီ ဖြစ်ပါတယ်။ ဒီလို ကလေးမျိုးအတွက် ကျောင်းတွေကို တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ပြုလုပ်ပေးစေချင်တယ်လို့ လည်း ဒေါ်ကြည်ကြည်သိန်းက ဆန္ဒပြုခဲ့ပါ တယ်။
သီရိမာလာသိမ်းက လေ့ကျင့်ပြီး ၂ နှစ်တာ ကာလ အတွင်းမှာပဲ ပြည်တွင်းမှာသာမက ပြည်ပ နိုင်ငံအထိပါ သွားရောက် ယှဉ်ပြိုင်ပြီး ဆုတံဆိပ်တွေ ရယူခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ဂရိနိုင်ငံ အေသင်မြို့မှာ ပြုလုပ်ခဲ့တဲ့ မသန်စွမ်းအားကစား ပြိုင်ပွဲမှာ ပြေး၊ ခုန်၊ ပစ် ကစားနည်းနဲ့ ပါဝင်ယှဉ် ပြိုင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၈၀ ပါဝင်ပြီး ပြိုင်ပွဲ ၀င်အရေအတွက် ၇၅၀၀ ဦးရှိခဲ့ပါတယ်။ ဒီအထဲ ကမှ မသန်စွမ်းအုပ်စုတွေ တူရာရွေးထုတ်ပြီး ယှဉ် ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ သီရိ အတွက် ပထမဆုံးပြည်ပပြိုင်ပွဲဖြစ်တဲ့အပြင် မိခင် မပါဘဲ ပထမဆုံး ထွက်ခဲ့တဲ့ခရီးလည်း ဖြစ်ပါ တယ်။ “သမီးက တစ်ခါပြိုင်ရင် ၉ ယောက် တစ်တွဲ ပြိုင်ခဲ့ရတာ။ အဲဒီမှာ ကြုံခဲ့ရတာက သီရိ က အာရုံ တစ်ခုကိုပဲ စူးစိုက်လိုက်ရင် နားတွေက လုံးဝ မကြားတော့ဘူး။ အန်တီက အဲဒါကို အတူ ပါသွားတဲ့ ဦးစီး အရာရှိတွေကို သတိတော့ပေး လိုက်တယ်။ အဲဒီလို ဖြစ်ခဲ့ရင် သမီးရဲ့ပခုံးကိုတို့ပြီး သတိပေးလိုက်ပါလို့။ ဒါပေမဲ့ တကယ်ပြိုင်ပွဲဝင်တော့ ဦးစီးတွေက ဟိုဘက်ပွဲက အရေးကြီးလို့ သွားကြတာ သမီးကို မေ့သွားတယ်။ သေနတ်က ဒိုင်းခနဲ ပစ်လိုက်တဲ့အချိန်မှာ အရှေ့ကိုပဲ အာရုံစိုက် မိနေတဲ့ အတွက် သေးသေးလေးပဲ ကြားရတယ် မေမေလို့ ပြန်ပြောပြတယ်။ ဘေးကလူတွေကြည့် လိုက်တော့ မရှိတော့ဘူး။ ဒီတော့မှ နောက်က လိုက်ပြေးတော့ သူ တတိယဆု ကြေးပဲ ရသွားတယ်။
ပထမဆုံး ပွဲစဉ်မှာပေါ့။ နောက်နေ့တွေကျ တော့မှ ဦးစီးဆရာမ ဒေါ်ခင်ဆွေအေးက စည်း ကြပ်ဒိုင်တွေကို သွားပြောပြီး သတိပေးခဲ့တယ်။ စည်းကြပ်ဒိုင်က သူ့အနားမှာလည်း လာနေပေး တယ်။ ပြီးတော့ သမီးလက်ညှိုးကိုပဲကြည့် လက် ညှိုးကွေးရင်ပြေးတော့လို့ ပြောထားတယ်။ ဒီကျ မှပဲ ပထမ ရွှေတံဆိပ်ရခဲ့တာပါ” လို့ ပထမဆုံးပွဲ အတွေ့အကြုံကို မိခင်ကတစ်ဆင့်ကြားခဲ့ရပါ တယ်။

သီရိက ရွှေတံဆိပ်ကို လွယ်လွယ်နဲ့ ရယူခဲ့ တာတော့ မဟုတ်ပါဘူး။ အားကစားမှာ မြန်မာ တွေရဲ့ အမြဲတမ်းပြိုင်ဘက်လိုဖြစ်နေတဲ့ ထိုင်းနိုင်ငံ က အားကစားသမားနဲ့ ငြင်းခုံမှုတွေ၊ ဖြေရှင်းမှု တွေ ပြုလုပ်ပြီးမှ ရခဲ့တဲ့ ဆုတံဆိပ်ပါ။ ဒီပွဲရဲ့ ရွှေတံဆိပ်ရမယ့်ပွဲစဉ်မှာ သီရိနဲ့ ထိုင်းမသန်စွမ်း အားကစားမယ်နှစ်ယောက်က ပထမနေရာကို လုကြရတာပါ။ ၂ ယောက်တွဲတန်း တူတာ စထွက်ခဲ့ပြီး အဆုံးမှာ သီရိက ခြေ ၂ လွှား စောပန်းဝင် ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲဖြစ်နေတဲ့ အတွက် ရွှေတံဆိပ်ကို လူတိုင်းလိုလိုက လိုချင်ကြတာကြောင့် ထိုင်းဘက်က လူတွေက အတူ ပန်းဝင်တာကြောင့် ပူးတွဲရွှေ ဆုပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။ ဒါပေမဲ့ ပွဲကျင်းပရေး လူကြီးများက နိုင်ငံပေါင်း ၁၈၀ က လူကြီးတွေ အားလုံးကို ခေါ်ပြီး ကွင်းပတ်ပတ်လည်မှာ ရိုက်ကူးထားတဲ့ ကင်မရာများနဲ့ ဒီပွဲကို သတင်း လာယူနေကြတဲ့ ဓာတ်ပုံများကိုကြည့်ပြီး အားလုံး ကျေနပ်အောင် ဘက်မလိုက်ဘဲ ဆုပေးခဲ့တာကြောင့် ရွှေတံဆိပ်ဆု ကို ရရှိခဲ့ပါတယ်။
သီရိက ဂရိနိုင်ငံ အေသင်မြို့ က ပြိုင်ပွဲတွေမှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၂ ဆု၊ ကြေး ၁ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲက ပြန်လာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်ထဲမှာပဲ မြန်မာနိုင်ငံ မသန်စွမ်း အားကစားပြိုင်ပွဲမှာလည်း သံလုံးပစ်မှာ ငွေတံဆိပ်၊ ပြေးခုန်ပစ်မှာ ငွေတံဆိပ် ထပ်မံ ရရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာပဲ အင်ဒို နီးရှားနိုင်ငံ မသန်စွမ်း အားကစားပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ အရွေး ခံရပြီး သွားရောက်ယှဉ် ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ် ၁ ဆု၊ ငွေတံဆိပ် ၁ ဆု ကို ရရှိခဲ့ပြန်ပါတယ်။
သီရိမာလာသိမ်းက သံလုံးပစ်နဲ့ ပြေးခုန်ပစ် အားကစား ၂ မျိုးကိုပဲ ၀ါသနာပါပြီး လေ့ကျင့် ပြိုင်ပွဲဝင်မယ်လို့လည်း ဆိုပါတယ်။ ဆွံ့အနား မကြား မသန်စွမ်းဖြစ်ပေမဲ့ ကြိုးစားမှု ဇွဲ၊ လုံ့လ၊ ၀ီရိယတွေကြောင့် လူပိုတစ်ယောက် မဟုတ်တော့တဲ့အပြင် နိုင်ငံနဲ့လူမျိုးအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေကိုတောင်မှ ရယူပေးနိုင် ခဲ့တာကို ချီးကျူးဂုဏ်ပြုကြရမှာ အသေအချာပါပဲ။ ကြိုးစားမှုခွန်အားနဲ့ လေ့ကျင့်မှုကို သာမန်လူ တွေထက် ၂ ဆ၊ ၃ ဆ ပိုကဲလေ့ကျင့်ကြရတဲ့သူတို့ရဲ့ စိတ်ဓာတ်တွေက အံ့သြရ လောက်အောင် မာကျောပြီး တက်ကြွနေကြတာပါ။ ဒီလိုလူမျိုး တွေကို ညှာတာကြင်နာမှုနဲ့ လက်ကမ်းကြိုဆိုပြီး နေရာပေးကြသူများကို လက်ခုပ်သြဘာနဲ့ ဂုဏ်ပြုပါရစေ။ ဒီလိုကလေးမျိုးကို လက်ခံရရှိလိုက်ပေ မဲ့ စွမ်းသူဖြစ်အောင် မြေတောင်မြှောက်ပေးနိုင်ခဲ့ကြတဲ့ မိခင်များကိုလည်း လက်ခုပ်သြဘာနဲ့ ဂုဏ်ပြုပါရစေ။

သင်းပပ (Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|