(Dec-09)တိုးတိုးဖော် PDF Print E-mail
Written by အယ်ဒီတာ   
Monday, 07 December 2009 16:20
Share |

ဒီလ တိုးတိုးဖော်ကို ရောက်လာတဲ့ စာတွေက ခေတ်မီတယ်လို့ ဆိုရပါမယ်။ လူငယ်တွေရဲ့ အသံ အစစ်လည်း ဖြစ်တာမို့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

 

 

တိုးတိုးဖော်ခင်ဗျား...

ကျွန်တော် မေးချင်တဲ့မေးခွန်းက Facebook ပေါ်က ကိုယ်ရေး ကိုယ်တာ ပြဿနာလေးတစ်ခု အကြောင်းပါ။ ကျွန်တော်တို့ နိုင်ငံမှာ Professional life နဲ့ပတ်သက်ပြီးFacebook မှာ ကြော်ငြာတဲ့ Page မျိုး မတွင်ကျယ်သေးပေမယ့် Personal life နဲ့ပတ်သက်ပြီး အချင်းချင်း Share တာမျိုးကတော့ အလေ့အထလိုတောင် ဖြစ်နေပါပြီ။ သဘောကျတဲ့Post မျိုးဆိုရင် လက်ဆင့်ကမ်းပြီးShare ကြလို့ တော်တော်လေး ပျံ့နှံ့ကာ ပထမဆုံးစပြီးShare တဲ့ လူက ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ဒါပေမယ့် လောလောဆယ် ကျွန်တော့် သူငယ်ချင်း နှစ်ယောက်ကြားမှာ ဓာတ်ပုံShare တာနဲ့ ပတ်သက်လို့ ပဋိပက္ခလေး တစ်ခု ဖြစ်လာပါ တယ်။ သူငယ်ချင်း တစ်ယောက်က ခရီးသွား ထားတဲ့ ဓာတ်ပုံတွေကိုFacebook Wall ပေါ်မှာ share လာတဲ့ အတွက် တခြား သူငယ်ချင်းကလည်း သဘောကျတာနဲ့ ထပ်ဆင့်ပြန်ပြီးshare လိုက်ပါတယ်။ အဲဒီမှာတင် သူ့ဓာတ်ပုံတွေကို ခွင့်ပြုချက်မတောင်းဘဲshare ရကောင်းမလား ဆိုပြီး ဒေါသူပုန် ထတော့တာပါပဲ။ သူတို့နှစ်ယောက်ကို ကြည့်ပြီး ကျွန်တော် တော်တော်လေး ကြောက်သွားလိုက်တာFacebook မှာ ဘာမှ မလုပ်ရဲတော့လောက်အောင်ပါပဲ။ အဲဒီနှစ်ယောက်က အခုထိ ဘယ်သူမှ အလျှော့မပေး ကြတာမို့ အပြင် လောကမှာပါ မခေါ်မပြောတွေ ဖြစ်ကုန်ကြပါတယ်။ ကျွန်တော် သိချင်တာက privacy အားနည်းတဲ့facebook အကြောင်း သိလျက်နဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တာ တွေshare ပြီးမှ တစ်ဆင့်ပြန်share တဲ့သူကို ဒေါသထွက်တဲ့ သူငယ်ချင်းရဲ့ အမှားလား၊ ဒါမှ မဟုတ် တခြားသူ share လာတဲ့post တွေပေါ်မှာ comment ရေးတာမျိုး၊ တစ်ဆင့်share တာမျိုး လုပ်တတ်တဲ့ သူငယ်ချင်းရဲ့ အမှားလား ဆိုတာပါ။
ကျွန်တော်ကိုယ်တိုင်လည်း postတွေshare တတ်သလို comment တွေလည်း ရေးတတ်တာမို့ နောက်ပိုင်းမှာ ဆင်ခြင်နိုင်အောင်လို့ တိုးတိုး ဖော်က အကြံပေးပေးပါ။
အောင်ကျော်လွင်

ကိုအောင်ကျော်လွင်သို့...
facebook ရဲ့ လွှမ်းမိုးမှုဟာ ကွန်ပျူတာ သုံးစွဲသူများကြားမှာ အံ့သြစရာ ကောင်းလောက်အောင် ကြီးထွားလာနေတာကို သတိထားမိပါ တယ်။ တကယ်တော့်facebookဟာ မိတ်ဆွေ အပေါင်းအသင်းဟောင်းတွေကို ပြန်လည် တွေ့ဆုံနိုင်အောင် သူ ဘာလုပ်နေလဲ၊ ကိုယ် ဘာလုပ် နေလဲ သိရအောင်ဆိုတာထက် အများကြီး အဓိပ္ပာယ် ရှိနေပါတယ်။ စီးပွားရေး သမားတွေရော နိုင်ငံရေး သမားတွေပါ မျက်စိကျတဲ့ ကမ္ဘာလုံး ဆိုင်ရာ စာမျက်နှာဖြစ်လာတဲ့ အတွက် ကိုအောင်ကျော်လွင် ပြောသလို တစ်ဦးချင်း လွတ်လပ်မှု နည်းပါးတဲ့ စာမျက်နှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တီထွင်သူများက အဲဒီ ပြဿနာကို အတန်အသင့် လျော့ပါးအောင် တီထွင်ထားတာမို့ သိပ်တော့လည်း ပြဿနာ မဟုတ်ပါဘူး။ ဓာတ်ပုံတွေကို ကိုယ့်တစ်ကိုယ်ရည် စာမျက်နှာမှာ တင်ထားပြီး ကိုယ်ကြည့်စေချင်တဲ့ သူတွေကိုပဲ ရွေးပြီး ဖိတ်ပြလို့ ရအောင် စီစဉ်ထားတာ ရှိပါတယ်။ ဒါကြောင့် ကိုယ်က နောက်တခြား လူတွေကို မမျှဝေစေချင်ဘူး ဆိုရင် ဓာတ်ပုံကိုတင်ကတည်းက အလိုအလျောက် မေးလာတဲ့မေးခွန်းမှာ အများပြည်သူ public ကို မပြပါဘူးလို့ ရွေးချယ် နိုင်ပါတယ်။ ကိုယ့်ဘာသာ လက်ရွေးစင် ရွေးချယ်ထားတဲ့ လူတွေကိုပဲ ပြနိုင်အောင်လည်း စီစဉ်လို့ ရပါတယ်။

ခက်ခက်ခဲခဲလည်း မဟုတ်တာမို့ ကိုယ်တိုင် သုံးစွဲသူတွေ အနေနဲ့ ကိုယ့်ဘာသာပဲ လုပ်နိုင်မှာပါ။ ဒီလိုပဲ တခြား ဘယ်လိုအကြောင်း အရာမျိုးမဆို ကိုယ်က သတ်မှတ်ထားတဲ့ သူတွေကိုပဲ ပေးပို့ဖို့ စီစဉ်နိုင်သလို အများပြည်သူ ကြည့်ရှု ဖတ်နိုင်အောင်လည်း စီစဉ်နိုင်ပါတယ်။ ခွင့်ပြု ချက်မတောင်းဘဲ ထပ်မံမျှဝေတဲ့ ပြဿနာကတော့ မကောင်းတာ အမှန်ပါ။ ဘယ်လို post မျိုးကိုမဆို သဘောကျလို့ ပြန်သုံးချင် ထပ်မျှချင် ရင် ကာယကံရှင်ကို အသိ ပေးဖို့တော့ လိုပါမယ်။ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အခွင့်အရေးပါ။ မိမိနဲ့ သက်ဆိုင်သမျှ အကြောင်းအရာတွေကို မျှဝေဖို့ အတွက် မိမိကသာ အခရာ ဖြစ်သင့်တယ် ဆိုတာ လူတိုင်း နားလည်ပြီးသား ကျင့်ဝတ် တစ်ခုဖြစ်ပါတယ်။

နာမည် ကျော်ကြားသူတွေ အတွက် အဲဒီ အခွင့်အရေးက နည်းပါးသွားပေမယ့် သာမန်လူတွေ အတွက်တော့ ဒီအခွင့် အရေးဟာ တည်နေမြဲပါ။ ဒါကြောင့် ခွင့်ပြုချက် မတောင်းတဲ့ သူငယ်ချင်းရဲ့ လုပ်ရပ်ဟာလည်း သဘာဝ မကျပါဘူး။ ဒီလိုပဲ ကိုယ်က တင်ထားတဲ့ ဓာတ်ပုံနဲ့ အကြောင်းအရာတွေကို သူတစ်ပါးက ထပ်မံ မမျှဝေစေချင်ရင် ကာယကံရှင် အနေနဲ့ မှတ်ချက် ရေးထားသင့်ပါတယ်။ အဲဒီလို မှတ်ချက်နဲ့တကွ တင်ထားလျက်နဲ့ ခွင့်မတောင်းဘဲ ဆက်မျှဝေတယ်ဆိုရင်တော့ မျှဝေတဲ့ သူမှာပဲ လုံးလုံး တာဝန် ရှိပါတယ်။ အခုကိစ္စမှာတော့ နည်းပညာပိုင်း ဆိုင်ရာ အားနည်းချက်၊ ဗဟုသုတ မကြွယ်ဝမှုတွေကြောင့် ဘယ်သူက မှန်ပြီး ဘယ်သူက မှားတယ်လို့ ဆိုဖို့ရာ ခက်ခဲနေပါတယ်။

ဒီနေရာမှာ သတိချပ်ဖို့က အသစ်အသစ်သော ဆော့ဖ်ဝဲ softwareတွေ အစီအစဉ် program တွေ သုံးစွဲတဲ့ အခါမှာ အဲဒီ အရာတွေနဲ့ မကျွမ်းဝင် မရင်းနှီးဘဲ လက်တည့် မစမ်းကြဖို့ လိုတယ် ဆိုတာပါပဲ။ သူများ တင်ထားတဲ့ post တွေပေါ်မှာ comment တွေ ၀င်ရေးတာကတော့ ပြဿနာ မရှိပါဘူး။ ကိုယ်က သဘော မကျရင် ပြန်ဖျက်လို့ ရသလို ကာယကံ ရှင်ကလည်း ကိုယ့်ကို သဘောမကျရင်hide လုပ် ပုန်းကွယ်လိုက်မှာပါ။ တကယ်တော့facebookဟာ လယ်စိုက်မလား၊ ကော်ဖီဆိုင်ဖွင့်မလား၊ ဗေဒင်ကြည့်မလား၊ မားဖီးယားဂိုဏ်း ၀င်မလား၊ အလှူ လုပ်မလား၊ အလှူခံ မလားစသဖြင့် လုပ်ငန်းဆောင်တာပေါင်း များစွာကို လုပ်ဆောင်လို့ ရနေတဲ့ ကမ္ဘာလုံးဆိုင်ရာ စာမျက်နှာ တစ်ခုပါ။ ၂၀၀၄ ခုနှစ်ကမှ ဟားဗတ်ကျောင်း သားသုံးယောက်က စတင်ဖန်တီးခဲ့တဲ့ facebook ဟာ အခုဆိုရင် သုံးစွဲသူ သန်းသုံးရာကျော် ရှိပြီး ဘာသာစကား ၅၅ မျိုးနဲ့ သုံးနိုင်နေပြီ ဖြစ်ပါတယ်။ တကယ်တမ်း facebookကို လူအများ နှစ်သက်ရတဲ့ အကြောင်းရင်းက မိုင်ထောင်သောင်းချီ ဝေးနေစေဦး တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်သလို အချင်းချင်း ပေးပို့ကြတဲ့ post တွေကြောင့်လည်း ခံစားချက်၊ ခံယူချက်ချင်း ဖလှယ်စာနာ နားလည်ကာ အချင်းချင်း ကျောချင်း ကပ်ထား နိုင်လို့ပါ။ ဒီတော့ လူချင်းလည်း တွေ့လို့ရနေတဲ့ သူငယ်ချင်း နှစ်ယောက်က ဘာမှ မကြီးမားတဲ့ ဓာတ်ပုံ မျှဝေမှု အပေါ် ခုလောက်ထိ အငြိုးအတေးထားနေ ကြမယ်ဆိုရင် facebook တည်ထောင်သူတွေ စိတ်ညစ်နေပါ့မယ်။ သုံးစွဲသူ တွေချင်း မျက်နှာပျက်ရအောင် မလုပ်ကြပါနဲ့လေ။

တိုးတိုးဖော်ခင်ဗျား...
လူကြီးတွေ အနေနဲ့ ကျွန်တော်တို့ လူငယ်တွေ အပေါ်မှာ တစ်ဖက်သတ် အမြင် လွဲမှားနေကြပါတယ်။ ကျွန်တော်တို့ လူငယ်သဘာဝ တစ်နေရာမှာစုပြီး သောက်စား ပျော်ပါးတာမျိုး ရှိတတ်တာကို သိထားတဲ့ လူကြီး တစ်ယောက်က ကျွန်တော်တို့ကို အမြင် မကြည်လင်တဲ့ အချိန်မှာ အပျော်အပါး မက်တဲ့ ပေါ့ပျက်ပျက်တွေ ဆိုတဲ့ အသုံးအနှုန်းမျိုးတွေကို သုံးလာပါတယ်။ ကျွန်တော်တို့ လူငယ် တွေစုပြီး ပရဟိတ လုပ်ငန်းတွေမှာ ကူညီကြတာ၊ ပညာ့ဒါန ကျောင်းလေးတွေမှာ စာသင်ပေးကြတာ၊ အပတ်စဉ် ဘုရားမှာ ဝေယျာဝစ္စ လုပ်ပေးကြတာ မျိုးတွေကိုတော့ စကားထဲတောင် ထည့်ပြောဖော် မရပါဘူး။ ကျွန်တော်တို့ လုပ်နေတဲ့ ကုသိုလ် ကောင်းမှုနဲ့ ပရဟိတ လုပ်ငန်းတွေက ကျွန်တော်တို့ သောက် စား ပျော်ပါးတာတွေထက် ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ပိုများတယ် ဆိုတာကိုလည်း သိထားလျက်နဲ့ အဲဒီလို ပြောထွက်တာကို စိတ်မကောင်း ဖြစ်မိပေမယ့် လူကြီးဖြစ်နေတဲ့ အတွက် စောဒက မတက်ဖြစ်ကြပါဘူး။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ အဖွဲ့နဲ့ အဲဒီ ပုဂ္ဂိုလ် ရှောင်လွဲလို့ မရအောင် မကြာခဏ ဆုံရမယ့် ကိစ္စလေးတွေ ရှိနေတာမို့ ဆက်ဆံရေးမှာ အဖုအထစ်လေးတွေ ရှိလာပါတယ်။ သူငယ်ချင်း တစ်ယောက်က ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတော့မယ် ဆိုပြီးတော့ သွေးကြွ နေပေမယ့် ကျန်တဲ့ လူတွေကတော့ ရေလိုက်ငါးလိုက် ဆက်ဆံရင်းက ဘာသိဘာသာ နေသွားကြဖို့ပဲ ဆန္ဒ ရှိကြပါတယ်။ အဲဒီ နည်းလမ်းနှစ်ခု အပြင် တခြား နည်းလမ်းများ ရှိဦးမလား ဆိုတာနဲ့ တခြား နည်းလမ်း မရှိခဲ့ရင် ဘယ် နည်းလမ်းက ပိုပြီး အဆင်ပြေနိုင်မလဲ ဆိုတာ တိုးတိုးဖော်က ပြောပြပေးစေ လိုပါတယ်။
ဝင်းမောင်နိုင်

ကိုဝင်းမောင်နိုင်သို့...
ဘယ်ခေတ်ရောက်ရောက် လူကြီးနဲ့လူငယ်ကြား မျိုးဆက်ကွာဟမှု ပြဿနာက ရှိနေသေးတယ်လို့ ယူဆရစေတဲ့ မေးခွန်းပါလား။ တကယ်လည်း မျိုးဆက်ကွာဟမှုပြဿနာဟာ အသက်အရွယ်ကြီးရင့်သူနဲ့ ငယ်ရွယ်သူတွေ ကြားမှာ ရှိမြဲရှိပါတယ်။ တခြားသူကို မပြောပါနဲ့။ ကိုယ့်ဘာသာပဲ ပြန်ကြည့် ရင်တောင် ကိုယ့်အသက်ဆယ်နှစ်ကအတွေးနဲ့ အပြုအမူကို ကိုယ့်အသက် နှစ်ဆယ်မှာ လက်မခံချင်သလို ကိုယ့်အသက်နှစ်ဆယ်က အတွေးနဲ့ အပြုအမူ ကိုလည်း အသက်သုံးဆယ် ရောက်လာတဲ့အခါ လက်ခံရတာ မချောမွေ့တတ်ပါဘူး။ သည်တော့ လူကြီးတွေက လူငယ်တွေကို နားမလည်နိုင်တာ ဒီကနေ့ အိုင်တီခေတ်မှာ သာတောင် မဆန်းတော့ဘူးလို့ ပြောရမှာပါ။ ဒီနေရာမှာ အိုင်တီကိုလည်း ရင်းနှီး ကျွမ်းဝင်မှု ရှိနေပြီး ကိုယ့်ကိုယ်ကိုလည်း ခေတ်နဲ့အညီ လိုက်မီနေတယ်လို့ ထင်တဲ့ လူမကြီးတကြီးတွေက ပိုဆိုးပါတယ်။ ဘယ်လိုပဲ ခေတ်မီတယ်ဆိုဆို ငါက အကြီးပဲ၊ ငါတွေးတာက ပိုဆီလျော်တယ်၊ ငါပူပန်နေတာတွေ သူတို့လေးတွေ ကောင်းဖို့ဆိုတာ သူတို့မှ မသိဘဲ၊ ငါမှ မပြောရင် သူတို့တွေ မှားကုန်ကြတော့မှာပဲ၊ ငါက အတွေ့အကြုံတွေရှိပြီး ရှေ့မီနောက်မီမို့ ပြောနေတာ ဆိုတဲ့ အတွေးက လူမကြီးတကြီးမှာရော လူကြီးတွေမှာပါ အရိုးစွဲ နေကြပါတယ်။ အဲ ခက်တာက လူငယ်ဆိုတဲ့ သူတွေကလည်း ငါတို့လည်း ခေတ်နဲ့အညီ ကမ္ဘာကြီးမှာ ဖြစ်သမျှကို လေ့လာနေတာပဲ၊ လုပ်သင့် တယ် ထင်တာတွေလည်း အကောင်းရော အဆိုးပါ လုပ်နေတာပဲ၊ သူတို့ခေတ် တုန်းကလည်း သူတို့ဟာ အကောင်းတွေချည်း လုပ်ခဲ့တာမှ မဟုတ်တာ၊ သူတို့ သိတယ်ဆိုတဲ့ အသိနဲ့ အတွေ့အကြုံတွေက ဒီကနေ့မှာ အသုံး မတည့်ချင်တော့ဘူး ဆိုတာ လူကြီးတွေက မသိပါလား ဆိုပြီး တွေးနေတာပါပဲ။ ဒီတော့ မျိုးဆက် ကွာဟမှု ပြဿနာဟာ ကမ္ဘာ တည်သရွေ့ တည်နေမယ့် ပြဿနာ ဖြစ်နေပါပြီ။

ကိုဝင်းမောင်နိုင် ပြောပြတဲ့ လူကြီးကတော့ အကောင်းကို မချီးမွမ်းတတ်ဘဲ အဆိုးကိုသာ ပြစ်တင်တတ်တဲ့ လူကြီးမျိုးမို့ ပိုဆိုးနေတာပေါ့။ များသော အားဖြင့်တော့ လူကြီးတွေက လူငယ်တွေကို အားမလို အားမရ ဖြစ်ကြတာပါ။ လူငယ်တွေဟာ အခုလို အိုင်တီ ခေတ်မျိုးမှာ သူတို့တုန်းကလို ဘုရားအလောင်း အားထုတ်မှုမျိုးနဲ့သာ ကြိုးစားကြမယ် ဆိုရင်လို့ တွေးပြီး မချင့်မရဲ ဖြစ်နေကြတာပါ။ ဒါကြောင့် လုပ်ခဲ့ပါတယ် ဆိုတဲ့ ပျော်ပါး စားသောက်မှုတွေကိုပဲ အပြစ်တင် နေမိတာ ဖြစ်ပါတယ်။ လူငယ်တွေကတော့ ငါတို့ကောင်း တာတွေလည်း အများကြီး လုပ်နေတာပဲ၊ တစ်ခါတလေ ပျော်ပါး စားသောက်တာ ဘာဖြစ်လဲလို့ တွေးပြီး အဆင် မပြေတာပါ။

ဒီနေရာမှာ တစ်ခု သိချင်တာက အဲဒီ လူကြီးဟာ ကိုဝင်းမောင်နိုင်တို့ လူငယ်တွေနဲ့ ဘယ်လိုမျိုး ပတ်သက်နေလဲ ဆိုတာပါ။ အကောင်းဆုံး ဖြေရှင်းနည်း တစ်ခုက အဲဒီလူကြီးရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုပါ။ တကယ်လို့ ကိုဝင်းမောင်နိုင်တို့တွေက သူ့ကို ပရဟိတ လုပ်ငန်းတစ်ခုမှာ တွေ့ရရင် သူက ဦးစီးပေးနိုင်မယ့် နောက်ထပ် ပရဟိတ အလုပ်တစ်ခုကို စဉ်းစားပြီး သူ့ကို အလုပ် အပ်ကြည့်ပါလား။ သူက ဦးဆောင် ရမှာမို့နဲ့ လူငယ်တွေကို ဆုံးမခွင့် ရနိုင်မှာမို့ ငြင်းမယ် မထင်ပါဘူး။ လူကြီးတွေက သူတို့ကို နေရာပေးမယ့် လူငယ်တွေကို ရှာနေတာပါ။ သူက လက်ခံပြီး အဲဒီ အလုပ်ကို အတူ လုပ်ဖြစ်သွားရင် ထုံးစံအတိုင်း သူ ပေးမယ့် လက်ချာကို သည်းခံလိုက်ကာ အားလုံး အောင်မြင်စွာ ပြီးမြောက်တဲ့ အနေနဲ့ ကျွန်တော်တို့နဲ့ အတူ အပျော်ပွဲလေးဝင်နွှဲ ပါလို့ ဖိတ်လိုက်ဖို့ပါ။ လိုက်မသောက်ချင်နေပါ၊ လိုက်ပျော်ပေးပါ ဆိုတာမျိုး မဲဆွယ်ကြည့်လိုက်ပါ။

တစ်ခါတလေ လူကြီးတွေ ခံစားနေရတာက ပျော်မယ့်ပါးမယ့် နေရာကျ ငါတို့ကို လူငယ်တွေက လျစ်လျူ ရှုထားတယ်ပေါ့။ ဒါနဲ့ပဲ အရွဲ့တိုက်ပြီး လူငယ်တွေ ပျော်ပါးနေတာကို အပြစ် ပြောလိုက်မိတာမျိုးလေ။ ဒါကြောင့် သူပါ ကိုယ်နဲ့အတူ ပျော်တတ်သွားအောင်၊ ပျော်ကျင့်ဖြစ်သွားအောင် စည်းရုံး ကြည့်စေချင်ပါတယ်။ တော်ကြာ ပျော်ချင်လို့ အခေါ် စောင့်နေတာ မခေါ်လို့ ပြဿနာ ရှာမိတဲ့ လူကြီးမျိုး ဖြစ်ချင် ဖြစ်နေမှာနော။ ဒီတော့ သူ့ကို ပြဿနာရှာမယ့် အစား သူပြောပြောနေတဲ့ ပြဿနာထဲ သူကိုယ်တိုင် ပါလာအောင် ကြိုးစား ကြည့်စေချင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ လူကြီးတစ်ယောက် သက်သောင့်သက်သာ ၀င်ပါနိုင်၊ ၀င်ပျော်နိုင်မယ့် အပျော် အစီအစဉ်မျိုး ဖြစ်ဖို့တော့ လိုပါမယ်။ တကယ်တော့ ပရဟိတပဲလုပ် လုပ်၊ ပျော်ပါးစားသောက်တာပဲ လုပ်လုပ် လူငယ်တွေချည်းထက် လူကြီး တစ်ယောက်လောက် ပါလာတာ အမှား မရှိပါဘူး။ တကယ်လည်း လူကြီး တစ်ယောက်ရဲ့ အတွေ့အကြုံဟာ တန်ဖိုး ရှိပါတယ်။ အရေးကြီးတာက လူကြီးနဲ့ လူငယ်ကြားမှာ သူ့တန်ဖိုး ကိုယ့်တန်ဖိုးကို အလေးထား အသိ အမှတ်ပြုဖို့နဲ့ သဘာဝချင်း မတူတာကို လက်ခံပေး ဖို့ပါပဲ။ ဒီလောက်ဆိုရင်တော့ ဒီဖြေရှင်းနည်းကို စမ်းကြည့်ဖြစ်မယ် ထင်ပါရဲ့။



တိုးတိုးဖော်

Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
 

စာဖတ် ပရိသတ်

We have 27 guests online

and

hit counter
views