|
ကြီးပွားချမ်းသာရေး ကိုယ်ကျင့်နဲ့ အိုင်စီတီ တိုးတက်မှုကို သတိပြု |
|
|
|
|
Written by manyo
|
|
Monday, 07 December 2009 16:19 |
လူတိုင်း နှုတ်ဖျားမှာ တိုးတက်မှု၊ ပြောင်းလဲမှုနဲ့ ကြီးပွား ချမ်းသာမှုတို့ဟာ အပြော များနေတဲ့ စကားစုတွေ ဖြစ်တယ်။ လူသားတိုင်းဟာ တိုးတက်ကြီးပွား ချင်ကြတယ်။
ဘ၀ရဲ့ အောင်မြင်မှုကို လိုလားကြတယ်။ သဘာဝ ကျပါတယ်။ ဖြစ်သင့်ဖြစ်ထိုက် ပါတယ်။ ဒါပေမယ့် ဘယ်သူ
သေသေ ငတေမာရင် ပြီးရော ဆိုတဲ့ အခြေအနေမျိုးကိုတော့ ဘယ်သူမှ လက်မခံချင်တော့ဘူး။ အရည်အချင်း၊ လုံ့လ၊ ၀ီရိယ အပေါ်မူတည်ပြီး
အားလုံးတန်းတူ အကျိုးရှိ လိုကြတယ်။ ကိုယ့်ရဲ့ အောင်မြင် တိုးတက်မှုဟာ တစ်ပါးသူကို တိုက်ရိုက် မသက်ရောက်ရင်
နေပါစေ တစ်ပါးသူကိုတော့ အနှောင့်အယှက် မပြုသင့်ပါဘူး။ တရားမျှတတဲ့ ယှဉ်ပြိုင်မှု၊ တရားမျှတတဲ့ အားပေးမှုကို လိုလားကြပါတယ်။
ကြီးပွား ချမ်းသာရေးနဲ့ ကိုယ်ကျင့်
(Ethics and Wealth (Business Point of View) ခေါင်းစဉ်နဲ့ ဟောပြောပွဲကို အောက်တိုဘာ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်မှာ Wise International School for Executives ရဲ့ ABE သင်တန်းဖွင့်ပွဲ အခမ်းအနားနဲ့ အတူ ဒေါက်တာ မိုးမိုးခိုင်က ဟောပြောခဲ့တယ်။ ဒေါက်တာ မိုးမိုးခိုင်က သိပ်ရိုးသား နေရင် ကောင်းစားပါ့မလား ဆိုပြီး ဟောပြောပွဲကို ဖွင့်လှစ်လိုက်တယ်။ အဲဒီနောက် ကိုယ်ကျင့်တရားဆိုတာ ပြုသင့်ပြုထိုက်တဲ့ အပြုအမူ အတွက် ပြုလုပ်ထားတဲ့ စည်းကမ်းများ ဖြစ်တယ်၊ ကောင်းကောင်းမွန်မွန် ချမ်းသာချင်ရင် ကိုယ်ကျင့်တရား ရှိရမယ်လို့ ဆက်ပြောပါတယ်။
စီးပွားရှာရာမှာ ကိုယ်ကျင့်တရား အရေးပါပုံကို (၁) စားသုံးသူများ ၏ ရွေးချယ်မှု၊ (၂) အရင်းအမြစ်များမှ ပြောဆိုလာတဲ့ ကိုယ်ကျင့်တရား၊ (၃) ပတ်ဝန်းကျင်၊ (၄) ပြိုင်ဆိုင်မှု၊ (၅) ယုံကြည်မှု တည်ဆောက်ခြင်းနှင့် စီးပွား တိုးတက်မှုစတဲ့ ရှုထောင့်တွေကနေ ဆက်လက် ဆွေးနွေးပါတယ်။
စားသုံးသူများ၏ ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ စားသုံးသူ ကျေနပ်မှု အရေးပါတယ်၊ စားသုံးသူနဲ့ ဆက်ဆံရေး အရေးကြီးတယ်၊ ဒါကြောင့် စားသုံးသူ ကျေနပ်မှုရဖို့ စီစဉ်ထားသင့်တယ်လို့ ဟောပြောပါ တယ်။ စားသုံးသူကို ၀န်ဆောင်မှုတစ်ခု၊ ထုတ်လုပ်မှုတစ်ခု ရောင်းချတယ် ဆိုတာ တစ်ကြိမ် တစ်ခါတည်း ရောင်းချတာမဟုတ်ဘူး၊ တစ်သက်လုံး ရာသက်ပန်ရောင်းချတတ်ဖို့လိုတယ်၊ တစ်နည်း ဆိုရရင် စားသုံးသူနဲ့ လက်ထပ် သလို တစ်သက်လုံး ဆက်ဆံမှုရအောင် ရယူသင့်တယ်။ ယနေ့ အချိန်မှာ စားသုံးသူရဲ့ ရွေးချယ်မှုတွေမှာ အရည်အသွေး၊ တန်ဖိုးတွေအပြင် ကိုယ်ကျင့် တရားကောင်းမွန်မှုကိုပါ တောင်းဆိုလာတယ်လို့ ဆိုပါတယ်။
အရင်းအမြစ်များမှ ပြောဆိုလာတဲ့ ကိုယ်ကျင့် တရားနဲ့ ပတ်သက်လို့
စီးပွားရေးအမြင်နဲ့ အသုံးပြုနေရတဲ့ အရင်းအမြစ် များကို ရှားပါးတယ်လို့ မြင်သင့်တယ်။ အခုလို မမြင်တတ်ရင် အရင်းအမြစ်များကို ချွေချွေ တာတာ မသုံးတော့ဘဲ ဖြုန်းတီးမှုများကိုသာ ပြုတော့မှာ ဖြစ်တယ်။ ဖြုန်းတီးနေတဲ့ ကာလ ပတ်လုံး အကျိုးအမြတ်ထက် ဆုံးရှုံးမှုများကိုသာ ရရှိနေမှာ ဖြစ်တယ်။ အရင်းအမြစ် စရိတ် သက်သာမှ အမြတ်အစွန်း ရတယ်လို့ ယူဆနိုင်တယ်။ အရင်းအမြစ်တွေမှာ ပြန်လည် စိုက်ပျိုး မွေးမြူနိုင်တဲ့ အရင်းအမြစ်များ ရှိသလို နှစ်ပေါင်းများစွာ ပြန်လည် စောင့်ဆိုင်းမှ ပြန်ရနိုင်မယ့်၊ ပြန်ရဖို့ မလွယ်ကူနိုင်တော့တဲ့ အရင်းအမြစ်များ ကိုလည်း သတိထား သုံးစွဲ သင့်တယ်လို့ ဆိုပါတယ်။
ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ အများအားဖြင့် ပတ်ဝန်းကျင်ကို အမှိုက်ပုံလို သဘောထား ကြတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းရင် ကုန်ကျ စရိတ် ရှိလာတယ်။ ရေ၊ မြေ၊ လေ မသန့်ရှင်းရင် ကုန်ကျစရိတ် ရှိတယ်။ ကုန်ကျစရိတ် ရှိတယ် မြင်တတ်မှ ညစ်ညမ်းမှုကို သက်သာစေတယ်။ တစ်ဦး တစ်ယောက်ရဲ့ အကျိုးကျေးဇူးဟာ အများစုကို သက်ရောက် စေတယ်လို့ ပြောပါ တယ်။
ပြိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ပြိုင်ဆိုင်မှုမှာ ဖြတ်လမ်းနည်း ပြိုင်ဆိုင်မှုတွေ ရှိတယ်။ တန်းတူ ယှဉ်ပြိုင်မှု၊ ညီမျှသည့် ယှဉ်ပြိုင်မှု ရှိသင့်တယ်။ အခုလို ယှဉ်ပြိုင်မှုမျိုးမှာ လွတ်လပ်ခွင့် တူရင် လုပ်ချင်ရာ လုပ်တဲ့ အပြုအမူတွေ ရှိလာနိုင်မှာ မဟုတ်တော့ဘူး။ ဘောဂဗေဒ သဘောအရ ပြိုင်ဆိုင်မှုဟာ အရည်အသွေး တိုးတက်မှု အတွက် ကောင်းတယ်။ တစ်ပါးသူနဲ့ ယှဉ်ပြိုင်ရာမှာ ကိုယ့်ရဲ့ ထုတ်ကုန်၊ ၀န်ဆောင်မှု အရည်အသွေး ကောင်းမွန်မှုနဲ့ ပြိုင်သင့်တယ်လို့ ဆိုပါတယ်။
ယုံကြည်မှု တည်ဆောက်ခြင်းနှင့် စီးပွား တိုးတက်မှုနဲ့ ပတ်သက်လို့ တစ်ဦးနဲ့ တစ်ဦး ပူးပေါင်းမှ စီးပွားရေး လုပ်နိုင်တယ်။ လုပ်အားများစွာနဲ့ အချိုးညီညီ ပူးပေါင်း လုပ်ကိုင်မှ ထုတ်ကုန်တစ်ခု ဖြစ်လာရတယ်။ အရေအတွက် များများ ထုတ်လုပ်နိုင်ဖို့ လုပ်ငန်းတွေကို ခွဲဝေ လုပ်ကိုင်ရတယ်။ ပြီးမှ ထုတ်ကုန် တစ်ခုအတွက် ပြန်လည် ပေါင်းစည်းရတယ်။ ဒီလို လုပ်ဆောင်မှုမှာ ယုံကြည်မှု တည်ဆောက်ခြင်းဟာ အလွန်အရေးပါတယ်။ စားသုံးသူ ယုံကြည်မှု မရတော့ရင် လုပ်ငန်းတစ်ခု ရပ်တည်ဖို့ မလွယ်တော့ဘူးလို့ပြောပါတယ်။
ဆင်းရဲနေခြင်းဟာ ရိုးသားနေခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ စီးပွားရေးအမြင် မရှိမှု၊ စွမ်းဆောင်ရည် မရှိမှု အပေါ်မှာ မူတည်တယ်၊ ရိုးသားမှုနဲ့ ဆင်းရဲခြင်းဟာ မသက်ဆိုင်ဘူး၊ ရောင့်ရဲခြင်း ဆိုတာမှာလည်း ပျင်းရိခြင်းကို အကာအကွယ်ယူဖို့ ပြောနေခြင်း ဖြစ်တယ်၊ ရောင့်ရဲခြင်းကို သုံးစွဲမှုမှာသာ ကျင့်သုံးသင့်တယ်။ စီးပွားရှာရာမှာ ၀ီရိယရှိဖို့ လိုအပ်ပြီး ချမ်းသာခြင်းဟာ အပြစ်တစ်ခု မဟုတ်ဘဲ ဥစ္စာကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ရှာဖွေသုံးစွဲသင့်တယ်။ မိမိအတွက် အသုံးပြုသလို အများအတွက် အသုံးပြုခြင်း၊ ပြန်လည် ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်ပါက စီးပွားရှာခြင်းဟာ အကျိုးရှိတဲ့ ကိစ္စ ဖြစ်တယ်လို့ ဆွေးနွေးပြီး ဟောပြောပွဲကို ရပ်နား လိုက်ပါတယ်။
ဒေါက်တာ မိုးမိုးခိုင်ဟာ စီးပွားရေး တက္ကသိုလ်၊ မုံရွာမှ ပါမောက္ခတစ်ဦး ဖြစ်ပါ တယ်။ ပါရဂူဘွဲ့ကို ဂျာမနီ နိုင်ငံမှ ရရှိခဲ့ပြီး စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)ရဲ့ဇနီး ဖြစ်ပါတယ်။ ဟောပြောပွဲကို စီစဉ်ပေးတဲ့ WISEဟာ အခန်း အမှတ် ၁၀၀၉၊ ၁၀ ထပ်၊ ယုဇန တာဝါ၊ ကမ္ဘာအေး ဘုရားလမ်းထောင့်၊ ရွှေဂုံတိုင် လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၅၅၆၁၈၃၊ အီးမေးလ်
This e-mail address is being protected from spambots. You need JavaScript enabled to view it
သာ တွင် တည်ရှိပါတယ်။
အသက်မွေးဝမ်းကျောင်း အတွက် အိုင်စီတီ တိုးတက်မှုကို သတိပြု
အိုင်စီတီနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုများဟာ ယခုအခါ သိသိသာသာ ရှိလာပြီ ဖြစ်တယ်လို့ အောက်တိုဘာလ ၂၄ ရက်မှာပြုလုပ်တဲ့IT Professional & Education Pathway Discussion Forum ပညာရေး ဆွေးနွေးပွဲမှာ Crown Education မှ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။ အိုင်စီတီနဲ့ ပတ်သက်တဲ့ အပြောင်းအလဲများဟာ ပညာရေး အပါအ၀င် ကုန်ထုတ်လုပ်မှု လုပ်ငန်းနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ ထိရောက်မှုများ ရှိတယ်။ အင်တာနက် ၀န်ဆောင်မှု အားကောင်း လာတာနဲ့ အမျှ အွန်လိုင်းနဲ့ ဈေးဝယ်တာတွေ၊ အွန်လိုင်းဘဏ် စနစ် အသုံးပြုခြင်းတွေဟာ တစ်ချိန်မှာ မဖြစ်မနေ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အသက်မွေး ၀မ်းကျောင်း ပညာရပ် အနေနဲ့ စဉ်းစားနိုင်တယ်လို့ ဦးအောင်ကျော်ဆန်းက ဆက်လက် ပြောကြားပါတယ်။
၂၀၀၄ - ၂၀၀၅ ခုနှစ်ဝန်းကျင်က မြန်မာ ဘာသာနဲ့ အသုံးပြုနိုင်တဲ့ ၀က်ဘ်ဆိုက်တွေ အလွန် နည်းပါးခဲ့တယ်၊ ယခုအခါ အိုင်စီတီ နည်းပညာမှာ ၀က်ဘ် ၁.၀(Web 1.0) အဆင့် ကနေ ၀က်ဘ် ၂.၀ (Web 2.0) ကို ပြောင်းလဲလာခဲ့တယ်၊ ၀က်ဘ် ၂.၀ ကြောင့် နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုဟာ အားကောင်းလာပြီး ၀က်ဘ် ၂.၀ ကနေ ၀က်ဘ် ၃.၀ သို့ ဆက်လက် ပြောင်းလဲ တိုးတက်နေတယ်လို့ အိုင်တီ ပညာရှင် ကိုညီလင်းဆက်က ပြောပါတယ်။ ၀က်ဘ် ၁.၀ မှာ ကိုယ်လိုအပ်တဲ့ သတင်း အချက်အလက်ကို ကိုယ်တိုင် ရှာဖွေယူရပြီး ၀က်ဘ် ၂.၀ တွင် တစ်ဦး ရဲ့ လိုအပ်ချက်ကို တခြား တစ်ဦးထံမှ အပြန်အလှန် မျှဝေ သုံးစွဲရခြင်း ဖြစ်တယ်။ ယခုအခါ www.twitter.com လို အွန်လိုင်း စာမျက်နှာများ မှာ သတင်း အချက်အလက်များဟာ လိုက်လံရှာ ဖွေဖို့ မလိုအပ်ဘဲ သုံးစွဲသူထံ ရောက်ရှိလာတယ်။
အိုင်စီတီနဲ့ ဆက်စပ်ပြီး အသက်မွေးဝမ်း ကျောင်းလိုသူများဟာ ပြောင်းလဲလာတဲ့ နည်းပညာများကို သတိပြုသင့်တယ်၊ နောင်လာမယ့် နှစ်အနည်းငယ်မှာ အွန်လိုင်း မားကတ်တင်း www.twitter.com တို့၊ အီးကော်မတ်စ်(E-Commerce) တို့ဟာ ဖွံ့ဖြိုးလာနိုင်တယ်။ မိုဘိုင်းဖုန်း အပေါ်မှာ အာရုံ စိုက်မှုများ ရှိလာတာကြောင့် အမ်ကော်မတ်စ်(M- Commerce) လုပ်ငန်းများ အတွက်လည်း အိုင်စီတီ နည်းပညာကို သတိပြုလေ့ လာသင့်ကြောင်း သိရတယ်။ အိုင်စီတီ ဘာသာရပ်များကို လေ့လာရာမှာ အိုင်စီတီရဲ့ ဘယ်ဘာသာရပ်ကို လေ့လာမယ်ဆိုတာ သေသေချာချာ သိဖို့ လိုအပ်တယ်။ မိမိရဲ့ အရည်အချင်းအပေါ် မူတည်ပြီး အိုင်စီတီ ပညာရှင်ဟာ နိုင်ငံတကာမှာ ရှိနေတဲ့ အိုင်စီတီ လုပ်ငန်းခွင်တိုင်းမှာ ၀င်ရောက်နိုင်တယ်။Technical Level, Management Level, Executive Level တို့ကို လုပ်ငန်းခွင် အတွေ့အကြုံများ ရယူပြီး အဆင့်ဆင့်သွားရန် လိုအပ်တယ်လို့ ကိုညီလင်းဆက်မှ ဆက်လက် ပြောပါတယ်။
အိုင်စီတီနဲ့ အင်တာနက်ဟာ ခွဲခြားထားလို့ မရဘူး၊ ကမ္ဘာတစ်ဝန်းမှာ အင်တာနက် သုံးစွဲသူ သန်းပေါင်း တစ်ထောင့် ခုနစ်ရာခန့် ရှိနေတယ်၊ ပြည်တွင်း မှာ အင်တာနက် သုံးစွဲသူများဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် နည်းပါးလွန်းတယ်။ အိုင်စီတီ ဖွံ့ဖြိုးမှုဟာ အင်တာနက်နဲ့ ထိစပ်နေတယ်။ အင်တာနက်ဟာ ပညာရေး အတွက် အကောင်းဆုံး ပညာရေး အရင်းအမြစ်တစ်ခု ဖြစ်တယ်လို့ သိရတယ်။
ဟားဗက် တက္ကသိုလ်က ဘွဲ့ရလာတာနဲ့ ကမ္ဘာ့ နံပါတ်တစ် အိုင်တီပညာရှင် ဖြစ်မလာနိုင်ဘူး၊ အိုင်တီပညာရှင် တစ်ယောက်ဖြစ်လာဖို့ မိမိဟာ ဘယ် လမ်းကြောင်းမှာ ရပ်တည်မယ် ဆိုတာကို စဉ်းစားပြီး လမ်းကြောင်း ရွေးချယ်ဖို့ လိုအပ်တယ်။ ပြောင်းလဲနေတဲ့ အိုင်စီတီဆိုင်ရာ ပြောင်းလဲမှုများကို သတိပြု သင့်တယ်လို့ စင်ကာပူ NUS-ISS မှ ဘွဲ့ရပြီး စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင် နေတဲ့ မပွင့်ဖြူရွှေက ပညာရေး ဆွေးနွေးပွဲမှာ ထည့်သွင်းပြောပါတယ်။
Crown Education ဟာ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင်နေပြီး နိုင်ငံတကာ ပညာရေး စိတ်ဝင်စားတဲ့ မြန်မာကျောင်းသား ကျောင်းသူများနဲ့ မိဘများ လေ့လာ ဖတ်ရှုနိုင်ဖို့ ရည်ရွယ်ပြီး CROWN Education Report ကို တစ်လ တစ်ကြိမ် အခမဲ့ ပေးပို့နေပါတယ်။ Report မှာ နောက်ဆုံးရ ပညာရေး သတင်းများ၊ ပညာရေး အပြောင်းအလဲ သတင်းများ၊ ပညာရေး ဆောင်းပါးများနဲ့ ပညာရေး ဆွေးနွေးပွဲသတင်းများကို ဖော်ပြပေး ထားပါတယ်။Crown Education Report ကို မှာယူလိုရင် ဖုန်းနံပါတ် ၂၁၁၈၈၈ လိုင်းခွဲ ၂၂၈၊ ၂၉၉ သို့ ဆက်သွယ်ပြီးမှာ ယူနိုင်ပါတယ်။
အသိနဲ့ ကိုယ်ကျင့်
“အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်း မကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေ လိုက်စားသူ၊ အဆုံးအမ များများ ခံရသူ တို့သည် အသိ မနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျှောက် စောင့်စည်းသူ သတိထားသူကား အလွန် နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေ ပေါများနေသော ဤလောကကြီးဝယ် လူကောင်း သူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်”ဟု မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇန ကာဘိဝံသရဲ့ ကိုယ်ကျင့် အဘိဓမ္မာ စာအုပ်ထဲက အသိနဲ့ ကိုယ်ကျင့် အကြောင်းကို မှတ်သားခဲ့ဖူးပါတယ်။
ဟန်ဇော် |
|
|
Current Shwe Magazine

Current Teen Magazine

This Week's Ray of Lights

|
Good Idea, i'm sure this short story ...
Very Ugly Page! I don't want to see h...
ရွှေအမြူတေအကျည်းတန်နေတာ ဒီစာမျက်နှာကြေ...
သက်မွန်လေးရေ... တို့ကလည်းချင်းပြည်နယ်...
ဟေ့ကောင်... အေးဆေးလေးပဲနေ.... Rain စတ...
ကိုအောင်ရဲလင်းကို အမြဲအားပေးနေပါမယ်...
မမ၀ိုင်းစုရေ........ မောင်လေးက မမရယ့်...
You mean the world to me. I'll be wi...