|
Written by ကိုချစ်
|
|
Monday, 02 July 2012 10:58 |
ပေသုံးဆယ် ပတ်လည်ခန့် ကျယ်ဝန်းတဲ့ အလုပ်ရုံ၊ ဒါမှမဟုတ် သိပံ္ပခန်းထဲမှာ မြင်ကွင်းက ရှုပ်ပွနေတယ်။ အုတ်ကန်ထဲမှ မြွေအကောင် တစ်ရာ ထည့်လှောင်ထားသလို ၀ါယာကြိုး ဆိုက်မျိုးစုံ အရောင်မျိုးစုံက တွန့်လိမ် ရှုပ်ထွေးစွာ ပြန့်ကျဲ နေလိုက်တာ ကြမ်းပြင်မှာရော နံရံတွေပေါ်မှာရော။
argaiv1938
ကွန်ပျူတာတွေနဲ့ စက်ကိရိယာ မျိုးစုံက ၀ါယာကြိုးမျှင်တွေကြားမှာ။ မီးနီ၊ မီးစိမ်းလေး တွေကလည်း ဟိုနေရာက လင်းလိုက် ဒီနေရာက လင်းလာလိုက်။ တီတီတီ ဆိုတဲ့ အသံတွေကလည်း ဟိုနားက ထွက်လာလိုက် ဒီနားက ထွက်လာလိုက်။
အနောက်ဘက်နံရံမှာ ကပ်ထားတဲ့ ပလတ်စတစ် ကုလားထိုင်သုံးလုံးပေါ်မှာတော့ စက်ရုပ် သုံးရုပ်က မလှုပ်မယှက် ထိုင်နေတယ်။ အလယ် ကုလားထိုင်က စက်ရုပ်မ၊ ဘေးဘယ်ညာက စက်ရုပ်ထီးနှစ်ရုပ်။ ဒီစက်ရုပ် သုံးရုပ်ကို တပ်ဆင် ဖန်တီးနေတဲ့ ဒေါက်တာလှဖူးရဲ့ တပည့်ပညာရှင် သုံးယောက်က သက်ဆိုင်ရာ ကွန်ပျူတာတစ်လုံးစီရဲ့ရှေ့မှာ အလုပ်ရှုပ်နေကြတယ်။ အရှေ့ဘက်နံရံမှာတော့ ၀ှိုက်ဘုတ်တစ်ခု ချိတ်ထားပြီး ၀ှိုက်ဘုတ်ရှေ့က လက်တင်ဆိုဖာ ကုလားထိုင်ကြီးပေါ်မှာတော့ ဒေါက်တာ လှဖူး။ ပွယောင်းနေတဲ့ ငွေဖြူရောင်ဆံပင်၊ ဖြူဖွေးနေတဲ့ နှုတ်ခမ်းမွေးထူထူ။ ဆွတ်ဆွတ်ဖြူပြီး လည်ပင်းကို ကွယ်လောက်အောင် ရှည်လျားနေတဲ့ မုတ်ဆိတ်ပါးမြိုင်းမွေး၊ ဒီအပြင်အဆင်တွေက ဥရောပ ၀တ်စုံကျကျနန ၀တ်ထားတဲ့ ဒေါက်တာ လှဖူးရဲ့ဥပဓိကို ပိုပြီး ခံ့ညားနေစေတယ်။ သူ့ရှေ့မှာတော့ ကွန်ပျူတာ သုံးလုံးကို တန်းစီချထားတယ်။ မော်နီတာတစ်ခုစီရဲ့ ဖန်သားပြင်မှာ စက်ရုပ် တစ်ရုပ်ချင်းစီရဲ့ အရိုးအဆစ်တွေ၊ ကြွက်သားမျှင်တွေ၊ အကြောတွေကအစ အသေးစိတ်ဖော် ပြနေတယ်။ ဒေါက်တာ လှဖူးက သူ့ဘယ်ဘက်ဘေး စားပွဲပေါ်က ခလုတ်ကို နှိပ်လိုက်တော့ အချက်ပေးသံရှည် သုံးချက် ထွက်လာတယ်။ တီ တီ တီ အချက်ပေးသံအဆုံးမှာ ဆရာကြီးကို ကျောပေးပြီး သက်ဆိုင်ရာ ကွန်ပျူတာရှေ့မှာ ထိုင်နေကြတဲ့ တပည့်သုံးယောက်က မတ်တတ်ရပ်ပြီး ဆရာကြီးဆီကို မျက်နှာမူလိုက်တယ်။ ဒေါက်တာ လှဖူးက ချောင်း တစ်ချက် ဟန့်လိုက်ပြီးမှ-
“ဒေါက်တာ တင်ထွေး မင်းဆင်နေတဲ့စက်ရုပ်အခြေ အနေ ဘာလိုနေသေးသလဲ အားလုံးပြီးစီးပြီလား”
စက်ရုပ်ထီးတစ်ရုပ်ကို တပ်ဆင်နေရတဲ့ ဒေါက်တာ တင်ထွေးက ဖြေတယ်။ “ဟုတ်ကဲ့ ဆရာကြီး အသံထွက်နဲ့ ပါးစပ်လှုပ်တာ အံကိုက်ဖြစ်ဖို့ နည်းနည်းလို နေတယ် ဆရာကြီး၊ ဒါက လည်း ဒီကနေ့ ညဦးပိုင်း လောက်ဆိုရင် အဆင်ပြေ သွားမှာပါ။ ကျန်တာအားလုံး အိုကေပါတယ် ဆရာကြီး”
“ဒေါက်တာ ဘိုသိန်း ကရော၊ မင်းရဲ့စက်ရုပ်မအခြေ အနေ ပြောပါဦး”
အလယ်က စက်ရုပ်မကို ကိုင်တွယ်ရတဲ့ ဒေါက်တာ ဘိုသိန်းကလည်း အခြေအနေ ကို ပြန်တင်ပြတယ်။ “ဟုတ်ကဲ့ ကျန်တာ အားလုံးကောင်းပါတယ် ဆရာကြီး၊ စက်ရုပ်မဆိုတော့ လမ်းလျှောက်တာနွဲ့အောင် လုပ်ဖို့ လိုနေသေးတာပါ။ အသံထွက်ကတော့ ကြည်လည်းကြည်တယ်၊ နွဲ့လည်း နွဲ့ပါတယ် ဆရာကြီး။ လမ်း လျှောက်တဲ့ ပုံစံနည်းနည်း မာတောင့်တောင့်ဖြစ်နေတာ ပြင်ပြီးရင် အိုကေပါပြီ ဆရာ ကြီး”
“အိုကေ ဒေါက်တာ ဘိုသိန်း”
ဓာတ်ဘူးထဲက အခါး ရည်တစ်ခွက် ငှဲ့ပြီး ကျိုက် ရင်းက- “ကဲ ဒေါက်တာ စော အောင်ကရော ပြောပါဦး”
နောက်ဆုံး ကျန်တဲ့ ဒေါက်တာ စောအောင်က လည်း သူ့ရဲ့ပါဝါမျက်မှန် အသေးလေးကို ချွတ်လိုက် ရင်းက- “တခြားပြဿနာတော့ မရှိပါဘူး ဆရာကြီး၊ စက်ရုပ်ရဲ့ အရပ်အမောင်း၊ ဘော်ဒီနဲ့ စာရင် စက်ရုပ်ရဲ့ အလေးချိန် နည်းနည်းပေါ့နေသေးပါ တယ် ဆရာကြီး။ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ ဘော်ဒီဝိတ် အချိုးညီအောင် တချို့အရိုး တွေကို လဲထည့်လိုက်ရင် ပြီး ပါပြီ ဆရာကြီး”
ဒေါက်တာ လှဖူးရဲ့ မျက်နှာပေါ်မှာ ကျေနပ်အားရ သွားတဲ့ အရိပ်အယောင်ကို တွေ့လိုက်ရတယ်။ “ဟုတ်ပြီ ငါ့တပည့်တို့ ရုပ်ပိုင်းပြင်ဆင်မှုအားလုံးကို ဒီကနေ့ညမှာ အပြီးသတ်လုပ် နိုင်အောင် ကြိုးစားဖို့လို တယ်။ အခု မင်းတို့ပြောတဲ့ အတိုင်းဆိုရင်တော့ ဒီကနေ့ည လုံးဝပြီးစီးနိုင်တဲ့အနေအထား ပဲ။ ဒါဆိုရင် ဆရာ့ရဲ့ အဓိက လုပ်ငန်းကို မနက်ဖြန် မနက် ၉ နာရီမှာ စတင်နိုင်ပြီ။ ကဲ- အခုတော့ ညနေစာ စားဖို့ နား ကြမယ်။ စားရင်းသောက် ရင်းနဲ့ ပြောစရာတွေ ဆရာ ဆက်ပြောမယ် ဟုတ်လား၊ ကဲ- နားကြ နားကြ”
“ဟုတ်ကဲ့ ဆရာကြီး” တပည့်သုံးယောက် စလုံးရဲ့အသံက ပြိုင်တူထွက် လာတယ်။
ညစာ စားပွဲဝိုင်းမှာ ဆရာတပည့်လေးယောက် အတူ စားကြသောက်ကြ တယ်။ ဒေါက်တာ လှဖူး ကတော့ သူ့ အသက်အရွယ် အရ ညစာကို ထမင်းဟင်း မစားဘဲ ၀ီစကီနဲ့ အရွက်ကြော် ကို သောက်လိုက်မြည်းလိုက်လုပ်နေတယ်။
ရေခဲနှစ်တုံး ထည့်ထား တဲ့ ၀ီစကီခွက်ကို ကလောက် ကလောက် မြည်အောင်လှုပ် ပြီး တစ်ကျိုက်ကျိုက်လိုက် တယ်။ စားပွဲပေါ်ပြန်ချလိုက် ပြီးမှ စကားစတယ်။
“ဒီလိုကွာ” စကားအစကို ဖွင့်လိုက် ပြီး တစ်ကျိုက်ထပ်မော့ လိုက်ပြန်တယ်။ ဆရာကြီးက စကားစပြီဆိုတော့ တပည့် သုံးယောက်ကလည်း ဆရာ ကြီးကို စိတ်ဝင်တစားကြည့် ရင်း နားစွင့်နေကြပြီ။
“ဆရာ ကင်းဘရစ်ခ်ျ မှာ တက်တုန်းက အက်စထရို နော်မီ(Astronomy) နက္ခတ္တ ဗေဒပေါ့ကွာ၊ အသေးစိတ် သုတေသနလုပ်ခဲ့ရတယ်။ အဲဒီ တက္ကသိုလ်မှာ ဆရာ့ရဲ့ ကျမ်း၊ သီးဆစ်(Thesis) ကို တောင် ပြဋ္ဌာန်းပြီး ပို့ချနေကြ ပြီ။ အောက်(စ)ဖို့ဒ်မှာလည်း လှဖူးဟိုက်ပိုသီးဆစ် (Hla Phu’s Hypothesis) ဆိုပြီး သင်ကြားပို့ချနေကြတယ်။ ကာလီဖိုးနီးယားမှာ စပက် ထရိုစကုပ်ပီ(Spectroscopy) ကို အခြေခံတဲ့ ဟယူမင်နို စပက်ထရိုစကုပ်ပီ (Humanospectroscopy) တစ်နည်းအားဖြင့် မနုဿ ရောင်စဉ်ဗေဒဆိုတဲ့ ဘာသာ ရပ်အသစ်ကို ဖော်ထုတ်ပေး နိုင်ခဲ့တယ်”
စကားအဆုံးမှာ ပုလင်း ထဲက ၀ီစကီနည်းနည်းထည့် လိုက်တယ်။ သူ့ဘေးက ဒေါက်တာ ဘိုသိန်းက အလိုက်တသိ ရေခဲတုံး နှစ်တုံးကို ညှပ်နဲ့ ထည့်ပေးလိုက်တယ်။
“မင်းတို့ကတော့ တို့ဆရာ အရမ်းတော်တာပဲ ဆိုပြီး အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာပေါ့ကွာ။ ဒါပေမဲ့ အဲဒီ ဂြိုဟ်နက္ခတ်တွေ၊ ရောင်စဉ်တွေထက် ပိုပြီးထူး ဆန်းတဲ့၊ ပိုပြီးနက်ရှိုင်းတဲ့ အရာကို ဆရာ တွေ့နေပြီ” တပည့်သုံးယောက် စလုံးရဲ့ လည်ပင်းတွေ ဆန့် ထွက်လာသလားထင်ရအောင် စိတ်ဝင်စားမှုက မြင့်တက် လာတယ်။ “အခု အဲဒီအရာကို ဆရာတို့ သိပံ္ပနည်းကျ သုတေသန လုပ်မယ်။ စနစ်တကျ ချဉ်းကပ်ပြီး လေ့လာ မယ်။ စနစ်တကျစောင့်ကြည့် ပြီး လေ့လာမယ်။ လူအား၊ ငွေအားအပြင် အချိန်ကိုပါ အများကြီး အသုံးပြုရမယ်”
မအောင့်နိုင်တော့တဲ့ ဒေါက်တာ တင်ထွေးက ဖြတ်ပြီး မေးလိုက်တယ်။ “ဆရာကြီး လေ့လာ ချင်တယ်ဆိုတဲ့ နက်ရှိုင်းတဲ့ အရာက ဘာများလဲ ဆရာကြီး”
ဒေါက်တာလှဖူး နှစ် နှစ်ခြိုက်ခြိုက်ပြုံးရင်းက ဖြေ တယ်။ “လူတွေ အကြောင်းပဲ”
“ဗျာ” “ဟာ” “ဟင်” အာမေဋိတ်သုံးမျိုး ထွက်လာတယ်။ တပည့်သုံး ယောက်စလုံးက နားမလည် နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့် နေတယ်။ အဲဒီထဲက ဒေါက်တာ စောအောင်က စိတ်ပျက်အားလျော့တဲ့လေသံ နဲ့ အတွန့် တက်လိုက်တယ်။
“ဆရာကြီး မနုဿ ဗေဒဆိုလည်း ရှိပြီးပြီ။ ဇီဝ ဗေဒလည်း ရှိနေပြီးသား၊ လူ တွေနဲ့ ပတ်သက်ပြီး စိတ္တဗေဒ လည်း ရှိတယ်။ ပြီးတော့ ဗုဒ္ဓ ရဲ့ တရားတော်တွေမှာလည်း အများကြီး ရှိနေခဲ့တာကို ဆရာ ကြီးက ဘာထပ်လေ့လာဦး မှာလဲ ဆရာကြီး”
ဒေါက်တာ လှဖူး ခေါင်းတဆတ်ဆတ်ညိတ်ရင်း က ၀ီစကီကို တစ်ကျိုက် ကျိုက်လိုက်ပြန်တယ်။ “အေး မင်းပြောတာ မှန် တယ်။ ဒါပေမဲ့ ချဉ်းကပ်ပုံ မတူဘူး၊ ဆရာ့ရဲ့ သုတေသန က သိပံ္ပနည်းပိုကျရမယ်။ ပိုပြီး တိကျရမယ်။ ရရှိလာတဲ့ ဒေတာ(Data) တွေကနေ လူ တွေနဲ့ ပတ်သက်တဲ့ သီဝရီ အသစ်တွေ ထုတ်ပြနိုင်ရ မယ်”
ဒေါက်တာ ဘိုသိန်းက ဖြတ်ပြီး ကြားဝင်လိုက်ပြန် တယ်။ “ဘယ်လို သိပံ္ပနည်းကျ ချဉ်းကပ်မှာလဲ ဆရာကြီး”
“အေး ဆရာလုပ်မယ့် သုတေသန ခေါင်းစဉ်ကိုက လူတွေကို စက်ရုပ်ဖြင့် ချဉ်းကပ် လေ့လာခြင်းပဲ”
“ဗျာ” တပည့်သုံးယောက် စလုံး တစ်သံတည်း ထွက်လာတယ်။
“ကဲ- သုံးယောက် စလုံး သေသေချာချာ နားထောင်။ အခုမင်းတို့ ဆင်ထားတဲ့ ရိုဘော့(Robot) သုံးရုပ်ကို မနက်ဖြန် မနက်ကိုးနာရီ တိတိမှာ လူတွေကြားထဲကို လွှတ် လိုက်တော့မှာ၊ သူတို့ကို သုံး နှစ်တိတိ လူတွေကြားမှာ ကျင်လည်ခိုင်းပြီးတော့ သုံးနှစ်ပြည့်တဲ့ အချိန် ဒီမှာပြန်စု မယ်။ ပြီးရင် သူတို့ဆီက ရလာမယ့်လူတွေနဲ့ ပတ်သက် တဲ့ အချက်အလက်တွေကို စုစည်းမယ်။ သူတို့ကို တစ် ယောက်နဲ့ တစ်ယောက် မတူ ညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကျင်လည်ခိုင်းမယ်။ တစ် ယောက်နဲ့ တစ်ယောက် မတူ ညီတဲ့ အခြေခံ အသိပညာတွေကို ထည့်ပေးလိုက်မယ်။ သိပံ္ပ နည်းကျတဲ့ ချဉ်းကပ် လေ့လာမှုပဲ မဟုတ်လား တပည့် တို့”
တပည့်တွေကတော့ သူတို့ဆရာကို ကြောင်စီစီနဲ့ ပဲ ကြည့်နေတယ်။ ဆရာကြီး ကတော့ သူ့အစီအစဉ်ကို ပြန်ဆက်တယ်။
“ဒီတော့ ဒေါက်တာ တင်ထွေး သေချာမှတ်ပါ။ မင်းဆင်ထားတဲ့စက်ရုပ်ရဲ့ နာမည်က အောင်သိင်္ခ၊ သူ့ရဲ့ ဦးနှောက်ထဲကို စီးပွားရေး ပညာရပ်နဲ့ စီမံခန့်ခွဲမှုအတတ် ပညာတွေပါတဲ့ မင်မိုရီချစ်ပ် (Memorychip) ကို ထည့် ပေးလိုက်မယ်။ ဆရာ့ဆီမှာ အဆင်သင့်လုပ်ထားပြီးပြီ။ ပြီးရင် ဒေါက်တာ ဘိုသိန်း၊ မင်းရဲ့စက်ရုပ်မနာမည်က စန္ဒီ ခင်၊ သူ့ရဲ့ဦးနှောက်ထဲကို တော့ ရူပဗေဒနဲ့ ဓာတုဗေဒ အတတ်ပညာတွေပါတဲ့ မင်မို ရီချစ်ပ်ကို ထည့်ပေးရမယ်။ ပြီးတော့ ဒေါက်တာ စော အောင် ဆင်တဲ့ စက်ရုပ်နာမည် အောင်ဇေယျတဲ့။ သူ့ရဲ့ ဦးနှောက်ထဲကိုတော့ ဒဿနိ ကဗေဒနဲ့ နိုင်ငံရေးသိပံ္ပ အတတ်ပညာတွေပါတဲ့ မင်မို ရီချစ်ပ်ကို ထည့်ပေးရမယ်။ ကဲ အားလုံးမှတ်သားပြီးကြ ရင် ရုပ်ပိုင်းကို အခုညမှာ ပြီး အောင်လုပ်ကြမယ်။ မနက် ရှစ်နာရီမှာ မင်းတို့နဲ့ ဆရာနဲ့ သိပံ္ပခန်းမှာ ပြန်ဆုံမယ်။ ကျန် တာကို မနက်ကျမှ ဆရာ ရှင်းပြမယ် ဟုတ်လား” မနက်ရှစ်နာရီထိုးတော့ ဒေါက်တာ လှဖူးရဲ့သိပံ်္ပခန်း ထဲမှာ ဆရာတပည့်လေး ယောက် ပြန်ဆုံကြတယ်။ ဒေါက်တာ လှဖူးကတော့ သိပ်တက်ကြွနေတဲ့ပုံပဲ။
“ရော့ ဒေါက်တာ တင် ထွေး၊ အောင်သိင်္ခအတွက် စီး ပွားရေးနဲ့ စီမံခန့်ခွဲရေး အတတ်ပညာ မင်မိုရီချစ်ပ်။ ဒါက ဒေါက်တာ ဘိုသိန်းယူ၊ စန္ဒီခင်အတွက် ရူပဗေဒနဲ့ ဓာတုဗေဒအတတ်ပညာ မင် မိုရီချစ်ပ်။ ဒါက ဒေါက်တာ စောအောင်ရဲ့ အောင်ဇေယျ အတွက် ဒဿနိကနဲ့ နိုင်ငံရေး သိပံ္ပ မင်မိုရီချစ်ပ်”
ပြောင်လက်နေတဲ့ နှစ် လက်မအရွယ် သတ္တုပြား လေးတွေတစ်ခုစီ ခွဲဝေပေး လိုက်တယ်။ ပညာရှင်တပည့် သုံးယောက်ကတော့ သူတို့ ဆရာပေးတဲ့ မင်မိုရီချစ်ပ် တွေကို သက်ဆိုင်ရာစက်ရုပ် တွေမှာ တပ်ဆင်ပေးပြီး မှန်၊ မမှန် ကွန်ပျူတာတွေနဲ့ အထပ်ထပ် စစ်ဆေးနေကြတယ်။ မိနစ်သုံးဆယ် လောက်အကြာမှာတော့ အား လုံးပြီးစီးသွားပြီ။ ဒေါက်တာ လှဖူးရဲ့ စားပွဲမှာ အားလုံး ပြန်စုလိုက်ကြတယ်။
“ကဲ- ဒီစက်ရုပ်တွေကို အသက်သွင်းဖို့ ပါဝါဆပ် ပလိုင်းတွေ တပ်ဆင်ရမယ်။ အခု ဆရာတီထွင်ထားတဲ့ ပါဝါဆပ်ပလိုင်းတွေက သုံး နှစ်တိတိ အလုပ်လုပ်သွား လိမ့်မယ်။ သုံးနှစ်တိတိ၊ စက္ကန့်ပိုင်းထိ ပြည့်တဲ့အချိန် မှာတော့ အော်တိုပြုတ်ကျ သွားပြီး စက်ရုပ်တွေလည်း ပုံကျသွားမှာပဲ။ အချိန် မတိုင်မီမှာ ပါဝါဆပ်ပလိုင်း ကို ဖြုတ်ချဖို့ လိုအပ်ခဲ့ရင် ဟောဒီအဝေး ထိန်းခလုတ် ကိုသုံးပြီး ဖြုတ်ချနိုင်တယ်။ ဒီတော့ စက်ရုပ်အားလုံးဟာ သုံးနှစ်တိတိ မပြည့်မီ ဒီနေရာကို ပြန်ရောက်အောင် လာဖို့ အင်တာနက်က တစ်ဆင့် ညွှန်ကြားလို့ရ တယ်။ သုံးနှစ်မပြည့်မီ ပြန် ရောက်လာမှလည်း သူတို့ဆီ က ဆရာလိုချင်တဲ့အချက် တွေကို စေ့စေ့စပ်စပ် မေးမြန်း ပြီး ဒေတာစုဆောင်းရမယ်။ ကဲ- ဒီတော့ စက်ရုပ်တွေကို ပါဝါဆပ်ပလိုင်း ဆင်လိုက်တော့။ ဆင်ထားရုံပဲနော်၊ ကိုး နာရီ ဒေါင်ခနဲထိုးမှ လှုပ်ရှား မှုစပြီး အသက် ၀င်စေရမယ်။ အားလုံး နားလည်ပါတယ် နော်”
“ဟုတ်ကဲ့ ဆရာကြီး” ပါဝါ ဆပ်ပလိုင်းတွေ ဆင်ပြီးတာနဲ့ စက်ရုပ်တစ်ရုပ် ချင်းစီအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ထည့် ထားတဲ့ ခရီးဆောင်သေတ္တာ ကြီးတစ်လုံးစီကိုလည်း စက် ရုပ်တွေဘေးမှာ အသင့်ချ ထားတယ်။
လူအားလုံးကတော့ စိတ်လှုပ်ရှားစွာနဲ့ နာရီသံကိုပဲ စောင့်နေကြတယ်။ နံရံပေါ်က နာရီစက္ကန့်သံဟာ ဒေါက်တာ လှဖူးရဲ့ နှလုံးခုန် သံပဲ။ ဒေါင်ခနဲ ကိုးနာရီစထိုး လိုက်တာနဲ့ ဒေါက်တာ လှဖူး ဟာ သူ့ရဲ့စက်ရုပ်တွေကို ခလုတ်နှိပ်ပြီး အသက်သွင်း လိုက်တယ်။
စက်ရုပ်သုံးရုပ်စလုံး လှုပ်ရှားလာပြီး ကိုယ့်ရဲ့ခရီး ဆောင်သေတ္တာကိုမပြီး ဆရာ ကြီးရှေ့မှာ ရပ်လိုက်ကြ တယ်။ “ကျွန်တော်(ကျွန်မ) တို့ ကို သွားခွင့်ပြုပါ ဆရာကြီး”
“အေး အေး သုံးနှစ် မပြည့်မီ ဒီနေရာကို အချိန်မီ ပြန်ရောက်ဖို့တော့ အရေးကြီး တယ်နော်”
“ဟုတ်ကဲ့ပါ ဆရာကြီး ခင်ဗျား(ရှင့်)”
အရှေ့စူးစူးကို တစ်ယောက်၊ အနောက်စူးစူးကို တစ်ယောက်၊ မြောက်ဘက် စူးစူးကို တစ်ယောက် ကိုယ့် သေတ္တာ ကိုယ်ဆွဲပြီး ထွက်ခွာ သွားကြတော့တယ်။
စက်ရုပ်တွေ ထွက်ခွာ သွားပြီးတဲ့ နောက်ပိုင်းမှာ ဒေါက်တာ လှဖူးနဲ့ တပည့် သုံးယောက်ဟာ အချိန်ခွဲပြီး စောင့်ကြည့်ဖို့ အချိန်ဇယား ဆွဲလိုက်ကြတယ်။ ဂျူတီကျတဲ့ သူက အင်တာနက် ချိတ်ထားတဲ့ ကွန်ပျူတာတွေမှာ ထိုင်စောင့်ကြည့်နေရတယ်။
ဒေါက်တာ လှဖူးရဲ့ စီစဉ်ပုံက အတော်လေးကို စနစ်ကျပါတယ်။ “သူတို့ကို ဘယ်သွားပါ၊ ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့လို့ လုံးဝ လမ်းညွှန်ပေးဖို့ မလိုဘူး။ သူတို့ လုပ်ရမယ့် ကိစ္စ၊ သူတို့ဘာသာ ဆုံးဖြတ်ပစေ၊ အေး အကြောင်း မသင့်လို့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဒုစရိုက် လုပ်ငန်းတွေ လုပ်လာ ခဲ့ရင်တော့ ပါဝါ ဆပ်ပလိုင်းကို ဒီကနေ ဖြုတ်ချပစ်လိုက်ရုံပဲပေါ့။ ဒါပေမဲ့ သူတို့ ဦးနှောက်ထဲ ထည့်ပေးလိုက်တဲ့ အသိပညာတွေက အဲဒီ အဆင့်လောက် ရောက်မသွားအောင် ထိန်းသိမ်းပါလိမ့် မယ်”
ဒီလိုနဲ့ပဲ သုံးနှစ်ဆိုတဲ့ အချိန်ကာလဟာ ပြည့်လုနီး လာခဲ့ပြီ။ သုံးနှစ်ပြည့်ဖို့ တစ်ပတ် အလိုက စပြီး ဆရာတပည့် လေးယောက်စလုံး ထမင်းစားချိန်က လွဲလို့ ကွန်ပျူတာနားက ထလို့ မရတော့ဘူး။ အိပ်ရာတွေကိုလည်း သိပ္ပံခန်းထဲမှာပဲ ပြင်ထားပြီး တစ် လှည့်စီ အိပ်ကြရတယ်။
သုံးနှစ်တိတိပြည့်ဖို့ တစ်ရက်(နှစ်ဆယ့်လေးနာရီ) အလိုမှာ ပထမဆုံး ပြန်ရောက် လာတဲ့သူက စန္ဒီခင်။ သိပံ္ပခန်းထဲကို ဒေါက်ဖိနပ်သံ စည်းချက်နဲ့ ၀င်လာတဲ့ စန္ဒီခင်ကို အားလုံးက ငေးကြည့်နေကြရတယ်။ ဆံပင်က ပြောင်းဖူးမွေးရောင် သန်းပြီး တွန့်လိပ်နေတယ်။ ဒူးခေါင်းအထက်နားထိသာ ရှည်တဲ့ စကတ်က မီးခိုး ရောင်။ ပခုံးတစ်ဖက်မှာတော့ တစ်ထွာသာသာလောက် ရှိတဲ့ စလင်းဘက် လုံးလုံးလေးကို လွယ်ထားတယ်။ ဘယ်သူ့ ကိုမှ အလေးအနက် မထားတဲ့ ပုံစံနဲ့ ဆရာကြီးရှေ့ကို တန်း ၀င်လာပြီး ခရီးဆောင် သေတ္တာကြီးကို ချလိုက် တယ်။
“ဆရာကြီး နေကောင်း တယ်နော်” အသံကလည်း ချိုမြပြီး ကြည်လင်နေဆဲပဲ။
“အေး ကောင်းပါတယ် ကွယ်၊ ကဲ သမီးထိုင်လေ” ဆရာကြီး ရှေ့က ကုလားထိုင်မှာ ကျုံ့ကျုံ့လေး ၀င်ထိုင်လိုက်တယ်။ ဆရာကြီး တပည့်သုံးယောက်က တော့ စန္ဒီခင်ရဲ့နောက်မှာ တန်းပြီးရ ပ်နေကြတယ်။
ဆရာကြီးက စန္ဒီခင်ကို အကဲခတ်ရင်းက ချောင်းတစ် ချက်ရှင်းလိုက်တယ်။ ပြီးမှ- “သမီး သုံးနှစ်ဆိုတဲ့ ကာလအတွင်း လူတွေကြားမှာ သွားလာ လှုပ်ရှားရင်းက လူတွေအကြောင်း ဘာတွေကို ခြေခြေမြစ်မြစ် သိခဲ့ပြီလဲ။ သမီး သိခဲ့ရတဲ့ လူတွေရဲ့ အကြောင်းကို ဆရာကြီးကို ပြန်ပြောပြပေတော့”
စန္ဒီခင်က သက်ပြင်း လေးတစ်ချက်ချလိုက်တယ်။ “ဆရာကြီး ကျွန်မဟာ မကြာခင် သက်တမ်းကုန်တော့မယ့်သူပါ။ နှစ်ဆယ့်လေး နာရီပဲ ကျန်တော့တယ်။ ဆရာကြီး သိပ်သိချင်တဲ့ လူတွေ အကြောင်းကို မပြောခင် ဆရာကြီးကို ကျွန်မ မေတ္တာ ရပ်ခံပါရစေ။ အဲဒါကတော့ ကျွန်မ ဆက်ပြီး ရှင်သန်ခွင့် ပေးပါ ဆရာကြီး။ ကျွန်မရဲ့ သက်တမ်းကို ထပ်တိုးပေး ပါ”
ချိုမြကြည်လင် နေတဲ့ အသံကနေ တုန်ရီပျော့ပျောင်း လာတယ်။ ဒေါက်တာ လှဖူး ရဲ့ဖြူဖွေး သွယ်တန်းနေတဲ့ မျက်ခုံးအစုံဟာ မြောက်တက်သွားပြီး နဖူးကြောတွေ ကလည်း အရစ်အရစ်နဲ့ လှိုင်း ထလာတယ်။ “စန္ဒီခင် ဆရာကြီးက လူတွေနဲ့ ပတ်သက်လို့”
ဆရာကြီး စကားမဆုံးမီ မှာပဲ စန္ဒီခင်က ကြားဖြတ်ဝင် ပြောပြန်တယ်။ “ဆရာကြီး ကျွန်မဟာ ဒီအခန်းထဲက စထွက်ခွာသွား တုန်းကလို လွန်ခဲ့တဲ့သုံးနှစ်က စန္ဒီခင် မဟုတ်တော့ဘူး။ အခု ကျွန်မ ဓာတုဗေဒနဲ့ ပီအိတ် ခ်ျဒီ(Ph.D) ရခဲ့ပြီ။ ကျွန်မ နာမည် ဒေါက်တာ စန္ဒီခင်ပါ ဆရာကြီး”
ဆရာကြီးမျက်လုံးတွေ ကျွတ်ထွက်မတတ် ပြူးကျယ်သွားတယ်။ အသံက လည်း မာကျောလာတယ်။ “ဘာ ဒေါက်တာ စန္ဒီခင် ဟုတ်လား၊ ငါ ဒေါက်တာလှဖူးဖြစ်ဖို့ ခြောက်နှစ်ကျော်အောင် ကြိုး စားခဲ့ရတယ်။ အသစ် တွေ့ရှိ ချက်ကို တင်ပြနိုင်အောင်...”
ဆရာကြီးစကားကို ဆုံး အောင် မစောင့်ဘဲ ဖြတ်ဝင် လိုက်ပြန်တယ်။ “ဆရာကြီးတို့ခေတ်နဲ့ မတူဘူးလေ။ အင်တာနက်ရှိ နေမှတော့ ဓာတ်ခွဲခန်းထဲ မ၀င်ဘဲ ပါရဂူ ဖြစ်နိုင်ပါတယ် ဆရာကြီး”
ဒေါက်တာ လှဖူး စိတ် ပျက်စွာ ခေါင်းယမ်းလိုက် တယ်။ စန္ဒီခင်ကတော့ နည်း နည်းမှ မလျှော့ဘဲ ဆက်ပြော တယ်။ “အခု ကျွန်မ ဆူပါဗိုက် (Supervise) လုပ်နေရတဲ့ ပီအိတ်ခ်ျဒီ ကျောင်းသား၊ ကျောင်းသူ သုံးဆယ့်ရှစ်ယောက် ရှိတယ်။ သူတို့ကိုလည်း ငဲ့ညှာရာ ရောက်အောင် ကျွန်မကို ဆက်ရှင်သန်ခွင့်ပြုပါ ဆရာကြီး၊ ပြီးတော့ ကျွန်မမှာ ချစ်သူရှိတယ်။ အိမ်ထောင် ပြုရဦးမယ် ဆရာကြီး” ဒေါက်တာ လှဖူးကတော့ နားထင်နှစ်ဖက်ကို လက်ဝါးနဲ့ ညှပ်ထားတယ်။ သူ့ရဲ့မျက်စိထဲမှာ ကင်း ဘရစ်ခ်ျက သူ့ရဲ့ဆရာကို မြင်နေမိတယ်။ သူကျောင်းသား ဘ၀မှာ ဆရာဟာ အသက်ခြောက်ဆယ်ကျော်နေ ပြီ။ သူ့သက်တမ်းမှာ ပါရဂူ ဘွဲ့ယူမယ့် ကျောင်းသားငါးဦးကိုသာ ဆူပါဗိုက် လုပ်နိုင်ခဲ့တယ်။ မိမိက နောက်ဆုံး တပည့်ပဲလေ။
ခုတော့ စန္ဒီခင်က ပါရဂူ ကျောင်းသားသုံးဆယ်ကျော် ကို ဆူပါဗိုက်လုပ်ဦးမယ်။ ပြီးတော့ အိမ်ထောင်ပြုဦး မယ်တဲ့။ သိပ်စဉ်းစားမနေ တော့ဘဲ စန္ဒီခင်ရဲ့ ပါဝါဆပ် ပလိုင်းကို အဝေးထိန်းခလုတ် နဲ့ ဖြုတ်ချလိုက်တယ်။
စန္ဒီခင်ကတော့ ကုလား ထိုင်ပေါ်မှာပဲ အရုပ်ကြိုးပြတ် ဖြစ်သွားပြီ။ “ဒေါက်တာ ဘိုသိန်း သူ့ဆီက မင်မိုရီချစ်ပ်ကို ပြန်ထုတ်ပြီး ယူလာခဲ့တော့”
“ဟုတ်ကဲ့ ဆရာကြီး” ဒေါက်တာ ဘိုသိန်းက စန္ဒီခင်ရဲ့ဦးနှောက်ပိုင်းက မင်မိုရီချစ်ပ်ကို ထုတ်ယူပြီး ဆန်းစစ်လိုက်တယ်။ ဆရာ ကြီးစားပွဲဆီ လှမ်းတင်လိုက် ရင်းက- “ဆရာကြီး ချစ်ပ်ပေါ် မှာစပေါ့(Spot)တွေအများကြီး တွေ့နေရတယ်။ ထည့်ပေး လိုက်တုန်းက အဲဒီအစက် အပြောက်တွေ တစ်ခုမှ မရှိ ဘူး။ ပြောင်လက်နေတာ ကျွန်တော် ကောင်းကောင်း မှတ်မိတယ် ဆရာကြီး”
ဒေါက်တာ လှဖူးလည်း သေသေချာချာ အမြီးပြန် ခေါင်းပြန်စစ်ဆေးတယ်။ စဉ်းစားရကျပ်နေတယ်။ ဒီအချိန်မှာပဲ ဒေါက်တာ တင်ထွေးရဲ့စက်ရုပ် အောင်သိင်္ခ အပြေးအလွှားနဲ့ သိပံ္ပခန်းထဲ ကို ၀င်လာတယ်။ ဆရာကြီး ကို ဦးညွှတ်ရင်းက- “ဆရာကြီး ကျွန်တော် ရောက်ပါပြီ။ ဆရာကြီး ကျန်း မာရေးကောင်းဖို့ မပြတ် ဆုတောင်းပေးနေပါတယ်။ ကျွန်တော့် ဆုတောင်းပြည့်တယ် လို့ပဲ ဆိုရမှာပေါ့နော်။ စိတ်ချ လက်ချ၊ အေးအေးဆေးဆေးနဲ့ အသက်ရှည်အောင်သာ ဆရာကြီး နေပေတော့။ ဆရာကြီး နာမည်နဲ့ လုပ်ငန်းတွေ ကုမ္ပဏီတွေမှာ ရှယ်ယာတွေ ၀င်ထားခဲ့တာ သိန်းငါးရာ ကျော်ရှိတယ် ဆရာကြီး။ ဒီလောက် ဦးစားတဲ့ သုတေသန လုပ်ငန်းတွေလည်း နားလိုက်တော့ ဆရာကြီး” ဒေါက်တာ လှဖူးက တော့ အောင်သိင်္ခကို နားမလည်စွာနဲ့ စူးစမ်းနေတယ်။ သေသေချာချာ အကဲ ခတ်ကြည့်ပြီးမှာ- “အောင်သိင်္ခ ဆရာကြီး လိုချင်တဲ့ အချက်အလက်တွေ ကို လူတွေဆီက”
ဆရာကြီး စကားအဆုံး မသတ်လိုက်ရဘဲ ရယ်ကျဲကျဲ နဲ့ အောင်သိင်္ခက- “အို ဆရာကြီးကလည်း အလုပ် မဟုတ်တာတွေ လုပ်ချင်နေသေးတာကိုး။ အခု ကျွန်တော် နိုင်ငံခြားက အိုင်တီကုမ္ပဏီတွေ အင်တာနက် ကွန်ရက် ထူထောင်သူတွေ အားလုံးနဲ့ ဆက်သွယ်ခဲ့ပြီးပြီ။ လာမယ့်နှစ်မှာ အောင်သိင်္ခ ဟာ ကမ္ဘာမှာ န၀မမြောက် အချမ်းသာဆုံး ပုဂ်္ဂိုလ်ဖြစ်ပြီ ဆရာကြီး ဟား ဟား ဟား”
အောင်သိင်္ခ ရယ်သံ မဆုံးမီမှာပဲ ပုံကျသွားတော့ တယ်။ ဒေါက်တာ တင်ထွေး ကတော့ သူ့ရဲ့မေထုန်မဲ့သား ကို စိတ်မကောင်းစွာကြည့် ရင်း ဦးနှောက်ထဲက မင်မိုရီ ချစ်ပ်ကို ဆွဲထုတ်ပြီး ကြည့် လိုက်တယ်။ “အိုး အမည်းစက်တွေ အပြည့်ပဲ ဆရာကြီး” ဒေါက်တာ လှဖူးက အဲဒီချစ်ပ်ကို သေချာကြည့် ရင်းက- “ကဲ အားလုံး ခဏနား ကြမယ်။ ပြီးရင် အောင်ဇေယျ မလာမချင်း ဆက်ပြီး စောင့်ကြတာပေါ့”
နောက်တစ်နေ့ ရှစ်နာရီထိ အောင်ဇေယျကတော့ ပါမလာသေး။ ဆရာတပည့် လေးဦးကတော့ သိပံ္ပခန်းထဲ မှာ စိတ်လှုပ်ရှားစွာနဲ့ စောင့် ဆိုင်းနေကြတယ်။ ဒေါက်တာ စောအောင် ရဲ့မေးခွန်းကြောင့် အားလုံးရဲ့ အာရုံတွေက နေရာပြောင်း သွားပြန်တယ်။ “ဆရာကြီး မင်မိုရီချစ်ပ် ပေါ်မှာ အစက်အပြောက်တွေ ဘာကြောင့်ပေါ်လာတာလဲ ဆို တာ အဖြေ ရှာတွေ့ပြီလား ဆရာကြီး”
ဒေါက်တာ လှဖူးက ပြုံးပြီး နားထောင်ရင်းက- “ဆရာ မနေ့ညက အချိန်ယူပြီး စဉ်းစား အဖြေရှာ လိုက်တော့ အဖြေကို တွေ့ပါ ပြီ။ အောင်ဇေယျ ပြန်ရောက် လာရင်တော့ အတည်ပြုလို့ ရမယ်လို့ ယူဆတယ်”
တပည့်သုံးယောက် စလုံးက စိတ်ဝင်တစားနား ထောင်ရင်းက မချင့်မရဲဖြစ် လာပုံရတယ်။ ဒေါက်တာ တင်ထွေးက မအောင့်နိုင် တော့ဘဲ။ “ဆရာကြီးရဲ့ ယူဆ ချက်ကို ကျွန်တော်တို့ သိချင် ပါတယ် ဆရာကြီး။ ကျွန်တော်တို့ကို ရှင်းပြပါ လား”
“အေး အေး မင်းတို့ သိပ်သိချင်ရင်တော့ ပြောရ တာပေါ့ကွာ” ရေနွေးကြမ်းတစ်ခွက် မော့လိုက်ပြီးမှ- “အဲဒါ လူတွေဆီက ကူးစက်လာတဲ့ အတ်္တရဲ့ကြေး ညှော်ကြောင့် ပေါ်လာတဲ့ အစက်အပြောက်တွေပဲ တပည့်တို့”
တပည့်အားလုံး အံ့သြ တဲ့မျက်နှာနဲ့ ဆရာကြီးကို ကြည့်နေကြတယ်။ဒေါက်တာ စောအောင်က လည်း စိုးရိမ်တဲ့လေသံနဲ့- “ဆရာကြီး အောင်ဇေ ယျရဲ့အချိန်ဟာ ဆယ်မိနစ်ပဲ ကျန်တော့တယ်၊ အင်တာ နက်ကနေရှာပြီး ဆက်သွယ် လို့လည်း မရဘူး ဆရာကြီး။ အောင်ဇေယျ အတွက် စိုးရိမ်စရာတော့ ကောင်းနေပြီ”
ဒေါက်တာ လှဖူးလည်း သက်ပြင်းတစ်ချက်မှုတ်ထုတ် လိုက်ပြီးမှ- “အချိန်စေ့အောင်တော့ စောင့်ကြည့်ရဦးမှာပဲ”
အားလုံးက စိတ်လှုပ် ရှားမှုအပြည့်နဲ့ ကွန်ပျူတာ ဖန်သားပြင်ကိုပဲ စောင့်ကြည့် နေကြတယ်။ နံရံပေါ်က နာရီရဲ့ စက္ကန့်သံဟာ ဒေါက်တာ လှဖူးရဲ့ ရင်ခုန်သံပဲ။ အချိန်စေ့ဖို့ ငါးစက္ကန့် အလိုမှာပဲ ဆရာကြီးရှေ့က ကွန်ပျူတာမှာ အီးမေးလ် တက်လာတယ်။ အားလုံးက အပြေးအလွှားနဲ့ ကွန်ပျူတာ ဆီကို ၀ိုင်းလိုက်ကြတယ်။ “ဆရာကြီး ခင်ဗျား ကျွန်တော် အောင်ဇေယျပါ။ ဆရာကြီး သင်ပေးလိုက်တဲ့ ဒဿနိကဗေဒထဲက ဘာထရမ်ရပ်ဆဲလ်ရဲ့ စကားကို သိပ်သဘောကျနေမိတယ်” “လူတစ်ယောက်က ဘာထရမ်ရပ်ဆဲလ်ကို မေး ခွန်းတစ်ခု မေးတယ်။ ခင်ဗျား ကို လုပ်ပိုင်ခွင့် အာဏာသုံး ရက်ပေးမယ်ဆိုရင် ခင်ဗျား ဘာအရင် စလုပ်မလဲတဲ့။ ဘာထရမ်ရပ်ဆဲလ်က ဖြေ တယ်။ သုံးရက်သာရှိတဲ့ လုပ် ပိုင်ခွင့်ကို သုံးနှစ်ဖြစ်အောင် အရင်ဆုံး စလုပ်မယ်တဲ့”
“ဆရာကြီးခင်ဗျား ဆရာကြီးပေးထားတဲ့ ရှင်သန် ခွင့်သုံးနှစ်ကို အနှစ်သုံးဆယ် ဖြစ်အောင် ပထမဆုံးကြိုးစား နေခဲ့တာ အောင်မြင်လုနီးနေ ပါပြီ။ ဒါကြောင့် ဆရာကြီး သတ်မှတ်ထားတဲ့ အချိန်ကို မရောက်လာနိုင်တော့တာ ခွင့် လွှတ်လိမ့်မယ်လို့ ယူဆပါ တယ်။ အောင်ဇေယျ (ဒုတိယဘာထရမ်ရပ်ဆဲလ်)
ဒေါက်တာ လှဖူး အကြီးအကျယ်တုန်လှုပ်သွား တယ်။ ချွေးစေးတွေတောင် ပြန်လာတယ်။ “ဘယ်ကလာတဲ့ အီးမေးလ်လဲ ဆိုတာ အမြန်ဆုံး ရှာကြ”
အားလုံးဟာ ပျာယာ ခတ်နေတော့တယ်။ အဆင့် ဆင့် စစ်ဆေးလိုက်ပြီးမှ ဒေါက်တာ စောအောင်က- “ဆရာကြီး စင်ကာပူက ပို့တဲ့ အီးမေးလ်တဲ့“ “ကဲ- ဒေါက်တာ ဘိုသိန်း ဗီဇာနဲ့ လေယာဉ် လက်မှတ် အမြန်ဆုံး သွားစီစဉ် ပေတော့။ တို့အားလုံး စင်ကာပူကို လိုက်ကြမယ်။သြော်၊ ပြီးတော့ ငါ့နာမည် ဒေါက်တာ လှဖူး မဟုတ်တော့ ဘူး ပြောင်းလိုက်ပြီ။ ခေတ် သစ်ဒေါက်တာဖရင်ကင် စတိန်းတဲ့” အားလုံးကတော့ နားမလည်နိုင်တဲ့မျက်လုံးတွေ နဲ့ ကြည့်နေကြတယ်။
ကိုချစ် (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|
|
Last Updated on Thursday, 05 July 2012 15:48 |