(Jan-2012)တိုးတိုးဖော် PDF Print E-mail
Written by အယ်ဒီတာ   
Thursday, 12 January 2012 15:39
Share |

တိုးတိုးဖော်ရေ...
နီက ကွန်ပျူတာ သရဲ ဆိုပါတော့။ လက်ပ်တော့ အသေးလေး တစ်လုံးကို ချစ်ရတဲ့ သူဆီက လက်ဆောင် ရထားတော့ ဟန်ကျနေတယ်။

argaiv1161

စီဒီအမ်အေ ဖုန်းကတ်လေးနဲ့ အင်တာနက်လည်း မွှေဖြစ်တယ်။ အဲ-ပြဿနာ ကတော့ အခုနောက်ပိုင်း အရမ်းအကြော တက်တာပဲ။ ခေါင်းတွေမူး၊ ဇက်တွေညောင်းနဲ့ အဆင်မပြေ ဖြစ်ဖြစ်လာတယ်။ လက်ပ်တော့ရှေ့မှာ နေတဲ့ အချိန်က တစ်နေ့ကို ခြောက်နာရီ ကနေ ရှစ်နာရီ အနည်းဆုံးပဲ။ အိမ်က လူကြီးတွေက နီအခုလို အကြောတက် လာတာ အဲလို အကြာကြီး လုပ်နေလို့လို့ အပြစ်တင်တယ်။ လန်းဆန်းလို အကိုက်ခဲ ပျောက်ဆေး သောက်ပေမယ့် မသက်သာဘူး ဖြစ်နေလို့ တိုးတိုးဖော်ကို မေးကြည့်တာပါ။
နီ

နီသို့
အခုနောက်ပိုင်း အဖြစ်များ လာတဲ့ ပြဿနာကို မေးတဲ့အတွက် ကျေးဇူးပါ။ ပထမဆုံး ပြောချင်တာက လက်ပ်တော့ တွေရဲ့ ဖွဲ့စည်းပုံဟာ အိမ်မှာဖြစ်စေ၊ ရုံးမှာဖြစ်စေ တစ်နေ ရာရာမှာ အထိုင်ချပြီး သုံးစွဲဖို့ မရည်ရွယ် ထားဘူး ဆိုတာပါပဲ။ သူက လက်ကနေ သယ်သွားလို့ ရအောင် ဖန်တီး ထားတာမို့ ခရီး သွားတာမျိုး ရွေ့လျားတဲ့ အခါမှာ အလုပ်မပျက် လုပ်နိုင်အောင်၊ ယာယီ သုံးနိုင်အောင်ပဲ ရည်ရွယ်ပါတယ်။ အိမ်မှာ၊ ရုံးမှာလို အထိုင်ချပြီး အချိန်ပေါင်း များစွာ သုံးဖို့အတွက် ဆိုရင်တော့  ကစ်တော့ပ်လို့ ခေါ်တဲ့ စားပွဲတင် ကွန်ပျူတာကပဲ သင့်တော်တာပါ။  ဒါပေမဲ့ အခုနောက်ပိုင်း လက်ပ်တော့တွေက ဈေးချိုလာတော့ အများစုက ရုံးသွားလည်း ယူသွားလို့ ရ၊ အိမ်မှာလည်း သုံးလို့ရပြီး ခရီးထွက်တဲ့ အခါလည်း ဆောင်သွား နိုင်ရအောင် လက်ပ်တော့ကို အသုံးများ လာပါတယ်။ အဲဒီမှာ အခုလို ဇက်ကြောတက်တဲ့ ပြဿနာတွေ များလာတော့ တာပါပဲ။

လက်ပ်တော့တွေမှာ အရေး အကြီးဆုံး ပြဿနာက လက်ကွက်နဲ့ မော်နီတာ တစ်ဆက်တည်း ဖြစ်နေတာပါ။ လူ့သဘာဝအရ မျက်လုံးနဲ့ လက်ချောင်း များကြားက အကွာ အဝေးဟာ အတော်ကြီး ကွာဝေးပါတယ်။ ခေါင်းတစ်လုံး အပြင်ဇက်နဲ့ ပခုံးရော၊ လက်မောင်းရိုး တစ်ချောင်းလုံးစာ ပါဆိုတော့ အနည်းဆုံး တစ်ပေခွဲလောက် ကွာခြားလေ့ ရှိတာပေါ့။ လက်ပ်တော့မှာတော့ မျက်လုံးနဲ့ ကြည့်ရမယ့် မော်နီတာနဲ့ လက်ချောင်းနဲ့ စာရိုက်ရမယ့် လက်ကွက်ကီးဘုတ် နေရာဟာ တစ်ဆက်တည်း ဖြစ်နေတာပါ။  ဒီတော့ မျက်လုံးနဲ့လည်း အဆင်ပြေအောင် ကြည့်နိုင်ပြီး လက်ချောင်းကလည်း အဆင်ပြေအောင် ရိုက်ဖို့လူဟာ ခေါင်းကို မသိမသာငုံ့၊ ဇက်ကို မသိမသာ ချိုး၊ ပခုံးကို မသိမသာ ကျုံ့ဆို တာမျိုး ပုံဖျက်ပြီး နေမှ အဆင်ပြေပြေ ကြည့်နိုင် ရိုက်နိုင်ပါမယ်။ အဲဒီလို ပုံပျက်ပန်းပျက်အနေအထားကို အချိန်အကြာကြီး နေလိုက်တဲ့အခါ ဇက်ကြော တက်လာတော့ တာပါပဲ။ တချို့ဆို လက်မောင်းတွေ မနေနိုင်အောင် ကိုက်ခဲ လာတဲ့အထိ ခံစားရတတ် ပါတယ်။ ဒါဟာ လူ့ကျောရိုးရဲ့ သဘာဝ အတိုင်း မနေဘဲ အနေအထား မှားယွင်းမှုကြောင့် ဖြစ်ရတဲ့ ပြဿနာပါ။



လူ့ကျောရိုးဟာ ကိုးဆယ်ဒီဂရီ ဖြောင့်မတ် နေတဲ့ အရာမျိုး မဟုတ်ပါဘူး။ အရှေ့နဲ့ အနောက်ကို ကွေ့ကောက် ခုံးမောက်ပြီး ဟန်ချက်ညီအောင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီတော့ သူ့သဘာဝ အတိုင်း ကွေ့ကောက်နေအောင် မနေ မထိုင်ရင် အရိုးအဆစ် တွေရော၊ သူတို့ကြားက အာရုံကြော တွေရော၊ သူတို့ကို အခုလို ဖြစ်နေအောင် ချိတ်တွဲသွယ်ဆက် ပေးထားရတဲ့ ကြွက်သားတွေ အားလုံးပါ ထိခိုက်နာကျင် လာရတော့ တာပါ။ အဲဒါကြောင့် အနေအထား မမှန်ဘဲ ထိုင်တာထတာ လှုပ်ရှားတာ မျိုးဟာ လူကို အမှန်တကယ် ဒုက္ခပေး တော့တာပါပဲ။ ဒါကြောင့် ကွန်ပျူတာကို အချိန် အကြာကြီး သုံးမယ်ဆိုရင် ကစ်တော့ပ်က ပိုကောင်းပါတယ်။ လက်ပ်တော့ကိုပဲ သုံးမယ် ဆိုရင်လည်း ကီးဘုတ်တစ်ခု ထပ်ဝယ်စေ ချင်ပါတယ်။ လက်ပ်တော့ပ်ရဲ့ မော်နီတာကို မျက်လုံးနဲ့ တစ်တန်းတည်း ရှိနိုင်လောက်မယ့် အမြင့် တစ်နေရာမှာ တင်ထားကာ အပြင်က ကီးဘုတ်ကိုတော့ လက်နဲ့ တစ်တန်းတည်း အနေ အထားမှာ တင်ပြီးသုံးစေ ချင်ပါတယ်။ ကစ်တော့ပ် ပုံစံမျိုး ဖြစ်အောင် ပြုပြင်ပြီး သုံးတာမျိုးပေါ့။ ဒါမှ အချိန်ကြာကြာ သုံးတဲ့တိုင် ဇက်ကြောတက် တာတို့၊ လက်မောင်း ကိုက်တာတို့ မျက်လုံးကိုက် တာတို့ မဖြစ်မှာပါ။

ကစ်တော့ပ် သုံးရင်တောင် စားပွဲအနေ အထား၊ ထိုင်ခုံအနေ အထားတွေ မှန်မှဖြစ် ပါမယ်။ ပုံတွေမှာ ပြထားသလို လူ့ကျောရိုး သဘာဝ အတိုင်း အနေအထား မှန်မှ အကြောတက် ညောင်းညာတာတွေ သက်သာမယ် ဆိုတာကိုလည်း သတိပေး ချင်ပါတယ်။ ကျောရိုး အနေအထား အမှားအတိုင်း အချိန်ကြာကြာ နေထိုင်လိုက်မယ် ဆိုရင်တော့ အမျိုးမျိုးသော ဝေဒနာ တွေကို ခံစားရမှာ မလွဲပါဘူး။ ဒါပေမဲ့ အနေအထား မှန်မှန်ကို အသားကျအောင် မနေမထိုင် နိုင်သူတွေက အများစုပဲ ဖြစ်ပါတယ်။  ဒီတော့ နောက်တစ်ခု အသုံး တည့်နိုင်မယ့် နည်းလမ်းကို ပြောချင် ပါသေးတယ်။ အဲဒါကတော့ လေ့ကျင့်ခန်း လုပ်ခြင်းပါပဲ။ အချိန် အကြာကြီး ကိုယ်ခန္ဓာ အနေအထား တစ်ခုတည်းမှာ နေထိုင်တာ ကြာသွားရင် ပြဿနာက ရှိမြဲမို့ လေ့ကျင့်ခန်းက လုပ်ပေးရ မြဲပါ။ အကိုက်အခဲ ပျောက်ဆေးလို သောက်ဆေး၊ ထိုးဆေး ဆိုတာမျိုးဟာ ဝေဒနာကို သက်သာအောင် စွမ်းနိုင်ပေမယ့် အကြောင်းရင်းကို ပျောက်အောင် မစွမ်း နိုင်တာမို့ ရေရှည်သုံးလေ ဘေးထွက် ဆိုးကျိုးကို ကြောက်ရလေသာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောရိုးနဲ့ ကပ်လျက် ရှိနေပြီး အပြင်ဘက် အရေပြား ကနေ အဝေးဆုံးမှာ ရှိနေတဲ့ အတွင်းဘက် အကျဆုံး ကြွက်သား ဆိုတာမျိုး ကလည်း လက်နဲ့ နှိပ်နယ်တဲ့ အခါမှာတောင် ထိအောင်နှိပ်နယ် အကြောဖြေဖို့ ခက်ခဲ လှပါတယ်။ အဲဒီလို အတွင်းဘက် ကျလွန်းတဲ့ ကြွက်သားများ ညောင်းညာတင်းမာ နေတာတွေ ပြေလျော့သွားဖို့ ဆိုတာ လေ့ကျင့်ခန်းကို ထိထိရောက်ရောက် လုပ်မှ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းကို သေသေချာချာ နည်းလမ်းမှန်မှန် လုပ်နိုင်ရင်      အဲဒီလို အတွင်းဆုံး ကျတဲ့ ကြွက်သားများ တင်းမာ ညောင်းညာတွေ ပြေလျော့ လာရာက ကျောရိုး ဆစ်များရဲ့ လှုပ်ရှားမှု ဟာလည်း ပိုပြီးကောင်းမွန် လာနိုင်ပါတယ်။ အဲဒီလို ကျောရိုးဆစ် လှုပ်ရှားမှုတွေ ပိုကောင်းလာမှ ညပ်နေတဲ့ အာရုံကြောများ ရှိခဲ့ရင်လည်း ဆက်မညပ် တော့ဘဲ လွတ်သွားကာ ဇက်ကြောတက်တာ၊ လက်မောင်း ကိုက်ခဲတာတွေ သက်သာသွား နိုင်မှာပါ။ ဒါကြောင့် ဆေးသောက် ဆေးထိုးနဲ့ နှိပ်နယ်တာတွေထက် ပိုထိရောက်တဲ့ ကုထုံးကို ပြောပါဆိုရင် ကျောရိုး အနေအထား မှန်အတိုင်း နေထိုင် လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်း လုပ်မှုတို့ ပါပဲ။

ဒီအဖြေနဲ့ အတူ ကျောရိုး အနေအထား မှန်အောင် ထိုင်ရ ထရမယ့် ပုံစံတွေကို ထည့်ပေး လိုက်ပါတယ်။ နောက်ထပ်ပြသ ပေးလိုက်တာ ကတော့ ဦးခေါင်းနဲ့ လည်ပင်းအတွက် လေ့ကျင့်ခန်း တွေပါပဲ။ လေ့ကျင့်ခန်း အားလုံးမှာ သတိပြု စေချင်တာ ကတော့ အတွင်းဆုံး ကြွက်သားတွေ အထိ ထိရောက်အောင် ခပ်ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်စေ ချင်တာပါ။ အကြိမ် အရေအတွက် များအောင် ခပ်မြန်မြန် လုပ်ရင် သိပ်မထိ ရောက်တာကို တွေ့ရပါမယ်။ နောက်တစ်ခုက ဦးခေါင်း လေ့ကျင့်ခန်းလို့ ဆိုရပေမယ့် လည်ပင်း ကြွက်သားနဲ့ ပခုံး၊ လက်မောင်းကြွက်သား တွေကို အဓိက ထားပြီး လှုပ်ရှားဖို့ပါ။ ခေါင်းငုံ့၊ ခေါင်းမော့တဲ့ အခါခေါင်းကို အားသုံးပြီး ငုံ့တာ၊ မော့တာထက် လည်ပင်းနဲ့ ပခုံး ကြွက်သားတွေရဲ့ အားကိုသုံးပြီး ဦးခေါင်းက သူ့အလိုလို လိုက်ပါငုံ့နိုင်၊ မော့နိုင်၊ စောင်းနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာ ရှေ့မှာ အချိန်ပေးချိန် သုံးနာရီထက် မကျော်စေဘဲ လေ့ကျင့်ခန်း လုပ်ပေးရင် ကောင်းပါတယ်။ တစ်နာရီမှာ တစ်ခါလောက် လုပ်ပေး နိုင်ရင်တော့ အကောင်းဆုံးပေါ့။ လေ့ကျင့်ခန်း တွေက အမျိုးမျိုး ရှိပေမယ့် ရည်ရွယ်ချက်က ဦးခေါင်းနဲ့ လည်ပင်း တစ်ဝိုက်က ကြွက်သား အားလုံးကို အလုပ်လုပ် စေတာပဲ ဖြစ်ပါတယ်။

အနေအထား တစ်ခုတည်းမှာ ကြာကြာ နေနေတဲ့ အခါ တချို့ကြွက်သား တွေက ဘာအလုပ်မှ မလုပ်ရဘဲ ငြိမ်နေ ရတာမို့ တောင့်တင်း သွားတာမျိုး၊ သေးသိမ်လိုက် လာတာမျိုး အထိ ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းက ကြွက်သားအားလုံး တစ်ခုမကျန် သူလုပ်ဆောင် နိုင်သမျှ လုပ်ဆောင်ချက်တွေ လုပ်ဖြစ်သွား စေတာမို့ အဲဒီလို ပြဿနာ မျိုးတွေ မဖြစ်အောင်လည်း ကာကွယ် ပေးသလို နှိပ်နယ်ပေးတဲ့ အတွက် တင်းမာမှု လျော့ပါးသွားတဲ့ အကျိုးမျိုး ကိုလည်း ရရှိမှာပါ။ လေ့ကျင့်ခန်း လုပ်လို့ ပြေသွားတဲ့ အညောင်း အညာဟာ ဆေးသောက်လို့၊ နှိပ်နယ်လို့ ပြေသွားတဲ့ အညောင်း အညာလိုပဲ နေကောင်း စေတဲ့အပြင် ကြွက်သားတွေ ပြန်လည်သန်စွမ်း မှုကိုပါ ပေးနိုင်စွမ်း ပါတယ်။  သောက်ဆေး၊ ထိုးဆေးနဲ့ အနှိပ်အနယ် တွေက ကြွက်သားတွေ ပြန်လည် သန်စွမ်းအောင် မတတ်နိုင် ပါဘူး။ လေ့ကျင့်ခန်း တချို့ကို ပုံလေးတွေနဲ့ ရှင်းပြ လိုက်ပါတယ်။ ထိရောက်အောင် ကြိုးစားလုပ်စေ ချင်ပါတယ်။

Spine 1  လူ့ကျောရိုးရဲ့ သဘာဝ အနေအထား ပုံပါ။ တစ်ဖြောင့်တည်း မဟုတ်ဘဲ ကောက်ကွေ့မှု ရှိတာကို တွေ့ရပါမယ်။
ပုံ ၁။ မြားပြထားတဲ့ အနေ အထားတွေက မှားနေတာ တွေကို ထောက်ပြ ထားတာပါ။ ထိုင်တဲ့အခါ ခြေထောက်ဟာ ကြမ်းပြင်နဲ့ တစ်တန်းတည်း ရှိရမှာ ဖြစ်သလို ခေါင်းကလည်း အလွန်အမင်း မငုံ့စေ ရပါဘူး။


ပုံ ၂။ ကွန်ပျူတာ ရှေ့မှာ ထိုင်တတ်တဲ့ အနေအထား အမှားတွေကို ပြထားတဲ့ ပုံတွေပါ။


ပုံ၃။ ကွန်ပျူတာရှေ့ ထိုင်ရမယ့် အနေအထား အမှန်ပါ။ ခေါင်းခါး ခြေလက်အားလုံး အခုလို မှန်ရမှာ ဖြစ်သလို မျက်လုံးကလည်း မော်နီတာကို အခုလို ကြည့်မှ မှန်ပါမယ်။



ပုံ ၄။ ကျောရိုး အနေအထား မှားယွင်းစွာ ထိုင်နေပုံပါ။ အဲဒီ ပုံစံမျိုး ထိုင်တာ ကြာလာလေ အကြောတက် ညောင်းညာတာ ဖြစ်လေပါ။


Neck Extension ခေါင်းမော့၊ ခေါင်းငုံ့ လေ့ကျင့်ခန်းပါ။ လည်ပင်း ကြွက်သားအားကို သုံးပြီး ထိထိရောက်ရောက် ဖြည်းဖြည်းမှန်မှန် လုပ်ရမှာပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။



Neck Glide လည်ပင်းကြွက်သား အားကို သုံးပြီး ခေါင်းကို အရှေ့ထုတ်လိုက်၊  အလယ်မှာ ထားလိုက်၊ အနောက်ဆုတ်လိုက် လုပ်ပေး ရမှာပါ။ ထိထိရောက်ရောက် ဖြည်းဖြည်းမှန်မှန် လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။


Neck Lateral လက်ကို ဘယ်ညာ တစ်ဖက်စီ ကနေ ထောက်ကာ ဦးခေါင်းကို တွန်းပေး ရမှာပါ။ လက်က ဘယ်ဘက်ကနေ ညာဘက်ကို တွန်းချိန်မှာ ဦးခေါင်းက ညာဘက်ကနေ ဘယ်ဘက်ကို ပြန်တွန်းရမှာ ဖြစ်ပါတယ်။ လည်ပင်း ကြွက်သားအားကို သုံးပြီး ထိထိရောက်ရောက် ဖြည်းဖြည်းမှန်မှန် လုပ်ရမှာပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။


Neck Position ဒီတစ်ခါတော့ လည်ပင်းကြွက် သားအားရော လက်ရဲ့ အားကိုပါ သုံးပြီး ထိထိရောက်ရောက် ဖြည်းဖြည်းမှန်မှန် လုပ်ရမှာပါ။ ခေါင်းကို ငုံ့စေတာနဲ့ စောင်းစေတာကို လုပ်ဖို့ပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။


Neck Press ခေါင်းကို နောက်ပြန် တွန်းချိန်မှာ လက်က နောက်ကနေ ပြန်ကန်ပြီး ခေါင်းကရှေ့ကို တွန်းချိန်မှာ လက်ကနောက်ကို ပြန်တွန်းကန်ရ မှာပါ။ လည်ပင်းကြွက်သား အားကိုသုံးပြီး ထိထိရောက်ရောက် ဖြည်းဖြည်းမှန်မှန် လုပ်ရမှာပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။


Neck Resist  ခုနက လေ့ကျင့်ခန်း ကိုပဲ အသေး စိတ်သေသေ ချာချာ လုပ်ရမှာပါ။ လည်ပင်း ကြွက်သားအားကို သုံးပြီး ထိထိရောက်ရောက် ဖြည်းဖြည်းမှန်မှန် လုပ်ပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။


Neck Shrugs လည်ပင်းနဲ့ ပခုံး ကြွက်သားအားကို သုံးပြီး ပခုံး နှစ်ဖက်လုံးကို တစ်ပြိုင်နက် ကျုံ့တက်တာမျိုး လုပ်ဖို့ပါ။ ထိထိရောက်ရောက် ဖြည်းဖြည်း မှန်မှန်လုပ်ပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။


Neck Tilt ခေါင်းကိုစောင်းပြီး နောက်မှာ မေးကို လည်ပင်းဘက် ဆွဲကပ်လိုက်တဲ့ လေ့ကျင့်ခန်းပါ။ အတော်လေး ထိရောက်ပါတယ်။ နှစ်ဖက်စလုံး အလှည့်ကျ လုပ်ရမှာပါ။ လည်ပင်း ကြွက်သားအားကို သုံးပြီး ထိထိရောက်ရောက် ဖြည်းဖြည်းမှန်မှန် လုပ်ရမှာပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။


Neck Towel မျက်နှာသုတ် ပါဝါကို သုံးပြီး လုပ်ရမယ့် လေ့ကျင့်ခန်းပါ။ ခေါင်းငုံ့ဖို့နဲ့ ခေါင်းမော့ဖို့ သုံးရမှာပါ။ လည်ပင်း ကြွက်သားအား ထက်ပုဝါရဲ့ အားကိုသုံးပြီး ထိထိရောက်ရောက် ဖြည်းဖြည်းမှန်မှန် လုပ်ရမှာပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။


Neck Turn ခေါင်းကို ဘေးတစ်ဖက်စီ လှည့်ဖို့ပါ။ မေးနဲ့ ပခုံး တစ်တန်းတည်း ဖြစ်အောင် လှည့်ရပါမယ်။ လှည့်ပြီး အတန်ကြာတဲ့ အခါ လှည့်ရက်သားနဲ့ ခေါင်းကို ငုံ့ချလိုက်မယ် ဆိုရင်လည်း ကောင်းပါတယ်။ ဘယ်ညာနှစ်ဖက် စလုံးကို လုပ်ပေးပါ။ လည်ပင်းကြွက်သား အားကိုသုံးပြီး ထိထိရောက်ရောက် ဖြည်းဖြည်း မှန်မှန်လုပ်ပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်ပေးပါ။

အယ်ဒီတာ
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)