ဖိအား တစ်ခုနဲ့ နိုင်မြင့် PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 03 July 2012 11:12
Share |

ဆရာနိုင်မြင့်က ဒိုက်ငြိ လှေကလေးများ ဆိုတဲ့ ၀တ္ထုရှည်နဲ့ ၂၀၁၂ ရွှေအမြုတေ စာပေဆု ၀တ္ထုရှည်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

argaiv1160

ဆရာနိုင်မြင့်က ၀တ္ထုရှည် အနေနဲ့ ရေးတာ နည်းပါးပါတယ်။၂၀၁၂ ခုနှစ်က စပြီး ရွှေအမြုတေ စာမျက်နှာပေါ် စတင် ရောက်ခဲ့တာကြောင့် ၁၀ နှစ်တာ ကာလအတွင်း မှာ ရွှေအမြုတေ စာပေဆုကို ရရှိတာပါ။

၂၀၁၂ ရွှေအမြုတေ စာပေဆုကို ရရှိမယ်လို့ ဆရာ မျှော်မှန်းထားလား။

ကျွန်တော် ပွင့်ပွင့် လင်းလင်းနဲ့ ဥပမာ ပြောရရင် မြန်မာ့ လက်ရွေးစင်ဟောင်း ဘောလုံးသမား ကိုကြည်လွင် ပန်နယ်တီ ကန်သလိုပါပဲ။ မှတ်မှတ်ရရ ပြောရရင် လာအိုနဲ့ ကန်တဲ့ပွဲမှာ ပန်နယ်တီကို ကန်လိုက် တယ်။ ဂိုးဝင်တာ မ၀င် တာကို လှည့်မကြည့်ဘူး။ ပြီးရင် ဒီဘက်ကို ပြန် လှည့်လာတယ်။ အဲဒီတော့ ကိုကြည်လွင်က သူလုပ်စရာ ရှိတာကို သူလုပ်တယ်။ ကျွန်တော်တို့လည်း အဲဒီလိုပါပဲ။ စာရေးတဲ့ သူက ဆုရသည် ဖြစ်စေ၊ မရသည်ဖြစ်စေက နောက်ပိုင်း ကိစ္စပါ။ လုပ်သင့် လုပ်ထိုက်တာ၊ ရေးသင့်ရေး ထိုက်တာတစ်ခုကို ရေးလိုက် တဲ့ ကိစ္စ တစ်ခုပါပဲ။

ဒိုက်ငြိ လှေကလေး များဝတ္ထုရှည်ကို ဖန်တီးဖို့ ဘယ်လိုစိတ်ကူးရတာလဲ။ ရည်ရွယ်ချက်ကရော။

ကျွန်တော် ကျူရှင်ဆရာ ဘ၀နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်စဉ် ကျူရှင်တစ်ခုမှာ ကြုံတဲ့အခါ တချို့ကလေးတွေက ဉဏ်ရည် ကောင်းတယ်။ ဒါပေမဲ့ သူတို့ ကို မိဘက ထိထိမိမိ မပံ့ပိုး နိုင်တဲ့အခါ သူတို့ရဲ့ပညာရေး ပိုင်းကတိုးတက်သင့်သလောက် တိုးတက်မှု မရှိတာတွေ့ရ တယ်။ အဲဒီအချက်တွေကို ကျွန်တော်တို့တွေက ရင်နဲ့အမျှ ခံစားနေရတော့ အဲဒီအကြောင်း တရားပေါ်မူတည်ပြီး ဒီဝတ္ထု ရှည်ပေါက်ဖွားလာတာပါ။  ဗီဇနဲ့ ပတ်ဝန်းကျင်နှစ်ခုရှိ တဲ့အခါမှာ ဗီဇကောင်းပါ လျက် မြေတောင်မြှောက်ပေး နိုင်တဲ့ ပတ်ဝန်းကျင်ကောင်း ကောင်းမရှိရင် အဲဒီဗီဇလေး တွေဟာ ဖြစ်ထွန်းလာစရာ အကြောင်းမရှိဘူး။ ညှိုးရော် ခြောက်နွမ်းသွားရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဖြစ်ခဲ့ တာပါ။

ဝတ္ထုရှည် အနေနဲ့ နှစ်ပုဒ် ပဲ ရေးဖြစ်ပြီး ဆုရတဲ့အတွက် ၀တ္ထုရှည်တွေ ဆက်ရေးဦး မလား။ ဆုရတဲ့ အတွက် ရေးဖို့ ခွန်အားတွေ ပိုများမလား။

ရွှေအမြုတေ ၀တ္ထုရှည် ဆုရတဲ့ အတွက် ကျွန်တော့် အပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ပိုင်းမှာ ကျွန်တော်တို့ စာရေးတော့မယ်ဆိုရင် ပေါ့ပေါ့တန်တန် အကြောင်းအရာ တွေကို ရေးလို့ မဖြစ်တော့ဘူး။ ကိုယ်ကိုယ်တိုင်ကနေ လေးလေးနက်နက်နဲ့ အတွေး အခေါ်တစ်မျိုး၊ စာဖတ် ပရိသတ် အတွက်လည်း အကျိုး ရှိစေမယ့် ခံစားမှု တစ်ခု ဖော်ဆောင်စေတဲ့ ၀တ္ထုမျိုး ရမှပဲ ရေးရပါတော့မယ်။ ပေါ့တီးပေါ့တန် အကြောင်းအရာမျိုး ရေးလို့ မဖြစ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဆုဟာ ကျွန်တော့်အတွက် ဖိအား တစ်ခု၊ တွန်းအားတစ်ခုလို့ နားလည် ထားပါတယ်။

ဆရာက လောလောဆယ် ပြည်ပမှာ အလုပ် လုပ်နေသူ ဆိုတော့ ပြည်ပနဲ့ ပတ် သက်တဲ့ လတ်တလော အတွေ့အကြုံတွေ ရေးဖြစ်ဦး မလား။

ကျွန်တော် ရေးထားတဲ့ စင်ကာပူ သစ်ကိုင်းထက်က အဝေးရောက် ငှက်ကလေး တစ်ကောင် ဆိုတဲ့ ၀တ္ထုရှည် ရှိပါတယ်။ စင်ကာပူမှာ အလုပ် သွားလုပ်နေတဲ့ မိန်း ကလေးတစ်ယောက်ရဲ့ ဘ၀ အကြောင်း ရေးထားတာပါ။ အဲဒါကလည်း ၀တ္ထုရှည်အစ အဆုံးပါ။ ရွှေအမြုတေကိုပဲ ပို့ဖို့ စီစဉ်ထားပါတယ်။

ဝတ္ထုရေးချင်ရင် စာများများ ဖတ်ပါ။ ဆရာကြီး ဆရာမကြီးတွေရဲ့ ရေးနည်း ရေးဟန်ကို အတုယူပါ။ ဆရာကြီးမင်းသုဝဏ် ပြောခဲ့ သလို စု၊ တု၊ ပြု လမ်းစဉ် အတိုင်း ရေးသားပါလို့ ၀တ္ထု ရေးချင်သူတွေအတွက် ဆရာ နိုင်မြင့်က ဆိုပါသေးတယ်။

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: