|
Written by အေဇင်
|
|
Tuesday, 03 January 2012 16:20 |
“အီးမေဂျာက ကင်း ဆိုတာ သူပေါ့” နွယ်နီ့ ပြောစကားကြောင့် ကင်(န်)တင်းထဲသို့ ၀င်လာနေသည့် ကောင်လေးကို ကျွန်မ လှည့်ကြည့်မိသွားသည်။
argaiv1295
အသားဖြူဖြူနှင့် အရပ် အနည်းငယ် ပုသော သာမန်ကောင်လေး တစ်ယောက်သာ ဖြစ်သည်။ သူ့ဆီမှာ ထူးခြားချက်ဟူ၍ ယခုခေတ် ကောင်လေးတွေကဲ့သို့ ဆံပင် အထောင်တွေ၊ အီမိုပုံစ ဆံပင်အချွန်တွေ မဟုတ်ဘဲ နဖူးပေါ် ၀ဲကျနေသည့် အညိုရောင် ဆံပင် ပျော့ပျော့လေးတွေသာ ရှိသည်။ သည်မျှနှင့် ဘာကြောင့် ကင်း ရပါလိမ့်။
“ချောလည်း မချောဘဲ ဘာလို့ ကင်းရတာလဲ၊ အီး မေဂျာက လူတွေမျက်စိ မကောင်းဘူး ထင်ပါရဲ့”
ကျွန်မ ပြောသည့်စကားကို နားထောင်ပြီး နွယ်နီနှင့် အိအိက တခိခိရယ်ကြသည်။ ကျွန်မ ပြောသည့် စကားလုံးထဲမှာ ဘာများရယ်စရာပါ သနည်း။ အမြင် ကတ်သောကြောင့် ရယ်နေသည့် နှစ်ယောက်လုံးကို မျက်စောင်းထိုးပစ်လိုက်သည်။
အိအိက မျက်နှာပိုးသတ်ရင်း- “နင့်ကိုကော ဘယ်သူက ချောတယ်နော်လို့ ပြောမိလဲ”
“နွယ်နီ ပြောတာလေ၊ ကင်း တဲ့”
အိအိက နွယ်နီ့ဘက် လှည့်ပြီး- “နင် စတဲ့ဇာတ်လမ်း နင်ပဲ ဆက်ရှင်း” ဟု ဆို၏။ သည်တော့မှ နွယ်နီက- “နင်ဟာလေ ခေါင်းထဲမှာ စာတွေပဲ ရှိတယ်။ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲ ဆိုတာ ဘာမှမသိဘူး။ ငါ ပြောတဲ့ ကင်းက အဆိပ်ရှိတဲ့ ကင်းဟဲ့”
“သူ့မှာ ဘာအဆိပ် ရှိလို့လဲ”၊ “ချစ်အဆိပ်၊ သူ့ရဲ့ အချစ်ကို တင်စား ပြောကြတာပါ။ နင် ဖတ်ဖူးတယ် မဟုတ်လား၊ လူတစ်ယောက်ကို ချစ်မိတာဟာ ဘယ်တော့မှ မပြေနိုင်တဲ့ အဆိပ် တစ်ခွက်ကို သောက်မိသလိုပါပဲ ဆိုတာလေ။ သူ့ကို ချစ်ဖူးတဲ့ ကောင်မလေးတိုင်းက သူ့မှသူပဲ၊ ဒါနဲ့ သူ့အချစ်က အဆိပ်ရှိ တယ်ဆိုပြီး အားလုံးက ကင်းလို့ ခေါ်ကြတာ”
အကြောင်းရင်းကို သိပြီးသွားတော့ သူ့ကို နောက်တစ် ခေါက်ပြန်ကြည့် လိုက်မိသည်။ သူ ရယ်လိုက်စဉ် သွားတက်ကလေးကို မြင်ရသည်။ သူ့ မျက်ဝန်းများကပင် လိုက်ပါပြီး ရယ်မော လိုက်သလိုပင်။ ဘာမှန်းမသိသည့် ညှို့ငင်မှုတစ် ခုသူ့ဆီမှာ ရှိသည်ဟုလည်း လက်ခံ သွားရသည်။ ထို့ကြောင့်လည်း သူ အရမ်းစွံသည် ဖြစ်မည်။ (ကျွန်မ ဘ၀၏ အရေးပါဆုံး နေရာမှာ ၀င်ရောက်လာမည့် သူတစ်ယောက်ကို နွယ်နီ ညွှန်ပြခဲ့ခြင်းပါလား ဆိုသည်ကိုတော့ ကျွန်မ ထိုစဉ်က မသိခဲ့ပေ။ “ဟိတ်..ဟိတ်”
တစ်ယောက်တည်း အတွေးနှင့် လမ်းလျှောက်လာစဉ် ခေါ်သံကြောင့် ကျွန်မ လှည့် ကြည့်မိသည်။ အုတ်ခုံတွင် ကောင်လေးသုံးယောက် ထိုင်နေပြီး မနေ့က နွယ်နီ ညွှန်ပြခဲ့သော ကင်းလည်း ပါ၏။ အားလုံးက မျက်နှာကို တစ်ဖက် လှည့်ထားကြ၏။
သည်တော့မှ ဖြတ်လျှောက်သွားသည့် မိန်း ကလေးတွေကို သူတို့ စနောက်နေခြင်းဟု ရိပ်မိ သွားရသည်။ ဒါဟာလည်း တက္ကသိုလ်၏ အစဉ် အလာထဲမှာ တစ်ခုအပါအ၀င် ဖြစ်သည်။ တကယ်ဆို ကိုယ့်နာမည်ကို ခေါ်တာ မဟုတ်ဘဲ လှည့်ကြည့်မိသည့် ကျွန်မ အမှားသာ ဖြစ်ပါ သည်။ လောင်စိန်လုပ်နေသည့် ကင်းတို့ အဖွဲ့ကို ကြည့်ရင်း ပြုံးမိသွားခိုက်တွင် ကင်း ပြန်လှည့် အကြည့်နှင့် ဆုံသွားသည်။ ကျွန်မ အပြုံးကြောင့် ကင်း ကြောင်သွားပုံရ၏။ ကျွန်မ ပြန်လှည့် အထွက်မှာ မျက်ဝန်းထောင့်တွင် မတ်တတ်ရပ် လိုက်သော ကင်းကို ရိပ်ခနဲမြင်လိုက်၏။
“ဟေ့ ဟေ့” ခေါ်သံကြားသော်လည်း သည် တစ်ခါတော့ ကျွန်မ လှည့်မကြည့်တော့ပါ။ “အင်္ကျီအပြာနဲ့ ကောင်မလေး၊ တကယ် ခေါ်တာပါကွ”
သည်တော့မှ လှည့်ကြည့်ရင်း “ဘာလဲ”ဟု မေးလိုက်မိသည်။ သူက ဘေးမှာ ယှဉ်လျှောက် ရင်း- “ခုနက နောက်လိုက်တာ ဆောရီးနော်”
“ရပါတယ်၊ စကြနောက်ကြတာပဲဟာ”
“ကိုယ်က မင်း ပြုံးပြမယ်လို့ ထင်မထား မိဘူး”
“ရှင်က ဘယ်လို ထင်ထားလို့လဲ”
“သူများတွေလိုပဲ ကိုယ်တို့ကို မျက်စောင်း ထိုးသွားမယ် ထင်တာ”
သူက အမူအရာပါ လုပ်ပြတာမို့ ကျွန်မပင် အားရပါးရ ရယ်မိသွားသည်။ သူက- “ဘော်ဒါတွေ ဖြစ်လို့ရတယ် မဟုတ်လား” ဟု တောင်းဆိုလာတော့လည်း ကျွန်မက ခေါင်း ညိတ်ပြရင်း- “ကျွန်မ နာမည် မေနှင်းဆီပါ” ဟု မိတ်ဆက်ရပါသည်။ သူကလည်း သူ့နာမည်ကို ပြော ပြသည်မို့- “အများခေါ်တဲ့ နာမည်တော့ သိပြီးသားပါ”ဟု ကျွန်မ ဆက်ပြောမိသွားသည်။ ကျွန်မ စကားကို သူက အားပါးတရ ရယ်မောရင်း-
“မင်းက သူများတွေနှင့် မတူဘူး၊ ခင်ဖို့ ကောင်းတယ်” ဟု ဆိုလာသည်။ ကျွန်မကတော့ သူ ရယ်လိုက်သည့် အခါ ပေါ်လာသော သွားတက်ကလေးကို ငေးရင်း အဆိပ်ရှိသည့် ကင်း နှင့် မတူဘဲ ဖြူစင်သည့် သိုးလေးနှင့် တူသည်ဟု ခံစားရသည်။ သည်အကြောင်းကို နွယ်နီသာ သိလျှင်- “မေနှင်းဆီ တစ်ယောက် အဆိပ်မိပြီ”ဟု ထအော်လေမည်လား။
ကျောင်းသူ၊ ကျောင်းသားအချင်းချင်း ဆို တော့လည်း ခင်မင်ရင်းနှီးလွယ်ကြသည်။ ကင်း တို့ သူငယ်ချင်း ၃ ယောက်နှင့် ကျွန်မတို့ ၃ ယောက် ငယ်ပေါင်းကြီးဖော်တွေကဲ့သို့ ရင်းနှီး လာကြပြီး နင်တွေ၊ ငါတွေနှင့် အားရပါးရ ဖြစ်ကုန်ကြသည်။ ကျွန်မတို့ ၆ ယောက်သား မုန့်ဆိုင်တွေ လှည့်ပတ်ထိုင်းရင်း ငြင်းကြ၊ ခုံကြ စကြ၊ နောက်ကြနှင့် ပျော်ရွှင်စရာ ကောင်းလှသည်။ ကင်းကလည်း ကျွန်မတို့ အဖွဲ့ထဲကို ဘယ် ကောင်မလေးမှ ဆွဲသွင်း မလာခဲ့ပေ။ နေ့ရက်တို့ ကုန်ဆုံး လာသည်နှင့် အမျှ ကျွန်မကလည်း ကင်း ၏ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်မှန်းမသိ ဖြစ်လာ ရသည်။
“နီလာ့မွေးနေ့ အတွက် ပေးဖို့လက်ဆောင် ကူစဉ်းစားပေးပါဦး နှင်းဆီရာ”
ကျွန်မမှာ လက်ဆောင် ကူစဉ်းစားပေးရုံမ က ပါဆယ်ပင် ထုပ်ပေးလိုက်ရသေးသည်။ သူ ငယ်ချင်းများက ကျွန်မကို “အဆိပ်ပင် ရေလောင်းတယ်”ဟု ဆိုကြသည်။ ကျွန်မ ဘာမျှ ပြန်မပြောဘဲ ရယ်နေလိုက်ပါသည်။
“ငါ့ကို ကေသရီက ကွိုင်ပူနေတယ်၊ ငါ စိတ်ရှုပ်လာပြီ”
သူ့ဆီက သည်လိုအပြောမျိုး ကြားရပြီဆိုရင် ဖြင့် သိပ်မကြာခင် ပြတ်တော့မည့် အခြေအနေမှန်း ကျွန်မသိနှင့်ခဲ့ပြီ။ သူနှင့် ပေါင်းသင်းလာတာ ကြာလာပြီမို့ ကင်း၏အထာကို ကျွန်မကောင်း ကောင်း သိလာခဲ့သည်။ ဘယ်ခြေလှမ်းလှမ်းလျှင် သူ ဘယ်အကွက် ရွှေ့မည်ကို အတတ်ပြော နိုင်လာသည်။ ထို့ကြောင့်လည်း ကင်းက ကျွန်မ ကို ဘာမဆို တိုင်ပင်ခဲ့တာ ဖြစ်သည်။
ကင်းက ကောင်မလေးတွေကို အပျော် သဘောတွဲသွားတွဲလာ လုပ်ရုံကလွဲလျှင် ဘာ အခွင့်အရေးမျှ မယူမှန်းတော့ အားလုံးက သိကြ သည်။ ထို့ကြောင့်လည်း ကင်းက အရမ်းပွေသည် ဟု သိသော်လည်း ကောင်မလေးတွေက လက်ခံ ကြခြင်း ဖြစ်ပါလိမ့်မည်။ ရည်းစားထားခြင်းသည် တစ်ယောက်တည်း ထား၍ရသည်မှ မဟုတ်။ ကောင်မလေးတွေကလည်း ကင်း အကြောင်းကို သိလျက်နှင့် လက်ခံခဲ့ကြတာပင်။ ကင်းတစ် ယောက်တည်း၏ အပြစ်ဟု ကျွန်မ လက်မခံနိုင်ပါ။
“လူတွေက သူ့ကို အဆိပ်ရှိတဲ့ ကင်းတဲ့” ကောင်မလေးတွေနှင့် ပတ်သက်ရင် သူ့မှာ ညှို့နိုင်သည့် အဆိပ်တစ်မျိုး ရှိသည်ဟု လက်ခံ ထားကြသည်။ သူကတော့ အချစ်စစ်ကို ရှာဖွေ နေရုံပါတဲ့။ သူ တကယ်ချစ်ရမည့် မိန်းကလေး။ သူ့ကို အချစ်စစ်နှင့် ချစ်မည့် မိန်းကလေးကို ရှာဖွေ ရင်း ရည်းစားတွေ များသွားပါသည်ဟု ကျွန်မကို ရင်ဖွင့်ဖူးသည်။ အားလုံးက ကိုယ် ရွေးချယ်တဲ့ လမ်းကို ကိုယ့်စိတ်ကြိုက် လျှောက်လှမ်းကြတာပင်။ ကင်း ပြောသမျှ နားထောင်ရုံ၊ ကူညီရုံအပြင် သူ့ကို ကျွန်မ ဘာမှဝေဖန်ခြင်း မပြုခဲ့ပါ။ ကျွန်မတို့နှစ် ယောက်ကြားက ခင်မင်မှုနေ့ရက်တို့ကတော့ အခုချိန်အထိ တကယ့်ကို ဖြူစင်ရှင်းသန့်နေမြဲ ဖြစ်ပါသည်။
ကျွန်မတို့ ခင်မင်ပြီးနောက်ပိုင်း ကင်းတွဲခဲ့ သော ကောင်မလေးတိုင်းကို ကျွန်မတို့ မသိတာ မရှိပေ။ ကင်းဘေးက ကောင်မလေးတွေ ဘယ် လောက်ပြောင်းပြောင်း ကျွန်မတို့ကြားမှာ ဘာ ပြဿနာမှ မရှိခဲ့ချေ။ ကင်း၏ ကောင်မလေးတွေ က ကျွန်မတို့ အုပ်စု (အထူးသဖြင့်တော့) ကျွန်မ နှင့် ပတ်သက်ပြီး ပြဿနာ ရှာတတ်မှန်း ကျွန်မတို့ ပြန်ကြားရပါသည်။ သို့သော်လည်း ကင်းကတော့ ထိုပြဿနာများကို ကျွန်မတို့ထံသို့ ဘယ်တော့မှ သယ်ဆောင်မလာတတ်ပါ။
ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း ကျွန်မ နှင့်ကင်းကို အတွဲဟု သတ်မှတ်ကြပါသည်။ သို့ သော်လည်း ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘာ အရောင်အစွန်းအထင်းမှ မရှိဘဲ တကယ့်ကို အဖြူ ထည်မှန်း သူငယ်ချင်းများသာ အသိဆုံးဖြစ် သည်။ တစ်ခါတော့ အချစ်ဆုံးသူငယ်ချင်းများ ဖြစ်သည့် နွယ်နီနှင့်အိအိက ကျွန်မကို စစ်ဆေးရေး ၀င်ပါသည်။
“နှင်းဆီ၊ နင်က ကင်းအပေါ် အရမ်းကောင်း တယ်နော်”
“ဘာတွေ အထူးအဆန်း လုပ်ပြီး လာပြော နေတာလဲ နွယ်နီရယ်” “ကင်းမှာ ရည်စားများတာလည်း တစ်ခါမှ အပြစ်တင် ဝေဖန်တာ မတွေ့ဘူး”
“အဲဒါ ဘာဖြစ်လဲ”
“ကင်းကို အမြဲ နားလည်ပေးနိုင်တယ်ဟာ”
“အဲဒီတော့”
“အဲဒါ ဘာကြောင့်လဲလို့ ငါစဉ်းစားနေတာ၊ နင့်ကြည့်ရတာလည်း ကင်းကို ကြိုက်နေတဲ့ပုံ မပေါ်ပါဘူး”
နွယ်နီ စဉ်းစားနေသည့်ပုံ ကြည့်ရင်း ကျွန်မ အူလှိုက်သည်းလှိုက်ပင် ရယ်မိသွားသည်။ အလှ ကြိုက်သည့် နွယ်နီ့ကို စချင်သွားသဖြင့်- “သိပ်မစဉ်းစားနဲ့ နွယ်နီရေ၊ ဆံပင်တွေ ဖြူသွားမယ်”
နွယ်နီက ကျွန်မကို မျက်စောင်း ထိုးပါသည်။ ကျွန်မနှင့် ကင်းကြားမှာ မရိုးသားသည့် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အကြည့် ဘာတစ်ခုမျှ မရှိမှန်း သူတို့လည်း သိပင်သိသော်ငြား ဘေးလူတွေ ပြောလွန်းသည်မို့ အတွေးရ ခက်လိမ့်မည်။ နွယ်နီ စစ်ဆေးသမျှကို ငြိမ်နား ထောင်နေသော အိအိက နွယ်နီ့ကို တိုးတိုးလေး မေးပြန်သည်။
“ကင်းကိုကော ဘယ်လိုမြင်လဲ”
နားပါးသော ကျွန်မက အိအိ့မေးခွန်းကို ကြားသော်လည်း စာအုပ်ထဲမှာ စိတ်ဝင်စားနေပုံနဲ့ မကြားချင်ယောင် ဆောင်နေလိုက်ပါသည်။ ကျွန်မအပေါ်ထားသည့် ကင်း၏ သဘောထားကို သူတို့ သိချင်ကြပြန်သည်။ ကင်း၏သဘောထား ကို ကြိုသိနိုင်ဖို့ အခွင့်အရေးအား ကံတရားက ကျွန်မကို လက်ဆောင် ပေးခဲ့ပါသည်။ အဲသည် နေ့က...။
ကင်းတို့ သုံးယောက် ထိုင်နေတာကို အဝေး က မြင်တာမို့ သူတို့ကို ခြောက်လှန့်ဖို့ စိတ်ကူးနှင့် အနောက်ဘက်က ပတ်ပြီး သွားလိုက်မိသည်။ တကယ်ဆို ကျွန်မနည်းတူ ကင်းလည်း သူငယ် ချင်းတွေထံမှာ အစစ်ခံနေရခြင်း ဖြစ်ပါသည်။
“မင်းနဲ့ နှင်းဆီက ဘယ်လိုလဲကွ” ၀ဏ္ဏ မေးသံကြောင့် သူတို့ကို ခြောက်လှန့်ဖို့ စိတ်ကူးလေး ပျောက်သွားရသည်။ သူများ ပြော စကားကို ချောင်းနားမထောင်သင့်ဘူးလို့ သိသော် လည်း ကျွန်မနာမည် ပါနေသည်မို့ စိတ်ဝင် စားသွားခဲ့မိသည်။ ကင်း ဘယ်လို ပြန်ဖြေမှာပါ လိမ့်။
“ငါတို့ပဲ ရှိတာ မင်း အမှန်အတိုင်း ဖြေနော်”
ဘာမှပြန်မပြောဘဲ ငြိမ်သက်နေသည့် ကင်းကို ထပ်ပြောလိုက်သည့် သူရ အသံပင်။ ကျွန်မ အသက်ရှူသံကို သူတို့ကြားသွားမည့် အလား အသက်အောင့်ရင်း ငြိမ်နေမိသည်။ “ငါနဲ့ နှင်းဆီက အရင်းနှီးဆုံး သူငယ်ချင်းလေကွာ”
“ဟာကွာ အဲဒါ ငါတို့ သိပြီးသားပဲ၊ မင်း ရင်ထဲက အဖြေကို သိချင်တာလေ”
ဝဏ္ဏက အားမလို အားမရ ထပ်ပြောတော့မှ ကင်းက- “အမှန်အတိုင်း ၀န်ခံရရင် နှင်းဆီကို သူငယ်ချင်း တစ်ယောက်ထက်တော့ ပိုတယ်ကွာ၊ ဒါပေမဲ့ ချစ်သူ တစ်ယောက်လို မချစ်တာလည်း သေချာတယ်။ မင်းတို့ နားလည်အောင် ငါ ရှင်းမပြတတ် ဘူး။ ငါ့ခံစားချက်ကို ငါပဲ သိတယ်ကွ၊ နှင်းဆီက ငါ့ကို အမြဲနားလည်ပေးတယ်။ နှင်းဆီကို ငါ့ရဲ့ ရဲဘော်ရဲဘက် တစ်ယောက်လို ခံစားရ တယ်။ ငါ့ရင်ထဲမှာ သူ့အတွက် နေရာသီးသန့် တစ်ခု ရှိတယ်ကွ၊ ငါ့ဘေးက ကောင်မလေးတွေ ဘယ်လောက်ပြောင်းပြောင်း သူ့နေရာက မပြောင်းဘူး။ ဒီလောက်ပဲ ငါ ပြောတတ်တယ်”
သူတို့ ဘာတွေဆက်ပြောကြမည်လဲ ကျွန်မ သိစရာ မလိုတော့ပါ။ သူတို့ မမြင်ခင် အသာ အယာ လှည့်ထွက်လာခဲ့လိုက်တော့သည်။
လောကကြီးက နေတတ်လျှင် ကျေနပ်စရာ ချည်းပဲဟု ကျွန်မ ခံယူထားပါသည်။ ကင်းအပေါ် ထားသည့် ကျွန်မ၏ သဘောထားကို ကင်း သိ ခွင့်မရှိနိုင်သလို မည်သူတစ်ဦးတစ်ယောက်မှ လည်း သိဖို့ မလိုအပ်ပါ။ အတ္တတွေ လောဘတွေ ကင်းစင်ပြီး ကိုယ်ရရှိသည့် နေရာလေးကို ကျေ နပ်ရောင့်ရဲလျှင် အလွန်အေးချမ်းကြောင်း ခံစားဖူး သူမှ သိပါလိမ့်မည်။ ကျွန်မကတော့ ကင်းပေးခဲ့သည့် သူ့ရင်ထဲက သီးသန့် နေရာလေးတွင် အခုချိန်အထိ ကျေနပ်စွာ ရပ်တည်နေဆဲပင် ဖြစ်ပါတော့သည်။
အေဇင် (Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|