|
Written by ချိုတကူး၊ကလေး၊
|
|
Friday, 02 July 2010 13:54 |
၁။ ငါ့အသက် ၈၄ နှစ် ရှိပြီ။ ငါ့ဘ၀မှာ အဲသလောက် လှတဲ့ မိန်းမ မတွေ့ဖူးဘူး။ အတော့်ကို ချောတယ်။ သူ့မိဘတွေကလည်း ချမ်းသာတယ်။
ငါတို့ ချင်းတောင်မှာ ရှိတဲ့ မြို့တွေရွာတွေ အတော်များများက လူပျိုတွေက သူ့ကို ပိုးပန်းဖို့ တကူးတက လာကြတယ်။ ပိုးပန်းတယ် ဆိုပေမယ့် လာကြည့်ရုံပါပဲကွာ။ ဘယ်သူကမှ သူ့ကို မစရဲ၊ မပြောရဲကြပါဘူး။ သူ့ရဲ့အလှ၊ သူ့ရဲ့ဘ၀က လာကြတဲ့ သူတွေနဲ့ ဘ၀ချင်း အလှချင်း ဘာမှ မဆိုင်ဘူးလေ။ ဒီတော့ ဘယ်သူက ၀ံ့ဝံ့ရဲရဲ ရှိကြမှာလဲ။ ချောင်းကြည့် ပြုံးပြန်ပဲပေါ့ကွာ...။မင်းကိုပြောရင် ယုံမှာ မဟုတ်ဘူး။ သူ့ကို လာကြည့်ကြတဲ့ လူတွေထဲက ခြေလှမ်းမှားပြီး ခြေလိမ်းပြီး လဲကျတဲ့ သူတွေတောင် ရှိတယ်။ အချင်းချင်း စကားများ ရန်ဖြစ်တဲ့ သူတွေလည်း ရှိတယ်။ အဲသလို လှတာ။ ဘယ်လို အကျိုးပေးလည်း မသိဘူး။ သူက စာလည်းတော်တယ်။ အနေအထိုင်လည်း မှန်တယ်။ အလှမာန်၊ ဘ၀မာန်၊ ပညာမာန် ဘာမှ မရှိဘူး။ ဒါပေမယ့် တည်တည်ကြည်ကြည် နေတတ်တော့ သူ့ကို ဘယ်တော့မှ အနားတောင် မသီရဲကြဘူးကွ။ ချစ်ခွင့်ပန် စကားပြောဖို့ ဆိုတာကတော့ ဝေလာဝေးပဲ။
ခုခေတ်ကာလ လူငယ်တွေလို ဆိုရင်တော့ မပြောတတ်ဘူးပေါ့ကွာ။ ငါတို့တုန်းက လူငယ်တွေကတော့ အုံ့ပုန်းကြီးတွေပေါ့ကွာ။ အကုန်လုံး စိတ်ထဲကပဲ ကျိတ်ကြိုက်နေကြတာပါပဲလေ။ တစ်ဖတ်သတ် အချစ်ဟာ ဆိုးပါသည်လို့ပဲ ပြောရတော့မှာပေါ့။ သူ့ရဲ့ အသိုက်အ၀န်း အရှိန်အ၀ါကလည်း အကြောင်း တစ်ခုအနေနဲ့ အဟန့်အတား ဖြစ်စေတာလည်း ပါမှာပေါ့ကွာ။ ဂုဏ်တူဒြပ်တူတွေမှာတော့ ပြောရဲဆိုရဲ၊ ပြောကြဆိုကြနဲ့ ဖူးစာ ဆုံသွားကြတာပါပဲ။ သူ့ခမျာမှာတော့ ချစ်သူတွေ ပေါပေမယ့် ဖူးစာရှင် မတွေ့နိုင်ဘူး ဖြစ်နေတာပေါ့။ ငါ့သူငယ်ချင်း တစ်ယောက်ကတော့ စွန့်စွန့်စားစား တစ်ခုလုပ်ဖူးတယ်။ အဲဒါက ဘာလဲဆိုတော့ ငါတို့တစ်တွေ တောလည်သွားရင်း တောထဲ မှာ သစ်ပင်ကအမြင့်ကြီးကွ။ အဲဒီသစ်ပင်ထိပ်ပိုင်းနားမှာ ပွင့်နေတဲ့ သစ်ခွပန်းကြီးလေ။ အင်မတန် လှလှပပ စွင့်စွင့် ကားကားကြီး ပွင့်နေတာ တွေ့ကြတယ်။ မြင်ရုံနဲ့တင် ဆွတ်ခူးချင်လာတယ်။ အဲ သလောက်လှတာ။
အဲဒါ အင်မတန် ကြောက်တတ်တဲ့ ဒီကောင် အဲဒီ သစ်ပင်ပေါ် တက်သွားတယ် မောင်။ ငါတို့လည်း အံ့အားတသင့် ဖြစ်ကြတယ်။ ဒီကောင် ဘယ်လိုဖြစ်တာလဲ ပေါ့။ သစ်ပင်ကလည်း မြင့်ရုံ တင်မကဘူး။ တောင်စောင်း မှာပေါက်နေတာ။ အောက်မှာ က နက်ရှိုင်းတဲ့ချောက်ကမ်း ပါးကြီး၊ မတော်တဆချော် လို့ကတော့ မတွေးဝံ့စရာပဲ။ ဘာမပြော ညာမပြော ဒီကောင် တက်သွားတာ။
အဲဒီ သစ်ခွပန်းကြီးကို ရဖို့ ၀ံ့ဝံ့စားစား ဒီကောင်တက် သွားတာ၊ ငါတို့တစ်တွေ အသက်ရှူမှား မတတ် စောင့် ကြည့်နေခဲ့ကြရတယ်ကွ။ သူကတော့ သူ့ဇောနဲ့သူ။ အပေါ်မှာ ပျားတုပ် ခံရမလား။ နှင်းရည်စက်တွေကြောင့် ခြေချော် လက်ချော်ဖြစ်မလား။ ရင်တထိတ်ထိတ်နဲ့ တားဖို့လည်း အချိန် မရလိုက်ဘူးလေ။
ကံကောင်းထောက် မလို့ အပေါ်ရောက်သွားပြီ။ ကောင်းကောင်းမွန်မွန်ပဲ။ သစ်ခွပန်းကြီးကို အခြေမပျက် အနေမပျက် ပွင့်ဖတ်လေးတွေ မကြွေ မကွာရအောင် သူ့အအုံအလိုက် ကျွမ်းကျွမ်း ကျင်ကျင် သူခွာယူနေတယ်ကွ။ ငါတို့မှာတော့ အတက် ကိစ္စပြီးလို့ အဆင်းအတွက် ပူရပြန်တယ်လေ။ အတက် တုန်းက သူမြန်သလောက်၊ အဆင်းကျတော့ တုံ့နှေးနှေးနဲ့ကွ။ ငါတို့က စိတ်ပူ နေရ တော့ လောကြီးနေသလား မပြောတတ်ပါဘူးကွာ။ သူ့ ခမျာလည်း လူကိုထိန်းရ၊ ပန်းကိုထိန်းရနဲ့ ချောင်တော့ မချောင်ဘူး။
တစ်နေရာမှာ သူ ချော် သွားခဲ့တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ပြန်ထိန်းနိုင်ခဲ့တယ်။ ခြေတစ်ဖက်က အောက်မှာ တန်းလန်းကြီး၊ ကျန်ခြေတစ်ဖက်ကတော့ သစ်ပင်ကို ခွပတ်ထားတယ်။ လက်တစ်ဖတ်က သစ်ခွပန်း အုံကို ကိုင်လျက် အပေါ်ကို ထောင်လျက် တန်းတန်းကြီး။ ပန်းပျက်စီးမှာ စိုးရိမ်လို့လေ။ ကျန်လက်တစ်ဖက်ကတော့ သစ်ပင်ကို ကုတ်ကတ်ဖက် တွယ်ထားလေရဲ့။ အဲဒီတုန်း ကတော့ ငါတို့မှာလည်း အူ တုန်ပန်းတုန်နှလုံးတုန် ရင်ခုန် ပေါ့ကွာ။ ခုပြန်တွေးကြည့်တော့လည်း ဓာတ်ပုံရိုက်ထား ရရင် အကောင်းသားလို့ စိတ်ထဲက ဖြစ်မိတယ်။ ရယ်ချင် စရာကြီးပေါ့လေကွာ။
အဲဒီသစ်ခွပန်းကို ဒီကောင် ဘာလုပ်တယ်ထင် လဲ။ အဲဒီအမျိုးသမီးရဲ့ အိမ်ရှေ့မှာ အိမ်ပေါက်ဝမှာ ပေါ့။ မနက်အစောကြီး လူတွေမနိုးခင်၊ မထခင်သွား ထားတာမောင်။ ဒါပဲသူက။ ဒါအစွမ်းကုန်ပဲ။ ခုနေခါဆို ရင်တော့ ကြွေသွားလောက် အောင်ပြောပြီး လူကိုယ်တိုင် သွားပေးကြမှာ ထင်ပါရဲ့။ မင်းအတွက်ကို ဘယ်လို သက်စွန့်ဆံဖျား ခူးဆွတ်ယူ လာခဲ့ရတာတို့ ဘာတို့ပေါ့နော်။
အဲဒီပန်းကို ဘယ်သူက တွေ့လို့ ယူသွားသလဲ ဆိုတာတောင် မသိဘူး။ ဒီပန်းက လှတော့ တွေ့တဲ့လူက ပစ်လိုက်မှာတော့ မဟုတ်ပါဘူး။ ယူပြီးတော့ အိမ်ထဲမှာ၊ ဒါမှ မဟုတ် ခြံထဲက အပင် တစ်ပင်မှာ ပြန်ပျိုး စိုက်ထားမှာတော့ သေချာပါတယ်။ အဲဒီအမျိုး သမီးကလည်း မြင်ရင် နှစ်သက်မှာ အမှန်ပါပဲ။ သူ မြင်လို့ ဒီပန်းကို မြတ်နိုးတဲ့ စိတ်ကလေး ဖြစ်သွားရင်ကို ဒီကောင်က ကျေနပ်ပါသတဲ့ မောင်။ အဲဒါပါပဲ။
အဲသလို အဖြစ်အပျက်တွေ အများကြီးပဲ။ ဒီအမျိုး သမီးနဲ့ ပတ်သက်လို့ကတော့ ငါသိတာတွေကို မနည်း မနောပဲ။ မသိတာတွေလည်း ရှိလိမ့်ဦးမယ်။ ခုခေတ်အခေါ် ဆိုရင်တော့ အဲဒီ အမျိုးသမီးဟာ အဲဒီတုန်းက ငါတို့ရဲ့ နယ်မြေတစ်ခုလုံးမှာ စူပါ စတားပဲပေါ့ ကွာ။
၂။ ငါတို့ တစ်နယ်လုံးက လူတွေ စိတ်အပျက်ဆုံး အချိန်လို့ ပြောရမလားပဲ။ ခေတ်ပျက်တဲ့ ကာလကြီးလေကွာ။ သွားရေး လာရေးကလည်း ခက်။ စီးပွားရေးကလည်း ပျက်။ လူတွေဟာ ကျီးလန့် စာစားနေရတဲ့အချိန်။ အင်္ဂလိပ်တပ်တွေ ၀င်လာလိုက်။ ဂျပန်တပ်တွေ ၀င်လာလိုက်။ သူပုန်တွေ၊ ဓားပြ တွေကလည်း တစ်စခန်း ထလိုက်။ အဲဒီမှာ ရွာတွေမှာ နယ်ချဲ့တော်လှန်ရေး မျိုးချစ် အဖွဲ့တွေကလည်း ၀င်လိုက်၊ ထွက်လိုက်၊ စည်းရုံးလိုက်နဲ့။ ဟိုနေရာမှာ တိုက်ပွဲဖြစ်။ ဒီနေရာမှာ တိုက်ပွဲဖြစ်။ အမျိုးမျိုး ကြားနေရတာကလား။
ကလေးတွေလည်း စာသင်ပျက်။ လူကြီးတွေ လည်း အိပ်ရေးပျက်။ လူရွယ်လူလတ်တွေလည်း စိတ်ကူးတွေပျက်။ အားလုံးဟာ လောကမှာ လူလာဖြစ်ရ တဲ့ ဘ၀ကို စိတ်ကုန်နေတဲ့ အခါမျိုးပေါ့ကွာ။ ဘယ်အချိန် မှာ ဘာဖြစ်မလဲဆိုတာ ခန့်မှန်းလို့လည်း မရ။ တွေးပူ တွေးကြောက်တဲ့ စိတ်တွေနဲ့ပဲ တစ်ရက်တော့ ကုန်သွား ပြန်ပြီ။ ဒီညတော့ ကောင်းကောင်း အိပ်ရပါ့မလား။ မနက်လင်းရင် ဘာကြားရ မလဲ။ အဲသလိုမျိုးတွေပေါ့ လေ။
ဒါတွေပြောရရင် ပြော မဆုံးပေါင် တောသုံးတောင် ဖြစ်နေလိမ့်မယ်။ ငါ သိပါတယ်။ မင်းကလည်း ဒါတွေ ကြားချင်နေမှာ မဟုတ်ပါဘူး။ မင်းက ဟိုအမျိုးသမီး အကြောင်းပဲ စိတ်ဝင်စားေ တာ မဟုတ်လား။ ငါဆက် ပြောမှာပါကွာ။ အဆက် အစပ်လေး မိသွားအောင်သာ ငါက အချိန်အခါနဲ့ အခြေ အနေတွေကို ပြောနေတာပါ။
ခေတ်ပျက်တာ မပျက် တာ အရွယ်က မသိဘူးကွ။ အသက်အရွယ်က သူ့ဟာသူ ကြီးလာတာပဲ။ လွတ်လပ် ရေးရတော့ ငါ့အသက်က ၂၄ နှစ်ရှိပြီ။ ဟိုအမျိုးသမီးလည်း ဘာမို့လဲ။ သူလည်း အရွယ် ကြီးလာပြီပဲပေါ့။ ငါတို့ဆီမှာ အဲဒီ အချိန်က အမျိုးသမီးလေးတွေဟာ အသက် ၁၆ နှစ်၊ ၁၈ နှစ် ဆို အိမ်ထောင် ကျကြပြီ။ သူ့ဟာသူ မကျရင်လည်း လူကြီးတွေက အိမ်ထောင်ပြု ပေးကြ၊ အိမ်ထောင်ချပေးကြ တာများတယ်။ အသက် ၂၀ ကျော်၊ ၂၅ နှစ်လောက်ဆိုရင် အပျိုဟိုင်းကြီးတွေ စာရင်း ၀င်သွားတာပဲလေ။ အသက် ၃၀ နားကပ်သွားရင်တော့ ဒါအရွယ်လွန်ပြီလို့ ပြောကြတာ များတယ်။
သူ့ခမျာ အဲဒီအချိန် အထိ အပျိုကြီးပဲ။ ဘယ်သူ ကမှလည်း စကားကြောင်း လမ်းမလုပ်ရဲသလို သူတို့ ဘက်ကလည်း ထိုက်တန်သူကို ရှာမတွေ့တာလည်း ပါ မယ်ထင်တာပဲ။ ရတာမလို၊ လိုတာ မရလို့လည်း ပြောလို့ ကမရ။ ဖူးစာ မင်ရေကျဲ တယ် ပြောရမလား။ ဘာ ပြောရမှန်းကို မသိတော့ဘူး။ ဖူးစာရှင် ဘယ်မှာလဲလို့ပဲ လူတွေ နှုတ်ဖျားမှာ ပြောကြ ဆိုကြပေါ့။ သူ အိမ်ထောင် မကျတာကိုပဲ သနားရမှာလို လို၊ ၀မ်းသာရမှာလိုလို အဲသလိုကြီး၊ ရလည်းရစေ ချင်၊ မရလည်း မရစေချင်။ လူရွယ်တွေ စိတ်ထဲ အဲသလို ဖြစ်နေကြတာပါ။
အဲဒီအချိန်အထိ သူက တော့ လှပစိုပြည်နေတုန်းပဲ မောင်။ ချစ်သူခင်သူတွေ ပေါနေဆဲပါပဲ။ ငါက ဖွဲ့ဖွဲ့ နွဲ့နွဲ့ မပြောတတ်လို့သာ။ သူ့ အလှကို စာဖွဲ့တတ်သူတွေ ဆိုရင် ခေါင်းကစ ခြေထိ၊ ဆံဖျားကနေ ခြေဖျားအထိ ဆိုပါတော့။ ဆံပင်၊ နဖူး၊ မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ နှာတံ၊ နှုတ်ခမ်းကအစ ကိုယ်လုံးကိုယ်ပေါက် ခေါင်း ခါးခြေလက် အကုန်ပေါ့ကွာ။ တစ်ခုချင်းစာဖွဲ့လို့ ရလိမ့် မယ်။ အသားအရေကတော့ ဆွဲဆောင်မှု အရှိဆုံးပါပဲ။ ဖြူဝင်း စိုပြည်နေတာပါပဲ။ ငါကတော့ မပြောတတ်ပါ ဘူး။ လှတာပဲ သိတယ်။ ကြည့်လို့ သိပ်ကောင်းတယ်။ ကြည့်မ၀ ရှုမ၀ အလှပါပဲ။
အဲဒါပြောရရင် အခုပြန် ပြောရတာတောင် စိတ်ထဲ မကောင်းဖြစ်တုန်းပဲ မောင်။ ငါ အမှန်ပြောတာ။ သူ ဘယ်သူနဲ့ ဖူးစာ စုံဖက်ခဲ့ရတယ် ထင်လဲ။ မျောက်လိုလို အကောင်နဲ့ ရခဲ့တာကွ။ ဘယ်သူကမှ ကျေနပ်တယ် ဆိုတာ မရှိဘူး။ ဘာမှလည်း မတတ်နိုင်ဘူး။ အဲဒါ ရသွားတာပဲ။ ဘယ်အချိန် ဘယ်လို တွေ့ပြီး၊ ဘယ်လိုဖြစ်ပြီး ရသွားတယ်ကို ငါတော့ မသိ လိုက်ဘူး။ သိတဲ့အချိန်မှာ ရနေပြီပဲ။
အင်္ဂလိပ်စစ်တပ် အပြန်မှာ ကျန်ခဲ့တဲ့ကောင်လို့တော့ ပြောကြတယ်။ ငါတို့နယ် သားတော့ မဟုတ်ဘူး။ လူမျိုးတော့ တူတယ်ပေါ့ကွာ။ ရုပ်က နာလွန်းတယ်ကွ။ အသားအရေက ညိုမည်း၊ မျက်နှာကလည်း လူလို့ကျိန် ပြောရမယ့် မျောက်လိုလိုရုပ် လေ။ တစ်ခုတော့ရှိတယ်။ ဒီကောင်က ယောက်ျားပီသတဲ့ အရပ်အမောင်း၊ ကိုယ်လုံး ကိုယ်ထည်တော့ ရှိတယ်။
ငါထင်တယ်။ တော်တော်ကြာကြာ အထိ လူတွေ ဟာ စိတ်ထဲမှာ တအုံနွေးနွေး နဲ့ ခံစားခဲ့ကြရတယ်။ အထူး သဖြင့် ငါတို့လို လူရွယ် လူလတ်တွေပေါ့ကွာ။ တချို့ လူကြီးတွေလည်း စုတ် တသပ်သပ် ဖြစ်ကြရတယ်။ ဖြစ်ရလေခြင်းပေါ့။ ဟာ မင်းကလည်း ဘာလို့ သက်ပြင်းကြီးချရ တာလဲ ကွ။
၃။ နောက်ပိုင်း ငါတို့ချင်း တောင်ကနေ ကလေးမြေပြန့်ကို ရောက်လာခဲ့ကြတယ်။ နှစ်တွေလည်း အလီလီ ပြောင်း ခဲ့ပြီ။ ဘ၀မှာ အတွေ့အကြုံ တွေလည်း ရင့်ကျက်ခဲ့ပြီ။ ဒါနဲ့တောင် အကြောင်းတစ်ခု နဲ့ တိုက်ဆိုင်လို့ ဒါကို သတိရ သွားရင် စိတ်ထဲမှာ တစ်မျိုး ကြီးတော့ ဖြစ်နေတုန်းပဲ။ ငါ အမှန်ပြောတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ခရစ္စမတ်ညမှာ မမျှော်လင့်ဘဲ သူနဲ့တွေ့တယ်။ ဘုရား ကျောင်းမှာလေ။ ငါကလည်း ငါ့ သားသမီးတွေနဲ့။ သူကလည်း ဒီလိုပဲ။ သူ့သား တစ်ယောက်ကတော့ နိုင်ငံခြား ရောက်နေတယ် ပြောတယ်။ သမီးကတော့ ကလေးမြို့မှာ အိမ်ထောင်ကျတာတဲ့။ ငါတို့လည်း အဆက် ပြတ်နေတာ ကြာပြီဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် ဘာဆိုဘာမှ မသိဘူးလေကွာ။ အဆက် ပြတ်တယ်ဆိုတာက သူနဲ့ ငါနဲ့ မဟုတ်ဘူးနော်။ သူနဲ့ ငါက ဘယ်တုန်းကမှ အဆက် ရှိတာမှ မဟုတ်တာ။ ငါနဲ့ငါ့ ရွာနဲ့ ပြောတာပါ။ ဒီရောက် ကတည်းက တစ်ခေါက်မှ ပြန်မရောက်တော့တာကိုး။ အဲသလို အဆက်ပြတ်တာ။
အဲဒီညက ငါတို့ရွာ သားတွေ၊ နယ်သားတွေချည်း ၃၊ ၄ ဦးလောက်ကို ပြန်တွေ့ကြရတာ။မိန်းကလေးကတော့ သူတစ်ယောက်ပဲ။ ကျန်တာက ယောက်ျားတွေချည်း။ ကံများ ဆန်းကြယ်တယ်။ ချိန်းမထားဘဲ ဆုံတာမျိုးတွေ လေ။ ကိုယ့်ရွာ ကိုယ့်နယ်မှာ တစိမ်းပြင်ပြင်နေတဲ့ သူတွေ၊ တစ်မြို့တစ်နယ်မှာ ဆုံရင် အငမ်းမရ ခေါ်ကြပြောကြ ခင်မင်ကြသလိုမျိုးပေါ့။ နှစ်ရှည်လများ ကွဲကွာနေတဲ့ ဆွေမျိုးရင်းချာတွေလိုကို ဖြစ်တော့တာလေ။
အဲဒီ ၃၊ ၄ ဦးကို ငါ စိတ်ပါလက်ပါနဲ့ ငါ့အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ ကလည်း လက်ခံပါတယ်။ ထမင်းကျွေး ဧည့်ခံတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတယ်။ အားလုံးဟာ အသက် ၈၀ ကျော်တွေ ဖြစ် ပေမယ့် ကလေးတွေလို ပြန် ဖြစ်နေကြတယ်။ သိတယ် မဟုတ်လား။ ကလေးစိတ် ဆိုတာ ပွင့်လင်းတယ်လေ။ ဘာကိုမှ ဖုံးကွယ်မထားဘူး။ ဟန်ဆောင်တာ မရှိဘူး။ စိတ်အရှိ အရှိအတိုင်းပဲကွ။
ပျော်စရာ တကယ်ကို ကောင်းတယ်ကွ။ ထမင်းမစားခင် ငါတို့ နည်းနည်းစီ သောက်ကြသေးတယ်။ ငါတို့ အသက်အရွယ် အရ သွေးလည်ပတ်မှုကောင်း ရုံလေးပါပဲ။ ရာသီဥတုကလည်း ဆောင်းည ချမ်းချမ်းကိုး။ ပြီးတော့ ဓမ္မတေးတွေ ဆိုကြတယ်။ မီးပုံလေးကို ပတ်ပြီး လက်ချင်း တွဲလို့က ကြတယ်။ မောမောနဲ့ အားလုံးထိုင် ကြတယ်။ အဲဒီမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါမေးချင်တဲ့၊ သိချင်ခဲ့တဲ့ မေးခွန်း တစ်ခုကို ငါသူ့ကို မေးမိတယ်။ သူကတော့ တည်တည်ကြည်ကြည်ပဲ။ ကျန်တဲ့ ငါတို့တစ်တွေမှာတော့ သူ့ကို စိတ်ဝင်စားခဲ့ဖူး သူတွေချည်းပဲ ဆိုတော့ မလုံမလဲစိတ်က လေးနည်းနည်းစီတော့ ရှိနေ သလိုပဲ။ ငါ ထင်တယ်။ ဘာရယ်လို့တော့ မဟုတ်ဘူးပေါ့။ ငါမေးတော့ ကျန်တဲ့ကောင် တွေကလည်း စိတ်ဝင်တစား မျှော်လင့်တဲ့ မျက်နှာနဲ့ သူ့ဆီက အဖြေစကားကို စောင့်စား နားထောင်နေကြတာ ငါမြင်ရတယ်။
“ခင်ဗျား ဘာဖြစ်လို့ အဲဒီလူကို လက်ထပ်လိုက်ရ တာလဲ”ဆိုတော့ သူကပြုံးပြုံး လေးနဲ့ အေးအေးဆေးဆေး လေးပဲ ဖြေပါတယ်။ “ကျွန်မကို ချစ်ခွင့် ပန်တာကလည်း သူတစ်ယောက်ပဲ ရှိတယ်လေ”တဲ့။ ကဲ ... ဒါပါပဲ။ မင်းက ဘာဖြစ်လို့ သက်ပြင်းကြီး ချရတာလဲကွ။

ချိုတကူး၊ကလေး၊ |
ချိုတကူး၊ကလေး၊ |
| About the author: |
| |
|
|
Last Updated on Friday, 02 July 2010 14:42 |
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...