
မင်္ဂလာပါ ဆရာ ဦးဝင်းငြိမ်း ရှင့်...
မေလရဲ့ ရွှေမှာ သမီး မကျေနပ်တာလေး တစ်ခုကို ပြောပါရစေရှင့်။
မေလ မွေးနေ့ရှင်များ ဖြစ်တဲ့ ဆရာမင်းလူ၊ ဆရာမ နုနုရည် အင်းဝ တို့နဲ့ တစ်မိနစ်မျှ အဆာပြေ တွေ့ခွင့် ရသော်လည်း သမီး အဓိက တွေ့ချင်တဲ့ ပုဂ္ဂိုလ် တစ်ဦးနဲ့ ယခု အချိန်ထိ တွေ့ခွင့် မရသေးလို့ပါ။ သမီး ရွှေအမြုတေ မဂ္ဂဇင်းကို စဖတ်ဖူးတဲ့ အချိန် ကစပြီး ယခု အချိန်ထိ လေးစား တန်ဖိုးထားရတဲ့ ပုဂ္ဂိုလ်မို့ပါ။ သူ့ရဲ့ တစ်စွန်း တစ်စသော သိမြင်ရတဲ့ ခံယူချက်တွေ၊ ရွှေအပေါ် မှာထားတဲ့ စေတနာ တွေကို အရမ်းလေးစား မိလို့ပါ။ မဂ္ဂဇင်း ဆိုရင် ရွှေမှရွှေပဲ ဖြစ်လာရသည်ထိ ဆွဲဆောင်မှု ရှိလာအောင် ဖန်တီးနိုင်စွမ်း ရှိလှတဲ့ ရွှေရဲ့ အဓိက ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးဝင်းငြိမ်းရဲ့ တန်ဖိုးရှိတဲ့ စကားတွေ အများကြီး ကြားခွင့် ရချင်ပါတယ်ရှင်။ မေ(ပွင့်ဖြူ) ကျွန်တော်က လစဉ်လတိုင်း စာဖတ် ပရိသတ် များနဲ့ စကားပြောနေတာ ဖြစ်လို့ အထူးတလည် အင်တာဗျူး ဖော်ပြဖို့ လိုမယ် မထင်ပါဘူး။ ဒါကြောင့် မထည့်တာပါ။ တခြား မဂ္ဂဇင်းတွေက လာပြီး မေးတဲ့ အခါမှာတော့ အလျဉ်းသင့်သလို ဖြေပေးပါတယ်။ ဆရာဦးဝင်းငြိမ်းခင်ဗျား... ရွှေအမြုတေ စာပေ ဆုပေးပွဲကြီး ပဉ္စမအကြိမ် အောင်မြင်စွာ ပြီးသွားတဲ့ အတွက် ၀မ်းသာ မိပါတယ်။ နောင်နှစ် တွေမှာလည်း အဆင်ပြေ ချောမွေ့စွာ ကျင်းပ နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။ ရွှေအမြုတေ ဆုနှင့် ပတ်သတ်ပြီး ဇွန် ၂၀၁၀ ရွှေမှာ ဆရာမာန် (တောင်လုံးပြန်)နဲ့ ဆရာ ညီမင်းညိုတို့ရဲ့ ခန့်မှန်း ချက်ကလေးကို ဖတ်မိပြီး ဒီစာကို ရေးလိုက်တာပါ။ ကျွန်တော့် ရင်ထဲက စိတ်ကူး ယဉ်တာလေးကို ဆရာတို့ကို ပြောကြည့်တာပါ။ ဆရာတို့ရဲ့ ဆုပေးပွဲက မေလထဲမှာ ကျင်းပတာဆိုတော့ ကျွန်တော် (ဘာမှမဆိုင်တဲ့ ကျွန်တော်) တောင် အဲဒီရက်မှာ ဘယ်သူတွေက ဘယ်နေ့ကလာ၊ ဘယ်သူတွေက ဘာတွေလုပ်ဆိုပြီး တွေးနေမိသေးတယ်။ ကျွန်တော်က ကုမ္ပဏီ ၀န်ထမ်း တစ်ယောက်မို့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မူအရ တစ်လကို တစ်ခါ လဆန်းရက်မှာ ရန်ကုန်ကို လာပြီး အစည်းအဝေး တက်ရပါတယ်။ အဲဒီ အစည်း အဝေးရက်နဲ့ သိပ်မကွာတဲ့ ရက်မှာ ဆရာတို့ ဆုပေးပွဲကြီး ကျင်းပတော့ ရင်ထဲမှာ (ကိုယ်နဲ့လည်း မဆိုင်ဘဲနဲ့) တစ်မျိုးကြီး ခံစားနေရသလို။ ကျွန်တော်တို့ ရုံးချုပ်နဲ့ ဆရာတို့ မဂ္ဂဇင်းတိုက်က နီးနီးလေးပါ။ ဒါပေမယ့် တစ်ခါမှ မရောက်ခဲ့ပါဘူး။ ပြောချင်တာက ဆုပေးပွဲမတိုင်မီ ၃ လလောက်ကြိုပြီး ပရိသတ်ကို ရင်ခုန်စေမယ့် ဆုရနိုင်မယ့် ဆရာ၊ ဆရာမတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးဖို့ပါ။ ဒါမှ ပရိသတ်က ဒီနှစ်တော့ ကိုယ်သဘောကျတဲ့ ဘယ်ဆရာ၊ ဆရာမကတော့ ဘယ်လောက် သေချာနေပြီ ဆိုတာ ခန့်မှန်းလို့ ရအောင်ပါ ဆရာ။ ကျွန်တော်ကတော့ ၀တ္ထုတို သမားမို့လား မသိပါဘူး။ မဂ္ဂဇင်းတွေမှာ ပါတဲ့ ၀တ္ထုတို၊ ရှည်တွေကို ဖတ်ပြီးရင် ခွဲခြမ်း စိတ်ဖြာပါတယ်။ ပြီးရင် ရသ ဘယ်လိုမြောက်တယ်၊ တင်ပြပုံဆန်းသစ်တယ်၊ စကားလုံး ဆန်းသစ်မှု ဘယ်မျှပါတယ် စသဖြင့် ကိုယ့်ဘာသာ မှတ်ချက်ပေးပါတယ်။ ပြီးမှ အဲဒီအထဲက ကိုယ်လိုချင်တာကို ယူ၊ မလိုတာကို ပယ်ပြီး ကိုယ်စာရေးတဲ့ အခါမှာ ထည့်ပြီး အသုံးပြပါတယ်။ မဂ္ဂဇင်း စာမျက်နှာတွေမှာ ပါတဲ့ ကျွန်တော် ဖတ်မိတဲ့ ၀တ္ထုတွေဟာ ကျွန်တော့ အတွက် သင်ဆရာ၊ မြင်ဆရာတွေ ပါပဲ။ ဒီလိုနဲ့ ရွှေအပါအ၀င် မဂ္ဂဇင်း တွေကို ဖတ်ခဲ့ ရပြီး စာရေး ချင်စိတ်တွေ ဖြစ်လာခဲ့တာပါ။ ကျွန်တော် ၀တ္ထုတွေ ဖတ်တတ်ကတည်းက ကိုယ်သဘောကျတဲ့ ဆရာ၊ ဆရာမတွေရဲ့ စာတွေကို အရင်ဆုံးဖတ်ခဲ့ရတာပါ။ မှတ်မှတ်ရရ ပြောရရင် ဆရာတို့ ရွှေမှာ ဆရာမငွေဇင်ယော်ဦး (မိုးကုတ်)ရဲ့ အသံမမြည်သော ခေါင်းလောင်းများ ကို ဖတ်ပြီးကတည်းက စာရေးချင် စိတ်တွေ စဖြစ်ခဲ့ရတာ အမြဲ မှတ်မိနေပါတယ်။ ဒါပေမယ့် ရေးချင်စိတ်သာ ရှိပြီး မရေးဖြစ်တာရယ်၊ မရေးတတ်တာရယ်ကြောင့် ၂၀၀၉ နှစ်ဆန်း ကျမှပဲ တကယ် ရေးဖြစ်ခဲ့တာ။ စရေးတဲ့ စာကို မဂ္ဂဇင်း တစ်တိုက်ကို ပို့ပြီးမှာပဲ ချက်ချင်း ၃ လပဲ အကြာ အဖော်ပြခံ ရပြီးကတည်းက ရေးချင်ခဲ့တာ၊ အားတွေရှိပြီး ရေးဖြစ်ခဲ့တာ ဒီနေ့ အထိပါပဲ။ ရွှေမှာ ၆ ပုဒ် ပို့ပြီးကတည်းက ခုထိရွှေကို ဆက်မပို့ဖြစ်တာကို ကိုယ့်ကိုယ်ကို အားမရပါဘူး။ အလုပ် မအားဘူး လို့လည်း မပြောချင်ပါဘူး။ တစ်ခါတစ်ခါမှာ စာရေးချင် စိတ်တွေ နည်းနေရင် ရွှေအဟောင်းတွေ၊ ဆုရစာမူတွေ ဖတ်ရင်း လေ့လာနေရဆဲပါ။ ကျွန်တော် တွေးမိတာ တစ်ခုရှိပါတယ်။ စာရေးတယ်ဆိုတာ Volunteer မဟုတ်ဘဲ Professional ဖြစ်ဖို့ အစပျိုးနေတာပါ။ ကျွန်တော်တို့ အလုပ်တွေ မလုပ်နိုင်တဲ့ တစ်နေ့ အသက်တွေ ကြီးလာတဲ့ အချိန်မှာ ခုလို ငယ်စဉ်က အစ ပျိုးခဲ့တဲ့ စာရေးခြင်းဟာ Professional ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ကြိုးစားတာ အောင်မြင်မှုပဲ မဟုတ်ပါလား ဆရာ...။ မောင်ခိုင်စု ရွှေအမြုတေ စာပေဆုပေးပွဲကို စိတ်ဝင်တစားရှိတယ် ဆိုတဲ့ အတွက် ကျေှးဇူးတင်ပါတယ်။ ကိုခိုင်စု ပြောသလို သုံးလလောက် ကြိုပြီး ဖော်ပြဖို့ ဆိုတာကတော့ သိပ်မလွယ်ပါဘူး။ အခု ကျွန်တော်တို့ အလင်းတန်း ဂျာနယ်မှာ သုံးပတ်လောက်ကြိုပြီး ဆရာ၊ ဆရာမများရဲ့ ခန့်မှန်းချက်တွေ ဖော်ပြပေးတာ ဒီနှစ်က အစဖြစ်ပါတယ်။ နောင်နှစ်များမှာလည်း အခုလိုပဲ ခန့်မှန်းချက်များကို ဖော်ပြပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်။ စာရေးခြင်းဟာ အရင်တုန်းကတော့ ပရော်ဖက်ရှင်နယ် ဖြစ်ပါတယ်။ စာရေးတာ တစ်ခုတည်းနဲ့ အသက်မွေး ၀မ်းကျောင်းခဲ့တဲ့ ဆရာမြသန်းတင့်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)တို့ဟာ ထင်ရှားတဲ့ ဆရာများ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ကုန်ဈေးနှုန်းနဲ့ မဂ္ဂဇင်း တိုက်များက ပေးနိုင်တဲ့ စာမူခ ယှဉ်လိုက်ရင်တော့ စာရေးခြင်းဟာ ပရော်ဖက်ရှင်နယ်လို့ ပြောဖို့ရာ တော်တော် ဝေးသွားပါပြီ။ အသက်ကြီးမှ ၀ါသနာ အလျောက် ရေးတယ်ဆိုရင်တော့ အပျင်းပြေပေါ့။
ဆရာဦးဝင်းငြိမ်းရေ... နှစ်စဉ် မေလ ၂၈ ရက်မှာ ကျင်းပလေ့ရှိတဲ့ ရွှေအမြု တေရဲ့ဖခင် ဆရာဦးဝင်းငြိမ်းရဲ့ မွေးနေ့နှင့် အတူ ရွှေအမြုတေ စာပေဆုကို ထိုက်တန်လှစွာ ဂုဏ်ပြု ချီးမြှင့် နေတာကိုလည်း ကျွန်တော်တို့ မြန်မာပြည် တစ်လွှားမှာ ဂုဏ်ယူ ပျော်ရွှင်မဆုံး ရှိနေတာကို စာဖတ် ပရိသတ်ကြီး ကိုယ်စား ကျွန်တော်က ဆရာ အားတက်စေဖို့ ဤနေရာမှာ ရေးလိုက်ပါရစေ။ ကျွန်တော်သာ ပုံနှိပ်စာမူ အဖြစ် ရွှေမှာ တစ်ကြိမ် ပါပြီးရင် ရာသက်ပန်ပါပဲ။ ဆရာ အဲသည့် ရွှေစာပေဆု အတွက် တစ်နှစ်မပြတ် ဆရာ ပင်ပန်းမည့် အရာအားလုံးကို တပည့်တစ်ယောက် အနေဖြင့် သိမ်းကျုံး လုပ်ပေးချင်သည်မှာ ကျွန်တော့်ဆန္ဒ အမှန် ဖြစ်ပါကြောင်း ရေးလိုက်ပါရစဦး။ ကမ္ဘာတည်သရွေ့ ရွှေအမြုတေ စာပေဆု မညှိုးစေရ ဆိုတဲ့ သန္နိဋ္ဌာန် စိတ်နဲ့ပဲပေါ့ ဆရာ။ ဒါထက် ဆရာ တစ်ခု မေးပါရစေ။ ဆရာ့ မဂ္ဂဇင်းမှာ အစဉ်အားပေး ဖော်ပြလာတဲ့ ရုပ်ရှင်မင်းသမီး စာရေးဆရာမ စိုးမြတ်သူဇာ တစ်ယောက် ယူနိုက်တက် စတိတ်မှာ အလုပ် လုပ်နေတဲ့ ဦးမျိုးမင်းနဲ့ တကယ်ပဲ ကွာရှင်းလိုက်ပြီ လား။ နောက်လတွေမှာ ကျွန်တော် သိချင်တဲ့ မစိုးမြတ်သူဇာ ရဲ့ အဲဒီ သတင်းကို သိပါရစေ။ စာလည်း ရှည်သွားလို့ စာဖတ် ပရိသတ်က ဆဲမှာလည်း ကြောက်ပါတယ် ဆရာ။ ကျွန်တော်ဟာ ရွှေအမြုတေကို ဆရာ့ တပည့်အဖြစ် ကိုယ်တိုင်ကိုယ်ကျ ဦးစီးခွင့်(အဖွဲ့ဝင်အဖြစ်) ဆရာမှ လက်တွဲခေါ်ယူ မြေတောင်မြှောက် ရှင်သန်ခွင့်ကိုသာ စာရေးဆရာ တစ်ဦးဖြစ်ချင်သူ ပီသစွာ ရေးလိုက်ရပါတော့ သည်။ အရာရာကို အမှားပါက ခွင့်လွှတ်ပါဟူ၍သာ...။ အောင်စိုးခိုင် ရွှေအမြုတေစာပေဆုကို ကမ္ဘာ တည်သရွေ့ တည်တံ့စေ ချင်တယ်ဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ စိုးမြတ်သူဇာနဲ့ အမေရိကန် ပြည်ထောင်စုမှ သူ့ခင်ပွန်းတို့ တရားဝင်ကွာ ရှင်းပြတ်စဲ လိုက်ပြီဆိုတာ ဟုတ်ပါတယ်။ သြဂုတ်လဟာ စိုးမြတ်သူဇာ မွေးလဖြစ်တဲ့ အတွက် သူ့မျက်နှာဖုံးနဲ့ ဖော်ပြပေး ထားပါတယ်။ အိမ်ထောင်ရေး ကိစ္စကတော့ ဆောင်းပါးရှင် ခင်လေးမြင့်ရဲ့ အင်တာဗျူးမှာ ပါကောင်းပါပါလိမ့်မယ်။
ဦးဝင်းငြိမ်း... ဒီလိုစရပေမယ့်လို့ စိတ်ထဲမှာ သောကစိုးရိမ်စိတ်က ပိုပါ တယ် ဆရာ။ ဆရာသုရဲ့ နာရေးသတင်း၊ မေချို(ချိုပြုံး)ရဲ့ ကျန်းမာရေး သတင်းကြောင့် စိတ်ထဲမှာ နှမြောစိုးရိမ်နေတုန်း မှာJune လထုတ်ရွှေကို ဖတ်တော့ ရွှေအသစ် ပဏာမမှာ ဖတ်ရ တဲ့ ဆရာ့ကျန်းမာရေး သတင်းကြောင့် ကျွန်တော် တုန်လှုပ်သွား မိပါတယ်ဆရာ။ ကျွန်တော့် ကျူရှင်မှာ ဗမာ၊ ရှမ်းရော ဂေါ်ရ ခါး၊ ဟိန္ဒူနဲ့ မွတ်ဆလင်ဘာသာဝင် စာအုပ်တွေ စုံပါတယ် ဆရာ။ ကလေးတွေက အပြင် စာဖတ်တဲ့သူ နည်းပေမယ့် ကျွန် တော့်ဆီက တစ်ဆင့် ရွှေမဂ္ဂဇင်းကိုရော ရွှေအသစ်ကဏ္ဍကို ရော ဆရာ့ကိုပါ ကြားဖူးဖန်များတော့ နားဝနေကြတဲ့ သူတွေပါ။ ဒီနေ့ (၉.၆.၂၀၁၀)(WED) မှာတော့ ဂေါ်ရခါး ကျောင်းသား လေးတွေက “ညက ဆရာဦးဝင်းငြိမ်း ကျန်းမာရေး ပိုကောင်း အောင် သားတို့ ဘုရားကျောင်းမှာ ဆုတောင်းခဲ့ကြတယ် ဆရာ”လို့ လာပြောတော့ ကျွန်တော်လည်း အံ့သြ၀မ်း သာဖြစ်ရာကနေ ခုစာကို ချက်ချင်းကောက်ရေးလိုက်တာပါ ဆရာ။ ဂေါ်ရခါး လူမျိုးတွေက အင်္ဂါနေ့ ညတိုင်းမှာ အဆိုအတီး တွေနဲ့ ဘုရား ၀တ်တက်ကြတဲ့လူမျိုးပါ ဆရာ။ ဒီစာရေးတုန်း မှာ မွတ်ဆလင်ဘာသာဝင် ကျောင်းသားလေးတွေကပါ “သော ကြာနေ့ကျရင် သူတို့လည်း ဆုတောင်းပေးပါမယ် ဆရာ”လို့ လာပြောကြတော့ စာရေးရတာတောင် လက်တွေ တုန်နေသလိုပဲ ဆရာ။ ကျွန်တော် လေးစားလွန်းပြီး လူချင်း ဆုံတွေ့လိုသူ ၃ ဦးပါ ဆရာ။ ဆရာသု(တွေ့ဆုံခဲ့ပြီး) မေချို(ချိုပြုံး)နဲ့ ဆရာတို့ ပါပဲ။ လောလောဆယ်တော့ ပြင်ဦးလွင်က မခွာနိုင်ပါဘူး ဆရာ။ ဒါကြောင့် ကျွန်တော် လုပ်နိုင်သမျှကတော့ ဆုတောင်း မေတ္တာပို့ခြင်းပါပဲ ခင်ဗျာ။ ဆရာ ကိုယ်စိတ်ကျန်းမာချမ်းသာပြီး နှစ်ပေါင်းများစွာ ကြာတဲ့တိုင်အောင် ရွှေအသစ်တွေရဲ့ စာမူတွေ ရာ၊ ထောင်၊ သောင်း၊ သိန်းချီပြီး ဖတ်ရှု စစ်ဆေးနိုင်အောင် ခရစ်တော်၊ ဗုဒ္ဓ၊ ခရစ္စရှနားစတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူ အလ္လာရှင်မြတ်ကလည်း ကောင်းချီးပေးပါစေ ခင်ဗျာ။ ဆရာ၊ ရွှေ၊ ရွှေဝိုင်းတော်သားများ စာပေ၊ အနုပညာ၊ အတတ်ပညာရှင်များ၊ ပရိသတ်များလည်း ကျန်းမာချမ်းသာ ကြပါစေ။ လမင်းမောင်မောင် ပြင်ဦးလွင်မြို့ ပြင်ဦးလွင်မြို့က ကိုလမင်းမောင်မောင်နဲ့ ကျောင်းသူ ကျောင်းသားကလေးများ ခင်ဗျာ။ ပို့သတဲ့ မေတ္တာများ အကြောင်း ဖတ်လိုက်ရတဲ့ အတွက် ၀မ်းသာပီတိ မျက်ရည် လည်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် နှလုံးသွေးကြောပိတ် ရောဂါအတွက် ထိုင်းနိုင်ငံမှာ ထိရောက်တဲ့ ကုသမှု ခံယူခဲ့ပြီး ဖြစ်တာကြောင့် လောလောဆယ်မှာ စိုးရိမ်စရာ မရှိလောက်အောင် ကျန်းမာနေပြီ ဖြစ်ပါတယ်။ ခရီးကြုံ ကြိုက်ရင် ပြင်ဦးလွင်မှာ လာတွေ့ချင်ပါတယ်။
လေးငြိမ်းရေ... ကျွန်တော်က ရွှေကို လစဉ် အားပေးနေတဲ့ ပရိသတ် တစ် ယောက်ပါ။ ကျွန်တော် သိချင်တာ တစ်ခုလောက် မေးပါရစေ။ မျိုးရုပ်ရှင် ထုတ်လုပ်ရေးအတွက် မောင်ဝဏ္ဏရိုက်တဲ့ ရင်နင့်အောင်မွှေး ၀တ္ထုဟာ ဒေါ်ခင်နှင်းယုရဲ့ ၀တ္ထုလို့ ရွှေမှာ ဖတ်လိုက်ရပါတယ်။ ဂျာနယ်ကျော် မမလေးရဲ့ ရင်မှတစ်ရှိုက် ၀တ္ထုကို ငှားဖတ်တော့ စာရေးသူရဲ့ အမှာစာ စကားလေး ထည့်ထားပါတယ်။ “အဲဒီဝတ္ထုရေးနေချိန်မှာ ကျွန်မ အလုပ် အရမ်းများနေပါ တယ်။ ပရိသတ်က မဂ္ဂဇင်း(မဂ္ဂဇင်းအမည် မမှတ်မိ)မှာ အခန်း ဆက်ပါတဲ့ ရင်နင့်အောင်မွှေး လိုတ၀ကြီး ဖတ်ရမယ်ထင် ထားတာ။ အခုဝတ္ထုက သုံးလနဲ့ ပြတ်သွားတယ်”လို့ ရေးထား ပါတယ်။ ဘယ်သူ ရေးတာလို့တော့ ဆိုမထားပါဘူး။ ဒါပေ မယ့် ကျွန်တော်က ဒေါ်ခင်နှင်းယု ရေးတာလို့ပဲ သိထားပါ တယ်။ နောက် ဂျာနယ်ကျော်မမလေးရဲ့ စိတ်ဆိုတဲ့ ၀တ္ထုမှာ စာရေးသူရဲ့ အတ္ထုပ္ပတ္တိဆိုပြီး ပါလာပါတယ်။ အဲဒီမှာ ဂျာနယ် ကျော်မမလေးရဲ့ အောင်မြင်သောဝတ္ထုများကို ရေးထားတာ တွေ့ရပါတယ်။ ရင်နင့်အောင်မွှေး သွေး ရင်မှတစ်ရှိုက် စသဖြင့် ရေးထားပါတယ်။ အဲဒါ ဒေါ်ခင်နှင်းယုနဲ့ ဂျာနယ်ကျော်မမလေးဟာ တစ်ယောက်တည်းလား သိချင်ပါတယ်။ ကျော်သူဝင်း(စလင်း) ကိုကျော်သူဝင်းခင်ဗျာ။ ရင်နင့်အောင်မွှေး ၀တ္ထုက ကွယ်လွန်သူ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး ရေးသားခဲ့တဲ့ ၀တ္ထုဖြစ်ပါတယ်။ ကွယ်လွန်သူ စာရေး ဆရာမကြီး ဒေါ်ခင်နှင်းယု ရေးသားခဲ့တဲ့ ၀တ္ထုက မွှေး တစ်လုံးတည်း ဖြစ်ပါတယ်။ ဆရာမကြီးများက တစ်ဦးစီ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး ကွယ်လွန် သွားကြပါပြီ။
မင်္ဂလာပါ ဦးဝင်းငြိမ်း... ဒီလ အကြိုက်ဆုံး ၀တ္ထုတွေကတော့ မဟူရာ(လွိုင်ကော်) ရဲ့ အကြွေး နဲ့ မင်းတင်ထွဏ်းရဲ့ သစ္စာအရောင် မသိသူ ၀တ္ထုများပဲ ဖြစ်ပါတယ်။ ရင်မှာ နင့်နင့်နဲနဲနဲ့ မျက်ရည်ဝဲအောင် ခံစားလိုက်ရပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက ဖတ်ခဲ့ရတဲ့ မောင်သော်ကရဲ့ တိုက်ရေယာဉ် ၁၀၃ ကတော့ ခံစားမှုမျိုးစုံ ခံစားခဲ့ရပါတယ်။ မောင်သော်ကရဲ့ ခံနိုင်ရည် ဇွဲသတ္တိနဲ့ ခေါင်း ဆောင်ကောင်း ပီသမှုတွေကိုလည်း တသသနဲ့ ပြောမဆုံးအောင် ရှိခဲ့ပါတယ်။ ဒီလိုဝတ္ထုကောင်းမျိုးကို ပြန်လည် တင်ပြပေးခဲ့တဲ့ ဦးဝင်းငြိမ်း ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဒီလ အကြိုက်ဆုံး ဆောင်းပါးကတော့ မေတ္တာဦးရဲ့ ရေခြားမြေခြားအတွေ့အကြုံ အလှူ ဖြစ်ပါတယ်။ ဖတ် ပြီး ရင်မှာ ကြည်နူးမှုတွေနဲ့ မုဒိတာတရား ပွားများမိပါကြောင်း ပြောပါရစေ။
လှလေးစိန် ဆရာမ မဟူရာ(လွိုင်ကော်)က လုံးချင်း ၀တ္ထုများကိုသာ ရေးသားနေပြီး မဂ္ဂဇင်းမှာ မရေးသလောက်ပါပဲ။ ရွှေအမြုတေ ကိုတော့ စေတနာ အပြည့်အ၀နဲ့ ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဆရာမင်းတင်ထွဏ်းကလည်း စာအရေးကျဲပေမယ့် ၀တ္ထုကောင်း ရပြီဆိုရင် ရွှေအမြုတေကို ပို့တတ်ပါတယ်။ ဆရာမမေတ္တာဦးရဲ့ ဆောင်းပါးများလည်း လစဉ်ဖော်ပြပေးနေ ပါတယ်။
ဆရာ ဦးဝင်းငြိမ်းရှင့်... မင်္ဂလာပါဆရာ။ နှစ်သစ်မှာ ဆရာ ကျန်းမာ ချမ်းသာမှု များဖြင့် စာပေ လုပ်ငန်းများ ဆောင်ရွက်နိုင်ပါစေ။ သမီးက ရွှေရဲ့ပရိသတ် တစ်ယောက်ပါ။ ရွှေမှာပါဝင်တဲ့ ကဏ္ဍအားလုံး ကို ကြိုက်နှစ်သက်ပါတယ်။ ဆရာမာန်(တောင်လုံးပြန်)ရဲ့ ရေတက်မိုး နှင့် ဆရာမင်းဝေဟင်ရဲ့ ပျိုတို့လင်ရှင်မချစ်ရင် ပစ်ခဲ့တော့လေး တို့ကို အထူးပင်နှစ်ခြိုက်မိပါတယ်။ ငြိမ်း ကျော်ရဲ့ အပြည်ပြည်ဆိုင်ရာ အချစ်ဒုက္ခသည်များနေ့ ကိုလည်း ကြိုက်ပါတယ်။ ဆရာမခင်ခင်ထူးရဲ့ မအိမ်ကံ သည် ဖော် မပြနိုင်အောင် ခံစားရတယ်။ မစန္ဒာရဲ့ ဂျီဟောသူ ၀တ္ထုအား ဖော်ပြပေးလို့ရရင် ရွှေမှာ ဖော်ပြစေချင်ပါတယ်။ အပြင်မှာ ရှာပေမယ့် ဘယ်မှာမှ ၀ယ်လို့ မရလို့ပါ။ ကြုံကြိုက်တုန်း တောင်းဆိုပါရစေ။ ရွှေမှာ မန၀ရတ်ကို မတွေ့မမြင် ရသည်မှာ တော်တော်ကို ကြာပါပြီ။ ဦးဝင်းငြိမ်း စီစဉ်တဲ့ အလင်းတန်း ဂျာနယ်မှာလည်း အတွေ့ရကျဲ သွားတယ်။ သမီးက န၀ရတ်ရဲ့ ပရိသတ် တစ်ယောက်ပါ။ ဖြစ်နိုင်ရင် ရွှေမျက်နှာဖုံးရှင် အဖြစ် တွေ့ချင်ပါတယ်။ ရွှေမှာ မန၀ရတ်ကို မတွေ့ရသည်မှာ နှစ်နှစ်ခွဲ၊ သုံးနှစ်လောက် ရှိသည် ထင်ပါတယ်။
ဖြူဖွေးသန့် သူနာပြုတက္ကသိုလ်၊ မန္တလေးမြို့ န၀ရတ်ရဲ့ပုံ ရွှေအမြုတေ မဂ္ဂဇင်းမှာ မတင်ဖြစ်တာ ကြာပါပြီ။ အလျဉ်းသင့်တဲ့ အခါ ဖော်ပြပေးပါမယ်။ န၀ရတ်က ကားကြီးနဲ့ ဗီဒီယို ကားများ ရိုက်ရက်ဆက် နေတာကြောင့် ဓာတ်ပုံရိုက်ဖို့ လွယ်လွယ်ကူကူ အချိန် မပေးနိုင်သေးတာကြောင့် ဖြစ်ပါတယ်။
လေးစားရပါသော ဆရာဦးဝင်းငြိမ်း ခင်ဗျား... ဒီစာဟာ ကျွန်တော့်ရဲ့ ဒုတိယမြောက်စာ ဖြစ်ပါတယ်။ ပထမ စာမှာတုန်းက ကျွန်တော် ပြောခဲ့သလိုပါပဲ။ ရေးဖြစ်ဖို့ အကြောင်းဖန်လာမှ ရေးဖြစ်မယ် ဆိုတာပါပဲ။ ခုလည်း ရေး ဖြစ်ခဲ့ပြန်ပါပြီ ဆရာ။ တခြားတော့ မဟုတ်ပါဘူး ဆရာ။ ကျွန်တော့်ရဲ့ စာမူ ကိစ္စလေးပါ ဆရာ။ ကျွန်တော့်ကလောင်က အိုအေစစ်(မအူပင်)ပါ။ စာမူခေါင်းစဉ် ဆယ့်နှစ်ကြိုး ဖြစ်ပါတယ် ဆရာ။ လွန်ခဲ့တဲ့ ၂၀၀၉ ဒီဇင်ဘာလမှာ ပြန်ကြား ချက်ပါပြီး ဆန်ခါတင်နဲ့ ဖြုတ်ကျန်ခဲ့ပါတယ်။ ဆရာက ဒီအကြောင်းအရာကိုပဲ ပြန်ကြိုးစားကြည့်စေချင်ပါတယ်လို့ ပြန်ကြားပေးခဲ့ပါတယ်။ ကျွန်တော်လည်း အခက်အခဲအမျိုး မျိုးကြားကနေ ဆရာလက်ထဲ အချိန်မီ ပြန်ရောက်နိုင်အောင် ကြိုးစားခဲ့ပါတယ် ဆရာ။ ၂၀၁၀ မတ်လရောက်တော့ ရွှေချစ်သူမှ....ကဏ္ဍမှာ ဆရာပြန်ကြားချက်ကလေး ပါလာပါတယ်။ စာမူရောက်ပြီ ဆိုရင်တော့ အရင်လို တစ်နှစ်ကျော် နှစ်နှစ်နီးနီး စောင့်စရာ မလိုတော့ဘဲ နီးစပ်ရာ လမှာ စဉ်းစားပေးသွားမယ် ဆိုတာကြောင့် ရှေ့လပါနိုးနိုး စောင့်မျှော်ရတာလည်း အမောပါ။ အနည်းဆုံးတော့ ပြန်ကြားချက်ကလေး ထပ်ပါပါ ကျေနပ် ရဦးမှာပါ။ ခုတော့ ဒွိဟတွေနဲ့ ဘယ်နေရာမှာ လွဲနေမှန်းလည်း မသိတော့ပါဘူး ဆရာ။ နောက်ဆုံး ဆရာတို့ တိုက်ကို အား နာစွာနဲ့ပဲ ဖုန်းဆက် စုံစမ်းရပါတော့တယ်။ ကျွန်တော် ထင်မှတ်ထားတဲ့အ တိုင်းပါပဲ ဆရာ။ ကျွန်တော့်စာမူလေး လတ်တလော ပို့နေတဲ့ အသစ်တွေနဲ့ ရောပါသွားပြီ ဆိုတာပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် အားလည်း နာပါတယ် ဆရာ။ ကျွန်တော် စာတိုက်မှာ ပို့စဉ်တုန်းက အခက်အခဲ ရှိပေမယ့် စာအိတ်ပေါ်မှာ သိသာအောင် မှတ်ချက်ကလေး ရေးပေးခဲ့ပါ သေးတယ်။ ဒုတိယအကြိမ် ပြန်ပေးပို့တဲ့ စာမူဖြစ်ကြောင်း ပါဆရာ။ ခုလို ဖြစ်သွားတာကတော့ မစဉ်းစားတတ်အောင် ပါပဲ။ ကျွန်တော့် ကံလို့ပဲ ဆိုပါတော့လေ။ နို့မဟုတ်ရင်လည်း ကျွန်တော် ခုလိုမျိုး စုံစမ်းမိမှာ မဟုတ်ပါဘူး ဆရာ။ အနှောင့် အယှက်ပေးမိသလို ဖြစ်သွားမှာ စိုးရိမ်လို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရွှေအသစ်တွေရဲ့ အိပ်မက်ကိုလည်း ဆရာအသိ ပါ။ ကိုယ့်စာမူလေး ဒီအဆင့်ထိ ရောက်ကာမှတော့ အတိုင်း အဆမဲ့ မြတ်နိုးပြီး တန်ဖိုးထား မျှော်လင့် တတ်မယ်ဆိုတာ ကိုပါ။ ဖုန်းထဲကနေ ပြဿနာကိုဖြေရှင်းပြီး ဆရာ့လက်ထဲ စာမူပြန်တင် ပေးမယ်ပြောတဲ့ အစ်မကိုလည်း ကျေးဇူး အထူး တင်ပါတယ်။ ကျွန်တော့်နောက်က ၂၀၁၀ ဖေဖော်ဝါရီလမှာပဲ ကျွန်တော့်လို ဆန်ခါတင်နဲ့ကျန်ခဲ့တဲ့ ဆရာမနီနီနိုင်(သထုံ) တောင် ဧပြီလထဲ ချက်ချင်းပြန်ပါလာတာကို တွေ့လိုက်ရ လို့ပါဆရာ။ အများကြီး မျှော်လင့်မထားပေမယ့် အဆုံးအဖြတ် ပြန်ကြားချက်ကလေးလောက်တော့ မျှော်လင့်ထားမိလို့ပါ ဆရာ။ တစ်ဆက်တည်းမှာပဲ ဆရာ နေမကောင်းလို့ အနားယူ နေရတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရပြီးကတည်းက ကျွန်တော် ဘယ်လိုကြိုးစားမှုမျိုးမှ မလုပ်တော့ဘူး ဆရာ။ ရှိစေတော့လေ။ ဆရာ့ကို ဒုက္ခ ပေးမိသလိုများ ဖြစ်နေမလား တွေးမိတော့ ဖုန်းလည်း တဂွမ်ဂွမ်မဆက်ရက်တော့ပါဘူး။ မျှော်လင့်လက်စနဲ့ မျှော်လင့် နေလိုက်တော့မယ် ဆရာ။ ဒီစာကို ရေးနေတဲ့ အချိန်အထိ ကျွန်တော် မျှော်လင့် အဆင့်ပါပဲ ဆရာ။ စာပေကိုမှ မြတ်နိုးမိနေတော့လည်း ဘယ် တတ်နိုင်ပါ့မလဲ ဆရာရယ်။ ဆရာလို စာပေနဲ့ ပတ်သက်လာရင် တန်ဖိုး အကြီးမားဆုံး စေတနာ တောင်ကြီးကိုတော့ မနှိုင်းသာ နိုင်ပါဘူး ဆရာ။ ဒါပေမယ့် ကျွန်တော်တို့တွေရဲ့ဘ၀ကိုတော့ ဆရာ ကိုယ်ချင်းစာ ပေးနိုင်မယ် ထင်ပါတယ်။ ဆရာ ဦးပုညကတော့ သူ့ချစ်သူ အပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းသစ္စာကို မုန်းစိတ်မကူး တေးထပ်နဲ့ ဖော်ညွှန်းခဲ့တယ် ဆရာ။ ကျွန်တော့်အတွက်ကတော့ စာပေနဲ့ ပတ်သက်လာရင် ဆရာ ဦးပုညရဲ့ တေးထပ်ကလေးလို သစ္စာ တိုင်တည် ချင်သေးတယ် ဆရာ။ စာပေနဲ့ ပတ်သက်ပြီး ဘယ်တော့ အခါမျှ စိတ်မလျှော့၊ အားမပြတ်ဘဲ ထာဝရ မုန်းစိတ်မကူးမယ့် သစ္စာတိုင် တေးထပ်လေးပေါ့ ဆရာ။ “ကြယ်ဓူဝံ မြေခလို့ နေပတော့ ကောင်းကင် ရွှေလမှာ ဒေါင်းမြင်စေ ပေါင်းမိလျှင် ခွာဘူး။ နိဗ္ဗာန်မှ မရခင် ဘ၀တွေ မုန်းစိတ်မကူး” တဲ့ ဆရာ။ ဆရာ ပြောဖူးသလိုပါပဲ။ စာရေးဆရာဟာ စာရေးနေမှ တိုးတက်နိုင်မယ် ဆိုတာကိုပေါ့။ ကျွန်တော် လိုက်နာနေပါ့မယ် ဆရာ။ ဘယ်လို အခက်အခဲမျိုးတွေ ကာဆီးဆီး ဒီခရီးအတွက် ကျွန်တော် ရေးနိုင်သလောက် ရေးနေပါတယ်။ ပေးဆပ်ချင်ရုံ သက်သက်ပါ ဆရာ။ သစ္စာပါ။ ဆရာနှင့်တကွ ရွှေချစ်သူများ အားလုံး စိတ္တသုခ၊ ကာယသုခ အပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းလျက် ရွှေဆက်လက် ရှင်သန် တည်မြဲပါစေသောဝ်။ အိုအေစစ်(မအူပင်)
ပြန်တင်သင့်တယ်လို့ ကျွန်တော် မှတ်ချက်ရေးတဲ့ စာမူများ ဒုတိယအကြိမ် ပြန်ဝင်လာရင် မီရာလမှာ ဖော်ပြပေးလေ့ ရှိပါတယ်။ ဆရာ အိုအေစစ်ရဲ့ စာမူက ဖြစ်ချင်တော့ နောက်ထပ်ပို့တဲ့ အသစ်များထဲမှာ ရောနေခဲ့ပြီး အခုစာရချိန်မှာ ကျွန်တော့် လက်ထဲကို စာမူ ရောက်လာပါပြီ။ အကျိုးအကြောင်း နောက်လမှာ ပြန်ကြားပေးပါမယ်။ မကြာမီလာမည်.... မျှော်...ပေါ့ဗျာ။


ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)
|
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...