|
Written by သူရဿဝါ
|
|
Tuesday, 10 January 2012 13:53 |
အခု ဒီကဗျာမှာ ရည်ညွှန်းတာဟာ ဟန်နီဖြစ်တယ်ဆိုပေမယ့် သီချင်းတွေထဲက ဟန်နီမဟုတ်ဘူး။ ရက်စက်တဲ့ဟန်နီ ညဥ့်ငှက်မလေး ဟန်နီ မဟုတ်ဘူး။ ကဗျာတွေ၊ သီချင်းတွေထဲ မြင်နေတွေ့နေကျ ဟန်နီ မဟုတ်ဘူး။ ဟန်နီဟာ ဟန်နီ ဖြစ်တယ်။
argaiv1535
မိန်းမတစ်ယောက် ဒီထက်ပိုရှင်းအောင်ပြောရရင် အရွယ်ရောက်ပြီးတဲ့ မိန်းမတစ်ယောက် ဖြစ်တယ်။ အခု ဒီကဗျာရဲ့ ရည်ညွှန်းအမျိုးသမီးဟာ ဟန်နီဖြစ်တယ်ဆိုပေမယ့် ကဗျာဆရာ မြင်ဖူး၊ တွေ့ဖူးတဲ့ မိန်းမတွေ အကုန်လုံး ဖြစ်တယ်။
ဟန်နီရဲ့အကြောင်း ဖြစ်တယ်ဆိုပေမယ့် ကဗျာဆရာနဲ့တကွ အခုကဗျာ ဖတ်နေသူအားလုံး ဖြတ်သန်းနေတဲ့ ခေတ်ကာလထဲမှာ တွေ့နေကျ မိန်းမတွေအကြောင်းဖြစ်တယ်။ ဟန်နီဟာ သူတစ်ယောက်အတွက်ဆိုရင်တော့ ဟန်နီပဲဖြစ်ပေမယ့် ကဗျာဆရာရဲ့ ရေးခြစ်မှုထဲ မော်လ်ဒယ်ထိုင်ပေးလိုက်ရတဲ့ အချိန်မှာ ဟန်နီ မဟုတ်တော့ပြန်ဘူး။
ခေတ်ရဲ့ သမီးပျိုပီပီ ဟန်နီ ဘောလုံးပွဲ သိပ်ကြိုက်တယ်။ ယောက်ျားလေးတွေနဲ့ တစ်ဝိုင်းတည်း ဘီယာဆိုင်ထိုင်ရဲတဲ့ အစွမ်းသတ္တိမျိုး ရှိတယ်။ ဟန်နီဟာ တစ်ခါတစ်ရံ သိမ်မွေ့နေတတ်တယ်။
ဟန်နီဟာ လိုအပ်ရင် လိုအပ်သလို ညှို့တယ်၊ ငင်တယ်၊ လိမ်တယ် ခေါက်တယ်၊ လူပေးကစားတယ်၊ လိုအပ်ရင် လိုအပ်သလို အ ချင်ယောင်ဆောင်တယ်။ ဟန်နီဟာ ရံဖန်ရံခါ သူ့ဆံပင်တွေကို ရုပ်ပြောင်းရုပ်လွဲလုပ်ပြီး ဗြူတီဆလွန်းထဲက ထွက်ထွက်လာတတ်တယ်။ အချစ်ဝတ္ထုတွေထဲမှာ တွေ့ရတဲ့ ကြီးကျယ်မြင့်မြတ်သော ချစ်ခြင်းဒဿနအယူအဆတွေကို ဟန်နီ သိပ်ကြိုက်တာပေါ့။ ပေးဆပ်ဖို့၊ ရယူဖို့ အလျှော့အတင်းဟာ ချစ်သူနှစ်ဦးကြားမှာ လိုအပ်လို့ဆိုတဲ့ ဟန်နီဟာ စွန့်လွှတ်ဖို့ ကြိုးစားရင်း မှန်စာကြိုးလေးနဲ့ ရှဖူးတယ်။
ရည်းစား တစ်ဦးစ၊ နှစ်ဦးစ(သူ့အပြောအရ) ထားဖူးတဲ့ မိန်းမပျိုလေး ဟန်နီဟာ ဇာတ်လမ်းတွဲတွေထဲက ဇာတ်ဝင်ခန်းတချို့ရဲ့ လွှမ်းမိုးမှုခံရသလို အဲဒါတွေကို မှတ်မှတ်သားသား ရှိခဲ့တယ်။ ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား ရန်ဖြစ်ဖို့ ၀န်မလေးတဲ့ ဟန်နီဟာ လူရာဝင်ပွဲတိုးရမယ့် နေရာမျိုးမှာ သူ့အချစ်တော် ကြောင်လေးလိုမျိုး ဣနြေ္ဒ္ဒရရ မျက်လွှာလေးချထားဖို့ကိုလည်း တတ်မြောက်နေပြန်တယ်။ ဟန်နီဟာ တစ်ခါတလေ ဘိုမရုပ်လေးနဲ့တူသလို တစ်ခါတလေ ရေမခြောက်သေးတဲ့ အ၀တ်တစ်ထည်နဲ့ တူတယ်။ အက်တာနက်ရဲ့ ချက်တင်၊ ဖေ့စ်ဘွတ်ခ်တွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့ ဟန်နီက ၂၁ ရာစုထဲက ၂၂ ရာစုကို ကြိုရောက်သွားချင်တဲ့ ခေတ်ပေါ် မိန်းကလေးဆိုတော့ နိုက်ကလပ်၊ ဒေးကလပ်တွေမှာ ကတဲ့ အကတစ်မျိုးကိုလည်း သင်မပေးရဘဲ တတ်ထားပြန်တယ်။
ရင်ဖုံးအင်္ကျီ၊ ချည်ထဘီလေးတွေဝတ်ရင် သိပ်လှတဲ့ ဟန်နီဟာ မီနီစကတ်၊ အင်္ကျီလက်ပြတ်တွေ ၀တ်ရင်လည်း သိပ်ဟော့တာပဲလို့ သူ့ကိုယ်သူ ထင်တတ်သေးတယ်လေ။
ဟန်နီဟာ တော်တော်ခက်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီး တော်တော်လွယ်တဲ့ ကောင်မလေးတစ်ယောက်လည်း ဖြစ်တယ်။ ခေတ်ပေါ်မိန်းမပျိုလေး ဟန်နီဟာ ခေတ်ပေါ်မိန်းကလေးတို့ ထုံးစံအတိုင်း မီမီကမ်းကမ်း/မမီမကမ်း(ဘယ်လိုပဲဖြစ်ဖြစ်) ခေတ်ပေါ်ကဗျာတွေနဲ့ ခေတ်ပေါ်ကဗျာဆရာအချို့ကိုလည်း ကြိုက်ပါသေးသတဲ့ ခေတ်ပေါ်ကဗျာဆရာလေးတွေနဲ့ တွေ့ပြီဆိုရင် ခေတ်ပြိုင်ကဗျာအာရုံခံစားမှု၊ စံသွေမှု၊ ဒီဖရက်ဂ်မန်တေးရှင်း အစရှိပြီး ဟန်နီဟာ အပြိုင်အဆိုင်ပြောတော့တာပဲ။
“အိုင်က တော်ရုံလောက် ဖတ်တာမဟုတ်ဘူး။ တိုးနှောင်မိုးမှ၊ ဥတ္တရာအောင်မှ၊ အိုအောင်မှ၊ ပိုင်မှ၊ ၀ိုင်ချိုမှ ကဗျာဆရာ ထင်တာ၊ သူတို့ကဗျာဆိုမှ ဖတ်တာ”ဆိုတဲ့ ဟန်နီဟာ ခေတ်ပေါ်မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေကိုတင် မဟုတ်ဘဲ ခေတ်ပေါ်လူ့အသုံးအဆောင် ဖြစ်လာတဲ့ ခေတ်ပေါ်ကဗျာတွေနဲ့ပါ တရင်းတနှီးနေထိုင်တယ်။
ဟန်နီဟာ ဟန်နီဖြစ်လို့၊ ဟန်နီဟာ သူကိုယ်တိုင် ခေတ်ပြိုင်နိမိတ်ပုံတစ်ခု ဖြစ်နေလို့ ဟန်နီ့ဆီမှာ ကောင်းတာရော ဆိုးတာရော အမြွှာအဖြစ် ရှိနေလို့ ဟန်နီဟာ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး နှစ်မျိုးပဲ ရှိတဲ့ မိန်းကလေးဖြစ်လို့ ဟန်နီ့ကို ကြည့်ရင်း၊ ကြည့်ရင်း ဟန်နီဟာ ခင်ဗျားနဲ့ တူလာသလိုလို ကျွန်တော်နဲ့ တူလာသလို ဖြစ်နေလို့။
ကဗျာဆရာရဲ့ ရည်ညွှန်းအမျိုးသမီး ဟန်နီဟာ ရက်စက်တဲ့ ဟန်နီ၊ ညဥ့်ငှက်မလေး ဟန်နီ မဟုတ်ကြောင်း ခင်ဗျားတို့ သိထားပြီး ဖြစ်လို့ ဟန်နီဟာ မိန်းမတစ်ယောက်ဖြစ်တဲ့ အကြောင်းလည်း ခင်ဗျားတို့ သတိတရရှိပေးဖို့ လိုအပ်ပါတယ်။
သူရဿဝါ
|