|
Written by မောင်သန်းဆွေ (ထားဝယ်)
|
|
Wednesday, 28 July 2010 09:22 |

“၀ါဆိုဝါခေါင်၊ ရေဖောင်ဖောင်”ဆိုသည့် အတိုင်း မိုးဖြိုင်ဖြိုင် ရွာသွန်းလေပြီ။ လွန်ခဲ့သည့် နွေရာသီက ပူလွန်း လှသဖြင့် မိုးကို အမျှော်ကြီး မျှော်ခဲ့ကြသည်။
မိုးရွာပြန်တော့လည်း “ရွာနိုင် ရန်ကောတော်”ဟု မိုးနှင့် ရန်ဖြစ် ကြရစမြဲ ဖြစ်သည်။ မိုးနှင့် ရန်ထောင်သည့် အထဲတွင် ဂီတ မိခင်ကြီး ဒေါ်စောမြ ဧကြည်၏ ရန်ထောင်မှုကိုကား မည်သူမျှ မီမည် မထင်ပါ။ ကြီးကြီး ဒေါ်စောမြဧကြည်က မိုးနှင့် ရန်ထောင်သည့် မိုးဒေ၀ါ ပတ်ပျိုးကို ရေးစပ်ခဲ့ပါသည်။ မလှရွှေနှင့် ဓာတ်ပြား သွင်းခဲ့၏။ ထို့ကြောင့် မိုးတွင်းသို့ ရောက်ပြီ ဆိုလေတိုင်း မြန်မာ့အသံမှ မလှရွှေ၏ မိုးဒေ၀ါ ပတ်ပျိုး သီချင်းကို ကြားရစမြဲ ဖြစ်သည်။ သည်သီချင်းသံကို ကြားရလေတိုင်း၊ “ကောင်းလိုက်တာနော်”ဟု ပီတိနှင့် ခံစားရသည်။ ကိုယ်က ကြိုက်၍ လိုက်ဆိုသော်လည်း သူနှင့်တူအောင် ဘယ်ဆိုနိုင်ပါမည်နည်း။ (၃.၉.၁၉၆၃) ရက်နေ့က သီချင်းကြီးဆရာ ဦးဌေးအောင်နှင့် သည်သီချင်းကို တက်ထားသည်။ သို့သော်လည်း မည်သို့မျှ တူအောင် မဆိုနိုင်ပါ။ သို့ကြောင့် စိတ်နှင့်သာ လိုက်၍ ဆိုရလေတော့သည်။ စာရေးသူကဲ့သို့ ပါမွှားကို မဆိုထားနှင့်။ အသံကောင်းသည်၊ စနစ်တကျ သီဆို နိုင်ပါသည် ဆိုသည့် နာမည်ကြီး အဆိုတော် များပင်၊ သည်သီချင်းကို လိုက်ဆိုကြ သော်လည်း မလှရွှေကို မမီပါ။ စာရေး သူတို့နားတွင် သူတို့ ဆိုသည်မှာ ကောင်းသလောက် ကောင်းသော်လည်း မလှ ရွှေဆိုသွားသည်ကဲ့သို့ နားထဲ မစွဲပေ။ သည်သီချင်းကို ကိုယ်တိုင် ရေးစပ်ပြီး မလှရွှေကို အဆို သင်ပေးသည်ဆိုသည့် မလှရွှေ၏ ဆရာ ဒေါ်စောမြဧကြည် သီဆိုသည်ကိုလည်း ကြားဖူးပါသည်။ ဓာတ်ပြားထဲမှ မလှရွှေ ဆိုထားသည်လောက် မကြိုက်ပါ။ ဘယ်ကြိုက်၍ ရပါ မည်နည်း။ မလှရွှေနှင့် ဒေါ်စောမြ ဧကြည်၏ အသံချင်းက ကွာသည်ကိုး။ ပညာ ဘယ်လိုသာသာ၊ အသံသာပုံချင်း ကွာပြန်တော့၊ အသံသာ သူကို မမီပြန် ပါလေ။ ရုပ်ရှင်မင်းသမီး တင်တင်မူသည် အသံ ကောင်းလှသည် မဟုတ်ချေ။ သူ့ အသံက ပါးပါးလေး ဖြစ်သည်။ သို့ သော် သူဆိုထားသည့် ရွှေလည်တိုင် ကို အခြားသူများ မည်သူပင် လိုက်၍ ဆိုဆို၊ တင်တင်မူ ဆိုသည်ကဲ့သို့ နားထဲ မစွဲပါ။ သို့ကြောင့် ပထမ သီဆိုသူ၏ အသံကိုသာ စွဲတတ်လေသည်လား။ ပထမသီဆိုသူ မလှရွှေ၏ အသံကိုသာ စွဲခြင်း ဖြစ်လေသလားဟု ဆရာဦးဌေး အောင်ကို မေးကြည့်ဖူးပါသည်။ ဆရာက “မလှရွှေရဲ့ မိုးဒေ၀ါက အထိ (၃) ပါးနဲ့ ညီညွတ်တယ်။ အထိ (၃) ပါးဆို တာက (၁) သီချင်း အနေနဲ့ အပြစ်အနာ အဆာ လုံးဝ ကင်းစင်ရုံမက၊ အလွန်လှပ မက်မောဖွယ် ကောင်းတဲ့ အဖွဲ့အနွဲ့တစ်ခု၊ မိုးဘွဲ့တကာမှာ သရဖူ ဆောင်းနေတဲ့ သီချင်း၊ (၂)ဆိုပုံ ဆိုဟန်နဲ့ ပတ်သက်လို့ ဆရာ စုံလှတယ် ဆိုတဲ့ သီပေါစော်ဘွား ရဲ့ အဆိုတော်ကြီး ဒေါ်စောမြဧကြည်က ဌာန်ကုန်အောင်၊ မာန်ကုန်အောင်၊ ဟန်ကုန်အောင် နည်းပရိယာယ် အစုံ အိတ်သွန် ဖာမှောက် သင်ပေးထားတာကို အပြည့်အ၀ ယူထားတဲ့ ဆိုပုံဆိုနည်း၊ (၃) သီဆိုသူ မလှရွှေရဲ့ အသံကသာလည်း သာသေး၊ မြည်လည်းမြည်သေး၊ လုံ လည်းလုံသေး၊ ဆွဲတိုင်းရ၊ တင်တိုင်းတက်၊ အော်တိုင်းပေါက်တဲ့ အသံနဲ့ သီဆို ထားတာဖြစ်လေတော့၊ သည်သီချင်းမျိုး မြန်မာ့မဟာဂီတမှာ ၂ ပုဒ်ထွက်ဖို့ မလွယ်တာ အမှန်ပဲ”ဟု ပြောပြခဲ့ဖူးပါ သည်။ မလှရွှေ ဆိုထားသည့် မိုးဒေ၀ါ ပတ်ပျိုးက အကောင်း လက္ခဏာတွေ အားလုံးနှင့် ညီညွတ်နေပါသည်။ သို့ ကြောင့် ဖျောက်ဖျက် မရနိုင်သည့် စံပြ မြန်မာသံ အဖြစ်နှင့် စွဲနေကြခြင်း ဖြစ်သည်။ မဟာဂီတတွင် မိုးဘွဲ့သီချင်းခန့် ကြီး ဟူ၍ရှိသည်။ “သံသာညိုညှင်း၊ ၀ိုးဝင်း ခြိမ့်မဲ” အစရှိသည့် မိုးဘွဲ့သီ ချင်းခန့်ကြီး ဖြစ်၏။ သို့သော် နားထဲ မစွဲလှချေ။ မြ၀တီမင်းကြီး ဦးစရေးသော မိုးဒေ၀ါ ဆိုသည့် မိုးဘွဲ့ပတ်ပျိုး ကလေးလည်း ရှိသည်။ “မိုဃ်းဒေ၀ါ ချိန်ခါလေ၊ ချိန်ခါလေ ချိန်ခါဟုတ်ဘဲ၊ ရွာဖွဲ့စေလိုစေ၊ ရွာဘဲ နေလိုနေ။ ရွှေအာကာဘုံစိုး၊ အလိုပဇ္ဇုန်မင်း ငယ်လေ။ ဘယ်ခင်းနှင့်ငြိုး။ မျှော်မိခိုးငယ်နှင့် ရှစ်ရပ်ခွင်၊ တိမ်နီ လာပေါင်းခရမ်း၊ သမ်းညို့ညို့မှင်။ အို မိုးနတ်ရှင်၊ ကယ်ပြုချင်တိုင်း၊ စည်တော်ငယ်နှိုးပါလို့၊ ထံပိုးငယ်ပြိုင်၊ ဘော်ဝေးသူ၊ တကိုယ်ထူး-မူးဝေလို့ မှိုင်။ (သဖြန်) ဟာဆုတ်ပဖျာ၊ ပြောင်လာငယ်နှင့်လေး။ မျက်ထားချိုချိုနှင့်၊ ဘာလိုလို သူရှိတယ်၊ ဘုန်းကိုယ်သိရေး” (ဂီတ၀ိသောဓနီကျမ်းမူ) ဤသီချင်းကို ဆိုကြသည့် အထဲတွင် သီချင်းကြီး ဒေါ်ခင်မြင့်၏ ဆိုဟန် ဆိုပေါက်ကို မှတ်မိနေပါသည်။ “ရွှေအာကာဘုံစိုး၊ အလို ပဇ္ဇုန်မင်း ငယ်လေး၊ ဘယ်ခင်းနှင့် ငြိုး” ဆိုသည့် အပိုဒ်ဖြစ်သည်။ သို့သော် ဒေါ်လှရွှေ၏ မိုးဒေ၀ါလောက် မစွဲခဲ့ပါ။ မိုးဒေ၀ါ ပတ်ပျိုးကို ဆရာကြီး ရွှေပြည် ဦးဘတင်က “မိုးဒေ၀ါက မဟာဂီတနား ကပ်နေတဲ့ ကာလပေါ်ပဲ” ဟု ပြောဖူးပါ သည်။ မိုးဒေ၀ါ ကို မဟာဂီတထဲသို့ သွင်းချင်ပုံ မပေါ်ပေ။ သို့သော် ဒေါ်စောမြဧကြည်က ပတ်ပျိုး အနေဖြင့် ရေးထားသဖြင့်သာ၊ မဟာဂီတ သီချင်းများထဲသို့ သွင်းထား လိုက်ရပုံ ပေါက်ပါ သည်။ မိုးဒေ၀ါ ပတ်ပျိုးကို သီပေါ စော်ဘွားကြီး ဆာစောချယ်၏ စော်ဘွား ကတော် ဘ၀က စောမြဧကြည် သခင်မ စခန်းသာဟော်ထဲတွင် ရေးဖွဲ့ခဲ့ခြင်း ဖြစ်၏။ သီပေါစော်ဘွားကြီး ဆာစော ချယ်သည် ခရီးထွက်သည့် အခါ သုံး လေးရက်ထက် ပိုကြာမည့် ခရီးဆိုလျှင် သူက ခါးပိုက်ဆောင် မလေး စောမြ ဧကြည်ကို ခေါ်သွားလေ့ ရှိသည်။ တစ်ခါတွင် စော်ဘွားက ခရီး ထွက်စရာ ရှိသည်။ စောမြဧကြည်က နေမကောင်း၍ ကျန်ရစ်ခဲ့သည်။ စော်ဘွားနှင့် အတူ အခြား စော်ဘွားကတော်များက တပျော်တပါး လိုက်သွားကြသည်။ နေမကောင်း၍ ကျန်ရစ်သည်ကို မကျေမချမ်း ဖြစ်ရသည့် အထဲ၊ မိုးတွင်းကြီး ဖြစ်သဖြင့် စခန်းသာတွင် မိုးကလည်း ရွာနေလိုက်သည်မှာ တစ်ရက်နှင့်လည်း မစဲ၊ နှစ်ရက်နှင့်လည်း မစဲ၊ ကိုးရက် ဆယ်ရက်ကြာအောင် မိုးစွေနေသည်။ မိုးစဲ၍ လင်းသွားပြန်တော့လည်း ကြည်ကြည် လင်လင် ကင်းကင်းစင်စင် လင်းသည် မဟုတ်ပေ။ တောင်ခိုးတွေ ဆိုင်းပြီး မြူနှင်းတွေက ဝေနေသည်။ ရှမ်း ပြည်နယ်တွင် မိုးရွာလျှင် ချမ်းကလည်း ချမ်းလှသည်။ မည်သူမဆို မီးလင်း ဖိုနားတွင် ကွေးနေကြရသည်။ ထို့ကြောင့် ခြေခင်း လက်ခင်းကလည်း မသာ၊ ဘယ်ကိုမျှလည်း မထွက်နိုင်ဘဲ ဟော်တွင် ကျန်ရစ်ခဲ့သည့် စောမြ ဧကြည် သခင်မသည် မိုးကို ရန်ထောင် လိုက်လေသည်။ မိုးကို ရန်ထောင်သည် ဆိုရာ၌ အမှန်မှာ စော်ဘွားကို ရန်ထောင် လိုက်ခြင်း ဖြစ်၏။ မိုးက ဓားစာခံ ဖြစ်သည်။ သို့နှင့် မိုးဒေ၀ါ ပတ်ပျိုးဟူ၍ ဖြစ်ပေါ်လာရသည်။ စော်ဘွား ပြန်ရောက်လာသော အခါ ရေးထားသည့် ပတ်ပျိုးကို ဆက်သလိုက်၏။ နောက်တစ်နေ့တွင် စော်ဘွားက ဆိုခိုင်း၍ ဆိုပြလိုက်ရ သည်။ ဘာဂျာ ဆရာတာ၊ စန္ဒရား ဆရာမောင်နှင့် ဆရာဘကြီးတို့ ရှေ့တွင် ဖြစ်သည်။ အစအဆုံး နားထောင်ပြီး သောအခါ စော်ဘွားက “အာဂမိန်းကလေး၊ မိုးနဲ့တောင် ရန်ဖြစ်တယ်” ဟုပြောသည် ဆို၏။ နောက်တစ် နေ့တွင် စော်ဘွားသည် လူစုံဖိတ်ပြီး ဒေါ်စောမြဧကြည်ကို ပွဲထုတ်လေသည်။ မြို့ဝန်ကြီး စောလွန်းစိုင်၊ ဘဏ္ဍာအတွင်း ၀န် ဦးခွန်လိပ်၊ သံတော်ဆင့်ပညာရှိ ဦးမောင်မောင်၊ အတွင်းဝန် ဦးသောင်း တို့လည်း ပါသည်။ သီပေါမှာ ရှိသည့် စာဆိုရှင်များလည်း ပါသည်။ သူတို့၏ ရှေ့တွင် ဒေါ်စောမြဧကြည်အား မိုး ဒေ၀ါ ပတ်ပျိုးကို သီဆိုစေသည်။ စော်ဘွားက “သူဟာ သဒ္ဒါလည်း မတတ်၊ သင်္ဂြိုဟ်လည်း မတတ်၊ ပရိတ်ကြီး လောက်ပဲ တတ်တာပါ။ ခု သူရေးစပ် သီဆိုတဲ့ မိုးဒေ၀ါ ပတ်ပျိုးကို ကျုပ်ဖြင့် ချီးကျူးတယ်။ ကိုင်း ပညာရှိတွေ ဝေဖန်ပါဦး” ဟုပြောသောအခါ ၊ သံတော်ဆင့် ပညာရှိ ဦးမောင်မောင်က “သခင်မ စောမြဧကြည် ရေးတဲ့ သီချင်းဟာ အရင်က သီချင်းတွေနဲ့ မတူပါဘူး။ အသွားရော၊ စာရော မတူပါဘူး ဘုရား” ဟုလျှောက်တင်သည်။ ဆရာတာ ကမူ “ကုန်နေပါပြီ ဘုရား။ ကောင်း လွန်းလို့ တန်းကုန်နေပါပြီ။ ဝေဖန်ရန် ပင် မရှိတော့ပါဘုရား” ဟု ပြောသည်ဆို၏။ ထိုစဉ်က သက္ကရာဇ် ၁၂၇၆ ခုနှစ်ဖြစ်၍ စော်ဘွား ကတော် စောမြဧကြည်သည် အသက် ၂၃ နှစ်သာ ရှိသေးသည်။ မိုးဒေ၀ါ ပတ်ပျိုး၏ စာသားများကို ၀က်မစွပ် ၀န်ထောက်မင်းထံ ပို့၍၊ ဂိုဏ်းလွတ်၊ မလွတ်စိစစ်ခိုင်းသည်။ စော်ဘွားကြီး သည် အကျေနပ်ကြီး ကျေနပ် လှသဖြင့် ပုလဲ၊ ကျောက်နီ၊ မြ၊ စိန်များနှင့် ခတ် ထားသည့် “ဥက္ကဋ်တော်” ကိုလည်း ကောင်း၊ ၅ ရတီ စိန်လက်စွပ်ကို လည်းကောင်း၊ စောမြဧကြည်အား ဆုချလိုက်သည်။ ထို့အပြင် ၀န်ထောက်မင်းနှင့် တိုင်ပင်ပြီး “သီရိဥက္ကဋ်ဝတီ”ဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ မှတ်ချက်။ ဥက္ကဋ်တော် ဆိုသည် မှာ ရတနာစီခြယ်ထားသော ဦးခေါင်း အဆင်တန်ဆာ တစ်မျိုးဖြစ်သည်။ အင်္ဂလိပ်လိုDiadem ဟုခေါ်သည်။ အနောက်တိုင်း မင်းဆွေမင်းမျိုးများ ခေါင်း၌ဆင်ယင်သည့် အဆင်တန်ဆာ ဖြစ်သည်။ (ယခုခေတ်မယ်များခေါင်း၌ ဆောင်းသော သရဖူအငယ်စား) ဦးသိန်း လှိုင်၏ သုတေသနအဘိဓာန်တွင် ဥက္ကဋ်တော်ကို ပုံဖြင့်ပြထားသည်။ မြန်မာစည်း ပုံကဲ့သို့ ဖြစ်နေသည်။ ကြီးကြီးဒေါ်စောမြဧကြည်က သူဆုရသည့် ဥက္ကဋ်တော်နှင့် ပတ် သက်၍ ပြောပြခဲ့ဖူးသည်။ “တော်ဘုရားကြီး(စော်ဘွားကို ဆိုလိုသည်)က ဘဏ္ဍာ သခင်မဆီက ဥက္ကဋ်တော်ကို တောင်းပြီး ကြီးကြီး ခေါင်းမှာ ကပ်ကြည့်တယ်။ ပြီးမှ မင်းနဲ့ လိုက်ပါတယ်။ မင်းပဲယူပါလို့ ဆုချ တယ်။ သည်ဥက္ကဋ်တော်ဟာ စုဖုရား လတ်ကို ကုလားဝန်က ဆက်ထားတဲ့ အိန္ဒိယမှာ လုပ်တဲ့လက်ရာ၊ ပုလဲရော ကျောက်နီရော၊ မြရော၊ စိန်တွေနဲ့ လုပ်ထားတာ။ ပါတော် မူတော့မှ ကုလားဝန် ရဲ့သမီး မူလာ မောင်မောင်လေးရဲ့အစ်မ၊ ခင်ခင်ကြီးလက်ကို ဒီဥက္ကဋ်တော် ပြန်ရောက်လာပြီး တော် ဘုရားကြီးက ၀ယ်ထားလိုက်တာတဲ့။ ဥက္ကဋ်တော်ကို ဆုရလို့ “သီရိဥက္ကဋ်ဝတီ” ဆိုတဲ့ဘွဲ့ကို ပေးတာ။ ကြေးမြှင် မိဖုရားကြီးဆီက ၀ယ်ထားတဲ့ ၅ ရတီ စိန်လက်စွပ်ကိုလည်း ဆုချပါသေးတယ်” ဟု ပြောပြ ဖူးပါသည်။ ပါတော်မူပြီးနောက် မျိုးချစ်စိတ် ရှိသည့် မန္တလေးမှ မဟာဂီတ ၀ါသနာ ရှင်တစ်စုသည် အမျိုးသား ရိုးရာ ဂီတကို တတ်နိုင်သလောက် ထိန်းသိမ်းခဲ့ကြ သည်။ ရတနာပုံမင်း နှစ်ဆက် လက်ထက်တော်တွင် ခစားရသည့် မြန်မာထဲမှ ပထမဆုံး စန္ဒရား ပညာရှင် ဆရာဇင် ၏သားတစ်ယောက်မှာ မီးရထားကုန်ရုံ ပိုင်ရှင်ကြီး ဦးစံဝင်းဖြစ်သည်။ ဦးစံဝင်း အစ်ကို ဦးညွန့်ကလည်း စန္ဒရားဆရာ မဟာဂီတပညာရှင်၊ ဦးစံဝင်းကလည်း ပတ္တလားဆရာ မဟာဂီတပညာရှင် ဖြစ်သည်။ သူတို့ညီအစ်ကို ဦးဆောင်ပြီး မဟာဂီတကို ပြန်လည် အသက် ဆက်နေ ကြချိန်တွင် မလှရွှေ၏ ဖခင် မီးရထား အရာရှိ ဦးဘသန်းသည် အလုပ်ဝတ္တရား နှင့် မန္တလေးသို့ ပြောင်းရသည်။ အလုပ် ခွင်တွင် ဦးစံဝင်းနှင့် တွေ့သည်။ ဦးဘ သန်းကလည်း ၀ါသနာ ပါ၍ သူ့သမီး ၃ ယောက်ကို အတီးအဆို သင်ပေးပြီး ဦးစံဝင်းတို့ အဖွဲ့နှင့် သီဆို တီးခတ်စေ သည်။ သမီးကြီး နှစ်ယောက်က စန္ဒရား အတီးသင်သည်။ မလှရွှေဟု ဖြစ်လာ မည့် သမီးငယ်မေသန်းက အဆိုသင် သည်။ မှတ်ချက်။ မိုးဒေ၀ါ မလှရွှေဟုသာ လူသိများပြီးဖြစ်၍ “မလှရွှေ”ဟု သုံး နှုန်းနေရခြင်းဖြစ်၏။ အမှန်မှာ စာရေးသူ ၏ မိခင်အရွယ်ဖြစ်၍ ဒေါ်လှရွှေဟုသာ သုံးနှုန်းရမည် ဖြစ်ပါသည်။ သီပေါဟော်မှ ဆင်းလာသည့် ဒေါ်စောမြဧကြည်နှင့် ခင်ပွန်း ဦးတင်တို့သည် မန္တလေး ရောက်လာပြီး ဦးစံဝင်း တို့ ပညာရှင်များနှင့် တွေ့သည်။ ရွာ စားကြီး စိန်ဗေဒါနှင့်လည်း ဆုံရသည်။ မဟာဂီတပညာရှင်များနှင့် သူတော် အချင်းချင်း ပေါင်းဖက် တွေ့ကြလေ တော့သည်။ ဤသည်တွင် ဂီတမိခင် ကြီး ဒေါ်စောမြဧကြည်နှင့် မလှရွှေတို့ ဆုံစည်းခဲ့ရခြင်းဖြစ်သည်။ ဒေါ်စောမြဧကြည်သည် ပါလို ဖုန်းကုမ္ပဏီနှင့် သူမ၏ မိုးဒေ၀ါကို ဓာတ်ပြား သွင်းခဲ့သည်။ ဒေါ်စောမြ ဧကြည်၏ မိုးဒေ၀ါ ဓာတ်ပြား နှစ်ချပ်ကို နားထောင်ကြပြီးသော အခါ နှစ်သက် လွန်းလှသဖြင့်၊ ဦးစံဝင်း၏ သဘော တူညီချက်ဖြင့် ဒေါ်စောမြဧကြည်ထံတွင် မလှရွှေက မိုးဒေ၀ါကို အဆိုသင် ခြင်းဖြစ်သည်။ ၁၉၃၈-၃၉ ခုနှစ် လောက်ချိန်ကဟု ဆိုပါသည်။ ဒေါ်စော မြဧကြည်သည် မလှရွှေကို မိုးဒေ၀ါတွင် သူ့အကြိုက်၊ သူ့အလှည့်၊ သူ့လျှာအနေ အထား ဆိုနည်းဆိုဟန်များကို တစ်ပိုဒ် ပြီးတစ်ပိုဒ်၊ တစ်ထပ်ပြီး တစ်ထပ် အသေးစိတ် သင်ပေးခဲ့သည်။ မိုးဒေ၀ါ ဟူသည့် အပိုဒ်တွင် အဆိုကို ဟို___ ဟိုဟို___မိုး___ဒေ___၀ါ___အား ဟာဟာဟာဟာ ဟု ဆွဲငင်သွားသော အသံရှိန်ကို မိမိနှင့် တစ်ထပ်တည်း ဖြစ်အောင် ထပ်တလဲလဲ ချပေးခဲ့သည်။ မလှရွှေကလည်း သူ့ဆိုဟန်နည်း အတိုင်း ဆွဲငင်သီဆိုနိုင်အောင် ကြိုးစား သည်။ မလှရွှေသည် မိုးဒေ၀ါပတ်ပျိုး၏ အစပိုဒ်ဖြစ်သော “အို___မိုးဒေ၀ါ___ရှစ်တိုင်း မှိုင်းဆင်ကာ___မိုးတဲ့မှုန်ပြာ___ ငြိုးဖွဲ့ကြုံကာ၊ စာနာသင့်ပါငဲ့___ငြိုး မာန်တော်ဝင့်လိုက်ပါနဲ့___ရွာသင့်မှ ရွာ” ဟူသော ခြေဆင်းကိုပင် တစ်နေ ကုန်သင် လိုက်ရသည်။ နောက်ဆုံးပိုဒ် ဖြစ်သော “ရွာသင့်မှရွာ”၏ ပထမရွာမှာ ဆွဲဆွဲငင်ငင်ဖြင့် ရွာ___ဟာ ဟာ ဟာ ဟာ ဟာ ဟာ သင့်မှ___မှ___ရွာ တွင် သင့်မှကို အသံဝဲ၍ လှည့်သွားရာ တော်တော်နှင့် အနေအထား မကျသဖြင့် ဒေါ်စောမြဧကြည်က ထပ်တလဲလဲ ဆိုပြ သည်။ မလှရွှေက လိုက်၍ဆိုသည်။ သို့သော် “သင့်မှ”၏“မှ”အဆွဲမှာ ရှည် သွားလိုက်တိုသွားလိုက်နှင့် အသား မကျဖြစ်နေသည်။ “မှ”ကိုချိန်သားကိုက် ဆိုတတ်သွားအောင် အကြိမ်ကြိမ် ကျင့် ပြီးမှ ရသွားသည်။ ပထမ ခြေဆင်းကို ရပြီး၊ နောက်အပိုဒ်များကို မလှရွှေသည် ပင်ပင်ပန်းပန်း မသင်ရတော့ပါ။ သူ့ အသံက လည်းကောင်း၊ သူကလည်း ဆို တတ်နေသူ တစ်ဦးဖြစ်၍၊ ဆရာပြသည့် အတိုင်း လိုက်တတ်နေသည်။ ဒေါ်စောမြ ဧကြည် မလှရွှေကို မိုးဒေ၀ါ သင်ပေး သည်မှာ ၁၅ ရက်ခန့် ကြာသည် ဆို၏။ မလှရွှေ၏ အာစလျှာစကို သိ၍ ဒေါ်စော မြဧကြည်သည် သူ့တပည့်အား သူ့စိတ်ကြိုက် လေယူလေသိမ်း၊ အဆွဲအငင်၊ အလှည့်အပြောင်းတို့ဖြင့် တန်ဆာဆင် ပေးတော့သည်။ သို့ဖြင့် မလှရွှေသည် ဒေါ်စောမြဧကြည်ထံမှ မိုးဒေ၀ါ ဆိုနည်းကို ပိုင်ပိုင်နိုင်နိုင် ရလိုက်ခြင်း ဖြစ်သည်။ ၁၉၃၉ ခုနှစ်တွင် မလှရွှေ၏ဖခင် ဦးဘသန်းသည် ရန်ကုန်၊ ဗိုလ်တထောင်၊ ကုန်ရုံးသို့ ပြောင်းလာရသည်။ မလှရွှေ တို့ ညီအစ်မ (၃) ယောက်မှာ မဟာဂီတ သီချင်းများနှင့် အဆိုအတီး မပြတ်ခဲ့ချေ။ အစ်မအကြီးဆုံးမှာ မြန်မာစာ နည်းပြ လုပ်ခဲ့သည်။ ဗိုလ်ခင်မောင်ကလေး (နောင် ၀န်ကြီးဖြစ်လာသည်)နှင့် အိမ် ထောင်ကျသွားသည်။ အစ်မလတ် ဒေါ်ခင်သန်းမြင့်က စန္ဒရားတီး၍ မလှရွှေက သီချင်းဆိုသည်။ ဖခင်ဖြစ်သူ အလုပ်ကြောင့် သိမ်ဖြူလမ်းနှင့် ကုန် သည်လမ်းထောင့် မီးရထား အရာရှိများ နေအိမ်တွင်နေရစဉ် မန္တလေးမှ ဆရာ မောင်ကလည်း ရန်ကုန်ရောက်နေသည်။ ဒေါ်ခင်သန်းမြင့်ကို အတီး၊ မလှရွှေကို အဆို၊ စည်းဝါး အထားအသို အချိန်ကိုက် ဆရာမောင်က သင်ပေးသည်။ အသံ လွှင့်ရုံမှ အသံလွှင့်ခဲ့ကြရသည့် အထိ ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် မလှရွှေရန်ကုန် ကောလိပ်သို့ ရောက်လာပြီး အင်းလျားဆောင်တွင် နေသည်။ သူတို့နှင့် မိတ်ဆွေရင်း ဖြစ်သော ကိုသိန်းဖေ (စာရေးဆရာကြီးသိန်းဖေမြင့်ဖြစ်လာ သူ)ကလည်း သူတို့အိမ်သို့ မကြာခဏ လာလေ့ ရှိသည်။ သူတို့ညီအစ်မ၏ ဆိုနေတီးနေ ပုံများကို မြင်ရသော အခါ၊ ဓာတ်ပြားသွင်းရန် တိုက်တွန်းသည်။ သို့ဖြင့် ဒေါ်ခင်သန်းမြင့်က စန္ဒရားတီး ၍ မလှရွှေက သီချင်းဆိုကာ မိုးဒေ၀ါကို ဓာတ်ပြားသွင်းရန် သဘော တူခဲ့ကြ သည်။ ရန်ကုန်ရောက်နေသည့် ဒေါ်စော မြဧကြည်နှင့် ခင်ပွန်းဦးတင်တို့ထံ ပြန်၍ ပညာကို နွှေးကြရပြန်သည်။ “အိုး___ မျှော်လေတိုင်း___မှိုင်းဆင်ခဲ့ပြီ”ကို မလှရွှေအား လေးကြိမ်တိုင်တိုင် တစ်ကြိမ်နှင့် တစ်ကြိမ် မတူအောင် တစ်ထပ်စီ အဆိုသင် ပေးခဲ့ရသည်။ မလှရွှေကလည်း ဒေါ်စောမြဧကြည်လိုသလို ဆို နိုင်သည်။ မိုးဒေ၀ါကို ဓာတ်ပြား သွင်းသည်မှာ ကန်တော်ကြီးအနီး ၀င်္ကပါလမ်း (ယခုလူမှု ၀န်ထမ်း အမျိုးသမီးဂေဟာ) အဆောက်အအုံတွင် ဖြစ်သည်။ မလှရွှေ တို့ညီအစ်မ ဓာတ်ပြားသွင်းစဉ်က ဒေါ်စောမြဧကြည်က စည်းကိုင် ပေးခဲ့ သည်ဟု ဆို၏။ ဓာတ်ပြားနှစ်ချပ်၏ မျက်နှာလေးဖက်အတွက် မိနစ် ၂၀ ခန့် အတွင်း သီဆိုပြီးခဲ့သည်။ မိုးဒေ၀ါ ဓာတ်ပြား ထွက်လာသောအခါ အရောင်း ရသွက်ပြီး မလှရွှေ အမည်လည်း မိုး ဒေ၀ါ နှင့်တွဲ၍ ဟိုးဟိုးကျော်သွားတော့ သည်။ မြန်မာပြည်တွင် သီဆိုသည့် သီချင်း အမည်နှင့် တွဲ၍ ကျော်ကြားခဲ့သူ နှစ်ဦးရှိသည်။ ချစ်ဒုက္ခ သီချင်း သီဆိုသည့် ဦးဘညွန့်နှင့် မိုးဒေ၀ါ ပတ်ပျိုး ကိုဆိုသည့် မလှရွှေတို့ ဖြစ်သည်။ “ချစ်ဒုက္ခ ဦးဘညွန့်”နှင့် “မိုးဒေ၀ါ မလှရွှေ” ဟု ကျော်ကြားသည့် အနုပညာရှင်ကြီး နှစ်ယောက် ဖြစ်လာကြသည်။ မလှရွှေ တောင်းဆိုသည့် အတိုင်း ဗြိတိ သျှဘားမားရုပ်ရှင် ကုမ္ပဏီမှ ဦးချန်ထွန်းက မီးသီး ခုနစ်လုံးတပ် ဖီးလစ် ရေဒီယိုကြီးကို ဆုလက်ဆောင် ပေးခဲ့ သည်။ မလှရွှေကလည်း ထိုရေဒီယိုကြီးကို အင်းလျားဆောင် ဧည့်ခံတွင် ကျောင်းသူများ နားသောတ ဆင်၍ အပန်းဖြေရန် လှူဒါန်း လိုက်သည်။ မလှရွှေသည် အခြား သီချင်းများကို သီဆိုသော်လည်း မိုးဒေ၀ါ လောက် လူကြိုက် မများပေ။ မလှရွှေကို သူ့ချစ်သူ ဦးဇော်ဝင်း နှင့် ၁၉၅၁ ခု၊ မေလ ၂၁ ရက်နေ့ နံနက်၊ အမှတ် ၁၈၁၊ ဦးဝိစာရလမ်း နေအိမ်တွင် အဘိုးလေးဖြစ်သူ သတိုး သီရိသုဓမ္မဟင်္သာတ ဦးမြနှင့် ဇနီး ဒေါ်ဒေါ်ပုတို့က လက်ထပ်ပေးသည်။ ညနေပိုင်းတွင် မြို့တော် ခန်းမတွင် ဧည့်ခံပွဲ ကျင်းပခဲ့သည်။ ဦးဇော်ဝင်းမှာ နိုင်ငံ ခြားရေး ဌာနမှ ၀န်ထမ်းဖြစ်ရာ လက်ထပ်ပြီးသည်နှင့် လန်ဒန်ရှိ မြန်မာသံရုံး သို့ လိုက်ပါ သွားခဲ့ရသည်။ မလှရွှေတွင် နှလုံးရောဂါ အခံရှိရာ ဆရာဝန် များ တားသည့်ကြားကပင် သားလေးကို ခက်ခက်ခဲခဲ မွေးဖွားခဲ့သည်။ ဦးဇော်ဝင်း ကလကတ္တားသို့ ကောင်စစ် ၀န်အဆင့်ဖြင့် ပြောင်းရသောအခါတွင် လည်း လိုက်ပါသွားခဲ့သည်။ ကလ ကတ္တားတွင်နေစဉ် လေဖြတ်သွားခဲ့၏။ ထိုစဉ်က အသက် ၃၆ နှစ်အရွယ်သာ ရှိသေးသည်။ ဘန်ကောက်သို့လည်း ပြောင်းခဲ့ရသည်။ ကျန်းမာလာပြီ ဖြစ်သော်လည်း ခြေတစ်ဖက်က မသိမသာ ဆွဲနေသည်။ နိုင်ငံခြားတွင် လိုက်ပါ၍ နေခဲ့ရစဉ်က “တတ်သည့် ပညာ မနေ သာ”ဆိုသကဲ့သို့ သူ၏ ဂီတပညာဖြင့် မြန်မာ့ဂုဏ်ကို ဆောင်ခဲ့သည်။ စာရေးသူသည် မိုးဒေ၀ါကို စွဲခဲ့သူ ဖြစ်ရာ သီဆိုသည့် မလှရွှေ ဆိုသူကို အလွန်သိချင် မြင်ချင်ပါသည်။ စာရေးသူ အဋ္ဌမတန်း အရောက်တွင် အခင်ဆုံး သူငယ်ချင်း ဖြစ်သည့် အောင်ချန်ထွန်း (တရားဝန်ကြီး ဦးချန်ထွန်း၏သား)နှင့် တစ်နေ့ သူတို့အိမ်သို့ ရောက်သွားသည်။ မကြာခဏလည်း ရောက်နေကျ ဖြစ်ပါ သည်။ နေ့လယ် လက်ဖက်ရည်သောက် ချိန်တွင် လက်ဖက်ရည်ခန်းထဲသို့ အမျိုး သမီးကြီး တစ်ယောက် ၀င်လာသည်။ ခန္ဓာကိုယ် အောက်ပိုင်းက တော်တော် ကြီးနေသည်။ ခြေတစ်ဖက်ကလည်း ဆာနေသည်ကို သတိထားမိသည်။ တရားဝန်ကြီး ဦးချန်ထွန်းကတော် အန်တီ(ဒေါ်ခင်ခင်သိန်း)က “သားတို့ရေ...ဒါ မိုးဒေ၀ါ မလှ ရွှေဆိုတာပေါ့” ဟု မိတ်ဆက်ပေးမှ မိုးဒေ၀ါ မလှ ရွှေဆိုသူကို စ၍မြင်ဖူးခြင်း ဖြစ်ပါသည်။ စာရေးသူတို့ကို ကြည့်ပြီး ပြုံးပြသည်။ သူမျက်လုံးက ရယ်နေသည်ကို သတိပြု မိသည်။ မျက်လုံးအတော်လှသည်ဟု ပြောရမည်။ ထိုစဉ်က သူတို့သမီးခင်ပွန်း ပင်စင်ယူပြီး၊ ရန်ကုန်တွင် ပြန်လာနေ စဉ်ကဖြစ်သည်။ အမှတ် ၁၂၊ ဖိုးစိန် လမ်း၊ တာမွေတွင် သူတို့မိသားစု တစု တဝေးတည်း နေကြသည်ဟုသိရသည်။ ဖခင်ကြီးဖြစ်သူ ဦးဘသန်းက ခြံကြီး တစ်ခြံဝယ်ပြီး အိမ်ဆောက်ကာ Three Sisters Hill Cottage ဟု အမည်ပေးထား သည်ဟုဆို၏။ ထိုအိမ်တွင် နေစဉ် ၁၉၆၁ ခု၊ ဇွန်လ ၂၄ ရက်၊ ည ၉ နာရီအချိန် တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားရှာ သည်။ အသက် ၄၁ နှစ်သာရှိသေး၏။ ထိုစဉ်က စာရေးသူ သိမ်းဆည်း ထားခဲ့သည့် ယုဝတီ နေ့စဉ် သတင်းစာမှ နာရေးသတင်း ကြော်ငြာလေးကို အမှတ်တရ ဖော်ပြလိုက်ပါသည်။ အဆိုကျော် မိုးဒေ၀ါ ဒေါ်လှရွှေ ဈာပန စည်ကား သိုက်မြိုက်စွာ ပို့ဆောင် သင်္ဂြိုဟ်ခြင်း နာမည်ကျော် အဆိုတော် ဒေါ်လှ ရွှေ(အသက်-၄၁နှစ်)သည် ဇွန်လ ၂၄ ရက်နေ့ ည ၉ နာရီ အချိန်တွင် ရန်ကုန် ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ဘ၀တစ် ပါးသို့ ကွယ်လွန်သွားရှာသဖြင့် ကြွင်းကျန်ခဲ့သော ရုပ်ကလာပ်ကို ရန်ကုန် ဆေးရုံကြီးမှ တာမွေ သုသာန်သို့ ဇွန်လ ၂၆ ရက်နေ့၊ ညနေ ၃ နာရီ အချိန်၌ ပို့ ဆောင်သင်္ဂြိုဟ်လိုက်ရာ နိုင်ငံရေးအဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၊ ရုပ်ရှင် နယ်မှ ပုဂ္ဂိုလ်များ၊ ဂီတအနုပညာ လောကမှ ပုဂ္ဂိုလ်များ၊ အစိုးရအရာရှိကြီး ငယ် မိတ်သင်္ဂဟများ စည်ကားသိုက် မြိုက်စွာ လိုက်လံပို့ဆောင်ကြသည်ကို တွေ့ရှိရ၏။ ဒေါ်လှရွှေသည် အငြိမ်းစား မီးရ ထားအရာရှိ မင်္ဂလာ ဦးဘသန်း + ဒေါ် ဒေါ်စုတို့၏ သမီးထွေး၊ ၀န်ကြီးဟောင်း ဗိုလ်ခင်မောင်လေး + ဒေါ်သိန်းနုတို့၏ ညီမ၊ နိုင်ငံခြားရေး ရုံးဌာနကြီးမှူး သီရိ ပျံချီ ဦးဇော်ဝင်း၏ ဇနီးဖြစ်ပြီး၊ ဇော်ဏီ အမည်ရှိသော သားရတနာ တစ်ယောက် ထွန်းကားခဲ့၏။ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တွင် ၀ိဇ္ဇာဘွဲ့ရရှိခဲ့သူ ဖြစ်သည်။ စစ်ကြိုခေတ်တွင် လူကြိုက် များလှသော ဓာတ်ပြားများ အနက် မိုး ဒေ၀ါပတ်ပျိုး နှင့် အေ၀မ်း ကာလပေါ် စန္ဒကိန္နရီ သီချင်းများဖြင့် ဂီတအနုပညာ လောကတွင် နာမည်ကြီးခဲ့သူတစ်ဦး ဖြစ်၏။ ယုဝတီ နေ့စဉ် ၂၇-၆-၆၁ မြန်မာနိုင်ငံဂီတ ကောင်စီတွင် မိုးဒေ၀ါ မလှရွှေကို ဂုဏ်ပြုသော အားဖြင့် သူ၏ ပုံတူဆီဆေး ပန်းချီကားကြီးကို ချိတ်ဆွဲပြထားသည်။ မလှရွှေ ဆိုခဲ့ သည့် သီချင်းမှာ ပုဒ်ရေ အနည်းငယ်သာ ဖြစ်သည်။ သို့သော် သူ၏ ပညာအတိမ် အနက်နှင့် ကျော်ကြားမှုကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံ ဂီတကောင်စီတွင် သူမ၏ ပုံတူဆီ ဆေးပန်းချီ ကားကြီးကို ချိတ်ဆွဲပြ ထားခြင်း ဖြစ်ပေသည်။ မိုးတွင်းသို့ ရောက်ပြီ ဆိုလေတိုင်း မြန်မာ့အသံမှ မလှရွှေ၏ မိုးဒေ၀ါ ပတ်ပျိုးသီချင်းကို ကြားရစမြဲဖြစ်သည်။ မိုးဒေ၀ါ သီချင်းကို မည်သူပင်ဆိုဆို၊ သီချင်းကြားလိုက်သည်နှင့် မလှရွှေကို သာ သတိရနေသည်။ “ဖော်ဝေးသူမှာ___ ပူပါဘိ တရေး မြနှင်းရည် လေပြည်ဖြန်းတယ် ___လွမ်းသူအဆွေး”

မောင်သန်းဆွေ၊ထားဝယ်၊ ကိုးကားချက် -ခင်သန်းမြင့် (မိုးဒေ၀ါ မလှရွှေ သူ့ဘ၀နှင့်သူ့ဂီတ) -လူထုဒေါ်အမာ (မြန်မာ့မဟာ ဂီတ) လူထုဒေါ်အမာ (ကြိုက်ရတဲ့ သီချင်းနှစ်ပုဒ် ဆောင်းပါး မဟေသီမဂ္ဂဇင်း) (ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)
|
|
Last Updated on Tuesday, 17 August 2010 10:12 |
ကျေးဇူးပြုရ်ျဖြေကြားပေးပါခင်ဗျာ