အလင်းဖွင့်စက် PDF Print E-mail
Written by ကိုကောင်းသော်(ကျောက်ဆည်)   
Thursday, 29 July 2010 13:01
Share |

နယ်မြေ ၂ ဆိုက်ကားယာဉ် ၁၅ စီး ရပ်ရန် ဆိုတဲ့ ဆိုင်းဘုတ်က မင်းရဲမြောင်းဘေး ညောင်ပင်ကြီးရဲ့ အောက် အဝေးပြေး ကားဂိတ်နဲ့ မလှမ်း မကမ်းမှာ ရှိနေတယ်။



အသင်းဝင် ဆိုက်ကား ၁၅ စီးက ဒီစုရပ်မှာ နေ့စဉ် ရောက်ကြပြီးမှ ခရီးသည်တွေကို အလှည့်ကျ စနစ်နဲ့ ပို့ပေး နေကြတာပေါ့။ အဲဒီ အထဲက ဦးဘမောင်က အသက်ရော၊ ၀ါပါ အကြီးဆုံး ဆိုတော့ ဆိုက်ကား ငှားကြတဲ့ ခရီးသည်တွေဟာ အသက်အရွယ်ကို အားနာလို့ မငှား လိုကြပေမယ့် အလှည့်ကျ စနစ် ရှိနေလို့သ ဦးဘမောင် အလုပ် ဖြစ်နေတာလည်း ပါတယ်။

အုံနာကြေးနဲ့ နင်းနေရတော့ ကိုယ်ပိုင် ဆိုက်ကားတွေလောက် ကိုယ့်အတွက်က တယ်မကျန်ချင်ဘူး။ ဒီကြားထဲ နေညိုရင် ထွေလီကာလီ အသုံးစရိတ်က နုတ်သေးတာ ဆိုတော့ အိမ်အပြန် ခရီးမှာ ဆန်၊ ဆီ၊ ဆေး၊ ဆား ကိစ္စက တစ်ခါတစ်ခါ အလျဉ် မမီတာ များတယ်။ စီးတဲ့ ရေသွင်သွင် ရှိပေမယ့် ဆည်ဖို့တဲ့ ကန်သင်းက စောစောစီးစီး ကျိုးပဲ့ ပျက်စီးခဲ့တော့ ၀င်ငွေရဲ့ အကျိုးသက်ရောက်မှုဟာ ဦးဘမောင် မိသားစု အတွက်က ယဲ့ယဲ့ရယ်။ သူတို့အမေ မသန်းရီ တိမ်းပါးသွားကတည်းက ဦးဘမောင် ယူခဲ့တဲ့ အိမ်ထောင့် တာဝန်တွေက တစ်နေ့ထက် တစ်နေ့ လေးပိလာတာသာ အဖတ်တင်ခဲ့တယ်။ ညောင်းလို့ပါကွာ ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဘုံဆိုင်မှာ အထိုင်များတော့ တစ်ခါတလေ အုံနာကြေး ရအောင်ကို ပျာယာခတ်ခဲ့ ရတာလည်း အမောပေါ့။ သားကြီး သမီးကြီးတွေတော့ ရှိပါရဲ့၊ အားကိုးအားထား မပြုချင်တာနဲ့ ဆိုက်ကားပေါ်က ဆင်းရတဲ့ ရက်မရှိသလောက်ကို ကုန်းရုန်း ရှာနေရတာကိုး။ အဲဒီသားကြီး သမီးကြီးတွေက မသန်းရီ မတိမ်းပါးခင်က အိမ်ထောင် ရက်သားတွေ ကျခဲ့ကြတာ ဆိုတော့ အတူနေ သားငယ်နဲ့ သမီးငယ်နှစ် ယောက်ပဲရှိတော့တာမို့ စား အိုးကျဉ်းလို့ တော်တော့တာ။

ဖြစ်သလို ဖြတ်ကျော် လာခဲ့တဲ့ ဘ၀လမ်းကို သမင် လည်ပြန် ပြန်ကြည့်မယ် ဆိုရင် နှစ်အစိတ်ဆိုတဲ့ ကာလက ဦးဘမောင် ဘ၀ အတွေ့အကြုံ တွေနဲ့ရင့်ရော်၊ အရွယ်ရဲ့လေးလံ ထိုင်းမှိုင်းမှုတွေက ငိုက်မြည်း မှုန်ဝါးစကို ပြုနေပြီပြောပါ တော့။ အဝေးက အိမ်ထောင်ခွဲ သားနဲ့ သမီးတို့ “သောင်သာ”ကြတယ်လို့ ကြားမိပေမယ့် မျှော်လင့်ကောင်းတဲ့ အရာ မဟုတ်လေတော့ ရွှေမန်းတင်မောင် ဆိုခဲ့တဲ့ ဇာတ်သီချင်းလို မင်းတို့ကိုလည်း အပြစ်မတင် မောင်တင်၊ ကိုယ့်ကိုယ်ကိုပင် သနားလှ ချည့်ရဲ့ ဆိုတဲ့ အဟဲလေးကိုပဲ ဦးဘမောင် ရေရွတ် ဆိုညည်းရင်း စိတ်ဖြေနေတော့တယ်။

“ကလေးတွေက နေစိမ့် လိုက်ကြတာဗျာ။ သူတို့လည်း မကြောင့်မကြ ရှိနေကြတာပဲ။ မသကာ အငယ် နှစ်ယောက်ထဲက တစ်ယောက် ယောက်ကို တာဝန် ယူလိုက် ကြရင် ခင်ဗျားလည်း တာဝန် တစ်ခု ပေါ့တာပေါ့။ အခုတော့ အိုကြီး အိုမနဲ့ကိုပဲ နေပူမရှောင်၊ မိုးရွာမရှောင် ကုန်းရုန်းနေရ တာဆိုတော့ ဦးဘမောင် ဒုက္ခက တယ်မသေးလှဘူးဗျ”

ဘ၀တူ လုပ်ဖော်ကိုင် ဖက်တွေက တစ်ခါတစ်ခါ ကရုဏာ ဒေါသောနဲ့ ပြောကြပေမယ့် ဦးဘမောင်ကတော့ ဂိတ်မှာ ထိုးထားတဲ့ ဆိုက်ကားပေါ် ခြေတစ်ဖက်ကို တစ်ဖက် ချိတ်ထိုင်ပြီး မုတ်ဆိတ်ဖြူ ငုတ်စိစိတွေကို လက်နဲ့စမ်း နုတ်ရင်း မချိပြုံးပြုံး နေလိုက်တယ်။ စုန်ရေ ဆန်ရေ ဆိုတဲ့ သဘော သဘာဝတွေကို သိ နေတော့ ယောနိသော မနိသိ ကာရ တရားကိုပဲ နှလုံးမူနေ လိုက်တော့တယ်။

“ဆိုက်ကား...ဆိုက် ကား”

ကားဂိတ်ဆီက ပျံ့လွင့် လာတဲ့ ဆိုက်ကား ခေါ်သံကြောင့် ဆိုက်ကားပေါ် ငိုက်မြည်း နေကြတဲ့ ဆိုက်ကား ဆရာတွေဟာ ခေါင်းထောင် လာကြတယ်။
“သုံးစီး...သုံးစီး”

ထပ်ပြီး အော်သံကြားလို့ အလှည့်ကျ ဂိတ်စာရင်းကို လှမ်းကြည့်လိုက်ကြတယ်။ ဦးဘမောင် အပါအ၀င် ဆိုက်ကားသုံးစီး ကသောကမျောနဲ့ ကားဂိတ်ဆီကို အပြေးနင်း လာကြတယ်။ အမှတ် (၁) အ.ထ.က ကျောင်းကို ပို့ရမယ့် စာအုပ်စည်းတွေ၊ ပြဋ္ဌာန်း စာအုပ်တွေနဲ့ ဗလာ စာအုပ်တွေက ဆိုက်ကား သုံးစီးနဲ့ တနင့်တပိုးတင်ပြီး နင်းလာကြတယ်။ ဆိုက် ကားငှားတဲ့ ကျောင်းဆရာ တစ်ကိုယ်စာ နေရာကို ကျောက်ညို ဆိုက်ကားနဲ့ ပါ လာတယ်။ ကျောင်းရောက် တော့ စာအုပ်ထုပ်တွေ ၀ိုင်း မချကြတယ်။ စာသင်ခန်း တစ်ခုထဲက ထွက်လာတဲ့ ကျောင်းစိမ်းနဲ့ ဆရာတစ်ယောက်က ဆိုက်ကားပေါ်က အထုပ်တွေ ၀ိုင်းချဖို့ လှမ်း အယူမှာ...
“ဟာ...ဦးဘမောင် ကြီးကော ပါလာတာကိုး... နေကောင်းရဲ့နော်”

“ဟုတ်...ဟုတ်ကဲ့ နေကောင်းပါတယ် ဆရာ”

နှုတ်သာ ဆက်လိုက်ရတယ်။ ဒီဆရာလေးရုပ်ကို အသိထဲမှာ မပီဝိုးတ၀ါး ဖြစ်နေတယ်။ ဒီမျက်နှာလေး မြင်ဖူးတယ် ဆိုတဲ့ အသိဟာ ဦးဘမောင် ဆိုက်ကားဂိတ် ဘက်ကို ပြန်နင်းလာတဲ့ လမ်းတစ်လျှောက် အတွေးလုံးက မဆုံးချင်ဘူး။ မေ့မေ့ရေးရေး ရှိလိုက်တာ၊ ငယ်ရုပ်လဲစ ပြုနေတဲ့ ဒီကျောင်းဆရာလေးကို တရင်းတနှီး ခင်မင်ဖူးတယ် ဆိုတဲ့ အသိက ဖျတ်ခနဲလင်းလက် သွေားတယ်။ လွန်ခဲ့တဲ့ အချိန် ကာလလေး တစ်ခုစီကို တရွေ့ ရွေ့ရောက်သွားတယ်။

“အဟော်..မောင်ဝဏ္ဏ ၀င်း..သူက ဒီကျောင်းမှာ ကျောင်းဆရာတောင် ဖြစ်နေမှကိုး”

ငယ်ဂုဏ်နဲ့ တင့်တယ် လိုက်ဖက်တဲ့ ကျောင်းစိမ်းနဲ့ ကျောင်းဆရာလေး၊ နှုတ်ခမ်းမွေး ရိတ်သိမ်းစ စိမ်းဖန့်ဖန့် ၀င်းနေတဲ့ မျက်နှာဟာ တစ်ချိန်က နှီးနွှယ် ပတ်သက်ဖူးတာကို ပြန်သတိ ရပြီး ဦးဘ မောင်တစ်ယောက် ပါးစပ် ပိတ်ပြီး ဗိုလ်အောင်ဒင်ရယ် သံမျိုးနဲ့ ကျိတ်ရယ်လိုက်တယ်။
“ဟင်း...ဟင်း... ဟင်း”

ဒီမနက် ကျောင်းကို စောစောရောက်မှ ဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ဆရာ ကိုဝဏ္ဏ၀င်း အိပ်ရာက စောစောထလိုက် တယ်။ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးမှာ အလှည့်ကျ တာဝန်က သူ့အပေါ်မှာ စုပြုံ ကျနေတော့ တာဝန်ကို မလစ်ဟင်းချင်တာလည်း ပါတယ်။ ကျောင်းရောက်တော့ န၀မတန်းက ကျောင်းသားတွေ တချို့ ကျောင်းသန့်ရှင်းရေး လုပ်စ ပြုနေကြပြီ။ မနေ့က ကြိုတင် တာဝန် ပေးထားတဲ့ အလှည့်ကျ အသင်းခေါင်း ဆောင် ကျောင်းသား စာရင်းကို အလွတ်ရနေတဲ့ ကိုဝဏ္ဏ၀င်းဟာ ကျောင်းသားတွေလို နေသေးတာကို သတိပြုမိ လိုက်တယ်။ စောင့်နေတယ်။ နာရီဝက်ကျော်လာတော့ ကျောင်းသူ ကျောင်းသားတွေသာ တဖွဲဖွဲ ရောက်လာကြ တယ်။ တာဝန်ကျကျောင်း သားတစ်သိုက် မရောက်ကြ သေးဘူး။ ဒီလိုပျက်ကွက် တာတွေက များပြီ။ အထူး သဖြင့် ကျော်ဖြိုးဝေ၊ အတန်း ထဲမှာ အဆင့် တစ်ဆယ်ဝင် ပေမယ့် ကျောင်းပျက်ရက်က များတယ်။ မနှစ်ကလည်း ကျောင်းတက်ရက် ရာနှုန်းပြည့်မီအောင် ဆူပူ ကြိမ်းမောင်း တိုက်တွန်းလွန်း လို့သာ စာမေးပွဲကြီးကို ၀င် ရောက်ဖြေဆိုခွင့်ရခဲ့တာ မဟုတ်လား။

ဒီနှစ်လည်း ကျောင်းတက်ရက်က မမှန်တဲ့ အပြင် ကျောင်းစည်းကမ်းတွေပါ ဖောက်ဖျက် ကျူးလွန်နေတော့ ဆရာ ကိုဝဏ္ဏ၀င်း တစ်ယောက် ပညာရှိ အမျက် အပြင်မထွက် ဆိုပေမယ့် ကျွဲမြီးတော့ နည်းနည်း တိုတာပေါ့။ ဆရာ ကိုဝဏ္ဏ၀င်းက ကျော်ဖြိုးဝေတို့ ကိုးတန်း(ဂ)အတန်းပိုင် ဆရာ။ သူ့အတန်း သူ့တပည့်တွေ စည်းကမ်းနဲ့ ညီညွတ်ပြီး စာကြိုးစား စေချင်တာ။ တော်ရုံတန်ရုံ ကျူးလွန်တဲ့ ပြစ်မှု၊ ဖောက်ဖျက်တဲ့ စည်းကမ်းမျိုးကို ကျောင်းအုပ်ဆရာကြီးဆီ မရောက်အောင် ထိန်းတယ်။ ဖုံးဖိ ဆုံးမတယ်။ ဒီတစ်ခါတော့ သူကိုယ်တိုင် ကိုင်တွယ်လို့ မရတော့မှန်း သိလာတော့ ကျောင်းအုပ်ကြီး ရုံးခန်းမှာ စည်းကမ်းပျက် သူတွေရဲ့ မိဘများနဲ့ တွေ့ဆုံ ဖြေရှင်းဖို့ပဲ ကျန်တော့တယ်။

ကျောင်းသား မိဘဆိုလို့ မနေ့က စာအုပ်တွေ လာပို့တဲ့ ဆိုက်ကား ဆရာကြီး ဦးဘမောင်ကို တွေ့တော့ မလုံ မလဲ ဖြစ်ခဲ့ရသေးတယ်။ ဖြစ် ဆို ကိုဝဏ္ဏ၀င်း တစ်ယောက် ငယ်စဉ် စာသင်သား ဘ၀တုန်းက အထိုက်အလျောက် ဆိုးသွမ်း သူတွေထဲမှာ တစ်ယောက် ပါခဲ့တယ်။ စည်းကမ်းတင်း ကျပ်လွန်းတဲ့ ဖခင်ကြီးရဲ့ထိန်း ချုပ်မှု အောက်မှာကိုပဲ ကျောင်းပြေး ကျောင်းလစ်တဲ့ အပြစ် ကျူးလွန်ခဲ့သေးတာ ဆိုတော့ ပဲ့ပြင်ဆုံးမ နေတဲ့ကြားက စည်းကမ်း မလိုက်နာတော့ ဆရာ၊ ဆရာမတွေက ကျောင်းသား မိဘတွေ ခေါ်ယူ တွေ့ဆုံပြီး ပညာရေး အခြေအနေတွေ ဆွေးနွေး ဖြေရှင်းကြရမှာ ဆိုတော့ အုပ်ထိန်းသူတွေကို အကြောင်းကြားစာ ပို့တဲ့ အထဲမှာ ကိုဝဏ္ဏ၀င်း တစ်ယောက်လည်း ပါနေတယ်။ ဖခင်ကြီး သိလို့က မဖြစ်။ ကိုဝဏ္ဏ၀င်း ကြံတယ်။ နောက်ဆုံး သူတို့ ရပ်ကွက်ခြား ကျောင်းသွားတဲ့ လမ်းဘေးဆိုက်ကားဂိတ် က ဦးဘမောင်ကြီးကို ခေါ် လာပြီး ကျောင်းသားမိဘ အဖြစ်နဲ့ ဟန်ဆောင်လိမ်လည် လက်မှတ် ရေးထိုးခဲ့တာကို သတိရပြီး တစ်ခဏတော့ စိတ်မသိုးမသန့် ဖြစ်ခဲ့ရသေးတယ်။

နောက်ပိုင်း ဖခင်ကြီး သိသွားတော့ ယမ်းပုံမီးကျတွေ ဖြစ်၊ မြို့နယ်ခြားက ဆွေမျိုး တွေဆီပို့၊ ကျောင်းပြောင်း တက်စေခဲ့တယ်။ စည်းကမ်းတွေ ထပ်ပြီးတင်းကျပ်ခဲ့တဲ့ အကျိုးရလဒ်က ကိုဝဏ္ဏ၀င်း တစ်ယောက် အကျင့်ဆိုးတွေ ပျောက်၊ ကြိုးစားလိုက်တော့ ဒီဂရီ တစ်ခုရပြီး ပညာရေး ၀န်ထမ်းအလုပ်မှာ မြဲမြံစေခဲ့ တော့တာပါပဲ။ အုပ်ထိန်းသူတွေ အနေနဲ့ကတော့ ချောင်း ဖြောင့်ဖြောင့်ရအောင် ရေဦး ပြင်းပြင်းနဲ့ သွယ်တန်း စီးဆင်း စေခဲ့ရတဲ့ အရင်းအနှီးက နည်းမှတ်လို့။

ပြတ်ဖူးမှမြဲ၊ လွဲဖူးမှ တည့်ဆိုတဲ့ အဖြစ်ဟာ ကိုဝဏ္ဏ၀င်း ကိုယ်တိုင် လက်တွေ့ကြုံ ခဲ့ရပြီ ဆိုတော့ ဆရာ၊ ဆရာမ တွေရဲ့ မေတ္တာနဲ့ စေတနာတွေ ကို ကိုယ်ချင်းစာ လေးစားနေတဲ့ ကိုဝဏ္ဏ၀င်း၊ အခုသူ့ တပည့်တွေကိုလည်း ဘယ်လို ပြုပြင်ကိုင်တွယ်ရမယ် ဆို တာသိနေတယ်။ ကျောင်းမှန်း ကန်မှန်း သိအောင်တော့ လုပ်ရ တော့မယ်လေ။ ဒီတော့ ကျောင်းအုပ်ကြီးဆီ စည်းကမ်း မလိုက်နာသူစာရင်းကို ပို့ပြီး ကျောင်းအုပ်ကြီးလက်မှတ်နဲ့ မိမိ သားသမီး၏ ပညာရေး အခြေအနေတွေကို ဆွေးနွေး ရန် မိဘ(အုပ်ထိန်းသူ) များ ကိုယ်တိုင်မပျက်မကွက် လာ ရောက်နိုင်ရန်အတွက်ဆိုပြီး စာထွက် ဆင့်ခေါ်လိုက်တော့ တယ်။

ဒီလိုနဲ့ ကျောင်းအုပ်ကြီး ရုံးခန်းမှာ ကျောင်းသားနဲ့ ကျောင်းသားမိဘများ၊ အတန်းပိုင် ဆရာတွေပါ ပူးတွဲ လိုက်ပါရတယ်။ အားလုံးလူစုံ ပေမယ့် ကျော်ဖြိုးဝေ တစ်ယောက်က နောက်ကျ နေပြန် တယ်။ ကျောင်းပေါ်ကနေ သူတို့ ၀င်လာမယ့် ကျောင်းဂိတ် အ၀ကို မသိမသာမျှော်ကြည့် နေရတဲ့ ဆရာကိုဝဏ္ဏ၀င်း အဖြစ်ကို ဘယ်သူမှ မသိအောင် ဣနြေ္ဒနဲ့ နေနေရပေမယ့် စိတ်က မငြိမ်။

ဟော ဂိတ်ပေါက်ဝမှာ ဆိုက်ကား တစ်စီးနဲ့ ကျော်ဖြိုးဝေက နင်းပြီး လူတစ်ယောက် ပါလာတာကို လှမ်းတွေ့လိုက်တယ်။ အိုမင်း ရင့်ရော်တဲ့ပုံ ပန်းက ပင်ပန်းညှိုးငယ်နွမ်း နယ်မှုတွေနဲ့ ရောယှက်နေတဲ့ လူကြီး တစ်ယောက်ကို ကိုဝဏ္ဏ၀င်း သေသေချာချာ ကြည့်တယ်။ ကျော်ဖြိုးဝေ ဖခင် နေမှာပေါ့။ ဆံပင်ဖြူ တွေနဲ့ ဇရာ ရေးကြောင်းတွေ ယှက်သန်း စပြုနေတဲ့ လူကို အနီးနား ရောက်လို့ ထပ်ကြည့် လိုက်တယ်။ မုတ်ဆိတ်ကျင် စွယ်ဖြူတွေကို ရိတ်သိမ်းမ ဖယ်ရှား နိုင်တဲ့လူ။

“ဟာ...ဦး ဘ မောင်”

ကိုဝဏ္ဏ၀င်း နှုတ်က ရုတ်တရက် ထွက်သွားတယ်။ အဲဒီ ကျောင်းသားနဲ့ မိဘကို ကျောင်းအုပ်ကြီး ရှေ့မှောက် မရောက်မီ ကျောင်းရှေ့ကော် ရစ်တာလမ်း အချိုးအကွေ့လေးမှာ ကြိုပြီး အပြေး တွေ့လိုက် တယ်။
“ကျော်ဖြိုးဝေ...မင်း ကွာ မိဘ ခေါ်လာပါ ဆိုတာ သိလျက်နဲ့ ဒီမှာ ဦးဘမောင် ဒီလိုအလုပ်တွေ လုပ်နေတုန်းပဲလား။ ဒီတစ်ခါတော့ ကျွန်တော် လက်မခံနိုင်ဘူးဗျာ”

“ဆ...ဆရာ...ကျွန် တော်...”

“တော်ပြီ ဦးဘမောင်၊ ကျွန်တော်တို့ ခေတ်ကတည်း က မရိုးမအီ နိုင်တဲ့ အဖေအစား အငှားလိုက်နေတဲ့ ခင်ဗျား။ ဒီဘက်ခေတ်ထိ သယ်မလာ ပါနဲ့တော့ဗျာ။ ကျွန်တော်တို့လည်း အားမပေးချင်တော့ ဘူး။ ဒီတော့ ပြန်ပါ ဦးဘမောင်”

“ဟုတ်...ဟုတ်ကဲ့။ ဒီက ကျွန်တော့်သား”

ကိုဝဏ္ဏ၀င်း ရုတ်ခြည်း လက်ကာပြတယ်။ ခေါင်း ကို တွင်တွင်ခါယမ်းနေတဲ့ ကိုဝဏ္ဏ၀င်း နှုတ်ခမ်းထောင့် စွန်းမှာ မဲ့ပြုံးလေး တစ်ခုက စွန်းထင်းနေတယ်။
“ကျွန်...ကျွန်တော်လည်း ကျန်းမာရေး မကောင်း လေတော့...အဟွတ်... အဟွတ်...”

“ကဲဗျာ ဒီလိုလုပ်ပါ။ ကျွန်တော့် အနေနဲ့ ကူညီတယ် ဆိုရင်ကို ရိုင်းချင် ရိုင်းနေဦး မှာပါ။ ဒီတော့ ဦးဘမောင်ကို ကျွန်တော် ကန်တော့တာပါ။ လက်ခံပါနော်”
ပြောပြောဆိုဆို ငွေစက္ကူ အနည်းငယ်ကို ဦးဘမောင် လက်ကိုင်ပြီး ထည့်ပေးနေတယ်။ ကျော်ဖြိုးဝေ နံဘေးက ဘာမှ နားမလည်သလို ဆရာနဲ့ ဦးဘမောင်ကို တစ်လှည့်စီ ကြည့်နေတယ်။

“ကျန်းမာရေး အတွက် ခဏတော့ အဆင်ပြေမှာပါ။ကျွန်တော် တောင်းပန်ပါတယ်။ ကျော်ဖြိုးဝေ မင်းမိဘ တွေကိုသာ ခေါ်ခဲ့ပါကွာ။ ဖြစ်လာသမျှ ဆရာတို့လည်း ကူညီ ဖြေရှင်းပေးပါ့မယ်”

ကျော်ဖြိုးဝေ ဘာမှ မပြောဆိုတာထက် ချစ်ကြောက်ရိုသေ လေးစားရတဲ့ ဆရာဆိုတော့ မပြောဝံ့တာလည်း ပါတယ်။ နောက်ဆုံး ဦးဘမောင်နဲ့ အတူကျောင်း ထဲက ထွက်သွားကြတဲ့ သူတို့ ပုံရိပ်က ဆရာ ကိုဝဏ္ဏ၀င်း မျက်လုံးထဲက မထွက်။ ဆရာ ကိုဝဏ္ဏ၀င်း ပြောတာလည်း မလွန်။ ဆရာ့ရဲ့လက်ဝဲဘက် လက်ထဲက ကျောင်းသား မှတ်ပုံတင် စာရင်းမှာ မိဘ အမည်က ကွဲလွဲနေတာကိုက အထင်အရှားလေ။

အဲဒီလို ဖြစ်ပြီးနောက် ကျော်ဖြိုးဝေ ကျောင်းမတက်တော့ဘဲ ပျက်ကွက်မြဲပျက် ကွက်နေတယ်။ မနေနိုင်တော့တဲ့ အဆုံး ဆရာကိုဝဏ္ဏ၀င်း က ကျော်ဖြိုးဝေ အိမ်လိပ်စာ အတိုင်း လိုက်ရတော့တယ်။ ရပ်ကွက်က မြို့အစွန် ဆင်ခြေ ဖုံး၊ မီးရထားတံတားတစ်ခု အလွန် ချောင်းလေးကို ဖြတ်ရသေးတာ။ မြစ်လက်တက် ဒီချောင်းလေးက ရပ်ကွက်ရေ လုပ်သားတွေ အတွက် ကူးတို့ ဆိပ်ဖြစ်နေတယ်။ ရေ၀င်တဲ့ မြေနိမ့်ပိုင်းမှာ ကန်စွန်းခင်းတွေ၊ ကနဖော့၊ ဗေဒါ၊ ဒိုက်၊ အမှိုက်တွေ စုပြုံ တောထနေတယ်။ လှမ်းထားတဲ့ တံငါ ပိုက်တွေကို ငုံ့ရှောင်တန် ငုံ့ရှောင်၊ ကျော်လွှားတန် ကျော်လွှားပြီး လျှောက်ခဲ့တဲ့ လမ်းကျဉ်းကျဉ်း အဆုံး၊ ကုန်း ပေါင် တံတားကျဉ်းကျဉ်း လွန်လာတော့ ထန်းအုပ်စုစုနဲ့ ကျပ်ညပ်နေတဲ့ ကျော်ဖြိုးဝေတို့ အိမ်ကို ရောက်လာတယ်။

“ကျော်ဖြိုးဝေ..ကျော် ဖြိုးဝေ...”

ခေါ်သံကြားလို့ ထွက်လာတဲ့ ကလေးမလေး တစ်ယောက်၊ ကျောင်းဝတ်စုံ နွမ်းနွမ်းနဲ့ ဧည့်သည် ဆရာကို ထွက်ကြိုလိုက်တယ်။
“အဖေ...ကိုကိုလေး ဆရာ ထင်တယ်။ အဖေ ထပါဦး။ ဆရာ အိမ်ထဲကို ကြွပါရှင်”
သုံးပင်နှစ်ခန်း အိမ်လေး ယိုင်နွဲ့နွဲ့မှာ တစ်ဖက်ရပ် တဲလေးက ထိုးထားသေးတယ်။

“ဆရာ အထဲကို ကြွပါ။ သမီး ဆရာ့ကို နေရာပေးပါ ကွယ်”
ခေါင်းငုံ့ ၀င်လာတဲ့ ဆရာ ကိုဝဏ္ဏ၀င်းဟာ ခုတင် တစ်လုံးမှာ နံငယ်ပိုင်းစောင် ညစ်ညစ်ထေး တစ်ထည်ခြုံပြီး ကွေးနေရာကနေ ထထိုင်လိုက်တဲ့ ကျော်ဖြိုးဝေ ဖခင်ဖြစ်သူ အနီးမှာ ထိုင်ရင်း ကြည့်လိုက်တယ်။

“ဦးဘမောင်”

“ဆ...ဆရာလေး ကိုဝဏ္ဏ၀င်း မဟုတ်လား”

“ဟုတ်ပါတယ်။ ဒါဆို ကျော်ဖြိုးဝေက ဦး သားပေါ့”

“မှန်ပါတယ်။ ကျွန်တော်လည်း မကျန်းမာလို့ ဆိုက်ကားနင်း မဖြစ်သေးတာနဲ့ သားလေးက ကျွန်တော့် အစား နင်းနေရတာပါ။ ကျောင်းပျက်ရက်တွေက များတော့ ဆရာ့ကို အားနာ ပါတယ်ဆရာ”

“မဟုတ်သေးဘူးဗျာ။ ဖခင်  နာမည်တွေက ဘာကြောင့် ကွဲလွဲ နေရတာလဲ။ ကျောင်းက မှတ်ပုံတင်စာရင်း စာအုပ်ထဲမှာ နာမည်က ဦးတင်မောင်။ အခု ဦးဘ မောင် ဆိုတာက...”

“ဦးတင်မောင် ဆိုတာ ဦးရဲ့ နာမည်အရင်းပါ ဆရာ”

“ဒါဆို ဘယ်လိုကြောင့် ဦးဘမောင် ဖြစ်နေရတာလဲ။ ကျွန်တော်တော့ ခေါင်းရှုပ် ကုန်ပြီဗျာ”

“ဒီလိုပါ ဆရာ။ ကျွန်တော်တို့ ရပ်ကွက်ဦးက ဘုန်းကြီးကျောင်းမှာ ကျွန်တော် အိမ်ထောင်မကျ ခင်ကတည်းက နေလာခဲ့တာ ဆိုတော့ ကပ္ပိယပေါ့။ ဒီတော့ ကျွန်တော်က နံနက်တိုင်း အုန်းမောင်းခေါက်တဲ့ တာဝန်ကို ယူခဲ့ပါတယ်။ နံနက် ၄ နာရီထိုးပြီဆိုရင် အုန်းမောင်း ခေါက်လေ့ ရှိပါတယ်။ နောက်ပြီး ဒီရပ်ကွက်မှာပဲ အိမ်ထောင်ကျတော့ ဟိုစဉ်က ပြုခဲ့တဲ့ ၀တ္တရားကို မပျက်ချင် တော့တာနဲ့ ရပ်ကွက်ထဲကနေ ကျောင်းကိုသွားပြီး အုန်းမောင်း ခေါက်နေတာပါ။ နှစ် တွေကြာလာတဲ့ အထိ နာရီ ကြည့်စရာ မလိုအောင်ကို အချိန်မှန်မှန် အုန်းမောင်း ခေါက်တဲ့ အလေ့အထ တစ်ခုက လောကကြီး တစ်ခုလုံးကို လှုပ်နှိုး စေတယ်ရယ်လို့ ကြံဖန် ပီတိဖြစ်ရတာပါ။ ကျွန်တော်ခေါက်တဲ့ အုန်းမောင်းသံ ကြားရင် ရပ်ကွက် ထဲက ဘ၀တူ လူတန်းစား တွေ နိုးထလာပြီး လုပ်ငန်း ခွင်တွေဆီ သွားဖို့ ပြင်ဆင်နေ ကြတာ တွေ့တော့ ကျွန်တော့်မှာ ၀မ်းအသာကြီး ၀မ်းသာ နေတာပါ။ သူတို့အတွက် နာရီကြည့်စရာ မလိုအောင် အချိန်တိကျနေတော့ လူတွေက ကျွန်တော့်ကို ကိုတင်မောင်အစား စံတော်ချိန် စိန်ဘမောင်လို့ နောက်ပြောင် ခေါ်လာကြရင်းက... အဟွတ်...အဟွတ်”

“ဖြည်းဖြည်းပြောပါ ဦးဘမောင်”

“တစ်ခါတစ်ခါ ကျောင်းက ဆွမ်းကွမ်းတွေပါ ထချက်၊ ခူးခပ် ကပ်လှူခဲ့ပါ သေးတယ်။ သာသနာကို ပွားစီးပြန့်ပွား ပေးနေကြတဲ့ ရဟန်းသံဃာ သူတော်စင်တွေ ရဲ့ တရားသံတွေ ညံစီဝေနေတဲ့ နံနက် အရုဏ်ဦးဟာ ကျွန်တော့် အတွက် ဘာနဲ့မှ မလဲနိုင်ပါ ဘူး ဆရာ။ ဆရာတို့ကတော့ အနာဂတ်မှာ အားထားရမယ့် ကလေးတွေကို ဥာဏ်မျက်စိ၊ ပညာအလင်း ဖွင့်ပေးနေတဲ့ အလင်းဖွင့် စက်တွေ ဖြစ်သလို ကျွန်တော်ကလည်း အုန်းမောင်းကြီး ခေါက်ပြီး လောကီ လောကုတ် အကျိုးစီးပွား နှစ်ပါးအတွက် အလင်းသစ်တွေ စဖြန့် ပေးတယ်လို့ ကြံဖန်တွေးယူ ပီတိဖြစ်ရတာပါ ဆရာ။ ပြောလို့ရမယ် ဆိုရင် ဆရာတို့ ရော ကျွန်တော်ပါ အလင်း ဖွင့်စက်တွေပဲ မဟုတ်လား ဆရာ”

ပီတိလှိုင်းတွေက ဆရာ ကိုဝဏ္ဏ၀င်း ဆီကို ရိုက်ခတ် သွားပါပြီ။
“အခုကော နံနက်တွေ မှာ အုန်းမောင်း ခေါက်သေးလား ဦးဘမောင်၊ အဲ ဦးတင်မောင်”

“အခုတော့ အသက် အရွယ်နဲ့ ကျန်းမာရေးအရ မခေါက် ဖြစ်တော့ပေမယ့် ကျွန်တော့်ရဲ့ ၀တ္တရားတွေကို သားလေးက ဆက်ပြီး တာဝန် ယူနေတယ် ဆရာ။ သူလည်း အကျင့် ရနေပါပြီ။ ကျွန်တော့် ပီတိတွေ ဖြာဝေ ကူးစက်ပေးတဲ့ သဘောပါ”

“အခု ကျော်ဖြိုးဝေ ဘယ်မှာလဲ ဦး”

“ဆိုက်ကားဂိတ်မှာပါ ဆရာ။ ဟိုးအဝေးပြေးကား ဂိတ်နားက မင်းရဲမြောင်း ဘေးနားမှာပါ”

“ကဲ ဦး ကျွန်တော့်ကို ခွင့်ပြုပါဦး”

ကိုဝဏ္ဏ၀င်းက ဦးဘ မောင်လက်ကို ဖျစ်ညှစ်ဆုပ် ကိုင်လှုပ်ယမ်း လိုက်တယ်။ ကိုဝဏ္ဏ၀င်း ရင်မှာ လှုပ်ခတ် နေတယ်။ နှစ်သိမ့် အပြုံးတွေက ဟန်ချက် ပျက်လို့။ ကိုဝဏ္ဏ၀င်း လှည့်အထွက် ရေနွေး အိုးလေးကိုင်ပြီး ၀င်လာတဲ့ ကလေးမလေးနဲ့ ရင်ဆိုင်မိတော့ ကိုယ်ကိုယို့ပြီး ရှောင် ပေးလိုက်တယ်။
“ဆရာ ရေနွေးသုံး ဆောင်ပါဦး”

“တော်ပြီ သမီး။ ဆရာ သမီး ကိုကိုဆီကို လိုက်သွား ဦးမယ်”

ဆရာကိုဝဏ္ဏ၀င်းက ကလေးမလေးရဲ့ ဆီနဲ့ဝေးနေ တဲ့ ဆံပင်နီကျင့်ကျင့်ကောက် ကွေးကွေးလေးတွေကို အုပ်မိုး ပွတ်သပ်ခဲ့ပြီး ကျောခိုင်းထွက် လာခဲ့တယ်။

“တော်သေးတယ်။ ငါ့ ကြောင့် ပန်းကောင်းတစ်ပွင့် ကျိုးကြေပျက်စီးရတော့မလို့။ မြေဖြူတစ်ချောင်း၊ စာတစ်ကြောင်းနဲ့ ပန်းပေါင်းများစွာ ပွင့်စေရမယ် ဆိုတဲ့ ငါ့ခံယူ ချက်တွေ ပျက်ပြားလို့ မဖြစ်ဘူး။ ဟုတ်တယ် လောကကြီး တစ်ခုလုံး လှပဖို့ ပန်းတွေ များများ ပွင့်ဖို့လိုတယ်။ အချိန်တွေ မီနိုင် ကောင်းပါရဲ့”

ကိုကောင်းသော် ၊ကျောက်ဆည်၊

(ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)

 

 


Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
Last Updated on Tuesday, 17 August 2010 09:51
 

စာဖတ် ပရိသတ်

We have 298 guests online

and

hit counter
views