ညဥ့်တနက်နက် လင်းတဖျပ်ဖျပ် PDF Print E-mail
Written by ထော်ဦး(ဘားအံကွန်ပျူတာ)   
Tuesday, 03 January 2012 16:49
Share |

ဟား... ဟား။
လူတွေများ တော်တော် ရယ်ရတယ်။ လောကမှာ အရေးကြီးဆုံးက ဂုဏ်သိက္ခာပဲတဲ့။

buy cialis onlinecialis black sildenafil tablets drugstore online
argaiv1921

ကျွန်မ မရှိတုန်း အမေက တစ်ဆင့် ပြောခိုင်း လိုက်တယ်လေ။ ဒီလူတွေက ကျွန်မ လုပ်နေတဲ့ အလုပ်ကို သဘော မကျကြဘူး။ ဒီအလုပ် ကို မလုပ်ရင် ကျွန်မတို့က ဘာနဲ့ စားကြမလဲ။ ဂုဏ်သိက္ခာက စားလို့ ရရင်လည်း ကောင်းသား။ အခုတော့ စားလို့မရ ၀ါးလို့မရနဲ့။ အဆင်မပြေပါ ဘူး။ အဲ သူတို့မှာ ဂုဏ်သိက္ခာရှိသလို ကျွန်မမှာ လည်း ကျွန်မနဲ့ ဆိုင်တဲ့ ဂုဏ်သိက္ခာ ရှိပါတယ်နော်။

ကျွန်မတို့  KTV မယ်တွေမှာ ဂုဏ်သိက္ခာ ရှိတယ်လို့ ပြောရင် လူတွေက နှာခေါင်းရှုံ့ကြမယ် သေချာတယ်။ နေပါစေလေ။ ကျွန်မတို့ အလုပ်ကို သူတို့ကမှ ဂဃနဏ မသိတာ။ ကျွန်မတို့ အလုပ်က ခန္ဓာကိုယ် ရောင်းစားနေရတဲ့ အထိ သိက္ခာမဲ့တဲ့ အလုပ်မှ မဟုတ်တာ။ ကျွန်မ အမှန် အတိုင်းပဲ ပြောမယ်။ KTV လုပ်သက်နှစ်နှစ် အတွင်းမှာ ကျွန်မ ဘာအစွန်းအထင်းမှ မရှိတဲ့ အပျိုစင်စစ်စစ်ပါရှင်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ်တတ်ဖို့ လိုတာ ပေါ့နော်။

KTV ကိုလာတဲ့ ဧည့်သည်တွေလား။ ဒီဇိုင်းစုံ အသွေးအရောင်အစုံပါပဲ။ လူငယ်တွေ လာတတ်သလို ခုနစ်အို ရှစ်အို အိုနာရှိုက်ကုန်းတွေ လည်း လာတတ်ပါရဲ့။ သူတို့ရဲ့ အဓိက ရည်ရွယ် ချက်လား။ ယစ်ရွှေရည်တွေကို အသုံးတော် ခံဖို့ ရယ်၊ KTV မယ်တွေကို နတ်သမီး တစ်ဖက် ငါးရာ အမှတ်နဲ့ ခံစားဖို့ရယ် နေမှာပေါ့။ ခပ်လွယ်လွယ်ပြောရရင် သူတို့အတွက် ခေတ္တခဏ ပျော်မွေ့ရာ နေရာလေးပဲပေါ့။ သူတို့ မူးလာရင် KTV မယ်တွေကို တို့မယ်၊ ထိမယ်၊ ရိမယ်၊ ကလိမယ်နဲ့ အမျိုးမျိုး လုပ်တတ်ကြတယ်။ KTV မယ်တွေ ကလည်း ရှောင်လင် သိုင်းကွက်နဲ့ ညင်ညင်သာသာ ရှောင်တတ်ဖို့ လိုတာပေါ့နော်။

အင်း ရှောင်လင်ဆိုလို့ ကျွန်မ ဒီ KTV ကို စစရောက်တဲ့ ညကို သတိရမိတယ်။ ကျွန်မရဲ့ ဧည့်သည်က မျက်နှာအဆီ တ၀င်းဝင်းနဲ့ ရုပ်ရှင် ကားတွေထဲက လူယုတ်မာ အတိုင်းပဲ။ ရွံစရာကြီး။ သူက ယစ်ရွှေရည်နဲ့ နှစ်ပါးသွား အသုံးတော်ခံ ပြီးရင် အာဘွားပေးမယ် ဆိုပြီး ကျွန်မကို သူ့လက် ကြမ်းကြမ်းကြီးနဲ့ လှမ်းဖက်တော့တာပဲ။ ကျွန်မလည်း အထိတ်တလန့်နဲ့ အတင်းရုန်းပြီး ထွက်ပြေးလိုက်မိတယ်။ ဒီအကြောင်းကို ဆိုင်ရှင်ကြားတော့ ကျွန်မကို ဒေါကန်တော့တာပေါ့။ အင်း- ဆိုင်မှာ ဖောက်သည် တစ်ယောက်ပျက်ရင် ဆိုင် အတွက် ဘတ်ဂျက် ထိခိုက်တယ်။ သူများတွေထက် နှစ်ဆဈေးတင် ရောင်းထားတာလေ။ ဒါနဲ့ပဲ ဆိုင်ရှင်က ရှောင်လင် သိုင်းကွက်ကို ၀ါရင့်မမ ဆီမှာ သင်ခိုင်းလိုက်တော့တယ်။

ဝါရင့်မမ သင်ပေးတော့လည်း လွယ်လိုက်တာလေ မပြောပါနဲ့တော့။ ကိုယ့်ကိုဖက်လာရင် သူ့လက်ကို ကိုင်ပြီး ဗေဒင် တွက်သလိုနဲ့ လုပ်ရတယ်။ အဲဒါပြီးရင် ဧည့်သည်ကို နောက်နှစ်နှစ် အတွင်း စီးပွားတက်မယ် ဘာမယ်ပြောပြီး ဖြီးဖြန်း၊ “ကောင်းစားရင် သမီးကို မမေ့နဲ့နော်” လို့ ပြောလိုက်ရင် လာထားပဲ၊ ဧည့်သည် ဆုချတဲ့ ဆုတော်ငွေနဲ့ လက်ဖျားပေါ် ငွေသီးဖို့သာ ပြင်ပေတော့။

ဒါပေမဲ့ တကယ့် လက်တွေ့ကျတော့လည်း သင်ထားပေးသလိုတော့ ဘယ်ဟုတ်မလဲ။ ဧည့် သည်တွေကလည်း တစ်ယောက် တစ်မျိုးစီ လေ။ တချို့ဧည့်သည်ဆို ပေါင်ကို မသိမသာ ကိုင်တတ်တယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ တရား လွန်လာမယ်ဆိုရင် ကမြင်းနေတဲ့ လက်ကို မသိမသာ ဆွဲခွာ၊ ဒါမှမ ရရင် “အစ်ကို သောက်လိုက်ပါဦး” လို့ ပြောပြီး ခွက်ကို ကမ်းပေးလိုက်တယ်။ ဒါနဲ့တောင် မရသေးရင် ခွက်ကို အဲဒီလူ ပါးစပ်ထဲ လောင်းထည့်လိုက်ရုံပဲ။ ပြီးရော။ ဖိတ်ချင်ဖိတ်၊ စဉ်ချင်စဉ်ပေါ့။ သူတို့ ဒေါသ ထွက်ရင်လည်း “ဆောရီး အစ်ကို၊ သမီး ရှက်နေလို့ လုပ်မိလုပ်ရာ လုပ်လိုက်မိတာပါရှင်” လို့ တောင်းပန် လိုက်ရင် ပြီးပြီ။ ချစ်စကား၊ ကြိုက်စကားတွေ ပြောလာရင်လည်း ဒီနည်းကိုပဲ သုံးလို့ရတယ်။ ယစ်ရွှေရည်နဲ့ ရောထားတဲ့ စကားဆိုတော့ ဘယ်ယုံလို့ ရမလဲ။ ကျားဆိုတဲ့ သတ္တ၀ါကိုက အသားကို မစားရိုးထုံးစံ မရှိဘူးလေ။ အသားလိုလို့ အရိုး တောင်းတတ်ကြတာပဲ မဟုတ်လား။ အရိုးကနေ တစ်ဆင့် အသားပါ ၀ါးစားပစ်မယ့် ဟာတွေ လေ။

KTV မယ်တွေ ထဲမှာလား။ ယုံမှတ်လို့ ပုံ အပ်မိတဲ့ သူတွေရှိတာပေါ့။ တချို့ဆိုရင် ပျက်နေတဲ့ဘ၀ကို ရေစုန်မှာမျှောပြီး မထူးဇာတ် ခင်းတော့တာပဲ။ “အေ” ရောဂါကို သူတို့က မမှုကြဘူးနဲ့ တူတယ်။ ကျွန်မကတော့ ဒီအဖြစ်မျိုး မဖြစ်အောင် ဝေးဝေးကနေ ရှောင်နေရမယ်။ အမေကလည်း ကိုယ့်ကိုယ်ကိုယ် သတိရှိဖို့ အမြဲတမ်း မှာတတ်တယ်လေ။

အမေလား။ ဒီအလုပ်ကို ဘယ်အားပေး မလဲ။ တစ်ခါတလေ “ဒီအလုပ် ကို ညည်းတစ် သက်လုံး လုပ်တော့ မလို့လား” လို့ စိတ်မရှည်ဘဲ မေးတတ်တယ်။ အင်း- လုပ်ချင်ရင်တောင် အသက်သုံးဆယ် ကျော်လာရင် သိပ်ပြီး အလုပ် ဖြစ်တော့မှာ မဟုတ်ဘူး။ ဧည့်သည်တွေက နုမှ ကြိုက်တတ်ကြတယ်လေ။
ဒီအလုပ်လား။ ကျွန်မ မချစ်ပါဘူး။ ဟို စကားပုံတောင် ရှိတယ်လေ။ “မချစ်ပေမယ့် အောင့်ကာနမ်း” ဆိုတာ။ ကျွန်မလည်း အသက် အောင့်ပြီး နမ်းနေရတာပေါ့။ ဘယ်တတ်နိုင်မလဲ လေ။ ဒီအလုပ်က ငွေများများရတယ် မဟုတ်လား။ တခြား အလုပ်ကို ပြောင်းလုပ်ရင်လည်း ဒီထက်တောင် ပိုပင်ပန်းဦးမှာ။ အမေ့ကို ပြုစုဖို့ တောင် အချိန်ရတော့မှာ မဟုတ်ဘူး။ အင်း- ညပိုင်းမှာတောင် အမေ တစ်ယောက်တည်း အိမ် မှာထားရတာ စိတ်မချဘူး။ ကျွန်မတို့က အမေ တစ်ခု သမီးတစ်ခုတွေလေ။

အမေကတော့ ပြောပါရဲ့။ “ဈေးဆိုင် ထိုင်တာပဲဖြစ်ဖြစ် ကောင်းရောင်းကောင်းဝယ် လုပ် စမ်းပါသမီးရယ်” လို့လေ။ ဒီလောက် ဈေးဆိုင်တွေ မှိုလိုပေါက်နေတာ၊ အဆင်ပြေမှာတော့ မဟုတ်ပါဘူး။ အင်း- ဒီအကြောင်းတွေက အရွယ် ကျချိန်ရောက်မှ စဉ်းစားရမယ့် အပိုင်းလေ။ အခုချိန်မှာ ဦးနှောက် အခြောက်ခံပြီး မစဉ်းစား ချင်ပါဘူး။ KTV မယ်အလုပ်က ညနေငါးနာရီ လောက် အိမ်ကနေထွက်၊ ညမိုးချုပ်ဆယ့် တစ်နာရီ၊ ဆယ့်နှစ်နာရီလောက် ဆိုရင် အိမ်ကိုရောက်ပြီ။ ကျန်တဲ့ အချိန်တွေက တစ်နေကုန် အားတော့တာ ပေါ့။ ကဲ- ဘယ်လောက်တောင် အဆင်ပြေလိုက်တဲ့ အလုပ်လဲ။

ပတ်ဝန်းကျင်တွေက မေးငေါ့ချင် ငေါ့ကြမှာ ပေါ့လေ။ ဘယ်တတ်နိုင်မလဲ။ ဒါမှမလုပ်ရင် ပတ်ဝန်းကျင်က ထမင်းကျွေးနိုင်မှာမို့လား။ အမေ လည်း ကျွန်မကို ရှာကျွေးရလွန်းလို့ သွေးတိုးတို့၊ ဆီးချိုတို့တောင် ဖြစ်နေပြီ။ ဘယ်မလဲ။ ဒီရောဂါ ကို ကုဖို့ငွေ။ နောက်ပြီး အမေ့စိတ်ကြိုက် လှူဖို့ တန်းဖို့ငွေ။ ဒီငွေတွေကို ပတ်ဝန်းကျင်က ထောက် ပံ့ပေးမှာမို့လား။ အမေ့အတွက်ဆိုရင် ပတ်ဝန်း ကျင်က ပြောပြောနေတဲ့ ဂုဏ်သိက္ခာနဲ့လည်း ကျွန်မ လဲနိုင်ပါတယ်။ ကျွန်မ အမေ့နို့ဖိုး ကျေ ချင်တာပေါ့။

ကြည့်။ ဒီညနေလည်း “ကိုယ့်ကိုယ်ကိုယ် နေတာထိုင်တာ သွားတာ လာတာလည်း ဂရုစိုက်ဦး” လို့ အမေက မှာနေကျ အတိုင်း မှာနေပြန်ပြီ။ ကျွန်မလည်း-
“အမေ၊ အိမ်ရှေ့မှာ သမီး သော့ခတ်ထားမယ်၊ အိမ်နောက်ဖေးတံခါးတို့၊ ပြတင်းပေါက်တို့ အမေ သေသေချာချာ ပိတ်ထားနော်။ သူများ ဖွင့်ခိုင်းရင် လည်း မဖွင့်ပေးနဲ့၊ မနက်ကျမှလာလို့ ပြောလိုက်နော်။ သြော်- အမေ၊ လမ်းတွေဘာတွေ လျှောက်ရင်လည်း သတိထားပြီး လျှောက် နော်“ လို့ မှာနေ ကျအတိုင်း မှာရပြန်တယ်လေ။ ဒါကလည်း သားအမိ နှစ်ယောက်ကြားက ဆည်းဆာတေးသံလို့ ပြောရမလား။

အင်း- ဒီညတော့ ဧည့်သည်တွေ များလွန်းလို့ ညဆယ့်နှစ်နာရီလောက်မှ ပြန်ရမယ်ထင် ပါရဲ့။ အရင်တုန်းကဆိုရင် အမေက ကျွန်မပြန် မလာမချင်း မအိပ်ရှာဘူး။ ဒါကိုသိလို့ အမေ့ကို သိကြားရေစင် ဆေးဝယ်ပေးပြီး ညတိုင်းသောက် ခိုင်းလိုက်တယ်။ အဲဒီဆေးက အိပ်ပျော်စားဝင် တယ်လေ။ အိပ်ပျော်လားတော့ မမေးနဲ့။ အမေ ကျွန်မကို စောင့်နေရင်းနဲ့ ခဏမှေးမယ်ဆိုပြီး မီး ဖွင့်လျက်နဲ့ အိပ်ပျော်နေတတ်တယ်။ တစ်ခါ တလေလည်း ဆေးသောက်ဖို့ မေ့သွားတော့ ကျွန်မ ရောက်တဲ့အထိ စောင့်နေရှာတယ်လေ။ အမေ့ခမျာလည်း အသက်ကြီးရှာပြီ။ အိပ်ရေး၀၀ အိပ်သင့်တဲ့ အရွယ်လေ။ ဒီကြားထဲ ကျွန်မ မရှိတုန်း အမေ့ခမျာ တစ်ခုခု ဖြစ်သွားမှာလည်း စိတ်ပူနေရသေးတယ်။

ဟာ-ဆယ့်နှစ်နာရီတောင် ကျော်လို့ပါလား။ ၀ိတ်တာတွေတောင် ဆိုင်သိမ်းနေကြပြီ။ ဒရိုင်ဘာ တွေလည်း ကားစက်နှိုးနေကြလေရဲ့။ KTV မယ် တွေလည်း ဆလင်းဘက်အိတ်လွယ်ရင်းနဲ့ ကား တွေဆီ ဒေါက်ဖိနပ် တတောက်တောက်နဲ့ ပြေး နေကြလို့။ ကျွန်မလည်း ပြေးဦးမှ။

ဟင်- အိပ်ငိုက်ငိုက်နဲ့ ကားစီးလာလိုက်တာ အိမ်တောင်ရောက်တော့ မှာလား။ ဟော တွေ့ပြီ။ မီးရောင်တဖျပ်ဖျပ်နဲ့ လင်းနေတဲ့ အမေ့အိမ်။

ဟူး... မနက်ကျရင် အမေ့ကို ဆေးခန်းပြရ ဦးမယ်။ ဒီညလည်း အမေ ခလုတ်တွေဘာတွေ မတိုက်မိပါစေနဲ့။ ဆီးချိုရောဂါဆိုတာက အနာကျက် လွယ်တာ မဟုတ်ဘူး။ အမေ ဒီည သမီး ဆေးကို သောက်ပြီး အိပ်ပျော်နေ ပါစေ။ ဒါမှ မနက်ဆေးခန်းသွားပြရင် လူက လန်းဆန်းနေမှာ။

အိမ်ပြန်ရောက်တော့ အ၀တ်အစားတွေကို မလဲအားသေးဘူး။ အမေ့ကို ပြေးကြည့်လိုက်ဦး မှ။ အခန်းတံခါးကိုဖွင့်၊ ခုတင်ကို ကြည့်လိုက တော့ ထင်တဲ့ အတိုင်း အမေက အိပ်လို့ပျော်လို့။ အမေ့ကို ကြည့်ရင်းနဲ့၊ အို- ဘယ်လိုကနေ ဘယ်လို ကျရတာလဲ။ ဒီမျက်ရည်။ ဟာ-မျက်ရည် ကခါးလို့ပါလား။ တကယ်ဆိုရင် ဒီလို အချိန်မှာ ဒီမျက်ရည်က ချိုနေရမယ်လေ။

ထော်ဦး၊ဘားအံကွန်ပျူတာ၊
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)