ကြမ်းတမ်းစွာ ဖြတ်သန်း ခဲ့ရတဲ့ သြရသရဲ့ ဆယ်ကျော်သက် ဘ၀ PDF Print E-mail
Written by ခင်လေးမြင့်   
Friday, 16 March 2012 12:53
Share |

လူတိုင်းမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဆိုတာတွေ ရှိပါတယ်။ လူတိုင်းမှာ ရှိတဲ့ အတိတ် အကြောင်းတွေက ပြန်ပြောစရာ၊ နားထောင်ချင်စရာ ကောင်းတာတွေ ရှိနိုင်သလို လုံးဝကို မေ့ပစ်စရာ၊ ပြန်မပြောချင်စရာ အကြောင်းတွေလည်း ရှိမှာပါ။

cheap cialis no prescriptioncialis 40mg buy viagra jelly canadian drugstore best price
argaiv1468

တေးရေး အနေနဲ့ ပရိသတ်တွေ သိထားသလို တေးဆိုတစ်ယောက် အနေနဲ့လည်း လက်ခံ အားပေးနေတဲ့ သြရသရဲ့ အတိတ်အကြောင်း ဆယ်ကျော်သက် ဘ၀က စိတ်ဝင်စားစရာပါ။

မိသားစုဝင် များပြားတဲ့ သြရသရဲ့ ဆယ်ကျော်သက် ဘ၀က အဒေါ် ဖြစ်သူအိမ်မှာ ဖြတ်သန်း ခဲ့ရပါတယ်။ ညီအစ်ကို ၆ ယောက် ရှိတဲ့ သြရသတို့ရဲ့ မိသားစု စားဝတ်နေရေး၊ စီးပွားရေး အဆင် မပြေမှုကြောင့် ၅ တန်း ကျောင်းသားအရွယ်ကတည်းက အဒေါ်အိမ်မှာ သြရသက နေခဲ့ရတာပါ။ “၁၉၈၈ ခုနှစ်လောက်က မိသားစု ၆ ယောက်ကို ကျွေးဖို့ မလွယ်တဲ့ အချိန်ပါ။ အဲဒါကြောင့် ကျွန်တော် အနစ်နာ ခံပြီး အဒေါ်တွေ အိမ်မှာ သွားနေခဲ့တယ်။ ကျွန်တော် အဒေါ်အိမ်မရောက်ခင် ၃ တန်း၊ ၄ တန်းမှာ ငုံးကြော်ရောင်းဖူးတယ်။ အဲဒီတုန်းက ရှက်လည်းရှက်တယ်။ ငိုခဲ့ရတဲ့ နေ့တွေလည်း ရှိတယ်။ ညီအစ်ကို နှစ်ယောက်ရှိရင်တောင် ကျွန်တော်ပဲ မိသားစု အတွက် လုပ်ပေးတယ်။ မြေနီကုန်းမှာ ငုံးကြော်ရောင်းခဲ့တာပါ။ နေ့ခင်းကျောင်းတက်၊ ညဘက် ငုံးကြော်ရောင်း၊ အဲဒီ ဘ၀ကနေဖြတ်သန်းခဲ့တယ်။ ဒါတွေ အားလုံးကို ပြန်မပြောဘူးလို့ ရည်ရွယ်ထားတာ၊ အခုအချိန်မှာ ကိုယ့်ဘ၀ အခြေအနေကို ပြောချင်တယ်။ ပြောတယ်။

အဲဒီအတွက် အဲဒီ ဒဏ်တွေကို ခံနိုင်အောင် အများကြီး ကြိုးစားထားတယ်” လို့ သြရသက သူ့ဘ၀ ဖြတ်သန်းမှုတွေထဲက ငယ်ဘ၀ တစ်စိတ်တစ်ဒေသကို အရင်ဆုံး ပြောပြပါတယ်။ မိဘတွေ ရှိပေမဲ့ မိဘတွေနဲ့ အတူတူ မနေရတာကြောင့် ကိုယ့်ကိုယ်ကို စိတ်နာ၊ ဒေါသတွေလည်း ထွက်ခဲ့ပါတယ်။ မိဘအိမ်မှာ မဟုတ်တဲ့အတွက် အစစအရာရာ ချိုးနှိမ်ခံရတာပါ။ “သူများ သားသမီးတွေက ထမင်းစားရင် ဟင်းနှစ်တုံးဆို ကျွန်တော်က တစ်တုံးပဲ စားရတယ်။ မုန့်ဖိုးက ၂၀၀ ဆိုရင် ၁၀၀ ပဲရမယ်။ အစစအရာရာပေါ့။ ကိုယ့်ကျောင်းစရိတ် လိုရင်တောင် ချင့်ချိန်ပြီး ပြောနေရတယ်။

အဲဒီ အချိန်တွေက ကိုယ့်ဘ၀ကို  အမှတ်ရဆုံး အချိန်တွေပဲ”လို့ သြရသက ဆယ်ကျော်သက် ဘ၀အစကို ပြောပြပါတယ်။ ဆယ်ကျော်သက် ဘ၀အစကို လောကဓံ တရားတွေက ကြမ်းတမ်းစွာနဲ့ ဖြတ်သန်းစေခဲ့တာပါ။ ဘ၀ကို ကြမ်းတမ်းစွာ ဖြတ်သန်းရပေမဲ့ ကျောင်းပညာရေးပိုင်းကိုတော့ ကြိုးစားခဲ့ပါတယ်။ အဒေါ်အိမ်က ခိုင်းတာကို အကုန် လုပ်ပြီးတာနဲ့ စာကိုကျက်ရင်း  ဘ၀အတွက် ထွက်ပေါက်အနေနဲ့ ဖြတ်သန်း ခဲ့ရတာပါ။

ကြိုးစားရင်း ဘ၀အတွက် ရုန်းကန် ဖြတ်သန်းရချိန်မှာ သြရသက မိဘတွေအပေါ် အမြင်တစ်မျိုး ဖြစ်ခဲ့ပါတယ်။ “ငယ်တဲ့ အသက်အရွယ် ဖြစ်တဲ့အတွက် အမြင်တစ်မျိုး ဖြစ်ခဲ့တာပါ။ ငါ့ကိုမကျွေးနိုင်၊ မမွေးနိုင်ဘဲ ဘာလို့မွေးလဲပေါ့။ ဒါပေမဲ့ ညီအစ်ကိုက ၆ ယောက်ဆိုတော့ အမေတွေ၊ အဖေတွေဘက်က ကြည့်ရင်လည်း မှန်တယ်။ အခု အချိန်မှာ အဲဒါကို ကျွန်တော် ကျေးဇူး အရမ်းတင်တယ်။ အဲဒီလိုလောကဓံ ဖြတ်သန်းမှု မရှိခဲ့ဘူးဆိုရင် ဒီအချိန်မှာ သြရသ ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာဖြစ်နေမှန်းကို မသိဘူး။ မခံချင်စိတ်နဲ့ ကြိုးစားမှုရယ်၊ အဲဒီ အချိန်တွေက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ဒီအချိန်မှာ ကျွန်တော့်အတွက် အားဆေးပါ”လို့  သြရသက မိဘတွေ အပေါ် မြင်ခဲ့တဲ့အမြင်ကို ပြောပြခဲ့ပါတယ်။ သြရသက ပင်ပန်းမှု  ဒဏ်တွေ ခံနိုင်ပြီးရင် ဖြတ်သန်းရမှုတွေက အားဆေးတစ်ခု အနေနဲ့ ဖြစ်ခဲ့တာပါ။

ဂီတကို ငယ်စဉ်ကတည်းက ၀ါသနာပါပြီး မိဘတွေနဲ့ နေတဲ့ ၄တန်း အရွယ်အထိ မာမာအေး၊ ခင်ညွန့်ရည်၊ အနိုင်၊ အထွန်း၊ တွံတေးသိန်းတန်၊ တက္ကသိုလ် လဲ့လဲ့တို့ရဲ့ သီချင်းတွေနဲ့ သြရသက နားယဉ်ခဲ့ပါတယ်။ ရှစ်တန်း၊ ကိုးတန်းမှာ နောနော်တို့နဲ့သူငယ်ချင်းတွေဖြစ်ပြီး ကျောင်းပွဲတွေမှာ သူငယ်ချင်း တွေနဲ့ စဆိုဖြစ်ခဲ့တာပါ။ သြရသက အ.ထ.က ၃ စမ်းချောင်းမှာ ငါးတန်း ကနေ ၁၀ တန်းအထိ ကျောင်းတက်ခဲ့တာဖြစ်ပါတယ်။ ၁၀ တန်းမှာ ဂုဏ်ထူး ၂ ခုနဲ့ အောင်မြင်ခဲ့တဲ့ သြရသက ဆရာဝန်ဖြစ် ချင်ခဲ့ပေမဲ့ မဖြစ်ခဲ့ပါဘူး။ ဂီတကို ၀ါသနာပါတဲ့ သြရသကို အသက် ၁၅ နှစ် အရွယ်၊ ၁၆ နှစ်အရွယ်မှာ သူငယ်ချင်းတွေက နှိမ့်ချ ဆက်ဆံတာမျိုးမရှိဘဲ ချစ်ချစ်ခင်ခင်ပဲ ဆက်ဆံခဲ့ကြတာပါ။

“ကျောင်းတက်တဲ့ အချိန်မှာ သူငယ်ချင်းတွေက ထမင်းစားရင်တောင် ခေါ်စားတယ်။ စာလည်းတော်တော့ ကျွန်တော့်ကို ချစ်ကြတယ်။ သူငယ်ချင်း တွေကိုလည်း စာပြန်ပြပေးတယ်။ ကျွန်တော်က ကျောင်းသွားရင် ထမင်းဘူး ထည့် တဲ့အခါ ဟင်းနည်းတယ်။ ဟင်းလည်း သိပ်မကောင်းဘူး။ ရှက်တာ တော့ မဟုတ်ဘူး။ သူများ ဟာကိုပဲ မလိုချင်ဘူး။ ကိုယ်ကိုယ်တိုင် မပေး ဆပ်ဘဲ သူများဆီက အလကား မလိုချင်ဘူးဆိုတဲ့ ဆောင်ပုဒ် ကျွန်တော့်မှာတော့ ရှိတယ်”လို့ ဘ၀ ဖြတ်သန်းမှု အချိြု့ ပန်ပြောပြပါသေးတယ်။

၁၀ တန်း အောင်ပြီးချိန်မှာတော့ ယုဇနဂါးဒင်း ဟိုတယ်မှာ Witer အလုပ်ကို သြရသက ၀င်လုပ်ခဲ့ ပါသေးတယ်။ အဲဒီက စပြီး သီချင်းတွေရေး၊ သီချင်းတွေ ဆိုဖို့ ကြိုးစားခဲ့တာပါ။ “ကျွန်တော် အများကြီး ကြိုးစားခဲ့ပါတယ်။ သီချင်း အတွက် ကြိုးစားပြီး လုပ်ခဲ့တယ်။  အပြောအဆိုလည်း ခံရတယ်။ သူခိုးလည်း အစွပ်စွဲခံရတယ်။ အဲဒီဒဏ်တွေကို ကျော်ဖြတ်ခဲ့ရတာ၊ အဲဒီဒဏ်တွေ ခံပြီး စိတ်ဆိုးခဲ့၊ ဒေါသဖြစ်ခဲ့ပေမဲ့ ရန်မမူခဲ့ဘူး။ အဲဒီလို လုပ်တဲ့သူတွေကို ကျေးဇူး တင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် စိတ်ဓာတ် ခွန်အားကို မြှင့်တင် ပေးလိုက်လို့ပဲ။ ကျွန်တော်က အားငယ်တတ်တယ်။ အခုအချိန်မှာတော့ သတ်္တိရှိတယ်။ အလုပ်ကို ပြတ်ပြတ်သားသား လုပ်တတ်လာပြီ။ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေရ ဘူးဆိုတဲ့ စိတ်ရှိတယ်။ ကျွန်တော် သီချင်းတွေ ရေးတော့ ဖြတ်သန်းမှုတွေပေါ် မူတည်ပြီး အိုင်ဒီယာတွေ အများကြီးရတယ်။ စာလည်း အများ ကြီး ဖတ်တယ်။ ကျွန်တော် သီချင်းစသွင်းတာ မဒီလွန်ရဲ့ စံပါပဲ စီးရီးကို ဘောက်ထော်မှာ သွင်းတာ။ စီးရီးသွင်းတဲ့ အချိန်မှာ အခက် အခဲတွေက  အများကြီးပါပဲ။

အဲဒီ အခွေပြီးတော့ ကျွန်တော် မအောင်မြင်သေးဘူး။  Iron Cross နဲ့ လည်း ဆိုခွင့်ရတယ်။ မအောင်မြင်သေးချိန် အခွေ ဆက်လုပ်တယ်။ အဲဒီမှာ ဘောက်ထော်စတူဒီယို ကနေ ည ၂ နာရီလောက် ပြန်ဖို့ ပိုက်ဆံမရှိဘူး။ သူများတွေက တက္ကစီနဲ့ အသီးသီး ပြန်သွားကြတယ်။  ကျွန်တော်က သင်္ချာနဲ့ ကျောင်းတက်ချိန် အခက်အခဲ ရှိသေးတယ်။ မိဘတွေကို ရသလောက် ပိုက်ဆံလေး ပေးနေတဲ့ အချိန်၊ ပိုက်ဆံချွေ တာတယ်၊ တက္ကစီ ငှားရင် ၃၀၀၀ ကုန်မယ်။ ပြီးရင် ထမင်းက စားရဦးမယ်။ ကျွန်တော့် လက်ထဲမှာ ၁၀၀၀ ပဲရှိတယ်။ အဲဒီတော့ ဘောက်ထော်ကနေ မြေနီကုန်းအထိ လမ်းလျှောက်တယ်။ ၅၀၀ ဖိုး ထမင်းစား၊ အိမ်ပြန် အဲဒီလိုမျိုး လုပ်ခဲ့ရတယ်” လို့ သြရသ ဂီတခရီးအစ ကြမ်းတမ်းခဲ့မှုကို ပြောပြခဲ့ပါတယ်။

ဒီလို ခက်ခဲကြမ်းတမ်းမှုတွေကို စိတ်ဓာတ် မကျပေမဲ့ အားငယ်မှုတွေတော့ ရှိခဲ့ပါတယ်။ ဂီတခရီးအစမှာ သီချင်းတွေရောင်းပြီး ပိုက်ဆံ မရတာတွေလည်း သြရသမှာ ကြုံခဲ့ရတာပါ။ “သီချင်းရောင်းဖို့ ချိန်းထားရင်လည်း အိမ်ထဲ မခေါ်ဘူး။ အပေါက်ဝမှာ စောင့်ခိုင်းထားတယ်။ ရေတစ်ခါတောင် မတိုက်ဘူး။ အဲဒီ ဘ၀တွေလည်း ဖြတ်သန်းခဲ့ရတယ်။ အခုအချိန်မှာတော့ သီချင်းသစ်တွေ လာယူတယ်။ သီချင်းတွေလာ ပြတာလည်း ရှိတယ်။ အိမ်မှာ ထိုင်ခိုင်းတယ်။ ရေတိုက်တယ်။ ထမင်းချိန် ထမင်းကျွေးတယ်။ အနုပညာကြေးလည်း အပြည့်ပေးတယ်။ သီချင်းကောင်းရင် ယူတယ်။ မကောင်းရင် အကျိုးအကြောင်းပြောတယ်။ ရိုးရိုးသားသား ပွင့်လင်းတာ အကောင်းဆုံးပေါ့။ ကျွန်တော် ခံခဲ့ရသလို ပြန်ပြီးမခံစားစေ ချင်ဘူး”လို့ တစ်ချိန်က ခံစားခဲ့ရမှုတွေနဲ့ ယှဉ်ပြီး ဒီအချိန်မှာ ဘယ်လိုလုပ် ဆောင်တယ် ဆိုတာကို သြရသက ပြောပြခဲ့ပါသေးတယ်။

နောင်တက်လာမယ့် လူငယ် ၀ါသနာရှင်တွေကို သြရသက တတ်နိုင်သလောက် ကူညီဖို့ အဆင်သင့်ပါပဲ။ အခု အချိန်မှာတော့ သြရသက တစ်ကိုယ်တော် စီးရီး ထွက်နိုင်နေပြီ ဖြစ်သလို ပရိသတ်တွေ လက်ခံတဲ့ တေးရေးဆရာ အဖြစ်လည်း ရပ်တည် နေနိုင်ပါပြီ။ ဆယ်ကျော်သက် ဘ၀ ဖြတ်သန်းမှုတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပေးတဲ့ သြရသကို ကျေးဇူး အထူး တင်ရှိပါတယ်။

ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: