|
Written by ခင်လေးမြင့်
|
|
Tuesday, 27 July 2010 13:28 |

အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ ရှိနေမှ ဘ၀က ကြည့်လို့ ကောင်းတဲ့ ပြဇာတ်တစ်ပုဒ် ဖြစ်မှာပါ။
အောင်မြင်မှုတွေကို အခက်အခဲ မရှိဘဲ ရနေရင်လည်း ရရှိတဲ့ အောင်မြင်မှုက အရသာ မရှိနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် ကြိုးစား ရုန်းကန်ပြီး ရယူတဲ့ အောင်မြင်မှု အတွက် အရသာ ပိုရှိနိုင်ပါတယ်။ အောင်မြင်မှုတွေကို အချိန်ကြာမြင့်စွာ ပိုင်ဆိုင်ထားနိုင်ပြီး အခက်အခဲ တချို့ကို ကျော်ဖြတ်ခဲ့ရတဲ့ စိုးမြတ်သူဇာ ၂၀၁၀ ဩဂုတ်မှာ ၃၉ ပြည့်ပါပြီ။ ဩဂုတ်မှာ ကျရောက်မယ့် မွေးနေ့ အမှတ်တရ အဖြစ် ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံးမှာ နှစ်စဉ်လိုလို ဖော်ပြပေး ဖြစ်တာပါ။ ဒီနှစ်မှာလည်း မွေးနေ့ အမှတ်တရ အဖြစ် ဓာတ်ပုံရိုက်ဖို့ စီစဉ်ကြရာ ဓာတ်ပုံ ပီတာ အားမယ့်ရက်၊ စိုးမြတ်သူဇာလည်း အဆင်ပြေမယ့် ရက်မှာ စီစဉ်ဖြစ်ပါတယ်။ အမေရိကားမှာ နေစဉ် အချိန်က တော်တော်လေး ၀နေခဲ့တဲ့ ခန္ဓာကိုယ်ကို မြန်မာပြည် ပြန်ရောက်ပြီး ဇာတ်ကားများ ရိုက်ဖို့ စီစဉ်ချိန်မှာ အတော်အတန် သင့်တဲ့ ခန္ဓာကိုယ် ရဖို့ စိုးမြတ်သူဇာက ၀ိတ်ချခဲ့ ပါတယ်။ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေကို တော်တော်များများ ရိုက်ဖြစ်သလို Bill Board ကြော်ငြာတွေကိုလည်း တော်တော်များများ ရိုက်ဖြစ်နေတာပါ။ အနုပညာ အလုပ်တွေ ဖြစ်တဲ့ ဇာတ်ကားရိုက်၊ ကြော်ငြာရိုက်တွေ ဆက်နေတဲ့ စိုးမြတ်သူဇာ စာရေးကျဲတာလည်း သတိထား မိပါတယ်။ အမေရိကားမှာ ရှိစဉ်က တခြား အလုပ်ကိစ္စ များပြီး စာရေးတာကို လုပ်နိုင်ပေမယ့် မြန်မာပြည် ရောက်ချိန်မှာတော့ စာရေးခြင်းကို အချိန်သီးသန့် မပေး ဖြစ်တော့ပါဘူး။ အားတဲ့ အချိန်လေး အတွင်းတွေ မှာတော့စာရေး ဖြစ်ပါတယ် ဆိုတဲ့ စိုးမြတ်သူဇာက ဇူလိုင်လ ကုန်မှာ အမေရိကားကို ခဏ ပြန်သွားခဲ့ပါတယ်။
အသက်ကြီးမှ စန်းထတယ်လို့ ဆိုနိုင်တဲ့ စိုးမြတ်သူဇာက အနုပညာ အလုပ်တွေ ဆက်တိုက် လုပ်ဆောင် နေရမှုနဲ့ ပတ်သက်ပြီး “အချိန်က ဘ၀လို့ ကျွန်မ ယုံကြည်သလို အလုပ်ကလည်း ဘ၀လို့ ကျွန်မ သတ်မှတ် ထားပါတယ်။ ကျွန်မဘ၀က ကျွန်မ အလုပ်ပါပဲ။ ဒီလောက် အလုပ်တွေ နေ့တိုင်း လုပ်နေတာ ဘယ်သူ့ အတွက်လဲလို့ လူတော်တော် များများက ကျွန်မကို မေးကြတယ်။ ဘယ်သူ့ အတွက်မှ မဟုတ်ဘူး။ ကိုယ့်အတွက်ပဲ ကိုယ်လုပ် နေတာပါလို့ပဲ ဖြေဖြစ်တယ်။ ကွန်မရဲ့  အသက်မွေးဝမ်းကျောင်း အလုပ်က ကျွန်မ ၀ါသနာ ပါတဲ့ အလုပ်တစ်ခု ဖြစ်လာခဲ့တဲ့ အတွက် ကျွန်မအတွက် ကံကောင်းမှု တစ်ခုပါ။ ဒီအလုပ်ကို အချိန်ပေးပြီး စိတ်ပါလက်ပါ လုပ်ခွင့်ရတဲ့ အတွက် ကျွန်မ ကျေနပ်မိပါတယ်”လို့ ဆိုပါတယ်။ အလုပ်တွေ ဆက်တိုက် လုပ်ခွင့်ရနေတဲ့ စိုးမြတ်သူဇာမှာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် စနစ်တကျ၊ အချိန်မှန်မှန်၊ သပ်သပ်ရပ်ရပ် လုပ်ချင်တဲ့စိတ် ရှိပါတယ်။ ဒါကြောင့် လုပ်ရမယ့် ကိစ္စတိုင်း အတွက် စာနဲ့ ရေးမှတ်တဲ့ အကျင့်လုပ်ပြီး ရေးမှတ် ထားသမျှကို မှန်တင်ခုံ၊ အိပ်ရာခေါင်းရင်း၊ စာကြည့်စားပွဲ တို့မှာ ထားထားပါတယ်။ ဇာတ်ကားရိုက်မှု၊ ကြော်ငြာနဲ့ ဓာတ်ပုံ ရိုက်ကူးမှုတွေကို အချိန် ခွဲဝေပေးသလို သာရေး၊ နာရေးနဲ့ ပွဲလမ်းသဘင် အတွက်တွေလည်း လိုအပ်ရင် လိုအပ်သလို အချိန် ပေးတတ်တဲ့ စိုးမြတ်သူဇာက မိသားစု အတွက်လည်း အချိန် ပေးပါတယ်။ တူဖြစ်သူ မြတ်သောမောင်နဲ့ တူမ ခေတ်သခင်တို့ အတွက် အချိန်ပေး နေထိုင်ဖြစ်တဲ့ စိုးမြတ်သူဇာက အသက်ကြီး လာတာနဲ့ အမျှ စိတ်ထားတွေလည်း ပိုပြီး ရင့်ကျက်လာပါတယ်။ အသက် ၃၉နှစ်ကျော် အသက် ၄၀ က လူ့ဘ၀ရဲ့ အစလို့ ဆိုပေမယ့် အသက်တွေက တဖြည်းဖြည်း ကြီးလာတယ် ဆိုတာကိုတော့ မေ့လို့ မရပါဘူး။ အသက် ကြီးလာတာနဲ့ အမျှ စိတ်နေ သဘောထားတွေ ဘယ်လောက် ပြောင်းလာလဲလို့ စိုးမြတ်သူဇာကို မေးတဲ့အခါ “အသက် ၂၀ တုန်းက အချိန်နဲ့ အခု အသက် ၄၀ နားနီး လာတဲ့ အချိန်မှာ အချိန်ချင်း တူပေမယ့် အသုံးချဖြစ်တဲ့ အရည်အသွေးချင်း မတူတာတော့ အမှန်ပဲ။ ကျန်းမာနေတဲ့ အချိန်၊ လုပ်နိုင် ကိုင်နိုင်တဲ့ အချိန်မှာ ကိုယ့် အချိန်တွေကို ပိုပြီးတန်ဖိုး ထားတတ်လာတယ်။ အထူး သဖြင့် ပစ္စုပ္ပန်ကို ပိုပြီး တန်ဖိုး ထားမိတယ်။ အရာရာကို ဥာဏ်နဲ့ယှဉ်ပြီး စဉ်းစားဆုံး ဖြတ်တတ်လာတယ်။ စိတ် အလိုကိုလိုက်၊ လောဘအလိုကို လိုက်ပြီး အကျိုး မရှိတာတွေ မလုပ်မိအောင် ဆင်ခြင် တတ်လာတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောရရင်တော့ အရင်ကလို ပေါ့ပါး သွက်လက်မှု မရှိတော့ဘူး။ ဒါပေမယ့် တည်ငြိမ် ရင့်ကျက်လာတယ်”လို့ စိုးမြတ်သူဇာက ဖြေပေးပါတယ်။ အောင်မြင်မှုတွေ ရလာလေ၊ လူသိတာ ပိုများလေလေ အာရုံ စူးစိုက်မှု ခံရတာ များလာလေလေပါ။ နာမည်ကြီး၊ ပရိသတ် သိတဲ့အနုပညာရှင် တစ်ယောက် အနေနဲ့ သေးသေးမွှားမွှားအမှား တစ်ခုလုပ်မိတယ်ဆိုရင် အဲဒီအပေါ်မှာ ဝေဖန်မှု ကောက်ချက်ချမှုတွေ မျိုးစုံလုပ်ကြပါတယ်။ အနုပညာရှင်တွေ အပေါ် ဝေဖန်မှု၊ သိမြင်မှု၊ ကောက်ချက်ချမှုတွေ အပေါ် နားလည် ခံစား မိတာနဲ့ ပတ်သက်ပြီး “တကယ်တော့ လူတိုင်းဟာ အနုပညာရှင်တွေ ပါပဲ။ ကိုယ့် ဘ၀ကို ကိုယ်တိုင်ရေး ပုံဖော်နေတာ ဖြစ်တဲ့ အတွက် ပန်းပုဆရာနဲ့ တူပါတယ်။ တချို့က လက်ရာ သိပ်ကောင်းသလို တချို့ ကတော့ ပုံပျက်သွားတဲ့ ဘ၀မျိုးကို ဖန်တီး ယူကြပါတယ်။ ဒီအတွက် သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ဖို့ လိုပါတယ်။ သတိရှိတဲ့ အတွက် ဆုံးဖြတ်ချက်တွေလည်း မှန်လာပါတယ်။ ရွေးချယ်တဲ့ နေရာမှာလည်း ကောင်းတာ မှန်တာကို ရွေးချယ်တတ်ပါ လိမ့်မယ်။ စိတ်ထား စင်ကြယ်ရင် အသိဥာဏ်လည်း ရင့်ကျက်လာပါတယ်။ ဒီလိုဆိုရင် ကိုယ့်ဘ၀ဟာ အနုပညာ လက်ရာကောင်း တစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ စိုးမြတ်သူဇာ ခံယူ ထားပါတယ်။ ဘ၀မှာ အောင်မြင်မှု တွေကို လွယ်လင့်တကူ ရနေရင် အောင်မြင်တယ် ဆိုတဲ့ အရသာကို ကောင်းကောင်း ခံစားရမှာ မဟုတ်ပါဘူး။ လူ့ဘ၀မှာ အချိုးအကွေ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ ရ စမြဲပါ။ စိုးမြတ်သူဇာမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့က နှစ်ဦးနှစ်ဖက် နားလည်မှုတွေ ရှိဖို့ အဓိက လိုအပ်ပါတယ်။ ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ ယူလို့ မရတဲ့ အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲ နှုတ်ဆက်ကြရ စမြဲပါ။ အိမ်ထောင်ရေး အဆင် မပြေမှု ရှိခဲ့တဲ့ စိုးမြတ်သူဇာက “ယောက်ျားတစ်ယောက် အတွက် အိမ်ထောင်တစ်ခုဟာ
သူ့ဘ၀ရဲ့တစ်စိတ် တစ်ဒေသ ပါ။ မိန်းမတစ်ယောက် အတွက်တော့ သူ့ဘ၀တစ်ခု လုံးပါပဲ။ အိမ်ထောင်တစ်ခု ပြိုကွဲရင် မိန်းမအတွက် ထိခိုက် နစ်နာမှုတွေက ယောက်ျား တွေထက် အဆပေါင်းများစွာ ရှိပါတယ်။ တစ်ခုလပ်ထက် မုဆိုးမကို လူတွေက ပိုနားလည် ပေးနိုင်ပါတယ်။ ဗုဒ္ဓ ဘာသာဝင် မြန်မာအမျိုးသမီးတိုင်း အိမ်ထောင်တစ်ခု ထူထောင်ပြီးရင် ဘယ်သူမှ အလွယ်တကူ ပြိုကွဲခံလေ့ မရှိကြပါဘူး။ အတတ်နိုင်ဆုံး အောင့်အည်း သည်းခံပြီး ကျားကန် ဒေါက်ထောက်ကြ တဲ့လူတွေ များပါတယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ နှစ်ဦးနှစ်ဖက်ရဲ့ အကြောင်းရင်းကို မှန်မှန်ကန်ကန် သေသေချာချာ မသိဘဲနဲ့ ပြစ်တင် ရှုတ်ချလို့တော့ မရပါဘူး။ ဖြစ်လာပြီဆိုတဲ့ အချိန်မှာ တည်တည်ငြိမ်ငြိမ် ရင်ဆိုင် ဖြေရှင်းဖို့ပဲ လိုပါတယ်။ ဘ၀ကို ရေစုန်မျှောဖို့ မလိုအပ်သလို ပိုပြီးတော့တောင် ဆင်ခြင်ပြီး နေတတ်ဖို့ လိုပါတယ်။ သူများကို အကြောင်း တစ်ခုခုကြောင့် အပြစ်တင်တာလွန် ကဲလာရင် အဲဒီအပြစ်မျိုး ကိုယ့်မှာလည်း ရှိခဲ့လို့၊ လက်မခံချင်လို့၊ ဖုံးကွယ်ချင်လို့ ဆိုတာ ရိုးရိုးကြည့်ရင် မြင်နိုင်ပါတယ်။ အောင်မြင်တဲ့ အိမ်ထောင်ရေးတွေ အများကြီးပါ။ အဲဒီလူတွေ အတွက်တော့ လေးစား အတုယူဖို့ ကောင်းပါတယ်။ မအောင်မြင်တဲ့ လူတွေ ကိုလည်း ကဲ့ရဲ့ရှုတ်ချဖို့ထက် ဖေးမ နားလည်နိုင်ရင်တော့ ကောင်းပါတယ်”လို့ အိမ်ထောင်ရေး အပေါ်မြင်တဲ့ အမြင်၊ ထားရှိတဲ့ သဘောထားကို ပြောပြပါတယ်။ ပရိသတ်တွေက အနုပညာရှင်တွေ ဘယ်လိုနေထိုင် ပြုမူတတ်လဲ ဆိုတာကို ကြည့်နေကြတာပါ။ အဲဒါကြောင့် စံပြ အတုယူထိုက်တဲ့ အနုပညာရှင် ဖြစ်ဖို့ လိုအပ်ပါတယ်။ “အနုပညာရှင်တွေက ပရိသတ် အတွက် စံပြအတု ယူစရာ ဖြစ်သင့်ပါတယ်။ လေးစားထိုက်တဲ့ အနုပညာ သမား ဖြစ်ဖို့လည်း ကြိုးစား သင့်ပါတယ်။ ကျွန်မကတော့ အဆိုး တစ်ခုကို ကြုံတွေ့ခံစား ရတိုင်း အကောင်းတွေ များများ လုပ်နိုင်အောင် ရှာဖွေမိပါတယ်။ အနုပညာနဲ့ ဘာသာ တရားက ဆက်စပ်မှု ရှိပါတယ်။ တန်ဖိုးထား တတ်တဲ့စိတ်၊ လေးစားတတ်တဲ့စိတ်၊ အမှန်တရားကို ချစ်တတ်တဲ့စိတ်၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ စိတ်မျိုးတွေ ဖြစ်လာအောင် အနုပညာက လုပ်ပေးနိုင်ပါတယ်။ ဒီအသက်အရွယ်မှာ ဖန်တီးဖြစ်တဲ့ ကျွန်မရဲ့ အနုပညာတွေက လူတွေကို တစ်ခုခုသိအောင် အထောက်အကူ ဖြစ်စေချင်ပါတယ်။ လူကြိုက်များတိုင်း ကောင်းတယ် ဆိုတာထက် သိမ်မွေ့ နက်နဲတာ တစ်ခုခုကို သိသွားအောင်၊ ခံစားမိအောင် လုပ်နိုင် တာက ပိုမကောင်းဘူးလား” လို့ အနုပညာရှင် တစ်ယောက် ပရိသတ်အတွက် စံပြဖြစ်ဖို့ ဆိုတဲ့ အချက် အပေါ် စိုးမြတ် သူဇာက သုံးသပ်ပြ ပါတယ်။ အသက်အရွယ်၊ ဇာတ်ကောင် စရိုက်တွေနဲ့ လိုက်ဖက်စွာ ၀တ်စားဆင်ယင် သရုပ်ဆောင်တတ်တဲ့ စိုးမြတ်သူဇာလို့ ပရိသတ်တွေကလည်း မှတ်ချက် ပေးကြပါတယ်။ မှတ်ချက်ပေးမှု အတိုင်း စိုးမြတ်သူဇာကလည်း သတိထား လုပ်ဆောင်တာပါ။ ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ကူးရာမှာလည်း ရင့်ကျက် တည်ငြိမ်မှု ရှိတဲ့ ပုံစံဖြစ်အောင် ဖန်တီး ထားတာပါ။ ဓာတ်ပုံ ပီတာရဲ့ ရိုက်ချက်များ အောက်မှာ အကောင်းဆုံး သရုပ်ဆောင် ပေးတဲ့ စိုးမြတ်သူဇာကို ကျေးဇူးတင်သလို အကောင်းဆုံး ရိုက်ပေးတဲ့ ဓာတ်ပုံပီတာကိုလည်း ကျေးဇူး တင်ပါတယ်။ ရွှေအမြုတေ မျက်နှာဖုံး ရိုက်ကူးမှု အတွက် ကူညီပေးကြတဲ့ ဒီဇိုင်နာ ဒေါ်လာမြင့်အောင်Fashion Euphoria, မိတ်ကပ်စိုးစိုး(ခင်စန်းဝင်း)၊ မိတ်ကပ်ဂျိုးဂျိုးတို့ကို ကျေးဇူး တင်ရှိပါတယ်။ ၂၀၁၀ သြဂုတ် ၃၁ ရက်မှာ ကျရောက်တဲ့ ၃၉ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပျော်ရွှင်တဲ့ မွေးနေ့ရက်များကို ချစ်တဲ့ တူ၊ တူမတွေ၊ မိသားစုတွေနဲ့ အတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်တောင်း ပေးလိုက်ပါတယ်။



ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀) |
ခင်လေးမြင့် |
| About the author: |
| |
|
|
Last Updated on Tuesday, 17 August 2010 10:22 |