မိထွေးဟု ခေါ်သူ PDF Print E-mail
Written by မောင်သန်းဆွေ (ထားဝယ်)   
Wednesday, 30 May 2012 11:09
Share |

ယခုတစ်လော ကြည့်ခဲ့ရသည့် ဗီဒီယို ကားများတွင် မိထွေး ကောင်းကြောင်းပြသော ဇာတ်ကား တော်တော် များများကို တွေ့ရသည်။

buy cialisbuy cialis online usa buy viagra overnight delivery discounted cialis
argaiv1290

မိထွေး ဆိုသည်မှာ ဖခင်၏ နောက်ဇနီးကို ခေါ်ခြင်း ဖြစ်သည်။ မိထွေးဆိုလျှင် လူ့အဖွဲ့အစည်း၌ အများအားဖြင့် အကောင်း မမြင်ကြချေ။ အိမ်ထောင် တစ်ခုတွင် ယောက္ခမနှင့် သမက် ချွေးမ၊ မိထွေးနှင့် လင်ပါသားသမီး၊ သမီးယောက်မ၊ သမီးယောက်ဖ စသူတို့ဆိုလျှင် မသင့်မြတ်ကြသည်သာ များသည်ဟု ယေဘုယျ အားဖြင့် ယူဆ နေကြသည်။ သို့ကြောင့် မိထွေးဆိုလျှင် မကောင်းသည့် ဘက်သို့သာ ပို့လိုက်တော့သည်။ ကောင်းသည့် မိထွေးများလည်း ရှိသဖြင့် ယခုကဲ့သို့ ဗီဒီယိုကားများ ရိုက်ပြခြင်း ဖြစ်သည်။ ဖခင်၏ နောက်ဇနီးကို မိထွေးခေါ် သကဲ့သို့ မိခင်ဘက်မှ တော်စပ်သော မိထွေး ဆိုသူလည်း ရှိပါသေးသည်။

ပုဂံခေတ်ကပင် ခေါ်ခဲ့ကြသည်။ ထိုဝေါဟာရသည် သက္ကရာဇ် ၆၀၄ ခုနှစ် ထိုး၊ ညောင်ရမ်းကြီး သမီး ကျောက်စာ၌ အောက်ပါအတိုင်း အတော်များများ သုံးစွဲထားသည်ကို တွေ့ရသည်။
၁။    မိထုယ်အိုအ်ပုံ ၁     (ပုံ ၁၄၄၊ ၉)
၂။    မိထုယ်အိုအ်ဖုန်  (ပုံ ၁၄၄၊ ၁၀)
မိထွေးဆိုရာ၌ မိသည် မိခင်ကို ညွှန်းဆိုသော စကားဖြစ်သည်။ ထွေးကား အငယ်အထွေး၊ နှမထွေး၊ သားထွေးသားနှောင်း စသည်တို့မှာကဲ့သို့ ငယ်ရွယ်၊ သေးငယ်၊ အသက်အနှောင်း ဟူသည့် အဓိပ္ပာယ်ဆောင်ပေသည်။

သို့ဖြစ်၍ အမိအောက် ငယ်ရွယ်သူ(၀ါ) အမိနှင့် မခြားချစ်အံ့သူကို မိထွေး ဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။ ပုဂံကျောက်စာ၌ မိထုယ်ဟု စာလုံး ပေါင်းထားသည်ကို အထက်၌ ဖော်ပြပြီးပြီ။ မိထွေး အသုံးကိုလည်း အမိ၏ ညီမ ဟူ၍မျှမက ဖခင်၏ နောက်ဇနီး အနေဖြင့်ပါ သုံးခဲ့ကြသည်။ ဤသည်မှာလည်း အမိအောက် ငယ်ရွယ်သူ အမိ၏ ညီမငယ်သဖွယ် ဖြစ်၍ အမိနှင့်မခြား ချစ်အံ့သူ ဟူသော ကောင်းမြတ်သည့် နှလုံးသားဖြင့် အသုံးပြုခဲ့ပုံ ရသည်။

က္လစွာမင်ဟုယ်တောင်တက်ပြီ။ငာမိကိုဝ်ကာငါမသိလိုက်။ ငါမိထုယ် မူယ်ရုယ် ငါကြိဧအ် ငာမိထုယ်လျှင်ဧတ
ငါ မိဧအ်ဟု ရုယ်၊ ဤမ်ပ္လုနယ် ပိယ်ဧအ်။
(၅၉၇ ပုံ၊ ၁၈၁၊ ၂-၃)
စသည်ဖြင့် ပုဂံခေတ်က မှတ်တမ်း တင်ခဲ့သော ကျစွာမင်း မိထွေးတော် ကျောက်စာသည် ဤအတွက် သာဓက ကောင်းတစ်ခုဖြစ်နိုင်ပေသည်။

ကျစွာမင်းသည် ပုဂံခေတ်ကထင်ရှားသော မင်းတစ်ပါး ဖြစ်သည်။ ပိဋကတ် သုံးပုံကို ကိုးခေါက်ပြန်၍ သင်သော မင်းဖြစ်သည်။ စာပေကျမ်းဂန် နှံ့စပ်သည်။ စာပေဆိုင်ရာ ပြဿနာများကို ကျနစွာ မေးနိုင် ဖြေနိုင်သည်။ သံဃာတော်များကိုပင် တစ်နေ့လျှင် စာခုနစ်ခါ ချပေးရသော ပညာရှင် မင်းတစ်ပါးဖြစ်သည်။

သို့သော် ကျစွာမင်းမှာ ငယ်စဉ်ကပင် ၀မ်းနည်း ကြေကွဲဖွယ် ဖြစ်ရပ် တစ်ခုနှင့် ကြုံခဲ့ရသည်။ အခြားမဟုတ်။ မိမိ၏ မယ်တော်ကို မမှတ်မိလိုက်ခြင်းပင် ဖြစ်သည်။ ကျစွာမင်း ငယ်စဉ်ကပင် မယ်တော် ကံကုန်သွားဟန် တူသည်။ ကျစွာမင်းကို မိထွေးတော်က ပြုစု စောင့်ရှောက်ရသည်။ ကျစွာမင်းကလည်း မိထွေးတော်ကို မယ်တော် အရင်းကဲ့သို့ သဘောထားသည်။ ထို့ကြောင့်လည်း “ငါ့မိကိုကား
ငါမသိလိုက်၊ ငါ့မိထွေး မွေး၍ ငါကြီး၏၊ ငါ့မိထွေး လျှင်တည်း ငါ့မိ” ဟူ၍ ကျစွာမင်းက လေးလေးမြတ်မြတ် မိန့်ဆိုသည်။

ကျစွာမင်းသည် သက္ကရာဇ် ၅၉၇ ခု၊ ၀ါခေါင်လဆန်း ၄ ရက်၊ ကြာသပတေး နေ့တွင် ပုဂံရွှေနန်းကို သိမ်းမြန်း စိုးစံသည်။ မိထွေးတော်ကို မယ်တော်ရင်းကဲ့သို့ အလေးအမြတ်၊ မေတ္တာထားကာ နေစရာ အိမ်နှင့်တကွ၊ ကျွန်များ၊ လယ်များကို ချီးမြှင့်သည်။ မိထွေးတော်ကလည်း သားတော်၏ မေတ္တာထားမှု ကျေးဇူး သိတတ်မှုကို ဂုဏ်ယူသည်။ ထို့ကြောင့် “အိမ်လည်း ငါနေ၏၊ ကျွန်လည်း ငါစေ၏၊ လယ်လည်း ငါစား၏” ဟူ၍ ဂုဏ်ယူသော အသံဖြင့် ၀မ်းပန်းတသာ မှတ်တမ်းတင်သည်။

ကျစွာမင်း၏မိထွေးတော်သည် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ၊ တရား သိသူဖြစ်သည်။ ထို့ကြောင့် သားတော် ချီးမြှင့်သော စည်းစိမ်ကိုခံစား စံစားနေရုံ သက်သက်ဖြင့် အချည်းအနှီး မဖြစ်စေဘဲ
မိမိ အတွက်ရော သားတော် အတွက်ပါ အကျိုး ထူးစေမည့် အစီအမံ တစ်ရပ်ကို ကြံစည် စိတ်ကူးမိသည်။ သားတော်က ချီးမြှင့်ထားသော အိမ်ကို မိမိနေထိုင် အသုံးပြုခြင်းထက် ပညာ ပြည့်စုံသော သံဃာတော်တို့ သီတင်း သုံးစေခြင်းက ပို၍မြတ်သည်ဟု စိတ်ကူး မိခြင်းဖြစ် သည်။ မိထွေးတော်သည် မိမိစိတ်ကူး ကို အကောင်အထည် ဖော်ရန်အတွက် ပထမဦးစွာ ဂူဘုရား တစ်ဆူတည်သည်။ ထို့နောက် မိမိကို မင်းကြီး ချီးမြှင့်သော အိမ်သည် အလွန် သာယာလှပါကြောင်း၊ ဤအိမ်ကို မိမိနေခြင်းထက် သံဃာတော်တို့ သီတင်းသုံးခြင်းက ပို၍မြတ်သည် ဟု ဆင်ခြင်မိသည့် အတွက် အိမ်ကို ကျောင်းအဖြစ် လှူဒါန်းရန် ရည်ရွယ် ကြောင်း၊ ဂူဘုရားလည်း တည်ပြီးဖြစ်ကြောင်း၊ မိမိကို မင်းကြီး ပေးတော်မူ သော အိမ်ထောင်၊ ကျွန်၊ လယ်အားလုံးကိုလည်း မိမိက သံဃာတော်တို့ကို လှူ ဒါန်းပါကြောင်း၊ မိထွေးတော်က ကျစွာမင်းကို လျှောက်ထားသည်။ ကျစွာမင်းကလည်း “မိထွေး တင့်အပ်နိုးသော သင်္ဃာထားလင့်”ဟူ၍ သင့်လျော် သော သံဃာတော်တို့ကို လှူဒါန်းရန် အသာတကြည် ခွင့်ပြုသည်။

သက္ကရာဇ် ၆၁၅ ခု၊ တပို့တွဲ လဆန်း ၆ ရက်၊ သောကြာနေ့တွင်ကား မိထွေးတော်သည် မိမိအိမ်ကို ကျောင်း အဖြစ် သံဃာတော်တို့အား လှူဒါန်းပြီး မိမိအိမ်မှ ထွက်ခဲ့လေတော့သည်။ အိမ်ထောင်ကျွန်အားလုံး ကိုလည်း လှူဒါန်းခဲ့ သည်။ လှူဒါန်းသော ကျွန်ပေါင်း ၁၃၅ ယောက်နှင့် လယ်ပယ်ပေါင်း ၁၇၂၀ ဖြစ်သည်။ ကျွန်အမည်၊ လယ်အမည်တို့ ကို အတိအကျ ကျောက်ထက်အက္ခရာ တင်၍ လှူဒါန်းခြင်းဖြစ်သည်။ မိထွေး တော်၏ အလှူ မှတ်တမ်းသည် “ကျစွာမင်း မိထွေးတော် ကျောက်စာ” ဟူ၍ ယခုတိုင် အခိုင်အမာ တည်ရှိနေပါ သည်။

ရာဇ၀င်မှ ကျစွာမင်း၏ မိထွေး တော်ကဲ့သို့ပင် ဗုဒ္ဓ၀င်ထဲမှ မိထွေးတော် ဂေါတမီသည်လည်း စံထားလောက်သည့် မိထွေးတော် ဖြစ်လေသည်။ မဟာ မာယာနှင့် မဟာပဇာပတိဂေါတမီတို့ သည် ဒေ၀ဒဟမှ ဘုရင့် သမီးတော် ညီအစ်မရင်း ဖြစ်သည်။ ထိုမင်းသမီး နှစ်ပါးလုံးအား ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါ ဒနမင်းကြီးက လက်ဆက်ခဲ့သည်။ မယ်တော် မဟာမာယာသည် ဗုဒ္ဓ အလောင်းအလျာ သိဒ္ဓတ္ထမင်းသားအား ဖွားမြင် တော်မူပြီးနောက် ၇ ရက်အကြာတွင် နတ်ရွာစံလေသည်။ ညီမတော် မဟာ ပဇာပတိဂေါတမီက သူ၏သားတော် ရင်းနန္ဒမင်းသားကို အခြားအထိန်းတော် များ နို့တိုက်မွေးမြူရန် အပ်နှံပြီး ၇ ရက် သား သိဒ္ဓတ္ထမင်းသားအား ကိုယ်တိုင် နို့ချိုတိုက်ကျွေး၍ မွေးခဲ့ရသည်။ ထို့ ကြောင့် မိထွေးတော် ဂေါတမီသည် ဗုဒ်္ဓ ၏မိထွေးတော်ဖြစ်ရုံသာမက နို့တိုက် မွေးမြူခဲ့သော အမိမယ်တော်လည်း ဖြစ် လေသည်။

ဂေါတမမြတ်စွာသည် ဘုရား အဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ကပိလ၀တ်ပြည်သို့ ပထမအကြိမ်ကြွ ရောက်တော် မူရာတွင် နောက်တစ်နေ့ ဆွမ်းခံကြွဝင်ခြင်းနှင့် ပတ်သက်၍ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား “ဥတ္တိဋ္ဌေနပမဇ္ဇေယျ” အစချီသော ဓမ္မ ဒေသနာကို ဟောကြားတော်မူရာ သော တာပန်အဖြစ်သို့ ရောက်ရှိခဲ့သည်။ နောက်တစ်နေ့တွင်လည်း “ဓမ္မဉ္စရေသု စရိတံ” အစချီသော ဒေသနာကို ထပ်မံ ဟောကြားတော်မူပြန်ရာ သုဒ္ဓေါဒန မင်းကြီးသည် သကဒါဂါမ်အဖြစ်သို့ ရောက်ရှိ၍ မိထွေးတော်ဂေါတမီသည် လည်း သောတာပန်အဖြစ်သို့ ရောက်ရှိခဲ့ လေသည်။

နောက်ပိုင်းတွင် သုဒ္ဓေါဒန မင်းကြီးသည် နတ်ရွာစံခါနီးသို့ ရောက်ရှိ သောအခါ ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို ကြားနာရပြီး လူဝတ်ကြောင် ဘ၀ဖြင့်ပင် အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ထီးဖြူ တော်အောက်၌ ပရိနိဗ္ဗာန် စံတော်မူခဲ့ သည်။ ထိုအချိန်ကပင် မဟာပဇာပတိ ဂေါတမီသည် လူ့ဘောင်ကို စွန့်ခွာ၍ ရဟန်းပြုခွင့် ရနိုင်ရန် အတွက် ဗုဒ္ဓဘုရား ရှင်အား အခွင့် တောင်းခံနိုင်မည့် အရေးကို စောင့်မျှော် နေခဲ့သည်။

ကပိလ၀တ် ပြည်ရောဟိနီမြစ် တစ်ဖက်ကမ်းစီ၌ နေထိုင်ကြသော ဆွေ တော်မျိုးတော်များဖြစ်သည့် သာကီဝင် မင်းမျိုးနှင့် ကောလိယ မင်းမျိုးတို့သည် ရောဟိနီ မြစ်ရေကို ခွဲဝေ သုံးစွဲခြင်းနှင့် ပတ်သက်၍ အငြင်းပွားကြရာမှ တစ် ဆင့် တစ်ဖက်နှင့် တစ်ဖက် ခိုက်ရန်ဖြစ် ပွားရမည့် အခြေအနေသို့ ရောက်ရှိသော အခါ မြတ်စွာဘုရားကြွရောက်လာပြီး ဖျန်ဖြေ ပေးတော်မူသဖြင့် နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းကြပြီး “ကလဟ၀ိဝါဒ” သုတ် ကို ဟောကြားတော်မူသည်။

ထိုအခါ သာကီဝင်မင်းသားငါးရာ တို့သည် ရဟန်းပြုကြလေသည်။ အခွင့် အရေးကို စောင့်မျှော်နေသော မိထွေး တော် ဂေါတမီသည် ထိုမင်းသားငါးရာ တို့၏ ဇနီးဟောင်းငါးရာကို ဦးဆောင် ကာ ဗုဒ္ဓမြတ်စွာအား ရဟန်းပြုခွင့်ပေး ရန် လျှောက်ထားသည်။ ဗုဒ္ဓက ငြင်း ပယ်ပြီး ဝေသာလီပြည်သို့ ကြွသွား တော်မူလေသည်။ မဟာပဇာပတိ ဂေါတမီအမှူးရှိသော အမျိုးသမီးငါးရာ တို့သည် ဆံပင်ရိပ်ပယ်ကာ ဖန်ရည်ဆိုး အ၀တ်ဝတ်ရုံ၍ ဝေသာလီပြည်ရှိ ဗုဒ္ဓ ဘုရားရှင်ထံခြေလျင်လိုက်ပါလာကြ သည်။ ယင်းသို့ ဆင်းရဲ ပင်ပန်းစွာ လိုက်ပါ ရောက်ရှိပြီး ရဟန်းပြုခွင့်တောင်းခံ ရာတွင်လည်း ထပ်မံငြင်းပယ်တော်မူ ပြန်သည်။ မိထွေးတော် ဂေါတမီနှင့် အမျိုးသမီးတို့သည် ရှင်အာနန္ဒာထံသို့ သွားရောက်ပြီး အကြောင်းစုံကို လျှောက်ထားသဖြင့် ရှင်အာနန္ဒာသည် ယင်းတို့၏ကိုယ်စားဗုဒ္ဓမြတ်စွာအား ရဟန်းပြုခွင့် ပေးပါမည့် အကြောင်း၊ လျှောက်ထားသော်လည်း ရှင်တော်ဗုဒ္ဓက တတိယအကြိမ် ငြင်းပယ်တော်မူပြန် ပါသည်။

ရှင်အာနန္ဒာသည် အမျိုးသမီးများ ရဟန်းပြုခွင့် ရနိုင်မည့် နည်းလမ်းကို စဉ်း စားတော်မူကာ ဗုဒ္ဓမြတ်စွာအား-
“အရှင်ဘုရား အမျိုးသမီးများ သာသနာဘောင်၌ ရဟန်းပြု၍ ရဟန်း တရားအားထုတ်ကြပါက မဂ်ဖိုလ်ကို မရနိုင်ပါသလော”
ဟု မေးမြန်းလျှောက်ထားသော အခါ-
“အာနန္ဒာ မဂ်ဖိုလ်ရနိုင်ပါသည်”
ဟု ဘုရားရှင် ဖြေကြားတော်မူ သည်ကို နာယူပြီးလျှင်-
“အရှင်ဘုရား မိထွေးတော် ပဇာ ပတိဂေါတမီသည် အရှင်ဘုရား အပေါ်၌ ကျေးဇူးကြီးမားလှပါ သည်။ အရှင်ဘုရား မွေးဖွားခါစ ခုနစ်ရက်အကြာတွင် မယ်တော် ရင်းနတ်ရွာစံတော်မူသောအခါ မိထွေးတော်သည် သားတော်ရင်း နန္ဒအား အထိန်းတော်များအား လွှဲအပ်၍ အရှင်ဘုရားကိုသားရင်း ပမာ နို့ချိုတိုက်ကျွေး၍ မွေးမြူ လာခဲ့ပါသည်။ ထိုကျေးဇူးကို အောက်မေ့၍ မိထွေးတော်အား ရဟန်းပြုခွင့်ပေးပါ”
ဟု လျှောက်ထားလေသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာက-
“အာနန္ဒာ မိထွေးတော်သည် ရှစ် ပါးသောဂရုဓမ္မ(ဂရုဓံရှစ်ပါး) ကို လက်ခံလိုက်နာပါက ရဟန်းပြုခွင့် ပေးမည်”
ဟု မိန့်ကြားတော်မူကာ “ဂရုဓံရှစ်ပါး” ကို ညွှန်ကြားတော်မူသည်။ အရှင်အာနန္ဒာသည် မိထွေးတော် ဂေါတမီထံသွားရောက်ကာ ဘုရားရှင်၏ ဂရုဓံရှစ်ပါးကိုပြဆိုလျက် ယင်းတို့ကို လက်ခံလိုက်နာပါက ရဟန်းပြုခွင့်ရမည့် အကြောင်းကို မိန့်ကြားတော်မူရာ မိထွေး တော်သည်-
“ဂရုဓံရှစ်ပါးကို လိုက်နာကျင့်သုံး ပါမည်”
ဟု ၀မ်းမြောက်ဝမ်းသာ လျှောက် ထားတော်မူသည်။

ဤသို့ဖြင့် မိထွေးတော် ဂေါတမီ သည် ရဟန်းခံဉတ် ကမ္မ၀ါစာ ရွတ်ဆို ရန်မလိုဘဲ ယင်းဂရုဓံ ရှစ်ပါးကို လက်ခံ လိုက်နာခြင်းဖြင့် ဘိက္ခုနီရဟန်းအဖြစ် သို့ ရောက်ရှိခဲ့ပါသည်။ ဆက်လက်၍ ရဟန်းတရားပွားများအား ထုတ်ခြင်းဖြင့် ရဟန္တာထေရီ အဖြစ်သို့ ရောက်ရှိပြီး သက်တော်တစ်ရာ့နှစ်ဆယ် အရွယ်တွင် ပရိနိဗ္ဗာန် စံဝင်ခဲ့ပါသည်။ ဤသည်တို့ ကား ဗုဒ္ခ၀င်နှင့် ရာဇ၀င်တို့မှ စံပြု လောက်သည့် မိထွေးကောင်းတို့ အကြောင်း ဖြစ်ပါသည်။

ဆရာ ဆန်းထွန်း(မန်းတက္ကသိုလ်) က မိထွေးအပါအ၀င် အမိဂိုဏ်းဝင် (သို့ မဟုတ်) မယ်တော် အမျိုးအစား ၁၆ မျိုးပြားသည်ကို “မိမျိုးမယ်တော် ဆယ့် ခြောက်ဖော်” ဟု ရေးခဲ့ဖူးသည်။ ဆရာ ဆိုလိုသည့် မိထွေးအပါအ၀င် အမိဂိုဏ်း ၀င် မယ်တော်အမျိုးအစား ၁၆ ဖော်မှာ-
၁။ နို့တိုက်သောအမိ၊ ၂။ ကိုယ်ဝန် ဆောင်သောအမိ၊ ၃။ အစားကျွေး သော အမိ၊ ၄။ မိမိဆရာ၏ မယား(ဆရာကတော်)၊ ၅။ မိမိ ကိုးကွယ်သော နတ်၏ မယား၊ ၆။ မိမိဖခင်၏ မယား(အမိရင်းမဟုတ်)၊ ၇။ သမီး၊ ၈။ နှမရင်း၊ ၉။ ချွေးမ၊ ၁၀။ ယောက္ခမ မိန်းမသူ၊ ၁၁။ အမိဘက်အဘွား၊ ၁၂။ အဖဘက် အဘွား၊ ၁၃။ ညီရင်း အစ်ကိုရင်း ၏ မယား၊ ၁၄။ မိကြီး၊ မိထွေး၊ ၁၅။ အရီး အဒေါ်၊ ၁၆။ ဦးကြီး ဦးလေး၏ မယား။
တို့ဖြစ်သည်။ အဆိုပါ ၁၆ မျိုးတို့ ကို ဝေဒကျမ်း အမှတ်အသားအပိုင်း အခြားအရ “မာတာ” ဟု မှတ်ယူရမည် ဖြစ်ကြောင်း၊ ဗြဟ္မေ၀၀တ္တပုရာဏ်၌ ဆို ပါသည်ဟု ဆရာက ဖော်ပြထားလေ သည်။

မိမျိုးမယ်တော်ဆယ့်ခြောက်ဖော် တို့သည် အလွန် အနစ်နာခံခဲ့ရ၊ အနစ်နာ ခံဆဲ၊ အနစ်နာခံအံ့သော ပရဟိတ္တသာမိ ကာ သူ့အကျိုးဆောင် အရှင်မများ၊ မိခင် နွယ်များဖြစ်ကြသောကြောင့် ယင်းတို့ အား ဆရာက “သရဿတီ” မယ်တော် အလား လေးစားမြတ်နိုးစွာ ဦးညွတ် ထိုက်ကြောင်း ရေးခဲ့သည်။

ဤလူ့ဘောင်တွင်လည်း မိထွေး ကောင်းများ ရှိပါသည်။ သို့သော် မကောင်းသည့်ဘက်မှ အမြင်ဖြင့်သာ မိထွေးခေါ်သူတို့အား မျက်မှန်စိမ်းတပ် ၍ ကြည့်ခဲ့ကြသဖြင့် စိမ်း၍သာနေခဲ့ လေသည်။ စာရေးသူပင် ငယ်စဉ်အခါ က မိုက်မဲစွာ အတွေးဝင်ခဲ့ဖူး၏။ မိဘ နှစ်ပါး၌ ဖခင်အရင်ကွယ်လွန်ပါက မိခင်သည် မည်သို့မှ နောက်ထပ် အိမ် ထောင်ပြုမည်မဟုတ်။ မိခင်အရင်ကွယ် လွန်ပါက ဖခင်သည် နောက်ထပ်အိမ် ထောင်ပြုပေမည်။ သို့ဖြစ်၍ မိထွေးကို အလို မရှိသဖြင့် မိဘနှစ်ပါး အနက် ဖခင် သာ အရင်ကွယ်လွန်ပါစေဟု ဆန္ဒရှိခဲ့ ဖူးသည်။ ဖခင်ဖြစ်သူသည် အရင်ကွယ် လွန်သွားသည်။ ၆ လခြား၍ မိခင်ပါ ကွယ်လွန်သွားလေရာ အသက် ၁၉ နှစ် အရွယ် တက္ကသိုလ်ရောက်၍ ပထမနှစ် တွင်ပင် မိဘမဲ့ ဖြစ်ခဲ့ရသည်။ မိဘနှစ်ပါး က ပစ္စည်းဥစ္စာ၊ ငွေကြေး၊ အမွေအနှစ်များ ထားခဲ့သော်လည်း ပညာမစုံ၊ အရွယ် မရောက်သေးပါ။ ဖခင်၏ ညီမ၊ အဒေါ်ဖြစ်သူက ဆက်လက်ပြုစုစောင့် ရှောက်ထိန်းသိမ်းခဲ့၍သာ လူလား မြောက်ခဲ့ရသည်။ ပညာစုံခဲ့ရသည်။ ယခုအခါမှ ဗုဒ္ဓ၀င် ရာဇ၀င်များတွင် စံတင်လောက်သည့် မိထွေးတော် ကောင်းများအကြောင်း ဖတ်ခဲ့ရသဖြင့် မိထွေးခေါ်သူများအပေါ် အတွေးအမြင် ပြောင်းခဲ့ခြင်းဖြစ်လေသည်။

ငယ်စဉ်ကတည်းက မိမိကို မယ် တော်ရင်းသဖွယ်မေတ္တာထားကာ မွေးမြူစောင့်ရှောက်ခဲ့သော မိထွေးတော်ကို မယ်တော်ရင်း ကဲ့သို့ပင် ချစ်ခင် လေးစားမြတ်စွာ ချီးမြှောက်ခဲ့သော ကျစွာမင်း၏ ကျေးဇူး သိတတ်မှုနှင့် သားတော် အတွက်ရော မိမိအတွက်ပါ ပစ္စုပ္ပန်သံသရာ နှစ်ဖြာစလုံး အကျိုးရှိ အောင် အမြော်အမြင် ကြီးမားစွာစီမံ ဆောင်ရွက်ခဲ့သော ကျစွာမင်းမိထွေး တော်၏ အစီအမံကောင်းမွန်မှုတို့ကား လေးစားစွာ ကြည်နူးဖွယ်ဖြစ်ပေသည်။

ငယ်စဉ်ကတည်းက သိဒ္ဓတ္ထ မင်းသားကို မယ်တော်ရင်းသဖွယ် (မိမိ သားတော်ရင်းကိုပင် ပစ်ပယ်၍) မေတ္တာ ထားကာ နို့ချိုတိုက်ကျွေး၊ မွေးမြူစောင့် ရှောက်ခဲ့သော မိထွေးတော်ဂေါတမီကို မယ်တော်ရင်းကဲ့သို့ပင် ချစ်ခင်လေး မြတ်စွာ ဂရုဓံရှစ်ပါးကို လက်ခံလိုက်နာ ခြင်းဖြင့် ဘိက္ခုနီရဟန်းအဖြစ်သို့ ရောက် စေကာ သံသရာမှ လွတ်မြောက်စေခဲ့ သော ဘုရားရှင်၏ ကျေးဇူးသိတတ်မှု နှင့် သားတော်အတွက်ရော မိမိအတွက် ပါ သံသရာနှစ်ဖြာလုံး အကျိုးရှိအောင် ဆောင်ရွက်ခဲ့သော မိထွေးတော်ဂေါတမီ ၏ အဖြစ်ကား လေးစားဖွယ် ကြည်နူး ဖွယ်ပင် ဖြစ်ပေတော့သည်။

အရွယ်မရောက် ပညာမစုံသေး သော စာရေးသူကိုလည်း မွေးမြူစောင့် ရှောက်၍ ပညာသင်ပေးခဲ့သည့် စာရေး သူဖခင်၏ ညီမဖြစ်သူ(အဒေါ်)သည် လည်း ဆရာဆန်းထွန်း၏ မိမျိုးမယ်တော် ၁၆ ဖော်မှ အမိဂိုဏ်းဝင်မျိုးမြတ် မယ်တော်ပင် ဖြစ်ပေသည်။

သို့ကြောင့် စာရေးသူသည် မိထွေး ဆိုလျှင် မကောင်းသည့်ဘက်သို့သာ ပို့ လိုက်တော့သည့် အယူအဆကိုစွန့်ပယ်၍ ကောင်းသည့်မိထွေးများလည်း ရှိသေး သည်ဆိုသည့် အယူအဆကို လှိုက်လှိုက် လှဲလှဲ လက်ခံလိုက်ပါသည်။


မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

ကိုးကားချက် ။ ။
၁။    ဦးကုလားမဟာရာဇ၀င်ကြီး (ပထမအုပ်) စာ-၂၇၇။
၂။    ပါမောက္ခ ဦးအေးမောင်- “ပုဂံကျောက်စာလက်ရွေးစဉ်” စာ- (၁၇၇-၁၇၉)။
၃။    ဆန်းထွန်း မန်းတက္ကသိုလ်- “မိမျိုးမယ်တော် ၁၆ ဖော်” ဆောင်းပါး။
၎။    ဆရာကြီး ဦးကျော်ရှိန် (မဟာဝိဇ္ဇာ၊ ၀ဋံသကာ)၏ ပြောပြချက် များ။
၅။    မာလေး- “မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ”၊ စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်။