|
Written by တင်မြင့်ဦး
|
|
Friday, 27 April 2012 16:35 |
ဦးအောင်ရွှေ ပြောစကားကြောင့် ဖိုးသာမောင် မျက်လုံး ပြူးရုံတင် မဟုတ်ဘူး လက်ဝါး နှစ်ဖက်ပါ တယမ်းယမ်း ခါသွားသည်။
argaiv1530
“မ မဟုတ်ပါဘူး။ ကျွန်တော် ကိုဖိုးကွယ်လေး နောက်က ကပ်နေတာက အလုပ် ချောင်ခိုချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့် အလုပ်တွေတင် မကဘူး အားလုံး အိပ်နေချိန်တောင် ကိုဖိုးကွယ်လေး အတွက် လှေတက်မ ကူကိုင် ပေးနေတာပါ” ဖိုးသာမောင်ရဲ့ အမူအရာနဲ့ ပြောစကား နားထောင်ပြီး ဦးအောင်ရွှေ ရယ်လိုက်တာ အူလှိုက်၊ သည်းလှိုက်ပဲ။ ဦးအောင်ရွှေရယ်လေ ဖိုးသာမောင် ပိုကြောက်လေပေါ့။ နော့ ဆဲဆဲဆိုဆို ပြောရုံမဟုတ်ဘူး။ ထရိုက်ရင်တောင် ငြိမ်ခံလိုက်ရ ဒေါသပြေသွားမှာ။ ခု ရယ်နေပုံကြီးက ဒေါသပြေစရာ မဟုတ်တော့ အခက်သားပဲ။ ပိုက်ပိုင်ရှင် ဒေါသမပြေရင် ပိုက်လိုက်သား ဘာဖြစ်သွားမှာလဲ။ အလုပ်က မောင်းထုတ်ပြုတ်ပေါ့။
ဖိုးသာမောင်က ပိုက်ဦးစီးဆိုပေမဲ့ ဦးအောင်ရွှေရဲ့ ပိုက်လိုက်သားပါပဲ။ ဦးအောင်ရွှေလက်ခုပ်ထဲက ရေပေါ့။ ဒီတော့ ဦးအောင်ရွှေ ဒေါသ ပြေမှ ဖြစ်မယ်။ “မယုံရင် ကိုဖိုးကွယ် လေးကို မေးကြည့်ပါ။ အသောက်အစားဆိုလည်း ပင်လယ်က ပြန်ရောက်မှ သောက် ဖြစ်တာပါ”
“ဟား ဟား တော် တော်ရယ်ရတဲ့ကောင်။ မင်းက ဖိုးကွယ်လေးနောက်က ကပ်လိုက်နေလို့ ငါက ဒေါသ ဖြစ်စရာလား”
“ဒါ ဒါဆို ကျွန်တော့် ကို ခေါ်တွေ့ပြီး အဲဒီ အကြောင်း ပြောတာက”
ဖိုးသာမောင် ကြားလိုက်ရတဲ့ နောက်ဆက်တွဲ စကားကြောင့် စိတ်နည်းနည်း အေးသွားပေမဲ့ အသံတုန်တာ တော့ မပျောက်သေးဘူး။ ကိစ္စ မရှိဘဲ ဦးအောင်ရွှေက ခေါ်တွေ့မှာမှ မဟုတ်တာ။ ပိုက်ဆင်းဖို့က တော်သလင်း လထဲတောင်မှ မ၀င်သေးဘဲ။ လှေတွေ၊ ပိုက်တွေ အသင့်ပြင် ဖို့ဆိုရင် ပိုက်တက်မကိုင် ကိုဖိုးကွယ်လေးကို ခေါ်မှာပေါ့။
“ဟ မင်းက စကတည်း ကိုက ပိုက်ဦးစီး မဟုတ်လား။ ကိုဖိုးကွယ်လေး နောက်က လိုက်နေတယ် ဆိုတော့ ပိုက် တက်မကိုင်ပညာကို အလွယ် တကူတတ်မယ်လို့ ငါတွေးမိ တယ်။ ဒါကြောင့် ပြောတာ” “ဗျာ တက်မကိုင် ပညာကို”
“အေးလေ”
ဟုတ်တော့ ဟုတ် တယ်။ ဖိုးသာမောင်က ကိုဖိုးကွယ်လေး နောက်က ကူညီ ပေးရင်းနဲ့ လေ့လာနေတာ ဒီနှစ်တစ်နှစ်တည်းမှ မဟုတ် ဘဲ။ အထိုက်အလျောက်တော့ တတ်သိနားလည်ပြီပေါ့။
“အဲဒီတော့ ကျွန်တော့် ကို ခေါ်တာက”
“ဒီနှစ် ငါ့ပိုက်ကို မင်း တက်မကိုင် လုပ်ရမယ်ဆို ဘယ်လိုနေမလဲ”
ဖိုးသာမောင် ပါးစပ်ကြီး ဟပြီး ဘာမှပြန်မပြောနိုင် ဖြစ်သွားတယ်။ သူသိထား တာက တက်မကိုင်တစ် ယောက်ဖြစ်ဖို့က ဒီလောက် လွယ်လွယ်ကူကူမှ မဟုတ်တာ။ ခုလို ပိုက်ဦးစီး ဖြစ်ဖို့တောင် ပိုက်နောက်လိုက် သားဘ၀နဲ့ ၁၀ နှစ်တောင် ကြိုးကြိုးစားစား လုပ်ခဲ့ရတာ မဟုတ်လား။ အမှန် ပြောရရင် ပိုက်ဦးစီးနဲ့ ပိုက်တက်မကိုင် အဆင့်က အဝေးကြီး။
ပိုက်တက်မကိုင် ဆိုတာက လုပ်ငန်း ကျွမ်းကျင်ရုံနဲ့တင် ဖြစ်တာမဟုတ်ဘူး။ အုပ်ချုပ် မှုပညာကိုလည်း တတ်မှ။ လူ ပေါင်းစုံ၊ စရိုက်ပေါင်းစုံ ပိုက် နောက်လိုက်သားတွေကို အဆင်ပြေအောင် ပိုက်ရာသီစ ကနေ ပိုက်ရာသီကုန်အထိ စီမံခန့်ခွဲအုပ်ချုပ်ရတာ။
“ဒီ ဒီနှစ်တော့ ဖြစ်မယ် မထင်ဘူး။ ပိုက်တစ်ဖောင်လုံးရဲ့ တက်မကိုင်လုပ်ဖို့ ကျွန်တော်က ဘာမှ ကျွမ်း ကျွမ်းကျင်ကျင် သိသေးတတ် သေးတာ မဟုတ်ဘူး”
“ဟကောင်ရ။ မင်း ဘုရင့်နောင်ကို သိတယ် မဟုတ်လား”
ဖိုးသာမောင်က ဦးအောင် ရွှေ မေးခွန်းကြောင့် တွေခနဲ ဖြစ်သွားတယ်။ ငမင်းနောင် တဲ့။ ဘာလဲ သူတက်မကိုင် မလုပ်ဘူးဆိုရင် ငမင်းနောင် ကို ခန့်မှာလား။ ဒီကောင်က ကျော့ပိုက်ကို မှောင်ကုန် အောင်တောင် လိုက်ဖူးတဲ့ ကောင် မဟုတ်ဘူးတဲ့။ မိန်းမ လုပ်စာ ထိုင်စားနေတာ။
“သိတော့ သိတယ်။ ဒါပေမဲ့ ဒီကောင့် အရည အချင်းနဲ့ ကျော့ပိုက်တက် မကိုင် ဘယ်လို လုပ်မှာလဲ”
“ဟား ဟား ဟား မင်းက တော်တော်ပေါက်တတ် ကရပြောတာပဲ။ ဘာ ကျော့ ပိုက်တက်မကိုင် ဟုတ်လား”
“ဒါဆို ဦးစီးလုပ်ခိုင်း မှာလား”
“ဟေ့ကောင်ရ။ မင်း ဘယ်သူ့ကို ပြောတာလဲ”
“ငမင်းနောင်လေ”
ဖိုးသာမောင် အဖြေ ကြောင့် ဦးအောင်ရွှေ မျက် နှာကြီး ရှုံ့မဲ့သွားတယ်။ “ထပ် ဒီကလေက၀ကို ငါက ဘာကိစ္စပိုက်ဦးစီးလုပ် ခိုင်းရမှာလဲ။ ရာဇ၀င်ထဲက နောင်ရိုးတိုက်ပွဲမှာ နာမည် ကျော်ကြားခဲ့တဲ့ ဘုရင့်နောင် ကို ပြောတာ။ တိုက်ပွဲ မတိုက်ခင် ဖောင်ကိုဖျက်ပစ်လိုက်လို့ အောင်မြင်တာ။ လိုအပ်ရင် ဖောင်ဖျက်ဖို့ ၀န်မလေးရဘူး”
“ဒါဆို ကျွန်တော်က”
“ဒါပေါ့ကွ။ စွန့်စားရမှာ ပေါ့။ ဖောင်ဖျက်ရမှာပေါ့။ တက်မကိုင် လုပ်ရမှာပေါ့”
ဦးအောင်ရွှေ အိမ်က ပြန်လာတော့ ဖိုးသာမောင် အတွေးထဲမှာ ဘုရင့်နောင် တွေ၊ ဖောင်တွေနဲ့ ရှုပ်ထွေး နောက်ကျိနေတယ်။ ဒါပေမဲ့ သူ ပျော်ပါတယ်။ သူ့လို အရည်အချင်းကို ပိုက်တက် မကိုင်ခိုင်းတယ်ဆိုတော့ ဒုလ္လ ဘပေါ့။ တက်မကိုင်ရဲ့ သီး ခြားရပိုင်ခွင့်က ပိုက်ပိုင်ရှင် ဝေစုရဲ့ ဆယ်ရာခိုင်နှုန်း မဟုတ်လား။ ဘာပဲပြောပြော ဘုရင့်နောင်တွေ၊ ဖောင်တွေ ကိုလည်း ဝေစုခွဲပေးစရာ မလိုဘူးလေ။ “ဟုတ်ရဲ့လားတော်။ ဦးအောင်ရွှေလို ရဖို့ပဲ သိတဲ့ လူက အတွေ့အကြုံမရှိတဲ့ ရှင့်ကို ပိုက်တက်မကိုင် ခန့် တယ်ဆိုတာ”
မပုက သူ့ယောက်ျား ဖိုးသာမောင်စကားကို မယုံ တစ်ဝက်နဲ့ မေးတယ်။ သူ့ ယောက်ျားရဲ့ ထူပုံ၊ ရိုးပုံ၊ အပုံကို သူအသိဆုံး မဟုတ် လား။ ဒီလိုလူက ကျော့ပိုက် နောက်လိုက်သား အယောက် ၂၀ ကျော်ကို အုပ်ချုပ်ပြီး စီမံခန့်ခွဲမှာကို ပိုက်ပိုင်ရှင်က ယုံယုံကြည်ကြည် အပ်ပါ့ မလားပေါ့။
“ဟား ဟား ဘုရင့် နောင်တောင် ဖောင်ဖျက်သေး တာပဲ မိန်းမရာ။ ငါ့ကို ရိုးရိုး ပိုက်တက်မကိုင်တောင် မဟုတ်ဘူး။ အထူးယုံကြည် တဲ့ တက်မကိုင်တဲ့ကွ။ လုပ်ပိုင်ခွင့် အားလုံးပေးမှာတဲ့။ ရာသီ စမယ် ဆိုတာနဲ့ တို့တွေ တောင် သူတို့ပင်လယ်ကမ်းနား က အုန်းခြံထဲ ပြောင်းနေရမှာ”
“ကျုပ်တို့မှာ ကိုယ့်အိမ် ကိုယ့်ခြံနဲ့ ရှိနေတာပဲတော်”
“ဟ ငါက ပိုက်တက် မကိုင်ဖြစ်သွားပြီလေ။ ဒီ တော့ ပိုက်လိုက်သားတွေနေ တဲ့ အုန်းခြံထဲပြောင်းနေရမှာ ပေါ့။ ဒါမှအနီးကပ်ကြီးကြပ် နိုင်မှာပေါ့တဲ့။ ဘုရင့်နောင် ဖောင်ဖျက်ပေါ့လကွာ”
“လာပြန်ပြီလား။ ဘုရင့်နောင်။ ဟိုက လိုအပ်လို့ တိုက်ပွဲမှာ ဖောင်ဖျက်တာ ရှင့်။ ရှင်က ဘာလဲ။ မပြော လိုက်ချင်ဘူး။ ရှင့်ဘုရင့်နောင် အကြောင်း ကျုပ်က ဖန်တစ် ရာတေ ဖတ်ပြီးသား”
ဟုတ်တယ်။ ဖိုးသာ မောင်ထက်စာရင် မပုက အတန်းပညာ ပိုတတ်တယ်။ မပုက မူလတန်းပြီးအောင် ထိကျောင်းနေခဲ့ရတယ်။ ဖိုး သာမောင်ကတော့ ဘုန်းကြီး ကျောင်းပညာရေးမှာတောင် ဗျည်း ၃၃ လုံးကုန်အောင် တက်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ဖိုးသာမောင်က အိမ် ဦးနတ်ပဲ။ ပူပူနွေးနွေး ပိုက် တက်မကိုင်လောင်းလျာပဲ။ နောက် တွေးကြည့်တော့ ပိုက်တက်မကိုင် ဖြစ်တာ အပြစ်ပြောစရာမှ မဟုတ် တာ။ အေးအေးသက်သာနဲ့ အထက်ကလည်း အုပ်ချုပ်ရ၊ ရာခိုင်နှုန်းတွေလည်းရမှာ မဟုတ်လား။ ဖောင်ဖျက် ဖျက် ဖောင်ပြင်ပြင် အဆင် ပြေရင် ပြီးတာပေါ့။
“ဟုတ်ပါပြီတော်။ ရှင့် ကိစ္စရှင်နိုင်ရင် ပြီးတာပါပဲ”
“အဲ မင်းပြောမှ သတိရ တယ်။ ငါ့ ကိစ္စတင် မဟုတ် ဘူး။ မင်းကိစ္စပါ ပါတယ်”
“အလိုတော် ကျုပ်က ဘာကိစ္စ၊ မိန်းမ ပိုက်ဦးစီးလို့ မကြားဖူးပါဘူး”
မပု တအံ့တသြ ဖြစ်သွားတယ်။ နော့ အံ့သြ လောက်တယ်လေ။ ပိုက်ဦးစီးတို့ လိုက်သားတို့ရဲ့ မိန်းမ တွေက လုပ်ငန်းထဲ ရောက် ပြီး ၀င်စွက်ဖက်တာ ပိုက်ပိုင် ရှင်က လိုမှမလိုဘဲ။ ခုမှ သူ့ကိစ္စက ဘာလဲ။ “ဖွဟဲ့ ကြမ်းကြား လေ ကြား၊ ပင်လယ် အရှင်ကြီး တွေကြားသွားမှ အားလုံး ဒုက္ခရောက် ကုန်ပါဦးမယ်။ မိန်းမက ပင်လယ်ကို လိုက်စရာလား။ မင်းက အလုပ် သမတွေကို ဦးဆောင်ရမယ်လို့ ပြောတာ။ ငါးလှမ်း၊ ပုစွန် ပြုတ်အဖွဲ့ရဲ့ ခေါင်းဆောင် ပေါ့လကွာ”
“ဘာ ကျုပ်က”
မပု ရင်တွေ ဘာတွေ တဆတ်ဆတ် တုန်ခါသွား တယ်။ သူလည်း ဒီဒေသမှာ မွေး၊ ဒီဒေသမှာကြီး ဆိုတော့ ပုစွန်ပြုတ်၊ ငါးလှမ်း အဖွဲ့ အတွေ့အကြုံကို ရှိပါတယ်။ ဖိုးသာမောင်နဲ့တောင် ဟိုက ပိုက်နောက်လိုက်သား၊ သူက ငါးလှမ်း အဖွဲ့ကနေပြီး ကလိ တိတိနဲ့ ငြိပြီး ညားခဲ့ကြတာ မဟုတ်လား။
“အေးပေါ့ကွ။ ပိုက် တက်မကိုင်ကတော် မင်းက ပုစွန်ပြုတ်၊ ငါးလှမ်း အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ရမှာပေါ့။ နောက်ပြီး မင်းကိုလည်း ငါ့လိုပဲ လုပ်ပိုင်ခွင့် အားလုံးကို ပေးထားမှာတဲ့”
“ရှင် ဒါဆို ကျုပ်လည်း ရာခိုင်နှုန်းပေါ့” မပု မျက်နှာငွေလ ရွှင်ပပ ဖြစ်သွားတယ်။ ပုစွန် ပြုတ်ငါးလှမ်း အဖွဲ့ခေါင်း ဆောင်က အနည်းဆုံး ပိုင်ရှင် ရဲ့ ငါးရာခိုင်နှုန်းလေ။ “ဟုတ်လိုက်လေ မိန်းမရာ။ အလုပ်သမတွေ ဆိုတ လည်း မင်းခန့်ချင်သလိုခန့်၊ ဖြုတ်ချင်သလိုဖြုတ်တဲ့။ ဦးအောင်ရွှေ မိန်းမ ဒေါ်တင်ကြည် ကိုယ်တိုင် ပြောလိုက်တာ။ မနှစ်က ကိုဖိုးကွယ်လေး မိန်းမကိုတောင် ဒီ အခွင့်အရေး ပေးတာ မဟုတ်ဘူးတဲ့”
“ဒီလိုဆိုတော့လည်း ဒေါ်တင်ကြည်ကြီးက သူများ တွေပြောသလို ဘို့တစ်လုံး ကြည့်တဲ့ မိစ္ဆာမကြီး မဟုတ် ပါဘူးတော်။ ကျုပ်တို့ လင် မယားတော့ နတ်ကောင်း၊ နတ်မြတ် မတာပဲ”
“ဦးအောင်ရွှေတို့ လင်မယား မတာပါကွ။ ဒါ ကြောင့် ပြောတာနေမှာပေါ့။ ဘုရင့်နောင် ဖောင်ဖျက်ပါ လို့” မပုနားထဲ ဘုရင့်နောင်က ကန့်လန့်ကြီး ၀င်လာပြန် တယ်။ ဒါပေမဲ့ မပြောတော့ ပါဘူး။ အဖွဲ့သမခေါင်း ဆောင်ဆိုတဲ့ ရာထူးက သူ့ ရင်ထဲမှာ ကြည်နူးမှုလှိုင်း တွေ ဘောင်ဘင် ဆူဝေနေပြီ ကိုး။
ပိုက်လိုက်သားတွေရဲ့ မျက်နှာက ပြူးကြောင် ကြောင် ဖြစ်နေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသိလို့ မဟုတ်ဘူး။ ဖြစ်နေ တဲ့ အခြေအနေကို နားမလည် နိုင်ကြတာ။ ဦးအောင်ရွှေက တော့ ပြုံးပြုံးကြီးနဲ့ပဲ ဘေး နားမှာ ရပ်နေတဲ့ ဖိုးသာမောင် ပခုံးကို ဆတ်ခနဲ ပုတ်လိုက် ရင်းက.
“ဒီနှစ် ငါ့ပိုက်ရဲ့ ပိုက် တက်မကိုင်က ဟောဒီဖိုး သာမောင်ပဲ။ ဒီတော့ မင်း တို့က ဖိုးသာမောင်ကို လေး လေးစားစား ဆက်ဆံပါ။ မင်းတို့ကို ဒီနှစ်အုပ်ချုပ်မယ့် နေရာမှာ ငါ မပတ်သက် တော့ဘူး။ မင်းတို့ ကြိုတင် ငွေထုတ်တာက စလို့ အလုပ် ဖြုတ်တာ ခန့်တာ အားလုံး ဖိုးသာမောင်ပဲ လုပ်လိမ့်မယ်”
“နေပါဦး သူဌေးရဲ့၊ ပင်လယ်က တစ်နှစ်ထက် တစ်နှစ် ရှာရ ဖွေရပိုခက်လာ တာ။ လုပ်သက်ရှိတဲ့ ပိုက် တက်မကိုင်တွေတောင် ပုစွန် ရ ငါးရနည်းလို့ ညည်းနေကြ တယ်”
ငထော်က ထပြော တယ်။ ဖိုးသာမောင်နဲ့ ငထော် က ပိုက်လိုက်ဖော်လိုက်ဖက် တွေပါ။ ဒီပိုက်မှာ မနှစ်က ဖိုးသာမောင်က လှေကြီးဦးစီး လုပ်သလို သူကနောက်လိုက် လှေလေးဦးစီးပေါ့။ ပြောရ ရင် သူ့အဆင့်ကတောင် ဖိုး သာမောင်ထက်သာသေး တယ်။ အတွေ့အကြုံ အရည် အချင်းရိုးရိုးအအ ဖိုးသာ မောင်ထက်သာတယ်။ အပြစ် ပြောရရင် အသောက်အစား နဲ့ ငြိမ်မခံ ပြန်ပြောတတ်တာ ပဲရှိတယ်။ “အောင်မာ မင်းက ကိုယ့်ထက်သာ မနာလို စိတ် နဲ့ ပြောချင်တာလား။ မင်း မလိုက်ချင်ရင် ထွက်သွား။ ရေရှိရင် ငါးရှိတယ်ကွ။ ငါ တောင် ယုံကြည်လို့ ပိုက် တစ်ဖောင်လုံး အပ်ထားသေး တာ။ မင်းက ဘာလဲ”
“ဒီမှာ ခင်ဗျားကြီးက လုပ်ချင်သလို လုပ်လို့ ရမယ့် သာမောင်ကို တက်မကိုင်လုပ် ခိုင်းတာ ကျုပ် မသိဘူး ထင် လို့လား။ ကျုပ်တို့က ခင်ဗျား ကြီးလိုအိမ်မှာ ဇိမ်နဲ့ ထိုင် နေရတာမဟုတ်ဘူး။ ကျောပူ ခံ၊ ဖင်ပူခံပြီး ပင်လယ်ထဲ ဆင်းလုပ်ရတာ။ အရာမထင် မယ့် ပိုက်ထဲတော့ လုပ်မနေ နိုင်ဘူး။ ထွက်တယ်”
“သွား သွား မင်းလို ပြောမရ၊ ဆိုမရ ကောင်မျိုး ထွက်လို့ကတော့ ပိုတောင် အေးသေးတယ်။ ငကန်းသေ၊ ငစွေပေါ်တယ်ကွ။ ဒီနှစ်ကတော့ ဘုရင့်နောင် ဖောင်ဖျက် ပဲ”
ဦးအောင်ရွှေရဲ့ စိတ်ဆိုး တကြီးအော်သံကြီးကြောင့် ငထော်က မျက်ထောင့်နီကြီး နဲ့ ထွက်သွားတယ်။ ဖိုးသာ မောင်ရင်ထဲမှာ စိတ်မကောင်း ဖြစ်သွားပေမဲ့ ဘုရင့်နောင် ဖောင်ဖျက်ဆိုတဲ့ စကားကြား လိုက်ရတော့ နည်းနည်းအား ပြန်ရှိသွားတယ်။ ဟုတ်တယ်၊ ဘ၀ တိုးတက်ဖို့က စွန့် စားမှုတော့ ရှိရမှာပေါ့။ အဲဒီ စကားလည်း ဦးအောင်ရွှေက သူ့ကို ပြောထားတာပဲ။
“နောက်ကောင်တွေ လည်း ရှင်းရှင်းပဲ ငါပြော မယ်။ ငါ ပိုက်တက်မကိုင် တင်တဲ့ ဖိုးသာမောင် စကား ကို တစ်လုံးမှ မပစ်ပယ်နိုင် မှ ငါ့ပိုက်ကိုလိုက်။ မဟုတ် ရင် ကြိုက်တဲ့ ပိုက်လိုက်နိုင် တယ်။ သန်ဘက်ခါကျရင် လှေမီးမြှိုက်မယ်။ မလိုက်တဲ့ ကောင်လာစရာ မလိုဘူး”
ဦးအောင်ရွှေ စကား အောက်မှာ တစ်ယောက်မှ ခေါင်းမထောင် ရဲတော့ဘူး။ အားလုံး ခေါင်းလေးတွေ ငုံ့လို့ ပေါ့။ ဒါပေမဲ့ ခက်တာက ဦးအောင်ရွှေပြောတဲ့ သန်ဘက် ခါရောက်တော့ မနှစ်က ပိုက် လိုက်သား အယောက် ၂၀ ကျော်ထဲက ၃-၄ ယောက်ပဲ ရောက်လာတယ်။ ဦးအောင် ရွှေကတော့ လေသံမာမာပဲ။
“ငစွေတွေမှ ပေါလွန်း လို့ပါ ဖိုးသာမောင်ရာ။ စား စရာ ထုတ်ပေးမယ်၊ နေစရာ ဆောက်ပေးမယ်။ ဒါဆို လိုက်ချင်လွန်းလို့ ကန်တောင် ထုတ်ရဦးမယ်။ ဒီအခြေအနေ တွေကို ကြိုတင်ခန့်မှန်းပြီးလို့ မြောက်ပိုင်းကလာတဲ့ လူတွေ ကို ငါဆက်သွယ် ထားပြီးပါ ပြီကွ”
ဖိုးသာမောင်စိတ်ထဲ ဦးအောင်ရွှေကို ဘိုးတော် တစ်ပါးအလား ယုံစားသွားတယ်။ မဟုတ်ရင် ဒီနေ့ အရှက်ဗြန်းဗြန်း ကွဲပြီ မဟုတ်လား။ ပိုက်လိုက်သား မရှိတဲ့ ပိုက်တက်မကိုင်က ဘာ အဓိပ္ပာယ်ရှိမှာလဲ။ သိပ်မကြာ ပါဘူး။ ဦးအောင်ရွှေ စကား အတိုင်း လူ ၂၀ လောက်က သူတို့ဆီ ရောက်လာတယ်။
ဦးအောင်ရွှေက အဲဒီလူ တွေ ရောက်မဆိုက်ပါပဲ။ “ကဲ သူကတော့ မင်း တို့ လိုက်မယ့် ပိုက်ရဲ့ ပိုက် တက်မကိုင်ပဲ။ မင်းတို့နဲ့ ပတ် သက်တာမှန်သမျှ သူ့ဦး ဆောင်မှုအောက်မှာ ရှိသွား ပြီ။ မင်းတို့နေတာ၊ ထိုင် တာ၊ စားတာ၊ သောက်တာ၊ အားလုံးသူ့ကိုပြော။ သူဖြေ ရှင်းပေးလိမ့်မယ်။ ဒီတော့ သူခိုင်းတာ မင်းတို့လုပ်ပဲ။ သူ သဘောမကျလို့ ပိုက်က ထွက်ခိုင်းရင် ထွက်ပဲ။ ငါ လည်း မတတ်နိုင်ဘူး”
“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ တက်မကိုင် ပြောစကားအတိုင်းလိုက်နာ ပါ့မယ်” တစ်ပြိုင်တည်း ထွက် လာတဲ့ စကားသံကြောင့် ဖိုး သာမောင်တောင် ကြက်သီး တဖြန်းဖြန်းထသွားတယ်။ လူ ၂၀ ကျော်ရဲ့ ဘ၀ဟာ သူ့ လက်ခုပ်ထဲမှာ၊ သူ့စကား တစ်ခွန်းထဲမှာ။ ဖိုးသာမောင် ရင်ထဲမှာ ပင်လယ်ပြင်ကြီးကို ရင်ဆိုင်ဖို့ အလိုလို ခွန်အားတွေ ၀င်လာတယ်။
ဖိုးသာမောင် ခွန်အား တွေ ဆုတ်ယုတ်လျော့ကျလာ သလိုမျိုး ကိုယ်ခန္ဓာတစ်ခု လုံး တဆတ်ဆတ်တုန်နေ တယ်။ ဒါပေမဲ့ သူ့ခြေလှမ်း တွေကိုတော့ မရပ်ဘူး။ ဖြစ် နိုင်ရင် ဦးအောင်ရွှေနဲ့ အဝေး ဆုံးရောက်အောင်ထိ ပြေးထွက်သွားချင်တယ်။ မဖြစ် နိုင်တော့လည်း ဦးအောင်ရွှေ အုန်းခြံထဲမှာ ဆောက်ပေး ထားတဲ့ အိမ်ကိုပဲ ပြန်ခဲ့ရတာ ပေါ့။
“ကိုသာမောင် ဦး ဦး အောင်ရွှေက ဘာပြောလိုက်လဲ။ ရှင့်ကို နောင်နှစ်ပိုက် တက်မကိုင်ဖို့ မခိုင်းတော့ ဘူးတဲ့လား”
“မဟုတ်ပါဘူးလကွာ”
“အောင်မယ်လေး ကျေးဇူးရှင်ကြီး ကျန်းမာပါစေ။ တော်ပါသေးရဲ့။ မုန်တိုင်းက တိုက်ရတာနဲ့။ ရလာပြန်တော့ လည်း မိုးမိလို့ ငါးတွေပုပ် သွားတာနဲ့ ဒီနှစ်က အရင်းပါ ရှုံးတဲ့အပြင် မှောင်ကုန်တော့ ကြွေးမကျေလို့ ပိုက်လိုက်သားတွေ ပြေးသွားတာလည်း ယူ ငွေတွေပါသွားသေးတယ်။ ရှင်တော့ အလုပ်ပြုတ်ပြီ မှတ် နေတာ”
မပုက ခုမှ ရင်မောပြေ သွားတဲ့ပုံနဲ့ ပြုံးမျက်နှာဆင် ပြောတယ်။ ဖိုးသာမောင်က တော့ နွမ်းခွေနုံးရိပုံစံနဲ့ပဲ အိမ်ခွေးကတက်မှာ ၀င်ထိုင် တယ်။ မပုက ဖိုးသာမောင် ဘက်ကို လှည့်မျက်စောင်း ထိုးရင်း... “တော် ဘာဖြစ်နေတာ လဲ။ ရှင်က တတ်တက်ကြွ ကြွနေမှ ဦးအောင်ရွှေကလုပ် ချင် ကိုင်ချင်စိတ်တွေပို ဖြစ် လာမှာပေါ့”
“မင်း မသိပါဘူး မိန်းမရာ”
ဖိုးသာမောင်လေသံက အဝေးတစ်နေရာကလာသလို အက်ကွဲတိုးလျနေတယ်။ မပုကတော့ မာန်တွေထန်တွေ အပြည့်ပဲ။ “ဘာသိစရာလိုလဲ တော့်။ ရှင်ပဲပြောခဲ့တယ်လေ။ ဘုရင့်နောင် ဖောင်ဖျက်လို့။ နောက်ပြန်ဆုတ်စရာမှ မလို တာ”
“တောက် အဲဒီဘုရင့် နောင်ဖောင်ဖျက်လို့ ငါတို့ ခွက်လောက်အိုးလောက်ကျန် တာကွ”
“ဟင် ဘာတုံးရှင့်” ဒေါသတကြီးထအော် ပြောလိုက်တဲ့ ဖိုးသာမောင် စကားကြောင့် မပု တအံ့တ သြမျက်ဝန်းနဲ့ မေးလိုက် တယ်။ ပင်လယ်ဆင်းတစ် ရာသီလုံး ဘုရင့်နောင်ဖောင် ဖျက်စကားကို တွင်တွင်ကြီး ပြောပြီးနေတဲ့ သူ့ယောက်ျား ဘာဖြစ်တာလဲပေါ့။
“အေး ပိုက်ဆင်းချိန် မှာ ဦးအောင်ရွှေက နင်နဲ့ငါ့ကို ပိုက်လိုက်သားတွေနဲ့ ပတ် သက်ပြီး လုပ်ခွင့် အကုန်ပေး ထားတယ်နော်” “ဟုတ်တယ်လေ”
“ပိုက်လိုက်သားတွေ လိုတဲ့ ဆန်၊ လိုတဲ့ ငွေကို ငါက တာဝန်ခံပြီး တစ်ဆင့် ပြန်ပေးခဲ့ရတယ်”
“ဒါလည်း ရှင့်ကို ယုံပြီး အပ်ခဲ့တာပဲ”
“အဲလိုယုံပြီး အပ်ခဲ့လို့ အဲဒီအပုံကြီးက ငါ့အပေါ် ပိ လာပြီကွ”
“ဘာရှင့်” မပု ပြုံးမျက်နှာပျောက် ပြီးမျက်မှောင်ကုတ်သွားတယ်။
“ဟုတ်တယ်ဟေ့။ ဦးအောင်ရွှေက ဘုရင့်နောင် ဖောင်ဖျက်သလို ငါ့ကို ယုံပြီး ပုံခဲ့တာမို့ ပိုက်လိုက်သား တွေဆီကရမယ့် ဆန်ဖိုးတွေ၊ ငွေတွေကို ငါက ပေးခဲ့ရမယ် တဲ့။ အဲဒါနဲ့ တွက်လိုက်တာ ငါတို့ပေးရမယ့် ငွေက ၅ သိန်းတဲ့။ ငါတို့အိမ်နဲ့ ခြံ ကို ကာလပေါက်ဈေး ၅ သိန်း ထားပြီး ဦးအောင်ရွှေကို ပေးခဲ့ရပြီကွ”
မပုခမျာ ကြားလိုက်ရတဲ့ စကားကြောင့် အံ့သြမှင် တက်သွားတယ်။ ဒါပေမဲ့ မိနစ်ပိုင်းလေးပဲ ကြာလိမ့်မယ်။ ထီးကျိုးလို့ စည်ပေါက်တဲ့ အသံပြာအက်အက်က ပေါက်ကွဲထွက်လာတော့တယ်။ “အရပ်ကတို့ရဲ့ ကြားလို့ မှ ကောင်းကြသေးရဲ့လား။ ဘုရင့်နောင်ဖျက်တဲ့ ဖောင်က ဘယ်လောက် တန်တယ် မသိဘူး။ ကျုပ်ယောက်ျား ပိုက် တက်မကိုင် အသစ်ကျပ် ချွတ်ကြီး ဖျက်လိုက်ရတဲ့ ဖောင်က ၅ သိန်းတိတိ တန် ပါတယ်တော့် ဟော့ ဟော့”
တင်မြင့်ဦး၊သံတွဲ၊ (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|